“ကျူ” တယ် ဆိုတာ တန်းစီစောင့်ဆိုင်းခြင်း ( Queue ) ကို မြန်မာမှု ပြုထားတာပါ။ ဒီ ပို့စ်တလျှောက်လုံး ငါးပိသံနဲ့ အားရပါးရ ကျူတယ်လို့ ပြောသွားမှာပါ။
ကျမတို့ ရွှေမြန်မာတွေဟာ ကျူခြင်းနဲ့ မစိမ်းပါဘူး။ သမ၀ါယမဆိုင်၊ ဂျီအီးစီ၊ ဓါတ်ဆီဆိုင်၊ ဆေးခန်း တွေမှာ ပုံစံအမျိုးမျိုးနဲ့ ကျူဖူးခဲ့ကြပါတယ်။ ရုပ်ရှင်လက်မှတ်တွေ မှောင်ခိုရောင်းတဲ့ခေတ်တုန်းက “ကျူ“ စားတဲ့ လူတန်းစားတောင် ရှိတယ်။ နောက်ကျမှ လာတဲ့ ရုပ်ရှင်ကြည့်သူတွေကို လက်မှတ်တွေ အမြတ်တင်ပြီး ရောင်းတဲ့အခါ နေ့တွက်ကိုက်သတဲ့။ လက်မှတ်တင် မဟုတ်ဘဲ ကျူထားတဲ့ နေရာကိုတောင် ရောင်းစားလို့ ရခဲ့သေးသတဲ့။ တခါ ပန်းဆိုးတန်းတ၀ိုက်က စတုဒီသာ အလှူပေးနေသလို ကျိတ်ကျိတ်တိုးနေတဲ့ ပတ်စ်ပို့ရုံးကြီးမှာလည်း ကောင်တာအဆင့်ဆင့်မှာ ကျူ ရတာပါဘဲ။ စံနစ်တကျတော့ မဟုတ်ဘူးပေါ့။
ကျမတို့ တက္ကသိုလ်တက်စဉ်က ကျောင်းလခသွင်းရမဲ့ အချိန်ဆိုရင် သိတ်စိတ်ညစ်ခဲ့တာ။ အတန်းလိုက် စံနစ်တကျ ကျူ တာမဟုတ်ဘဲ ရေထဲကျတဲ့ ပေါင်မုန့်ကို ငါးတွေဝိုင်းတွတ်သလို ကောင်တာပေါက်ကျဉ်းကျဉ်းလေးကို ယောက်ျားလေး မိန်းကလေးအားလုံး ၀ိုင်းပြီးစုပြုံ တိုးဝှေ့နေကြတာပါ။ အရပ်ရှည်သူများက တပန်းသာပေမဲ့ ပုတဲ့သူတွေမှာတော့ လူမွန်းတဲ့ ဒဏ်ကိုလည်း ခံရပါသေးတယ်။ အိမ်က ဘယ်လောက်ပဲ သပ်သပ်ယပ်ယပ် ၀တ်စားဆင်ယင်ခဲ့ပါစေ၊ ပိတ်လှောင် အိုက်စပ် နေတာနဲ့ဘဲ ချွေးတွေထွက်၊ ကိုယ့်ချွေး သူ့ချွေးရောပြီး ချဉ်စူးစူးအနံ့တွေထွက်၊ အကျီင်္ လုံချည်တွေ ကြေမွကုန်ကြတာပါဘဲ။ (စကားချပ်- ရည်းစားသနံ ရှိသူများ ကတော့ ကိုယ်တိုင်မတိုးဘဲ ကြွကြွရွရွကလေး ရပ်စောင့်ကြတာကို မနာလိုစရာ တွေ့ရပါတယ်) အလျင်လိုသူများကလည်း သူများအရင်ရအောင် ကိုယ့်ဘောက်ချာလေး နေရာပြောင်း၊ စာရေးမလက်နား တိုးပေး လုပ်ကြလို့ အချင်းချင်း ငြိုငြင်ကြ၊ စာရေးမက မျက်စောင်းခဲလိုက် စူလိုက် ဆောင့်လိုက်။ လူ့ ဂုဏ်သိက္ခာတွေ တအိအိ ကြွေကျ။
နောက်ထပ် စံနစ်တကျ မကျူခဲ့ရတာက ဘတ်စ်ကားဂိတ်မှာ။ ကားလာရင် သူ့ထက်ငါ တက်ရဖို့ကို မာရသွန် ပြိုင်ပွဲပမာ။ အလုအယက် တိုးကြ ဝှေ့ကြ။ လောဘ ဒေါသတွေ ပွားကြ။ လူ့ ဂုဏ်သိက္ခာတွေ ကျပြီးရင်းကျ။ supply နဲ့ demand မမျှတဲ့ ဒုက္ခ။ ကျူတန်းမစီတဲ့ ဒုက္ခ။ ( နှစ်တော်တော်များများ ကြာလာပြီဆိုတော့ အဲဒါမျိုးတွေ နည်းနည်းတော့ လျော့ပါး သွားတယ်လို့ ထင်မိတယ်။ လူကြပ်တဲ့ ရုံးတက် ရုံးဆင်းချိန်က လွဲလို့ပေါ့)ဒါပေမဲ့ အဲဒီအချိန်တုန်းက အဲဒီဒုက္ခတွေ နေ့တဓူဝ ကြုံနေတဲ့အခါကျတော့ စိတ်ထဲမှာ သိပ်မထူးဆန်းသလို ဖြစ်လာပါတယ်။
နိုင်ငံရပ်ခြားကို ပထမဆုံးအကြိမ်ရောက်တော့ လေဆိပ်မှာ စ တွှေုတာပါဘဲ။ လေဆိပ်အထွက်မှာ ခရီးသည်တွေ တန်းစီပြီး ကိုယ်သွားချင်တဲ့နေရာအတိုင်း လက်မှတ်ဖြတ်၊ တက္ကစီခကြိုရှင်းပေး၊ ဘောက်ချာယူ၊ ကိုယ့်ရှေ့ဆိုက်လာတဲ့ တက္ကစီကားကို ဘောက်ချာပြပြီး အဆင်သင့်တက်စီးရုံသာ။ စကားအပို တခွန်းတောင် ပြောစရာမလို။ တချို့ ဘတ်စ်ကားဂိတ်မှာဆိုလည်း လူတွေ ကျူ နေတာ ကြုံဖူးပါတယ်။ ကား ထိုးရပ်တာနဲ့ တန်းစီထားတဲ့ လူတန်းကြီးက တယောက်ပြီးတယောက် တရွေ့ရွေ့ တက်သွားလိုက်တာ၊ လုတက်စရာမလို၊ တတောင်နဲ့ အသာကလေး ကာထားစရာမလို၊ ငဖယ်တိုးကလေးနဲ့ လှိမ့်ဝင်စရာမလို၊ ရွေ- နိပ်လိုက်လေ။
အဲဒီလိုနဲ့ ကျူခြင်းရဲ့အရသာတွေကို ကောင်းကောင်းသိသွားတဲ့ ကျမဟာ ကိုယ့်ဇာတိမြေကို ပြန်ရောက်တော့ အလိုမကျမှုတွေရဲ့ ဖိစီးနှိပ်စက်ခြင်းကို ကောင်းကောင်းကြီး ခံစားရပါတော့တယ်။
ဆိုကြပါစို့ ။ နေမကောင်းလို့ ဆေးခန်းသွားပြတယ် ဆိုရင်ဘဲ တိုကင်ယူ၊ စာအုပ်ထပ်ပြီး ကိုယ့်အလှည့်ကို စောင့်ကြရတာ ထုံးစံပါ။ နေမကောင်းပါတယ်ဆိုမှ ဆေးခန်းမှာ ကြာရှည်လေးမြင့် ဘယ်သူမှ မထိုင်ချင်ပါ။ ဒါပေမဲ့ သားသားနားနား ၀တ်စားထားတဲ့ အမျိုးကောင်းသားသမီးတွေက မကြာခဏဆိုသလို ဆရာဝန်အခန်းထဲ ကြားဖြတ်ဝင်ဝင်သွားကြတာမို့ ကြာသင့်တာထက် ပိုကြာသွားရတဲ့အခါ အလွန်စိတ်တိုရပါတယ်။ တာဝန်ကျ နာ့စ်များကလည်း မပြောရဲပါ။ သူတို့က ဆရာဝန်ကြီးရဲ့ ခင်မင်ရာ ခင်မင်ကြောင်း အထူးဧည့်သည်တွေမို့ပါ တဲ့။
နယ်ကနေ ရန်ကုန်ကို အဝေးပြေးကားစီးပြီး ပြန်လာတယ်ဆိုရင်ဘဲ ဂိတ်မှာ ကားဆိုက်တာနဲ့ လူတောင် ကားပေါ်က မဆင်းရသေးဘူး။ အလုအယက်ခေါ်နေလိုက်ကြတာ။ “ဟို အကျီင်္အဖြူနဲ့ အမကြီး- ကားငှားမလား” “ဟို မျက်မှန်နဲ့ ဦးလေးကြီး ကားငှားမလား” “ဟေ့- ငါခေါ်ထားတာကွ” “ပေး၊ ပေး၊ အထုပ်ပေး” စသဖြင့် အလုအယက် ခေါ်နေကြတာ ဆွဲတော့မလို လွဲတော့မလို လုပ်နေကြတာတွေဟာ ကျမကို အကြီးအကျယ် စိတ်ပျက်စေပါတယ်။ များသောအားဖြင့် သူတို့အားလုံးကို ငြင်းပယ်ပြီး အေးချမ်းတဲ့ တနေရာမှာ အငှားကား ရှာစီးလေ့ရှိပါတယ်။ ၀မ်းရေးအတွက် လုယက် ရှာစားနေရတာကို နားလည်ပေမဲ့ ဒီလိုမျိုးအထိ လိုအပ်သလားဆိုတာ တွေးမိ နေပါတယ်။ ဆိုပါစို့ - ဒီ အဝေးပြေးမှာ အငှားကားစီးမဲ့ခရီးသည် ၁၅ ဦးပါလာရင် သူတို့ဟာ စီးကို စီးမှာပဲ။ အော်ဟစ် ဆွဲလွဲ ခေါ်နေတာဟာ သူတို့အချင်းချင်းရဲ့ ပြိုင်ဆိုင်မှု။ သူ့ထက်ငါ အနိုင်ရလိုမှုပါ။ ဒါကို စံနစ်တကျဖြစ်အောင် ကြီးကြပ်ထိမ်းကွပ်ပေးမဲ့ system တရပ် လိုပါတယ်။ အလှည့်ကျစံနစ်ကို ကောင်းကောင်းမွန်မွန် အကောင်အထည် ဖေါ်နိုင်ပါမှ လှူုဂုဏ်သိက္ခာ တက်လာပါမယ်။
ဒါတင်ဘဲလားဆိုတော့ မဟုတ်သေးပါ။ ခရီးက နာရီပေါင်းများစွာ ကြာတာမို့ လမ်းက စားသောက်ဆိုင်တွေမှာ လေး ငါးနာရီခြားတခါ ကားရပ်ပေးလေ့ရှိပါတယ်။ ဗိုက်ဆာရင် မုန့်စား၊ အပေါ့အလေးသွားချင်ရင် ရေအိမ်တက် ပေါ့။ အဲဒီမှာ ကျမတို့လူမျိုးတွေ မကျူတတ်တာကို ကွက်ကွက်ကွင်းကွင်း တွေ့ရပါတယ်။ အန္တရာယ်ကို မလွယ်နိုင်လို့ လာရပေမဲ့ အနံ့အသက်ရှိတဲ့ ရေအိမ်ကို ဘယ်သူမှ အနီးကပ်ပြီး မရပ်ချင်ကြပါဘူး။ ဒီတော့ တတ်နိုင်သမျှ ခပ်ခွာခွာလေး ရပ်ပြီး တန်းစီရပါတယ်။ တံခါးပိတ်ထားတဲ့ ရေအိမ်တလုံးရှေ့မှာ ရပ်နေတာ မြင်ကတည်းက တန်းစီစောင့်နေသူ တယောက်ဆိုတာ သိသင့်ပါလျက် လူရှေ့ကို အတင်းကျော်ရပ်၊ တံခါးပွင့်လာတာနဲ့ ခပ်သုတ်သုတ် ဖြတ်ကျော်လျောက်တာမျိုးတွေ အကြိမ်ပေါင်းများစွာ ကြုံလာရတဲ့အခါ စိတ်မသက်မသာ ဖြစ်ရပါတယ်။ ဒီလောက်ကိစ္စလေးနဲ့ ပြောလိုက်ရင် အရေပြားပါးရာ၊ သဘောထား သေးသိမ်ရာ ကျ မလား ဆိုပြီး သည်းခံခဲ့တဲ့ အကြိမ်တွေ တော်တော် များသလို၊ လူမှုတာဝန်အရ ပညာပေးလိုက်ဦးမှ ဆိုပြီး ခပ်ဆတ်ဆတ် ကလေး ပြောထည့်လိုက်မိတဲ့ အကြိမ်တွေလည်း ရှိပါတယ်။ (မအောင့်နိုင်လို့ ပါ) လို့ ပြောပြီး ကျော်တက်ရင် နားလည်ပေးမှာ ဖြစ်ပေမဲ့ လူလည်ကျသလိုမျိုး၊ ဂရုမစိုက်သလိုပုံစံမျိုးလုပ်တာကတော့ ခံစားရတာ တော်တော်ကလေး ဆိုးဝါးပါတယ်။ ဒါတွေက လောကနီတိ နဲ့ဆိုင်ပြီး ကျောင်းပညာရေးမှာတောင် ထည့်သင်ပေးသင့်တဲ့ ကိစ္စမျိုးလို့ ကြီးကြီးကျယ်ကျယ် တွေးမိခဲ့ပါသေးတယ်။
ဆေးခန်းမှာ ကားဂိတ်မှာ အိမ်သာရှေ့မှာ ကျူတန်းစီတာဟာ အသေးအဖွဲကလေးတခု ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ် ရသင့်ရထိုက်တဲ့အခွင့်အရေးကိုသာယူဖို့၊ သူများရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို အသိအမှတ်ပြုပေးဖို့၊ တယောက်ရဲ့ ဂုဏ်သိက္ခာကို တယောက်က လေးစားတတ်ဖို့ ဆိုတဲ့ လောကပါလအခြေခံတရားတွေအတွက် တိုင်းထွာစရာ စံပေတံကလေးတချောင်း ဖြစ်နေမှာပါ။ ဒါတွေကို ကျမတို့ကိုယ်တိုင် စံပြလိုက်နာရမှာ၊ ကလေးလေးတွေကို လေ့ကျင့်သင်ကြားပေးရမှာ ဖြစ်သလို၊ လူ့အဖွဲ့အစည်း နဲ့ အုပ်ချူပ်စီမံခန့်ခွဲသူတွေကလည်း စံနစ်ကောင်းတရပ်နဲ့ ပြုပြင်ထိမ်းမတ်သင့်ပါတယ်လို့ ခံစားမိသလို ပြောချင်ပါတယ်။
မိုးစက်ပွင့်
ပုံတွေကို ဒီက ယူပါတယ်။
ဟုတ်တယ် .. ရန်ကုန်ဘူတာကြီးလည်း သိပ်စိတ်ညစ်ဖို့ကောင်းတာပဲ၊ ကြုံတိုင်း စိတ်ညစ်ရတယ်၊ ဈေလည်း အမှန်မပြောဘူး၊ ပစ္စည်းတွေ၂ ယောက် ၃ ယောက်လုသယ်၊ ကြည့်ပေးလုပ်၊ ပြီးတော့ အကုန်လုံးက တောင်း၊
ReplyDeleteစာလေးကောင်းတယ်၊
ခင်မင်တဲ့
ကျောင်းတုန်းက ကျောင်းလခသွင်းတာလေးပြေးမြင်မိပါတာ်။
ReplyDeleteကျူခြင်းအနုပညာကို ကောင်းကောင်းလေးမှတ်သားသွားပါတယ်။
နောက်ဆုံးစာပိုဒ်လေးအတွက် ကျေးဇူးတင်ပါတယ်။
မကျူတတ်လို့ ဒီရောက်မှ ကျူရကောင်းမှန်းသိတော့တယ် :)
ReplyDeleteစူးနွယ်လေး
ကျုခြင်း အနုပညာဆိုလို့ အင်တာနက်ချက်တင်ထိုင် (chatting)ထိုင်တာကို ပြောတာလားလို့။ ခိခိး) ပာုတ်တယ်နော်။ ဒီမှာလည်း အဲ့လို အလုအယက် သူ့ထက်ငါ ဦးအောင် တိုးဝှေ့တာတွေ မရှိတော့ ကောင်းတယ်။ ကျွန်မတို့ တိုင်းပြည်လည်း နောင်အနာဂတ်မှာ အကောင်းတွေ ဖြစ်လာမှာပါ (အကောင်းမြင် မျှောင်လင့်ပါတယ်)
ReplyDeleteဟုတ်တယ် အရင်က မကျူတတ်ခဲ့ဘူး။ အခုမှ ကျူတတ်တား))ရန်ကုန်မှာ ဘတ်စ်ကားစီးတော့ လူတွေကျပ်တဲ့ ၅၀၊ ၅၁ ကားတွေဆို လူများရင် စီးကိုမစီးရတာများတယ်၊ ခရီးရှည်မှာ ကားရပ်ရင်လည်း အိမ်သာကိုတန်းစီရတိုင်း ပတ်ဝန်းကျင်ကလည်း ဦးရာလူ တိုးဝှေ့တက်၊ ကိုယ်ကလည်း ရှက်တတ်တော့ အများကြားမတိုးပဲ ရပ်စောင့်ရင်း :'(
ReplyDeleteဒီပိုစ်လေးရဲ့ ကျူခြင်းအနုပညာကို ရေးထားတာ တအားကို သဘောကျတယ်။
ဒီပို့စ်လေးဖတ်ပြီး စဉ်းစားတာပါ။ မြန်မာပြည်မှာလည်း ဒီကျူတဲ့ကိစ္စကို အစိုးရကစပြီး မီဒီယာတွေကပါ ပညာပေး။ ကားဂိတ်တွေမှာ တန်းလေးတွေ ထားပေးရင် ဖြစ်လာမလားလို့ စဉ်းစားမိလို့ပါ။ တို့လဲ လသာလိုပဲ ၅၁ကားကို အကြီးအကျယ် တိုးစီးဖူးခဲ့လို့ပါ။ မတိုးစီးရင် ကျောင်းမသွားဖို့ရာပဲ ရှိတော့တယ်။
ReplyDelete