တချို့ဓလေ့ထုံးစံတွေမှာ အသက်မေးတာ ရိုင်းတယ်ဆိုဘဲ။
အမျိုးသမီးတွေကို အသက်မမေးပါနဲ့ လို့ လည်း လူမှုအသိုင်းအ၀ိုင်းမှာ ပြောစမှတ်ရှိတယ်။
နောက်ပြီး ဘာတဲ့။ အမျိုးသမီးမိတ်ဆွေတွေရဲ့ မွေးနေ့ကို မှတ်ထားပါ၊ အသက်တွေကို မေ့ပစ်ပါ တဲ့။
ဒါကလည်း ဇရာက အမျိုးသမီးတွေရဲ့ ရန်သူ နံပါတ်တစ်လို့ ပြောချင်တာဖြစ်ပါလိမ့်မယ်။
ကျမတို့ လူမျိုးတွေမှာတော့ အဲဒီလို သတ်သတ်မှတ်မှတ် ကန့်သတ်ချက်ထားတာ မတွေ့ရပါဘူး။ အထူးသဖြင့် ကျေးလက်တောရွာတွေမှာပေါ့။ ပထမဆုံးတွေ့တဲ့ လူစိမ်းကို အသက်မေးကြတာဟာ သူတို့အတွက် ထူးတဲ့ ဆန်းတဲ့ အလေ့အထ မဟုတ်ကြပါ။ ဂါရဝေါစ နိဝါတောစ ဆိုတဲ့အတိုင်း အသက်အားဖြင့် ကြီးသောသူ၊ ဂုဏ်အားဖြင့်ကြီးသောသူ ဆိုတဲ့နေရာမှာ တနေ့တရက် တနံနက် ပိုကြီးရင်တောင် ရိုသေရမယ်လို့ လူကြီးသူမတွေက ဆုံးမခဲ့ကြတာကိုး။ ကိုယ့်ထက်ကြီးသူကို တန်းတူဆက်ဆံမိမှာ၊ အငယ်လို ဆက်ဆံမိမှာ သူတို့ အလွန်ကြောက်ကြတာလေ။
ကျမ အဘွားလေး (အပျိုကြီး) တယောက်ရဲ့ ၀ါသနာက တမျိုးပါ။ အိမ်ရဲ့ လွတ်နေတဲ့ နေရာတိုင်းကို ကျောက်သင်ပုန်းသဖွယ် သဘောထားပြီး မြေဖြူခဲနဲ့ သူရေးချင်ရာရေးတတ်ပါတယ်။ ( Mr. Guiter ဆိုင်က အုတ်နံရံမှာ စာရေးခိုင်းတဲ့ နေမျိုးဆေးရဲ့ အိုင်ဒီယာထက် သူက အများကြီး စောတာပေါ့)။ တခါတခါ ကျမ ပျင်းရင် သူရေးထားတာတွေ လိုက်ဖတ်ပြီး တအားရီရတယ်။ ဦးပဇင်း မြင့်ဦး တန်ဆောင်မုန်းလဆန်း ၄ရက်နေ့ ပြန်ကြွ ဆိုတာမျိုးလဲ ပါရဲ့။ နောက်တခါ အေးဘုံ-၅ရက်၊ လှသိန်း -ဂရက်၊ တင်ဦး- ၆-ရက် စသဖြင့်ပေါ့။ အဲဒါက အလုပ်သမားတွေရဲ့ လုပ်ရက်တွေပါ။ နောက်ပြီး သူ့လယ်ထွက်သီးနှံစာရင်းတွေ၊ အကြွေးစာရင်းတွေလည်း အိမ်နံရံမှာ မှတ်ထားတတ်သေးရဲ့။ အဲဒီ သူ့ရဲ့ ”Public Diary” ထဲမှာ ကျမ အပါအ၀င် မြေးတွေရဲ့ မွေးနေ့ကိုလည်း အလွတ်မပေးခဲ့ပါဘူး။ ကျမက အသက်လေး နည်းနည်းရလာတော့ ကန့်ကွက်ခဲ့ပါတယ်။ ဟိုလူမြင် ဒီလူမြင်နဲ့ အဖွားလေးရယ်- လို့။ သူကတော့ ဘာဖြစ်တုန်းဟဲ့ လို့ ပြောပြီး ဖျက်မပေးပါဘူး။
ကျမတို့ ငယ်ငယ်ကတော့ အရမ်းအသက်ကြီးချင်ခဲ့တာလေ။ ခန့်မှန်းခြေ အသက် ဆယ်နှစ်နဲ့ ဆဲ့လေးငါးနှစ်ကြားလောက်လို့ ထင်တာပဲ။ လူကြီးတွေ လူရာဝင်တာကို အားကျတတ်တဲ့ အချိန်ပေါ့။ မှတ်မှတ်ရရ သူငယ်ချင်းတွေနဲ့ ထိုင်ပြီး “ ငါတို့ လူကြီးဖြစ်လာရင် --------ဘာလုပ်မယ်------” စသဖြင့်။ နောက်ပြီး “ငါ ငယ်ငယ်တုန်းက --------” ဆိုတဲ့ အကြောင်းတွေနဲ့ ကိုယ်ငါးနှစ် ခြောက်နှစ်လောက်က အကြောင်းတွေ ပြန်ပြန် ပြောတတ်ကြတော့ ကြားတဲ့ လူကြီးတွေက ရယ်ကြတယ်။ အဲဒီတုန်းက ကိုယ့်ကိုယ်ကို ကလေးလို့လဲမထင်၊ လူကြီးရယ်လဲမဟုတ်၊ ဘယ်လိုများသတ်မှတ်ထားခဲ့သလဲ မဆိုနိုင်အောင်ပါဘဲ။
တက္ကသိုလ်စတက်တော့ ဟောကျူတာကို မမ ၊ အဆောင်မှူးကို မမ လို့ဘဲ ခေါ်ရတယ်။ အဆောင်မှူးက ကြီးဒေါ်အရွယ်လောက်ဆိုတော့ ခေါ်ရတာ လည်ပင်းနင်သလိုလို၊ လျှာယားသလိုလို။ နောက်တော့လည်း အသားတကျရှိလာခဲ့။
ခုတော့ ကိုယ်ကိုယ်တိုင် အသက်ကို sensitive ဖြစ်တဲ့အရွယ်ရောက်နေပြီပေါ့။ စတိုးဆိုင်သွားလို့ ကောင်မလေးတွေက အန်တီ လို့ခေါ်ရင် တီကိုဆားနဲ့တို့သလို တွန့်ခနဲ။ စိတ်ထဲက ဖျဉ်းခနဲ။ မျက်နှာက တင်းခနဲ။ ဟင်း- ခေတ်ကာလ မိန်းကလေးတွေများ မသိတတ်ကြဘူး။ သူတို့နဲ့ ငါနဲ့ အရမ်းကြီး ကွာတာမဟုတ် (ကိုယ့်အထင်ပါ။ တကယ်တော့ ကိုယ်လဲ အရင်က ၁၅ နှစ်လောက်ကြီးရင် အန်တီ ခေါ်လိုက်တာပဲလေ...) တက္ကစီသမား တွေက ပိုဆိုးသေး။ တချို့ဆို (ကျမစိတ်ထင်) ကိုယ်နဲ့ ရွယ်တူ လောက်ရှိမဲ့ဟာကို ၂၀၀၀ ပါ အန်တီ ဆိုပြီး ဈေးပြောလို့ မစီးဘူး- သွား ဆိုပြီး အငေါ်တူးခဲ့သေးတယ် အဟဲ
ကိုယ်ချင်းစာသောအားဖြင့် ကိုယ့်ထက် တော်တော်ကြီးပုံရတဲ့ အမျိုးသမီးကြီးများကို မမ ခေါ်ဖို့ ကြိုးစားတယ်။ အထူးသဖြင့် စိတ်ပျိုကိုယ်နုအောင် ကြိုးစားပြီးနေတတ်တဲ့ သူမျိုးကိုပေါ့။ တခါတလေ ကျတော့လဲ သူဘယ်လို နာမ်စားသုံးမလဲဆိုတာ အရင်စောင့်နားထောင်တယ်။ သူက မမ ဆိုတော့လည်း မမ သူက အန်တီ ဆိုတော့လည်း အန်တီပေါ့။ ကိုယ့်ကြောင့် လူတဖက်သား ကြည်နူးသွားရင် ကုသိုလ်ရတာပဲ မဟုတ်လား။
တခါတလေ ကျတော့လည်း ပြောင်းပြန်။ ကိုယ့်အမ အကြီးဆုံးအရွယ်လောက်ရှိတဲ့ အစိုးရ ရုံးအရာရှိက “သမီးငယ်”ဆိုပြီး ခေါ်လာလို့ မလုံမလဲ ဖြစ်ရပြန်ရော။ ငါဝတ်ထားတာများ ကလက်နေလို့လား ပေါ့လေ။ ဒါမှမဟုတ်လဲ ဒီအမ မျက်စေ့မှုန်နေတာ ဖြစ်ရမယ်- လို့။ ဒါမှမဟုတ် ကျူတာလုပ်တုန်းက အသက် သိပ်မကွာလှတဲ့ ကျောင်းသား ကျောင်းသူတွေကို သား၊ သမီး နဲ့ စတိုင်ထုတ်ပြီး ခေါ်ခဲ့တာတွေများ ၀ဌ်လည်လေရော့သလား။
အခုဆို တမင် ငယ်ချင်တာမဟုတ်ပေမဲ့ တနေ့တခြား ကြီးလာတဲ့ အသက်ကို မေ့ထားချင်တာ။ ဒါကြောင့်ဘဲ ဂျီမေးလ် address မှာ pututu65 တို့ tintin 82 ဆိုတာမျိုး မွေးသက္ကရာဇ် နံပါတ်မထည့်ဘူး။ ဖေ့စ်ဘုတ်မှာ နေ့နဲ့ရက်ဘဲ တင်တယ်။ မွေးသက္ကရာဇ်မတင်ဘူး (တချို့ကိုယ်သိတဲ့သူတွေ အသက် လျော့တင်ကြတာ ကိုလည်း ရယ်ချင်ပက်ကျိဖြစ်လို့) ။ ဘလော့မှာ အသက်ကို ထင်ဟပ်တဲ့ ပို့စ်တွေ မရေးဘူး။ ဥပမာ- ၁၉၉၀ ရွေးကောက်ပွဲတုံးက ဘယ်လိုဘယ်ပုံ စသဖြင့်ပေါ့။ တခါတုန်းက ကြီးမှသိတဲ့ ဒီပလိုမာတန်းက အတန်းဖေါ် ကောင်မလေးနဲ့ ရုပ်ရှင်အကြောင်းတွေ ပြောကြရင်း ကိုယ်ပြောတဲ့ ရုပ်ရှင်တွေ သူလုံးဝ မကြားဖူးဘူး ဖြစ်နေတာ။ နောက်ဆုံး ရယ်ရယ်မောမောနဲ့ သူက ထ မေးတယ်။ “-----၊ နင့်အသက် ဘယ်လောက် ရှိပြီလဲ” တဲ့။ ကိုယ်လဲ သင်ခန်းစာကောင်းကောင်း မှတ်ကရော။ နောက်ဘယ်တော့မှ ခေတ်ပြိုင် အကြောင်းတွေ မပြောတော့ဘူး။ တရား မရှိဘူးပြောလဲ ခံလိုက်ပါ့မယ်နော်။ Getting old ထက် growing old ဖြစ်ဖို့ က အပူတပြင်း ကြိုးစားနေတုန်းပါ။
ကိုယ်တိုင်တော့ ဘလော့တွေလိုက် ဖတ်ပြီး ဟယ်-သူက ငါနဲ့ ရွယ်တူလောက်ဘဲ၊ သူကတော့ ငယ်မှာသေချာတယ် ၊ သူကတော့ ကိုယ့်စီနီယာပေါ့ စသဖြင့် ခန့်မှန်းရတာ အပျော်မိသား။
တချို့ကျတော့ အသက်ကို တဖက်လှည့်နဲ့ မေးတယ်။ ဘယ်တုန်းက ဆယ်တန်းအောင်သလဲ။ ဘယ်တုန်းက ဘွဲ့ရသလဲ တဲ့။ ဟင်း- သိသားဘဲ။ အသက်ကို ၁၆ နှစ်တို့ ၊ ၂၀ တို့ ပေါင်းတော့မယ် ဆိုတာ။
သေချာတာတော့ ဖယောင်းတိုင်ဘိုးက ကိတ်မုန့်ဖိုးထက်များနေပြီ။
ကော်မန့်မှာ အသက် လာမမေးနဲ့ဦးနော်။ အသေသာသတ်လိုက်- မဖြေဘူး :-)
မိုးစက်ပွင့်
(၀န်ခံချက်- တီတီဆွိရေးတဲ့ အသက်အကြောင်း ပို့စ်ုဖတ်ပြီး စိတ်ကူးရ၊ ခေါင်းစဉ်က “အချစ်လား၊ သူဖျားနေတယ်” ဆိုတဲ့ ၀တ္တုကို ကော်ပီပွားထားတာပါ)
မွေးနေ့လား..ဘယ်နှစ် နှစ်မြောက်လဲ..ဟိ...မမေးနဲ့ဆို မေးချင်တယ်...။
ReplyDeleteမွေးနေ့ဆိုလည်း ပျော်ရွင်ဖွယ် မွေးနေ့လေးဖြစ်ပါစေခင်ဗျာ...။
ကြုံတုန်းပြောရဦးမယ်။သူငယ်ချင်းတစ်ယောက်မွေးနေ့လုပ်တော့၊သူ့အတွက်
မွေးနေ့ကိတ်ဝယ်ပေးဖြစ်တယ်...။ဆိုင်က ဖယောင်းတိုင်ပေးဖို့ အသက်မေးတော့
၃၂နှစ်လို့ဖြေလိုက်တယ်...။ပေးတော့ ဖယောင်းတိုင်က သုံးချောင်းတည်း..။
ဟင်ဘယ်လိုဖြစ်တာလဲမေးတော့..၊ဖယောင်းတိုင်အကြီးက ၃၀ အတွက်တဲ့
အငယ်နှစ်ချောင်းက ၂နှစ်အတွက်တဲ့...။တယ်ဟုတ်...။ကိတ်မုန့်ဖိုးထက်
ဖယောင်းတိုင်ဖိုး အကုန်မခံချင်ရင်၊ကိုယ့်အသက်လည်းလူမသိရအောင် အဲ့လိုလုပ်ပေါ့ဗျာ...။
ma moe, what about the year you passed your tenth standard exam. :) hae hae...
ReplyDeleteအသက်က အမြဲနုပျိုနေပါတယ်။
ReplyDeleteကိုယ့်အတွေးကတော့ အသက်ကြီးတဲ့သူဆိုပိုရင့်ကျက်တယ်.. ပိုကျက်သရေ ရှိတယ်လို့အမြဲထင်တယ်..အခုထိဘဲဆိုပါတော့ .သူများအသက်မေးရင် ၄ နှစ်ထပ်ပေါင်းပြီးဖြေတယ်..
ReplyDeleteမောင်လေး ....အိုင်ဒီယာ ကောင်းပါ့။ မွေးနေ့က မရောက်သေးဘူး။
ReplyDeleteဇီဇ၀ါ ... မပြောဘူးလို့ ဆိုနေမှ...
မမအီးတီ.... အင်း၊ အဲ့လိုတွေးတာ အကောင်းဆုံးပဲနော်...
စန္ဒကူးရေ...မိုးစက်အဖေနဲ့ အတွေးတူတယ်။ သူလဲ ဆံပင်ဆေးမဆိုးဘူး။ အသက်ကြီးမှန်းသိသာရင် ဘယ်သွားသွား ခေါင်းရင်းမှာ ထိုင်ရတယ်တဲ့။ တို့ကတော့ အဲလို မတွေးဘူး။ ...ဆံပင်ဖြူလာရင်လား..သေချာပေါက် ဆိုး...ဦး.....မှာ ။
မိုးစက်ပွင့်
အသက်လား၊
ReplyDeleteဆယ်တန်းအောင်တာကို ပေါင်းရမယ့် ဂဏာန်းက
တစ်ဆယ်ငါး အထက်မှာ လို့ ခန့်မှန်းပါတယ်။
:)
မှန်လိုက်တာ အပြုံးပန်းရေ...
ReplyDeleteကိုယ့်ကို အန်တီတောင် ခေါ်တဲ့သူ ရှိနေပြီနော်...
မိုးစက်
၈၈တုန်းကဘယ်နှစ်တန်းရောက်ပြီလဲဟင်:):P
ReplyDeleteအန်တီလာခေါ်ရင် ဘုကြည့် ကြည့်ပစ်လိုက်
စူးနွယ်လေး
“ဟုတ်ပဟုတ်ပ။ မှန်လိုက်လေ.”.
ReplyDeleteအဲ့လိုမျိုး ဖတ်ရင်းနဲ့ အသံထွက်ထောက်ခံနေတာလေ ဟိ။
ရေးထားတာ အားလုံးကို သဘောကျတယ်။ တအားရေးတတ်တာပဲ..းD
ဟိုနေ့ကတည်းက ဖတ်ပြီးသဘောကျနေတာ
ReplyDeleteကော်နက်ရှင်ကြောင့် မန့်မရလို့ ပြန်သွားတယ်
ခုပြန်လာမန့်တာ
အတူတူဘဲသိလား
အသက်မေးရင်စိတ်ဆိုးတယ်..
ဘယ်တော့မှ အသက်ကို ၂၅ထက် မကျော်စေချင်တော့ဘူးး)
တကယ်တော့အသက်ကြီးလာတာဟာ ငယ်ကထက်ပိုပြီး အလှကရင့်ကျက်တယ် ကျက်သရေပိုရှိတယ်ထင်တယ်...။ ကူးကူးပြောသလိုပဲ...တို့လဲ အသက်လာမမေးနဲ့ လေးနှစ်ပေါင်းပြောလိုက်မယ်နော် ....
ReplyDeleteအန်တီမိုးငွေ့