ဆက်ဆက်လာပါနော် လို့ ဖိတ်ထားတဲ့ မောင်ငယ်လေးတယောက်ရဲ့ မင်္ဂလာပွဲကို ကျမတို့ တအုပ်စုလုံး တက်ညီလက်ညီ ချီတက်ခဲ့ကြတယ်။ ရုံးပိတ်ရက်လဲ ဖြစ်တာမို့ စုစုပေါင်း ၇ယောက်။
ခရီးက မနီးလှပါ။ နာရီတော်တော်ကြာ ကားစီးပြီးမှ ညောင်ဦးဇက်ဆိပ်ကို ရောက်ခဲ့ကြပါတယ်။ ဇက်စောင့်နေကြတဲ့ ကားကြီးကားငယ်တွေ၊ မြစ်ကမ်းနားက အရောင်စုံတဲ့ လှေ သမ္မာန် ကလေးတွေ ၊ သဲသောင်စပ်က စိမ်းစိမ်းစိုစို သီးနှံစိုက်ခင်းတွေ၊ မြင်နေကျပေမဲ့ ကျမအတွက် မရိုးနိုင်တဲ့ မြင်ကွင်း ကလေးတခုပါ။ ခပ်ဝေးဝေးမှာ မြန်မာနိုင်ငံမှာ အရှည်ဆုံး ဖြစ်လာမဲ့ ဧရာဝတီမြစ်ကူးတံတား (ညောင်ဦး)ရဲ့ တည်ဆောက်မှု တပိုင်းတစကို မြင်နေရပါသေးတယ်။ ဒီတံတားကြီးပြီးရင်တော့ ဇက်ကူးတာတွေ စောင့်ရတာတွေ ရှိတော့မှာ မဟုတ်ပါဘူး။ ဧရာဝတီကတော့ ဒီ ဖြစ်တည်မှုတွေ အားလုံးကို မသိကျိုးကျွန် ဥပေက္ခာပြုရင်း ငြိမ်သက်မျက်လွှာချလို့။ ဒီ ဧရာဝတီကို ကူးကြရဦးမယ်လေ။
ကားတွေကြပ်နေတာမို့ အနီးဆုံး ဇက်တခေါက်မှာ ကျမတို့ကားကလေး လိုက်ခွင့်မသာပါဘူး။ စောင့်ရင်း အချိန်မပုပ်ချင်တာမို့ လူချည်းပဲ စင်းလုံးငှား သမ္မာန်နဲ့ ကူးခဲ့ကြပါတယ်။ မိနစ် ၂၀ကြာ ခရီးအတွက် ပုံမှန်ဈေး ၁၂၀၀၀ တဲ့။ မြစ်ပြင်ကျယ်ကိုရောက်တော့ ရွက်လွှင့်နေတဲ့ နာဝါလှေကလေးတွေကို မြင်ရပြန်တယ်။ ကမ်းစပ်မှာတုန်းက တည်ငြိမ်လှတယ်လို့ ထင်ရတဲ့ မြစ်ရေပြင်ကလည်း ခုတော့ လှိုင်းကြက်ခွပ်လေးတွေ တလှုပ်လှုပ်၊ လှိုင်းတံပိုးလေးတွေ တထန်ထန်နဲ့။
တံတားတည်ဆောက်ရေးကို ဒီလို အနီးကပ် မြင်ခဲ့ရတယ်။
ဒါက တံတား လုပ်ငန်းခွင်ရဲ့ အဝေးမြင်ကွင်း။
မြစ်ကမ်းနားမှာတော့ ရေချိုးသူ၊ အ၀တ်လျှော်သူတွေနဲ့ စည်စည်ကားကား။
မြစ်ကမ်းဆိပ်မှာ လှေကလေးတွေ အစီအရီ ထိုးဆိုက်ထားပုံက ချစ်စရာ။
ဒါနဲ့ပဲ ပခုက္ကူဆိပ်ကမ်းကို ရောက်ခဲ့ပြန်ပါရော။ မြို့ထဲရောက်ဖို့ ဆိုက်ကား၊ မြင်းလှည်း၊ ထော်လာဂျီ ကြိုက်ရာရွေးပြီး စီးနိုင်တယ်။ အတွေ့အကြုံလည်းရ၊ ပါတ်ဝန်းကျင်ထိမ်းသိမ်းရေးလည်းဖြစ်အောင် မြင်းလှည်းပဲစီးရအောင်လို့ အကြံပေးလိုက်မိတယ် (တိရိစ္ဆာန်ညှင်းပန်းနှိပ်စက်ရေးနဲ့တော့ ငြိကောင်း ငြိနိုင်တယ်:-)) မြို့ထဲကို စီးတဲ့သူ ငါးယောက်အတွက် ၁၅၀၀ တဲ့။
ဇက်ဆိပ်နဲ့ မြို့အကြားမှာ ခုထိကျန်နေတဲ့ (အုဌ်ရိုးမင်းလမ်း) ကြီးကိုတွေ့ရတယ်။ ရှေးဘုရင်တွေ ဖောင်တော်ဆင်းတဲ့လမ်းလို့ ပြောပါတယ်။ တချို့နေရာမှာ ပေါင်းမိုးနဲ့ အဆောင် ကလေး တွေလည်းရှိတယ်။ အထောက်တော်တွေ နားနေတဲ့အဆောင်လို့ မြင်းလှည်းသမားက ပြောပြပါတယ်။ မှတ်မှတ်ရရ အုဌ်ရိုး မုခ်ဝနားက လက်ဖက်ရည်ဆိုင်လေး နံမည်က “မိုးစက်ပွင့်” တဲ့။ တိုက်ဆိုင်မှု အတွက် ပြုံးမိတယ်။ စပ်စုတတ်တဲ့ ကျမတို့အဖွဲ့က ဒီမြင်း ဘယ်လောက်တန်လဲဆိုတော့ သုံးသိန်း တဲ့။ အစာဖိုးက တရက် ၁၅၀၀ ကနေ ၂၀၀၀ ကျတယ်တဲ့။ မြင်းခွာသံလေးက စည်းချက်ညီညီလေးနဲ့ နားထောင်လို့ ကောင်းနေတယ်။
ပခုက္ကူက သမိုင်းရှိတဲ့ မြို့ကလေးပါ။ မြို့အမည်နဲ့ပါတ်သက်လို့ မင်းသမီးတပါး ကလေးမွေးတာနဲ့ ပါတ်သက်ပြီး “သားထုတ်ကူ”ကနေ ကာလရွေ့လျောပြီး “ပခုက္ကူ” ဖြစ်လာတယ်လို့ ကြားဖူးတယ်။ ဂင်းနစ်စံချိန်ဝင်တဲ့ ကမ္ဘာ့အံဖွယ် ၇ထပ် “တံကဲ” ရှိတဲ့မြို့လည်း ဖြစ်ပါတယ်။ အဲဒီတံကဲက လက်ရာမြောက်လှ တဲ့ သစ်ထွင်း အနုပညာပါ။ သစ်လုံးတလုံးထဲကို ကနုတ်(၇)ထပ်၊ ဇာတ်တော်ဆယ်ဘွဲ့ ကော်မသုံးဘဲ ထွင်းထုထားတာမို့ ရင်သပ်ရှုမော ဖြစ်ခဲ့ရဖူးပါတယ်။ ဧရာဝတီ အနောက်ကမ်းမြို့တော် ဆိုတဲ့ ဆိုင်းဘုတ်အသစ်ကြီးလည်း တွေ့ခဲ့ရတယ်။ ဆန်ပွဲရုံအပါအ၀င် အရောင်းအ၀ယ် လုပ်ငန်းမျိုးစုံနဲ့ စီးပွားရေး တော်တော် ကောင်းကြတာ ကိုတော့ သတိထားမိတယ်။ သူ့ရဲ့ down side ကတော့ HIV/AIDS ဝေဒနာရှင်တွေ အရေအတွက်အားဖြင့် ရာခိုင်နှုန်းအားဖြင့် တော်တော်များကြတာပါပဲ။
ပခုက္ကူမြို့ထဲ လှည့်ပတ်ပြီး တနာရီကျော်ကျော်လောက်ကြာတော့ ကားရောက်လာတာနဲ့ ခရီးဆက်ကြပါတယ်။ ရွာကလေးက နောက်ထပ် နာရီဝက်လောက် ကားမောင်းရပါသေးတယ်။ ကျေးလက်ရဲ့ အငွေ့အသက်ကလေးတွေကို ခံစားမိကြပါပြီ။ တမာပင်တန်း၊ သဲချောင်းနဲ့ လက်ယက်တွင်းကလေးတွေ၊ ကွင်းပြင်ကျယ်ကို ဖြတ်တိုက်လာတဲ့ လတ်ဆတ် တဲ့လေ၊ လူတစ်ဖက်စာမကတဲ့ မန်ကျည်းပင်ကြီးတွေ၊ ထူထူထဲထဲ အုတ်တံတိုင်းတွေ။ ကျမတို့အဖွဲ့ကို သတို့သားမိသားစုက ၀မ်းသာအားရ ကြိုဆိုကြပါတယ်။ ကျေးလက်ဓလေ့က ဧည့်သည်ဆိုရင် သိပ်ချစ်ကြခင်ကြတာ မို့လား။ နေစရာအိမ်တလုံးသီးသန့်အပြင်၊ လက်နှိပ်ရေတွင်းကို တာရပတ်စတွေကာလို့ အရေးပေါ်ရေချိုးခန်းလုပ်ပေးထားတယ်။ ရေချိုးတော့လဲ အဒေါ်ကြီးတွေက ချိုးရေ လာလာနှိပ်ပေးကြလို့ အားနာစွာ တားထားရတယ်။
ပခုက္ကူမြို့ထဲ လှည့်ပတ်ပြီး တနာရီကျော်ကျော်လောက်ကြာတော့ ကားရောက်လာတာနဲ့ ခရီးဆက်ကြပါတယ်။ ရွာကလေးက နောက်ထပ် နာရီဝက်လောက် ကားမောင်းရပါသေးတယ်။ ကျေးလက်ရဲ့ အငွေ့အသက်ကလေးတွေကို ခံစားမိကြပါပြီ။ တမာပင်တန်း၊ သဲချောင်းနဲ့ လက်ယက်တွင်းကလေးတွေ၊ ကွင်းပြင်ကျယ်ကို ဖြတ်တိုက်လာတဲ့ လတ်ဆတ် တဲ့လေ၊ လူတစ်ဖက်စာမကတဲ့ မန်ကျည်းပင်ကြီးတွေ၊ ထူထူထဲထဲ အုတ်တံတိုင်းတွေ။ ကျမတို့အဖွဲ့ကို သတို့သားမိသားစုက ၀မ်းသာအားရ ကြိုဆိုကြပါတယ်။ ကျေးလက်ဓလေ့က ဧည့်သည်ဆိုရင် သိပ်ချစ်ကြခင်ကြတာ မို့လား။ နေစရာအိမ်တလုံးသီးသန့်အပြင်၊ လက်နှိပ်ရေတွင်းကို တာရပတ်စတွေကာလို့ အရေးပေါ်ရေချိုးခန်းလုပ်ပေးထားတယ်။ ရေချိုးတော့လဲ အဒေါ်ကြီးတွေက ချိုးရေ လာလာနှိပ်ပေးကြလို့ အားနာစွာ တားထားရတယ်။
ခြံဝင်းကလေးထဲမှာ ထမင်းချက်သူ၊ မဏ္ထပ်ဆောက်သူ၊ အခန်းအနားပြင်သူ စသဖြင့် ကိုယ်စီ အလုပ်ရှုပ် နေကြလေရဲ့။ ရွာရှုခင်းလေးတွေ ကြည့်ရအောင် ရေမိုးချိုးပြီး ညနေစောင်းကလေးမှာ ကျမတို့ လမ်းလျှောက် ထွက်ခဲ့ကြတယ်။ ရွာထဲက ညီမငယ်လေးတွေက အဖေါ်လိုက်ပေးကြတယ်။ အိမ်ခြေ၈၀ လောက်ပဲရှိတဲ့ ဒီရွာကလေးမှာ နှစ်ပေါင်း၁၀၀ကျော်က ကျောင်းနဲ့ ဘုရားနဲ့ အခိုင်အမာ။ ယူအင်နဲ့ အိုင်အဲန်ဂျီအို တချို့က ဒီရွာကလေးမှာ စီမံကိန်းရှိနေတယ်။ ရွာနဲ့ ပူးပေါင်းပြီး စာကြည့်တိုက်၊ မိုးရေလှောင်ကန်၊ ဆောက်လက်စ နေ့ကလေးထိန်းကျောင်း တွေနဲ့။ လွန်ခဲ့တဲ့ ၅နှစ်ကျော်က ထူထောင်ခဲ့တဲ့ ရွာရံပုံငွေကလည်း တဖြေးဖြေး ပွားလာတာ သိန်း၃၀ကျော်တောင် ရှိနေပြီဆိုပဲ။ ကော်မတီရဲ့ ထက်မြက်တဲ့ တက်ကြွတဲ့ ကိုယ်ကျိုးမရှာတဲ့ အရည်အချင်းတွေကြောင့်လို့ဆိုရပါမယ်။ တချို့ရွာတွေမှာတော့ စီမံကိန်းလဲပြီး၊ ငွေရော ပစ္စည်းရော ဘာတခုမှ အဖတ်တင် မကျန်ခဲ့တာမျိုး အများကြီးပါ။
မှောင်စပျိုးလာတာနဲ့ တီးဝိုင်းသံတွေ ကြားရပါတယ်။ ညနေက လမ်းလျောက်ဖို့အဖေါ်လိုက်ပေးတဲ့ ညီမလေးက ညကျ ဆက်ဆက် လာအားပေးဦးနော်- သမီးနံပါတ်က ၂၃ ဆိုလို့ ကျမတို့အဖွဲ့ မဏ္မပ်ထဲက ဒေါင့်တဒေါင့်မှာ နေရာယူလိုက်ကြပါတယ်။ ရွာထဲက ကလေးလူကြီး အကုန် အားပေးကြတာ တွေ့ရပါတယ်။ ရွာဆိုလို့ မိုနိုတွေ ကြားရလိမ့်မယ်ထင်ထားတာ။ ၀တ်ထားကြပုံက အလန်းစား။ ဆိုလိုက်ကြတဲ့ သီချင်းတွေကလည်း အကုန်လုံး ခေတ်ပေါ် စတီရီယိုတွေချည်းပါဘဲ။ အားလုံးက သူတို့ကိုယ်သူတို့ ယုံကြည်ချက် အပြည့်နဲ့ ဆိုသွား ကြတာတွေ့ရပါတယ်။ ကီးအောက် ကီးကြောင်တဲ့ သုံးလေး ယောက်ကလွဲလို့ လူသုံးဆယ်ကျော်မှာ လူတိုင်းနီးပါးဟာ ပိုင်ပိုင်နိုင်နိုင် ဆိုသွားကြပါတယ်။ တချို့ ဆို အံ့အားသင့်လောက်အောင် ကောင်းကြပါတယ်။ ထူးထူးခြားခြား စတီရီယိုမဟုတ်တဲ့ “ဂန္ထ၀င်မေမေ၊ ဂရုဏာမေမေ၊ ကောင်းကင်မေမေ” ဆိုတဲ့ စာသားပါတဲ့သီချင်းကိုတော့ လေးယောက်ထက်မနည်း ပြန်ဆိုသွားတာ မြင်ရတော့ ဒီသီချင်းက ဒီရွာလေးရဲ့ ဖေးဘရိတ်ပဲထင်ပါရဲ့ လို့ တွေးမိပါတယ်။
သတို့သမီးက ရှစ်မိုင်လောက်ဝေးတဲ့ ရွာမှာ နေပါတယ်။ ညကိုလာဧည့်ခံပြီး ၁၀နာရီလောက်မှာ ပြန်သွားပါတယ်။ မနက်စောစော လာပြီး ဘုန်းကြီးဆွမ်းကျွေးမယ်။ နေနဲနဲမြင့်ရင် သတို့သားက မိန်းကလေးအိမ်မှာ ကန်တော့ပွဲနဲ့ သွားတောင်းရမယ် တဲ့။ ကျမတို့အတွက်တော့ မကြုံစဖူး ထူးခြားတဲ့ အစီအစဉ်ကလေးတွေပါဘဲ။ မနက်ငါးနာရီအမီ ထကြပါတယ်။ သတို့သမီးက သတ်မှတ်ချိန် (မနက်လေးနာရီခွဲအထိ) ရောက်မလာ သေးပါဘူး။ သတို့သားက လမ်းမထက်မှာ တမျှော်မျှော်နဲ့။ ဘုန်းကြီးတွေက ကြွလာပြီဆိုတော့ သူ့မျက်နှာက ညိုသထက်ညိုလာပါတော့တယ်။ “ခြေမကိုင်မိ လက်မကိုင်မိ” ဆိုတာ ဒါမျိုးထင်ပါရဲ့။ ရွာဆိုတော့ ဖုန်းဆက်မေးလို့လည်းမရ။ ဆိုင်ကယ်နဲ့ ဆက်သားလွှတ်ပြီး စုံစမ်းရတော့သကိုး။ Run Away Bride များ ဖြစ်သွားပြီလားပေါ့ :-) ။ သတို့သား အမေတောင် စိတ်ပူပြီး မျက်ရည်လေးတွေ တလည်လည်နဲ့။ နောက်ဆုံးတော့ မရွှေချောက ရောက်လာပါတယ်။ ထင်တဲ့အတိုင်း အလှပြင်တာ နည်းနည်း ကြာနေလို့ပါတဲ့။ ဒုက္ခ ဒုက္ခ ဒါလဲ လှချင်တဲ့ ဒုက္ခပဲ။
ဘုန်းကြီးဆွမ်းကပ်ပြီးတာနဲ့ ဧည့်သည်တွေ တဖွဲဖွဲ ရောက်လာပါတယ်။ ကျမ မမြင်ရတာ ကြာပြီဖြစ်တဲ့ မဏ္မပ်အ၀င်ဝမှာ လာသမျှဧည့်သည်တိုင်းအတွက် ပန်းစည်းသေးသေးလေးတွေကို အပျိုမလေးတွေက ကမ်းပေးတာ တွေ့ရတယ်။ လက်ဖွဲ့ပစ္စည်းတွေကို ဒေါင့်တဒေါင့်မှာ လက်ခံနေကြတယ်။ တီးဝိုင်းဆရာ ကလည်း တခုတည်းသော တူရိယာဖြစ်တဲ့ သံစုံအော်ဂင်နဲ့ သီချင်းမျိုးစုံကို လက်စွမ်းပြ တီးခတ်နေလေရဲ့။ သတို့သားကိုလည်း ပရိသတ် ပွဲတောင်းကြလို့ သီချင်းတပုဒ် ဆိုတာတွေ့ရတယ်။ သတို့သမီးနဲ့ စုံတွဲ သီချင်းဆိုပေးပါဦးလို့ တောင်းဆိုကြတဲ့အခါမှာတော့ သူမက သီချင်းမဆိုတတ်သူမို့ နောက်ခံ အဆိုတော်ရဲ့ သီချင်းသံနဲ့ အတူ စင်ပေါ် တက်ရပ် ပေးရ ပါသေးတယ်။ အားလုံးပျော်ဖို့က အဓိက လို့ပဲ ခံယူ ထားကြပုံ ပေါ်ပါတယ်။ အလှည့်ကျရင် မနွဲ့စတမ်း တဲ့။ ကျမလည်း အားနာတတ်သူပီပီ အဖွဲ့ကိုယ်စား တာဝန်ကျေ တညလုံး ကျက်ထားတဲ့ သီချင်း တပုဒ် ဆိုခဲ့ရပါသေးတယ်။ (နှစ်ကိုယ်တူ ချစ်သမျှ) တဲ့။ ကောင်းသလားတော့ မမေးနဲ့ ။ သိပ်ကောင်းပါတယ်ကွယ် (စိတ်ပျက်ဖို့) ......။
မနက် ကိုးနာရီလောက်ကျတော့ သတို့သမီးအိမ်ကို ကန်တော့ပွဲအပြည့်အစုံနဲ့ သွားပြီး တောင်းရမ်း ကြရပါတယ်။ အရပ်မသင့်လို့ဆိုလား အိမ်ထဲ တိုက်ရိုက်မ၀င်ဘဲ အိမ်ကိုကျော်ပြီးမှ ငါးမိနစ်လောက် ခြေလျင်လျောက်ပြီး ၀င်ကြတာ တွေ့ရပါတယ်။ ထူးဆန်းပေစွ။ သတို့သမီးအသိုင်းအ၀ိုင်းကို အဲဒီအိမ်မှာပဲ ဧည့်ခံပါတယ်။ နေ့လည်စာ အကျွေးအမွေးက နှစ်အိမ်စလုံးမှာ ရှိပါတယ်။ ဧည့်သည်တွေကလည်း အားရပါးရ လက်နဲ့ နယ်လို့ မြိန်ရေယှက်ရေ ဗိုက်ခွေးနမ်းမတတ် စားကြတယ်လို့ ပြောရမှာပါဘဲ။ ဇွန်းသံ ခက်ရင်းသံ မဆူညံတော့ဘူးပေါ့လေ။
ဒီလိုနဲ ပန်းကုံးစွပ်တာမပါ၊ လက်စွပ်လဲတာမပါ၊ သတို့သား သတို့သမီး ဂုဏ်ပုဒ်တွေ ရွတ်ပြမဲ့ သြဘာစာ ဖတ်တာ မပါတဲ့ ရိုးရိုးရှင်းရှင်း ကျေးလက်ရိုးရာ မင်္ဂလာဆောင်ကလေးတပွဲကို ကျမတို့ နဖူးတွေ့ ဒူးတွေ့ တက်ရောက်ခဲ့ရပါတယ်။
ဒီလိုနဲ ပန်းကုံးစွပ်တာမပါ၊ လက်စွပ်လဲတာမပါ၊ သတို့သား သတို့သမီး ဂုဏ်ပုဒ်တွေ ရွတ်ပြမဲ့ သြဘာစာ ဖတ်တာ မပါတဲ့ ရိုးရိုးရှင်းရှင်း ကျေးလက်ရိုးရာ မင်္ဂလာဆောင်ကလေးတပွဲကို ကျမတို့ နဖူးတွေ့ ဒူးတွေ့ တက်ရောက်ခဲ့ရပါတယ်။
ကျမတို့အဖွဲ့ကတော့ နှစ်ရက်အတွင်း ကျွေးသမျှကို ဗိုက်ကားအောင်စားခဲ့ကြပါတယ်။ ကြက်သား၊ ၀က်သားအိုးကြီးချက်၊ ပဲနှပ်၊ ပဲတီချဉ်၊ ငရုပ်သီးကြော်၊ ဆဲ့နှစ်မျိုးဟင်းချို၊ အစိမ်းကြော်။ နေ့လည်ခင်း ရောက်တော့ ကျမတို့ ပြန်ဖို့ပြင်ဆင်ကြပါတယ်။“တညလောက် ထပ်အိပ်ပါဦးလား” “တရက်လောက် ထပ်နေပါဦးလား” “မြန်လိုက်တာ” “အခုလိုလာတာ ကျေးဇူး အရမ်း တင်ပါတယ်” “နောက်လာခဲ့ဦးနော်” လို့ လူတိုင်းက အပြုံးလေးတွေ ကိုယ်စီနဲ့ ပြောကြပါတယ်။ ကျမတို့ကလည်း နေချင်ပါသေးကြောင်း၊ နောက်လဲ အခွင့်ကြုံရင် လာဦးမှာဖြစ်တဲ့အကြောင်း ပြောပြီး ဧည့်ဝတ်ကျေလှတဲ့ ရွာကလေးနဲ့ ရွာသားတွေကို အပြုံးနဲ့ လက်ပြ နှုတ်ဆက်ခဲ့ပါတယ်။
အပြန်မှာ ဇက်က ချက်ခြင်း တက်ခွင့်ကြုံ တဲ့အတွက် မြန်မြန်လေးဘဲ မြစ်ကူးခဲ့ကြရပါတယ်။ ဒါတောင်မှ အိမ်ပြန်ရောက်တော့ အမှောင်ထုလွှမ်းခြုံနေခဲ့ပြီ။ အိမ်ရောက်ရောက်ချင်း မေ့ကျန်ခဲ့တဲ့ အိပ်ဆောင် ရေဒီယိုလေးကို ကမန်းကတန်းဖွင့်လိုက်တော့ ၀မ်းသာစရာသတင်းက အဆင်သင့်စောင့်ကြိုနေခဲ့။ အားလုံးရဲ့ ပီတိတွေ အပျော်တွေ အပြုံးတွေ အားမာန်တွေ မျှော်လင့်ချက်တွေက ကိုယ့်ကိုပါ တမုဟုတ်ချင်း ကူးစက်လာခဲ့။ ဒါပေမဲ့ - ဒါပေမဲ့ လို့ ပြောရတော့မှာပဲ။ အလွန်အကျွံ စားသောက်ထားတဲ့ ၀မ်းဗိုက်က ရစ်ရစ်နာပြီး ဒုက္ခပေးခဲ့တာမို့ အိပ်ခန်းနဲ့ အိမ်သာကြား မရေတွက်နိုင်အောင် အခေါက်ခေါက် အခါခါပြေးရင်း ကုတင်ပေါ်အားကုန်ပြီး ပုံလျက်သား ကျခဲ့ရတာလည်း ကိုယ့်အတွက် ကျေးလက်အညာ မင်္ဂလာပွဲလေးရဲ့ မမေ့နိုင်စရာ အမှတ်တရများအားလုံးထဲက အမှတ်တရ ကလေးတခုဘဲ ဖြစ်တော့သည်။
မိုးစက်ပွင့်
( p.s- လောလောဆယ်တော့ မျက်တွင်းလေး ဟောက်ပက်နဲ့.....)
ဒေါ်မိုးစက်တို့များ ကံကောင်းလိုက်တာဗျာ... ဒီလိုမင်္ဂလာဆောင်မျိုး ကြုံချင်စမ်းပါဘိ။ ဗမာပြည် သတိရနေတုန်း ဒီပို့(စ)မှ ဖတ်မိလေခြင်း.. ဟင်း (ပုံတွေကလည်း လွမ်းစရာ)
ReplyDeleteကျုပ်တို့အညာမှာ မင်္ဂလာတမျိုးသာပ
အဟုတ်ဗျို့ ဓမ္မတာ အစဉ်အလာ မညိုးခဲ့ပေဘု
ဟဲဟဲ ဒီလောက်ပဲမှတ်မိတယ်။ ဖတ်ပြီးခေါင်းထဲပေါ်လာလို့..
ပျော်စရာကြီး
ReplyDeleteအဲဒီလို တစ်မြို့တစ်ရွာကို မင်္ဂလာဆောင်သွားရတာ သိပ်သဘောကျတာဘဲ
ဒေသန္တရ ဗဟုသုတလည်းရ.. အတွေ့အကြုံအသစ်တွေလည်းရ
ပြီးတော့ မစားဖူးတာတွေစားရနဲ့ နော်
အားကျလိုက်တာ ဒီလိုမျိုး ခရီးတွေများများ သွားချင်တယ်...
အညာရှုခင်းကို ကြိုက်တယ်..အဲလိုခရီးသွားရရင်သိပ်ပျော်တာ
ReplyDeleteညောင်ဦးကိုသုံးနာရီမောင်းရတယ်ဆိုတော့ ရန်ကုန်က မဟုတ်ဘူးပေါ့..:) အသက်ကိုမှန်းသလို နေရပ်မှန်းတာလည်း အကျင့်ပါနေလို့ပါ :P
စူးနွယ်လေး
မြစ်ဆိပ်ကြီးကို မြင်တော့ အညာမြေကို လွမ်းပါ၏။
ReplyDeleteစားချင်လိုက်တာအညာဟင်းလေးတွေမစားရ တာကြာပီ
ReplyDeleteဇီဇ၀ါ (w) ... နှိပ်စက်သလို ဖြစ်သွားရင် ဆောရီး ။ ကဗျာက တယ်လန်းပါလား၊ နည်းနည်းတော့ ကြားဖူးသလိုလိုပဲ၊ သခင်ကိုယ်တော်မှိုင်းရဲ့ စာ များလား :)
ReplyDeleteမချော.... သွားကောင်း၊ စားကောင်းပေမဲ့ ခံရချက်တော့ မသက်သာဘူး။ ကဗျာအသစ် စပ်ထားတယ်။ “ဘီလူးခံတွင်း၊ စားသောက်ခြင်းလည်း၊ ၀မ်းကျနောက်ဆုံး ရှိချေ၏” တဲ့၊ ဟီး
စူးနွယ်... အခု အပူပိုင်းဒေသ ရောက်နေဒါ...ကဲ နေရာအတိအကျ ထပ်မှန်းကြည့်ပါဦး :)
ညယံ နဲ့ အနောနိမတ်ရေ .... တကယ်က အလွမ်းပြေစေချင်တာပါ၊ ပိုလွမ်းသွားတာတော့ စိတ်မကောင်းပါဘူး။
မိုးစက်....
ReplyDeleteမိတ္ထီလာ၊ မကွေးဆိုသိပ်များဝေးသွားမလား..သုံးနာရီမောင်းတယ်ဆိုတော့
အင်း ကျောက်ပန်းတောင်းကလည်း သိပ်နီးနေတယ်..
ဒီတော့ ရေနံချောင်းပတ်ဝန်းကျင်လောက်ဆို အကိုက်ပဲ:P
စူးနွယ်လေး
နီးစပ်ပါတယ်...စူးနွယ်
ReplyDeleteဒါပေမဲ့ လမ်းတွေက နည်းနည်းပိုကျယ်လာပြီး ကားတွေက နည်းနည်းပိုမြန်လာတာကို ထည့်စဉ်းစားရင်.... အဟမ်း (အီးမေးလ်နဲ့ ပြောပြမယ်လေ)
ဓါတ်ပုံတွေ သိပ်လှတယ်၊
ReplyDeleteအဲဒီလို မင်္ဂလာဆောင်မျိုး မကြုံဖူးပေမယ့် အပြောနဲ့ ကြားဖူးတယ်၊
အဖော်မွန်က အဲဒီနယ်ဖက်ကလေ။
ပျော်စရာကြီး။
ကျေးဇူး ....ဒါဆို အပြုံးပန်းရဲ့ အဖေါ်မွန်ကို ခေတ္တအညာသူက နှုတ်ဆက်တယ်လို့ ပြောပေးနော်.... အလည် ပြန်လာဖြစ်ရင်တော့ ပြောဦးနော် ...
ReplyDeleteကျေးလက်မင်္ဂလာဆောင်လေးက ပကာသနမပါပေမယ့် ပျော်စရာလေးနော်။ အခုမောနေတာလား။ ကဲ အမောပြေ ကော်ဖီလေးနဲ့ ကိတ်လေး ဧည့်ခံမယ်။ နားလိုက်ဦးနော်။
ReplyDeleteမကွေးနဲ့ ရခိုင်ရိုးမကြားက မြေပြန့်ချင်းရွာလေး တစ်ရွာကို မင်္ဂလာဆောင် သွားလည်ဖူးတယ်။ တအားကို ပျော်စရာကောင်းတယ်။ အဲ့မှာတောင် သတိုးသားရှာချင်စိတ်ပေါက်အောင်ပဲး)))
မိုးစက်
ReplyDeleteအညာမင်္ဂလာဆောင်လေးဖတ်ရတာ ကြည်နူးဘို့ ကောင်းတယ်ဗျာ..။
ဓါတ်ပုံတွေလည်းလှတယ်..။