Saturday 11 September 2010

ကျမရဲ့ ကြောင်ကလေး

ပြီးခဲ့တဲ့ညက Links ဆိုတဲ့ ဆိုမာလီစစ်ပွဲနောက်ခံ  ၀တ္တုကလေး ဖတ်နေရင်း အဲဒီအထဲမှာ  အဓိကဇာတ်ကောင်ရဲ့ သမီးကလေးမွေးထားတဲ့ 'Burmese Cat" ဆိုတာလေး တွေ့လိုက်ရတော့  တခါမှ မကြားဖူးလို့  စိတ်ဝင်စားသွားတယ်။  နောက်တနေ့ မနက်အထိတော့ စိတ်ရှည်ရှည်နဲ့  စောင့်ရတာပေါ့နော်။  နောက်နေ့ ဂူးဂဲလ် ထဲမှာ ရှာလိုက်တော့ ပုံနှင့်တကွ တွေ့ပါပြီ  'Burmese Cat" ဆိုတာလေးတွေ၊  အံမယ်- သူတို့ကလည်း  'Burmese Python" ကဲ့သို့  အမေရိကမှာ နာမည်ကြီးနေတဲ့ အိမ်မွေးသတ္တ၀ါလေး တမျိုးပါလား။  ၀ီကီ အဆိုအရ ၁၉၃၀မှာ  ဒေါက်တာ သွန်ပဆင် ဆိုသူက မြန်မာပြည်ကနေ အမေရိကကို  Wong Mau ဆိုတဲ့ ကြောင်ညိုမလေး တကောင် သယ်လာပြီး သူ့အရင် ရှိနေတဲ့ ထိုင်းကြောင်နဲ့စပ်ရာကနေ  'Burmese Cat"  မျိုးပွားလာခဲ့တာတဲ့..။ မြန်မာကြောင် မျိုးနွယ်ကလေးတွေက တခြား ကြောင်တွေထက်စာရင် ယဉ်ပါးတယ်၊ လူခင်တယ်၊ ဥာဏ်ကောင်းတယ် တဲ့။   သူတို့က အဆော့သန်ပြီး သူ့ထက်ကြီးတဲ့ ကြောင်တွေကိုတောင် ခုခံနိုင်တယ်တဲ့။ သူတို့ အမွေးက တိုတဲ့အတွက် ညှပ်ပေးစရာ မလိုဘူး။ သူတို့ရဲ့အသံက ထိုင်းကြောင်တွေထက် နူးညံ့ချိုသာတယ်၊  သခင်ကို တွယ်တာတယ်၊  တကောင်တည်း သီးသီးသန့်သန့် မနေတတ်ဘူးတဲ့။

 You Tube  ထဲမှာလည်း  မြန်မာ ကြောင်ကလေးတွေ ပုံစံအမျိုးမျိုးတွေ့ရလေရဲ့။  ဒါပေမဲ့ ကျမ တွေ့ရသလောက် အားလုံးက ချောကလက်ရောင်၊ အညိုရောင်၊ အနက်ရောင် ဂျစ်ကန်ကန် ဂျစ်ပစီ ရုပ်ကလေး တွေပဲများတယ်။ အဲဒီ You Tube မှာဘဲ လူတွေကတော့ ချစ်စရာ ကောင်းလိုက်တာ ဘာညာနဲ့  ချီးကျူးထောပနာ ပြုနေကြပေမဲ့ ကျမမျက်စေ့ထဲတော့ ကိုယ့်ပါတ်ဝန်းကျင်မှာ အတွေ့များတဲ့ အဖြူဆွတ်ဆွတ် ၊ အဖြူအနက်ကျား၊ အ၀ါစင်းကျား ကြောင်ကလေး တွေလောက် လှတယ်လို့  မထင်တာ အမှန်ပါ။
 မြန်မာပြည်မှာရှိတဲ့  မြန်မာကြောင်ကလေးတွေမှာ အ၀ါရောင်အများဆုံးလို့   ကျမ ထင်ပါတယ်။ ကြောင် ကာလာ ဆာဗေးတော့ မလုပ်မိဘူးပေါ့နော်။  ဒါပေမဲ့ ကြောင်နံမည်တွေဆိုရင် “ရွှေဝါ” လို့  ခေါ်တာ များတယ်မဟုတ်လား (ကောင်းလိုက်တဲ့ လောဂျစ်)။  အဲ - ဖြူတုတ်တို့    မိကျားတို့တော့ ရှိတာပေါ့လေ။  ဘုန်းကြီးကျောင်းမှာတော့ ကြောင်အနက်တွေ တော်တော်များများ တွေ့ရတယ်။  လူတွေက အိမ်မှာ ကြောင်အနက် မွေးရင် ခိုက်တတ်တယ် လို့   အယူရှိကြတယ်လေ။  ကြောင်အနက် မွေးရင် ဘုန်းကြီးကျောင်း ပို့ပစ်တာ များတယ်။ “မကောင်း ကျောင်းပို့“ ဆိုတဲ့စကားက အဲဒီက ပေါ်လာတာလားမသိ။



ကြောင်ချစ်တဲ့သူက မိသားစုထဲမှာ သားသမီးကို ပိုချစ်တတ်တယ်တဲ့။  ခွေးချစ်တဲ့သူက ခင်ပွန်း (ဒါမှမဟုတ်) ဇနီးကို ပိုချစ်တတ်တယ်တဲ့။  (ကျမက ကြောင်ရော ခွေးရော နှစ်မျိုးလုံးချစ်တာ- အဟဲ)။  ဘယ်လောက်မှန်သလဲတော့မသိ- ကြားဖူးတာကို ပြောပြတာပါ။  ကြောင်ချစ်တတ်တဲ့ အမေရိကန်လူမျိုး ဒေါက်တာ သွန်ပဆင် မှာ ကြောင်ပေါင်း  ၄၅ ကောင် တပြိုင်နက် မွေးထားသတဲ့။  တက္ကသိုလ်တုန်းက ခင်တဲ့ အမကြီးတယောက်ဆိုရင် ကြောင်ပေါင်း ၂၀ ကျော်ရှိတာ မြင်ခဲ့ဖူးတယ်။  သူ့ကြောင်လေးတွေ အကြောင်းပြောရင် သူတို့တွေကို “ကြောင်” လို့ မခေါ်ဘူး။ “ကလေး” တွေ တဲ့။ သူကိုယ်တိုင်က ကျိကျိတက် ချမ်းသာတာမျိုး မဟုတ်ပေမဲ့ ကြောင်စားဖို့  ပုဇွန်ခြောက်ကို သတ်သတ် အိမ်မှာ ၀ယ်ထားလေ့ရှိပါတယ်။  စာမေးပွဲရက်ထဲမှာ ကြောင်ပျောက်လို့  လိုက်ရှာရင်း စာမကျက်လိုက်ရတဲ့ အချိန်တွေလည်း ရှိခဲ့ဖူးပါတယ်။ ချစ်သူရည်းစားမရှိသေးတဲ့ အဲဒီ ခပ်ချောချောအစ်မကြီးကို ပါမောက္ခဆရာက “မေတ္တာတွေ အလွဲသုံးစား လုပ်နေသူ” ရယ်လို့  နောက်ပြောင်ခဲ့ဖူးပါတယ်။

သူတို့လို ကြောင်အများကြီး မပိုင်ပေမဲ့ ကျမ ငယ်စဉ်က ပိုင်ဆိုင်ခဲ့ဖူးတဲ့ ကြောင်ကလေး တကောင် အကြောင်း သတိတရ ပြောပြချင်မိတယ်။  သူက (ကရင်မ်ရောင်) အ၀ါနုရောင်အောက်ခံမှာ အ၀ါရင့်ရောင် အကျားကလေးတွေနဲ့   ကျားပေါက်စကလေး နဲ့တူတဲ့ ကြောင်ထီး ကလေးပါ။  သူ့အမည်ကို လွယ်လွယ်ကူကူ “ရွှေဝါ” လို့ဘဲ ပေးထားတယ်။  ရွှေဝါက ငယ်ငယ်ကလေးထဲက ကျမနဲ့   လက်ပွန်းတတီးနေခဲ့တာပါ။  သူတို့မောင်နှမတွေ ငယ်ငယ်က ကျမ အိပ်ယာထဲလာလာ အိပ်ကြတာ။  ကြောင် နှာခေါင်းသံ တခူးခူးကို မကြိုက်ပေမဲ့ သူတို့တတွေ ရင်ဘတ်ပေါ် ဗိုက်ပေါ် လာအိပ်ရင် ဂွမ်းပုံကလေးတွေလို နူးညံ့လို့၊  သူတို့ လျှာကြမ်းကြမ်းကလေးတွေနဲ့   ကျမလက်ချောင်း တွေကို လျက်တတ်တာ သဘောကျလို့၊  လူကလှုပ်လိုက်လို့ ကြမ်းပေါ် ပြုတ်ကျသွားရင်လည်း သူတို့ဖာသာ လူပေါ် မရမက  ပြန်တက်လာတတ်ကြသေးရဲ့။  အဖေကတော့ ကြောင်မွေးတွေ နှာခေါင်းထဲဝင်ရင် (ပန်းနာရင်ကြပ်)  ဖြစ်လိမ့်မယ် ဆိုပြီး ဆူပါတယ်။ ဒါပေမဲ့ ကျမက ကြောင်ကလေးတွေကို  ခြင်ထောင်ထဲမှာ ခိုးခိုးပြီး သိပ်ပါတယ်။ 


နေ့ခင်းဆိုရင်တော့ သူတို့မောင်နှမတွေက မတ်တပ်ရပ်နေတဲ့ လူပေါ်ကို ဖြတ်ကနဲ ခုန်တက်တတ်ကြပါတယ်။  သိပ်ငယ်တော့ မြင့်မြင့်လဲ မခုန်နိုင်တော့ ရောက်တဲ့ နေရာမှာ အင်္ကျီ သို့မဟုတ် လုံချည်ကို သူတို့လက်သည်းနဲ့  ချိတ်တွယ် ထားကြပါတယ်။  လူက လမ်းလျှောက်တဲ့အခါ သူတို့က  အဲဒီပုံစံနဲ့  လိုက်ပြီး  ဟီးလေးခို စီးကြပါတယ်။  တော်တော်ကြာတော့မှ လူကိုယ်ကို တဆင့်ချင်း တွယ်တက်ပြီး ပခုံးအပေါ်မှာ ထိုင်လျက်တမျိုး အိပ်လျက်တဖုံ နေတတ်ကြပါသေးတယ်။  တတ်လဲ တတ်နိုင်တဲ့ ဟာလေးတွေ ပါပဲ။

ကျမတို့ အိမ်မှာ ဈေးရောင်းတဲ့ ချိန်ခွင်ခွက် အကြီးကြီးကို မျက်နှာကျက်မှာ တွဲလောင်း အသေချိတ် ထားပြီး သာမာန်အချိန်မှာ မလှုပ်ရအောင် တဖက်ကို အလေးကြီးကြီးနဲ့   ဖိထားလေ့ရှိပါတယ်။  မောင်နှမ အားလုံးထဲမှာ အထွားဆုံး၊ အလိမ္မာဆုံးဖြစ်တဲ့ ရွှေဝါလေးကို ဘယ်လောက်  ကြီးလာပြီလဲ သိချင်လို့   ကျမက ခဏခဏ ချိန်ကြည့်တတ်ပါတယ်။ နောက်တော့ ရွှေဝါက ချိန်ခွင်ကို ကြိုက်သွားပြီး အဲဒီ လွတ်နေတဲ့ ချိန်ခွင်ခွက်ထဲ ၀င် အိပ်ဖို့ ကြိုးစားတတ်ပါတယ်။  ကျမက တဖက်ကခွက်ကို အလေးကြီးကြီးထည့်၊ ကျန်တဲ့ (သူဝင်နေတဲ့) ချိန်ခွင်ခွက်ကို ဒါန်းလွှဲသလို လွှဲပေးလိုက်ရင် သူက သိပ်သဘောကျပါတယ်။ ဇိမ်ခံတတ်တဲ့ ကြောင်ကလေးဟာ သူ့မေးစေ့လေးကို အသာအယာ ပွတ်ပေးရင်လဲ မျက်လုံးလေးမှိတ်ပြီး ငြိမ်နေ တတ်ပါသေးတယ်။  လူထိုင်နေရင် သူ့ခေါင်းကလေးကို လာလာထိုးပေးပြီး ပွတ်ပေးစေပါတယ်။ ညနေခင်းဆို ကျွန်မက ရှေ့ခြင်းတောင်းကလေးထဲမှာ ရွှေဝါကို ထည့်ထည့်ပြီး စက်ဘီးစီးတတ်တာမို့  သူဟာ စက်ဘီးလဲ ကြိုက်သွားပုံရပါတယ်။  နောင်ကို ကျမ စက်ဘီးတွန်းတာနဲ့  သူ့ဟာသူ ဘီးပေါ် ခုန်တက် ပြီး လိုက်ပါလေ့ရှိပါတယ်။  


ရွှေဝါဟာ ကျမရဲ့ အချစ်တော် ခွေးကလေး “ရာဟု” နဲ့လည်း တည့်အောင် ပေါင်းပါတယ်။   ( ရာဟု အကြောင်းကို နောက်မှ သတ်သတ် ရေးပါဦးမယ်)  ပြောင်းဖူးအစိမ်းကို သူကြိုက်ပါတယ်။  အမေက ပြောင်းဖူးအစိမ်းတွေကို သတိလက်လွတ် ပုံထားမိလို့ကတော့ သုံးလေးဖူးကို အသာကလေး စား ပစ်လိုက်တတ်ပါတယ်။

ရွှေဝါဟာ တအားကို အဆော့သန်လွန်းပါတယ်။  သူ အကြိုက်ဆုံးကစားနည်းက ဖျာလိပ်ကို တွန်းလှဲပြီး ဖျာလိပ်ခေါင်းထဲ ၀င်ချည်ထွက်ချည် ကစားရတာပါ။   သူ့မေမေက ကြွက်ဖမ်းလာပြီးရင် ပါးစပ်ကလေးနဲ့  ဖွဖွလေး ကိုက်လာပြီး လွှတ်လိုက် လိုက်ဖမ်းလိုက်နဲ့   ရွှေဝါတို့ကို “ကြွက်ဖမ်းနည်း” ပညာသင်ပေးပါတယ်။  ကြွက်ကလေး ကတော့ သနားစရာပါ။  လွတ်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့  အခါခါ ပြေးရပေမဲ့ လွတ်လမ်းမရှိပါဘူး။ သူ့ရဲ့  နောင်လာ နောက်သားတွေကို ဖျက်ဆီးမဲ့ ကြောင်တွေအတွက် အသုံးတော်ခံပေး၊ ပညာသင်ပေးပြီးမှ  အစားခံကြရပါတယ်။ 

ရွှေဝါတို့တတွေဟာ ချေး၊ သေး မညစ်ပတ်ပါဘူး။ ကြောင်နဲ့ဆိုင်တဲ့ ပုံပြင်ကလေးတပုဒ်ထဲမှာ ကျားတွေက သူ့ကို လှည့်စား သွားတဲ့ ကြောင်ကို လက်စားချေဖို့ လိုက်ရှာနေတာမို့    ကြောင်တွေဟာ သူတို့ အနံ့ကို ကျား မရအောင် မိမိမစင်ကို လုံလုံမြှုပ်တတ်ကြသတဲ့။  ဟုတ်ပါတယ်၊  ရွှေဝါဟာ မစင်စွန့်ပြီးရင်  မြေကျင်း ယက်ပြီး သူ့ပစ္စည်းကို ဂရုတစိုက် ဖုံးတတ်ပါတယ်။  မြေကြီးကို အကြိမ်ကြိမ် နမ်းကြည့်ပြီး စိတ်ချရမှ ပြန်ထွက် သွားတတ်တာပါ။

ဒီလိုနဲ့   ရွေဝါတကောင် တပိဿာကျော်ကျော် နှစ်ပိဿာနီးနီး ကြောင်ပျိုပေါက်ကြီး ဖြစ်လာပါတော့တယ်။  အိမ်လာတဲ့ လူတိုင်းကလည်း သူ့ကို ကြည့်ပြီး (((လှလိုက်တာ))) လို့   ချီးမွမ်း သွားတတ်ကြပါတယ်။   မကြာခင်ပဲ ကြောင်တို့ရာသီ လပြာသိုကို ရောက်လာပါတော့တယ်။  ကိုရွှေဝါတကောင်လည်း ဟိုဟိုဒီဒီ ခြေများတတ်လာပါတယ်။  ညညဆို အိမ်ကနေ ထွက်သွားလိုက်တာ  တော်တော် နောက်ကျမှ ကြောင်ကိုက်ရာဗရပွနဲ့  ပြန်ရောက်လာတတ်ပါတယ်။  “ကြပ်ကြပ် အိမ်လည်နော်၊ ကြောင်ရိုက်ပြီး ကြောင်သားစားတဲ့ သူတွေနဲ့  တွေ့မယ် သိလား” လို့  အမေကကြိမ်းပါတယ်။  ခပ်ဆိုးဆိုး ကာလသားတွေဟာ တခါတခါဆို “တောကြောင် မိလာတယ်” ဆိုပြီး ကျမတို့ အိမ်ဘေးမှာ မီးဖိုပြီး  ချက်ပြုတ် စားကြတာ တွေ့နေရတာပဲလေ။  တကယ်တော့ သူတို့ မိလာတာတွေက အလည်လွန်တဲ့ အိမ်ကြောင်တွေပါ။  ကြောင်သားချက်ရင် အနံ့ မညှီအောင် နနွင်းမှုန့်ကို ကြောင်ခေါင်းနဲ့  တိုင်းထည့်ရတယ် လို့ သူတို့က ပြောပါတယ်။  ဟုတ်မဟုတ်တော့ မသိပါ။  ကျမကတော့ ရွှေဝါ့ကို ထိရဲရင်ထိကြည့်၊ လုံးဝ ခွင့်မလွှတ်ဘူး ဆိုတဲ့အကြောင်း  သူတို့ဆီကို မကြားတကြား သတင်း လွှင့်ထားပါတယ်။ ငယ်ငယ်က ဖတ်ဖူးတဲ့ ၀တ္တုတပုဒ်က ဘာတဲ့ “ပုဒ်မ ၃၀၂ (ညောင်)”  ဆိုလား...။

 ဥပစ္ဆေဒက ကံပါလာတဲ့ ရွှေဝါဟာ ကြောင်သားစားသူများရဲ့ တုတ်ချက်နဲ့ မတွေ့ပဲ  လမ်းကိုဖြတ်အကူး အိမ်ရှေ့မှာ ဖြတ်မောင်းသွားတဲ့ ကားတစီး တိုက်မိပြီး သေသွားခဲ့ပါတယ်။ ကျမတယောက် ငိုလိုက်ရတာများ မပြောပါနဲ့တော့။  ထမင်းတောင် တော်တော်ကြာကြာ မစားနိုင် ဖြစ်သွားခဲ့ရတယ်။  နောက်ထပ်လဲ ဘယ်တော့မှ ကြောင်မမွေး ဖြစ်တော့ပါဘူး။   သြော်- သံယောဇဉ်၊ သံယောဇဉ်။  ရင်ကို နှိပ်စက်တဲ့  ဒီ...သံ....ယော....ဇဉ်.........။

မိုးစက်ပွင့်

3 comments:

  1. Oh Dear! so sorry for your shwe wah.

    ReplyDelete
  2. တို့ကြောင်လေးက ညိုဝါ တဲ့...ငယ်ငယ်တုန်းကပါ


    စူးနွယ်လေး

    ReplyDelete
  3. i love this post so much

    ReplyDelete

ပဲ့တင်သံလေးတွေ .......