Saturday, 6 November 2010

ဘေးလူ

မသီတာ ရုံးကပြန်ရောက်တော့  အိမ်ရှေ့မှာ မျက်စေ့မျက်နှာပျက်ပျက်နဲ့ ထိုင်နေသော အမေနှင့် ဒေါ်လေးစိန်ကို တွေ့ရလေသည်။  သူတို့နဲ့အတူ အသားညိုညို၊ ပိန်ပိန်၊ မျက်တွင်းချိုင့်ချိုင့်နဲ့   မိန်းကလေးတယောက်ကို ကျူံ့ကျူံ့ကလေး ထိုင်နေတာ မြင်ရပြန်တော့ မြင်ဖူးသလိုလို။  အသက်က အစိတ်ကျော်ကျော်၊ သုံးဆယ်နီးပါး လောက်ရှိပြီး အ၀တ်အစားကလေးများက အရောင်လွင့်ကာ နွမ်းဖတ်နေသည်။
“ ဧည့်သည်လား ဒေါ်လေးစိန်”
“အေးလေ၊ သေသေချာချာ ကြည့်ပါဦးအေ့၊ မှတ်မိရဲ့လားလို့”
သံချေးတက်နေတဲ့ ဦးနှောက်ကို တဖြစ်ဖြစ်မည်အောင် ညှစ်ပြီးစဉ်းစားလိုက်သည်။  ဟုတ်ပြီ- ဒီမျက်လုံးကျဉ်းကျဉ်းလေးတွေကို မှတ်မိပြီ။ မသီတာ မိဘတွေရဲ့ ဇာတိရွာက ရပ်ဆွေရပ်မျိုး ကောင်မလေး။ သူ့ကို မတွေ့တာ ဆယ်နှစ်နီးပါး ရှိခဲ့ပြီလေ။  
“ဟဲ့-  မဌေး မဟုတ်လား” 
သူမက နွမ်းယဲ့ယဲ့ကလေး ပြုံးပြီး ခေါင်းငြိမ့်ပြသည်။
   “သြော်- စောစောထဲက နှုတ်ဆက်လိုက်ပြီးရော၊ သက်သက် ခေါင်းစားအောင်လုပ်တယ်၊ ကောင်မလေး၊  ဘာလာလုပ်တာလဲ၊ ပိန်သွားလိုက်တာ၊ ဒါနဲ့   နင် ကလေးတွေ အများကြီးရနေပြီဆို”
  ပါးစပ်က တရစပ် ပြောလည်းပြော လက်ကလည်း အလုပ်ဆွဲခြင်းထဲက ထမင်းချိုင့်တွေ စာအုပ်တွေကို နေရာချနေလိုက်သည်။
“ မဌေးက အခု သူ့ယောက်ျားဆီက ထွက်ပြေးလာတာ တဲ့”
ဒေါ်လေးသိန်းစကားကြောင့် လုပ်လက်စအလုပ်တွေ တန့်ခနဲ။ မျက်ခုံးက ပင့်ကနဲ။
  “ဟင် - ဟုတ်လား၊  ဘာလို့  .................”
မေးခွန်းမဆုံးခင် တချိန်လုံး ငြိမ်သက်နေတဲ့ အမေက ၀င်ပြောသည်။  
“  အရက်မူးပြီး သူ့ကို ဒါးနဲ့  လိုက်ခုတ်လို့တဲ့ လေ၊   သူကိုယ်တိုင်ကတော့ မယားငယ် ထားသေးတာ..အံ့ရောပဲ.”  
မသီတာ သက်ပြင်းကို ခပ်လေးလေး ချလိုက်သည်။ 
“ ဒါဆို ဒီကိုလာတာ သူမသိဘူးပေါ့”
“ သူ သိရင် လိုက်လာချင်လာမှာ၊ သမီး မှာ ဘယ်အချိန် သူလည်ပင်းထညှစ်မလဲပဲ စိတ်ပူရတာနဲ့   ကောင်းကောင်းတောင် မအိပ်ရဘူး။  အရက်ကလည်း နေကုန်သောက်နေတာ။  သူရှာတဲ့ ပိုက်ဆံလည်း သမီး သုံးရတယ် မရှိပါဘူး။  သမီးဟာသမီး  အလုပ်လုပ်ပြီး ကလေးတွေ မငတ်အောင် ကျွေးထားရတာ။  အရိုက်အနှက်လဲ ခဏခဏခံရတယ်။ အခု တခေါက်တော့ ဒါးနဲ့ပါလိုက်ခုတ်လို့  ကလေးတွေနဲ့အတူ ယောက္ခမအိမ် ပြေးပုန်းရင်း အ၀တ်တထည် ကိုယ်တခုနဲ့ သမီးထွက်လာခဲ့တာ။  ကားသမားတွေကိုတောင် သနားအောင် တောင်းပန်ပြီးမှ ဒီအထိ စီးလာခဲ့တာ။ တော်ပြီ- သမီး သူ့ကိုလည်း ဆက်မပေါင်းနိုင်တော့ဘူး။  သူ - ဟိုမိန်းမနဲ့  အတည်ယူပြီးမှ ပြန်ပါရစေ” 
သူမက ပြောရင်းနဲ့   ရှိုက်သံတွေပါလာသည်။ ဟင်း- ဒါတွေ စိတ်ညစ်လို့  အပျိုကြီးလုပ်နေတာဟေ့  လို့ မသီတာ ရင်ထဲက အသံတိတ်ပြောရင် ထ လာခဲ့သည်။  မိမိတို့ အိမ်တွင် ပါးစပ်တပေါက် တိုးလာပြီဆိုတာတော့ အလိုလို နားလည်လိုက်မိသည်။
---------------------------------------------

မဌေးက  သိတတ် ပါသည်။ ပျင်းပျင်းရိရိ မရှိတတ်ချေ။  အိမ်မှုကိစ္စ အ၀၀ကို ဒေါ်လေးစိန်ကို ကူညီသည်။ အမေ့ကို ဆံပင်ဖြူနှုတ်၊ နင်းနှိပ် ပေးတတ်သည်။ သူမ လက်ရာကြောင့်  မသီတာရဲ့ ရုံးထမင်းချိုင့် ကလေးပင် ပိုလို့ ဖွယ်ဖွယ်ရာရာ ဖြစ်လာသည်။  အလုပ်မှပြန်လာလျှင် မဌေးက သူ့မျက်စေ့ မှေးမှေးကလေးတွေ ပိတ်သွားမတတ် ပြုံးလို့ ကြိုနေတတ်သည်။  သူမပါးပေါ်မှာ သနပ်ခါး ထူထူကလေးတွေ ပါးကွက်ကြားကလေး လိမ်းထားတတ်သည်။  သူမ ကိုယ်လုံးပိန်ပိန်ကလေးပင် နှစ်လ သုံးလအတွင်း ပြည့်ပြည့်ဖြိုးဖြိုး ဖြစ်လာ တော့သည်။  မသီတာရဲ့ အကျီင်္၊ လုံချည်ကလေးတွေနဲ့   သပ်သပ်ယပ်ယပ် ဖြစ်လာသည်။ သူမက  အမေ နှင့် မသီတာ ပေးသော မုန့်ဖိုးကလေးတွေကို ကျစ်ကျစ်ပါအောင် စုထားတတ်ပြန်သည်။


“နင့်ကလေးတွေကို သတိမရဘူးလား”  လို့   စပ်စပ်စုစု မေးကြည့်ဖြစ်တော့  “အို- တခါတလေ တော့ သတိရတာပေါ့ အစ်မရယ်၊  ဒါပေမဲ့ သူ့အဖိုးအဖွားတွေ တလဲ တာဝန်ယူ ပါစေဦး”  တဲ့။  တခါတလေ သူမကို ရှာတဲ့ ဖုံးတွေ ရောက်လာတတ်သည်။ ဘာပြောလိုက်ရမလဲ လို့ မျက်ရိပ်မျက်ခြေပြပြီးမေးတော့  လက်ဝါးလေး တခါခါနဲ့    တောင်းပန်တတ်ပြန်သည်။  မလာပါဘူးဟု မသီတာ မုသာဝါဒကံ ကျူးလွန်ရပြန်သည်။  သူမက လာခေါ်မှာ အလွန်ကြောက်သည် ဆိုသကိုး။  တခါတရံ သူမရဲ့ ဘ၀ နဲ့ ခံစားချက်ကလေးတွေကို စိတ်လိုလက်ရ ပြောပြတတ်သေးသည်။ သားကလေးတွေကဆို သူတို့အဖေကို မကြိုက်ကြဘူးတဲ့။ သားတို့ကြီးရင် လုပ်ကျွေးမယ်လို့  ပြောတတ်သေးသတဲ့။ သူမမျက်နှာလေးကို ငေး ကြည့်ပြီး  သြော်- ငါ့ညီမ အရင်းလေး သာဆိုရင် ဘယ်လိုလုပ်ရပါ့  ဆိုပြီး နာနာကျင်ကျင် ဖြစ်သွားရပြန်သည်။  သူမကို ပွဲခင်းထဲကနေ အတင်းဆွဲပြေးပြီး လက်ထပ်ခဲ့တဲ့ သူ့ယောက်ျား၊  ကလေး ၃ယောက်ရတော့မှ  ဖောက်ပြန်တဲ့ သူ့ယောက်ျား၊  အရက်ကိုးမောင်း သောက်ပြီး ရန်ရှာတတ်တဲ့ သူ့ယောက်ျားကို အမှုန့်ခြေပစ်ချင်စိတ်တွေ တဖွားဖွား ဖြစ်ရပြန်တော့သည်။


အပူမရှာချင်တဲ့ အပျိုကြီး မသီတာလဲ မွေးစားသမီးတယောက် အလိုလို ရလို့နေသည်။ ခွေးကလေး ကြောင်ကလေးတောင် အနေကြာရင် သံယောဇဉ် ရှိလာတတ်တာ သဘာဝပဲ။  လူသားစင်စစ်ဖြစ်သော မဌေးနဲ့  သူ့ တို့မိသားစု ကြာလာတာနဲ့အမျှ ပိုမိုနီးစပ်လာတတ်ခဲ့သည်။  မသီတာ ရုံးသွားရုံးပြန် လမ်းဘေးက သူမ ကြိုက်တတ်တဲ့ ကိုရီးယားခွေတွေ ၀ယ်ဝယ်သွားရတာ အမောပင်။ ဒေါ်လေးသိန်းကလည်း မီးဖိုထဲမှာ သူမတယောက်ထဲ ပျင်းမနေရတော့သဖြင့် ကျေနပ်သည်။  အမေရဲ့ လက်ကသုံးတောင်ဝှေးလည်း ဖြစ်လာသည်။ တစ တစနဲ့   မသီတာတို့   အိမ်မှာ မဌေးက ဇာတ်လိုက် ဖြစ်လာသည်။

-------------------------------------


သုံးလတင်းတင်းပြည့်တဲ့နေ့မှာတော့ အိမ်ကို ဧည့်သည်နှစ်ဦး ရောက်လာခဲ့တော့သည်။  သူမရဲ့ ယောက္ခမ နဲ့  ခဲအို ဖြစ်သည်။  နဂိုရ်ကတည်းက သိနေသူများမို့   လူမှုရေးအရ အလ္လာပ သလ္လာပ ပြောနေခဲ့ပေမဲ့ ထင်တဲ့အတိုင်း  မဌေးကို ပြန်လာခေါ်တာတဲ့။ ရုံးပိတ်ရက်မို့  အိမ်မှာ မသီတာလည်း ရှိနေခဲ့သည်။
“  မဌေးရဲ့ သဘောအတိုင်းပါဘဲ။  ကျမတို့  က လက်ခံစောင့်ရှောက်ထားရုံပဲ ရှိတာပါ”  
လို့  ပြောတော့ အားလုံးရဲ့ မျက်လုံးတွေက မဌေးရဲ့ မျက်နှာကို စူးစူးစိုက်စိုက်ကြည့်လို့   ။ သူမ အဖြေကို စိတ်ဝင်စား စွာ နားထောင် နေကြပါတယ်။


“ဒီလို နှိပ်စက်သောင်းကျန်းနေတဲ့ အရက်မူးသမားကို ကျမ ဘယ်လို ဆက်ပေါင်းမလဲ။  ပြန်မလိုက်ဖူး”
“ မသောက်တာ တော်တော်ကြာပါပြီ”   ခဲအိုက လေသံ ပျော့ပျော့ဖြင့် ဆိုသည်။
“အရက်ပြတ်တာ ဘယ်လောက်ကြာပြီလဲ”  လို့ မသီတာက မနေနိုင်စွာမေးတော့  “၁၅ရက်လောက် ရှိပြီ”  လို့   ခပ်ဝါးဝါး ပြောပြန်သည်။
“ အစတည်းက အဖေတို့   ကိုယ့်သားသမီးကို နိုင်အောင် ဆုံးမပါလား၊ ကျမ အိမ်ပေါ်က ဆင်းပြေးရတာ အကြိမ်ကြိမ်၊  နှိပ်စက်တာ ရပ်ပါဟဲ့၊ တော်ပါဟဲ့လို့  တခွန်းမှဝင်မပြောဘူး၊ အခုမှ ဒါတွေ လာပြောမနေနဲ့  တော့...ဟင့် ဟင့် ”    
မဌေးက ငိုသံတ၀က်ဖြင့်ပြောပြီး နောက်ဖေးဝင်သွားသည်။  

မသီတာတို့  ဘာလုပ်လို့  လုပ်ရမှန်းမသိ။ သူမ ပြန်လိုက်ရေး မလိုက်ရေးအတွက်ကတော့  မသီတာအနေနဲ့ တားမြစ်ဖို့   တိုက်တွန်းဖို့  လုံးဝမလုပ်လို့  ဆုံးဖြတ်ထားပြီးသားဖြစ်သည်။   ဒါနဲ့ပဲ နယ်က ရောက်လာသူ ဧည့်သည်နှစ်ဦးကို ထမင်း ကျွေးမွေးသည်။  ထမင်းစားပြီးတော့လည်း  အလ္လာပသလ္လာပတွေ ဆက်ပြောရင်း အချိန်က လင့်လာတော့သည်။   ဒေါ်လေးစိန်က မနေနိုင် ............
“ ဟဲ့ မဌေး၊ ပြတ်ပြတ်သားသား တခုခုပြောလိုက်လေ၊ သူတို့  အပြန်ကားစီးဖို့   အဝေးပြေးဂိတ်ကိုသွားရမှာ”  လို့  ဆော်သြကြသည်။ 
မဌေးက “ကျမ အခု မလိုက်နိုင်သေးဘူး၊   နောက်တပါတ်လောက်နေမှ စဉ်းစားမယ်”တဲ့။
ဒီကောင်မလေး ယောက္ခမကို အချိုသပ်နေပြန်ပြီ   လို့   မသီတာ တွေးသည်။
သူမ ယောက္ခမကြီးက “ဒါဆိုလဲ ဒို့တာဝန်ကျေပြီ၊   လိုက်တာ မလိုက်တာကတော့ နင့်သဘောဘဲ၊ ကလေးတွေကို မညှာရင်လည်း နင့်သဘောဘဲ၊  ငါတို့ပြန်မယ်၊  အပြန်ကားခ ပေးတော့”
မသီတာတို့    ဟင် ကနဲ ဖြစ်သွားသည်။ 
 “မရှိဘူး၊ သမီးမှာ မရှိဘူး” မဌေးက ဆောင့်ဆောင့် အောင့်အောင့် ပြောသည်။
အမေက မနေနိုင်-
“ မောင်စံမြရယ်... ချွေးမလာခေါ်တာ အသွားအပြန်စရိတ်တောင် ယူမလာဘူးဆိုတော့ မင်းဟာက မလွန်လွန်းဘူးလား၊  လိုက်တာမလိုက်တာတော့ ငါတို့မပြောလိုဘူး၊  ဒါပေမဲ့ မင့်လုပ်ရပ်က သဘာဝ မကျဘူးကွယ်”
ယောက္ခမလုပ်သူက ထိုင်ရာမထ ပေကပ်နေသည်။  ကားခမရရင် မပြန်ပါဘူး လုပ်နေတော့  မသီတာက စိတ်တိုလာသည်။   “ဒီလိုဘယ်ဖြစ်မလဲ  အပြန်ကားခပေးရအောင် ဦးလေး တို့ကို ဘယ်သူက လာပါလို့  ခေါ်လို့လဲ” 
ဦးစံမြက မဌေးကို မေးငေါ့ပြရင်း   “သူ ခေါ်တာ”
ဒုတိယအကြိမ် “ဟင်”ကနဲ ဖြစ်သွားပြန်သည်။   လုံးဝ လုံးဝ မယုံပါ။  ဒီအရွယ်ကြီးနဲ့  လိမ်ရတယ်လို့။
“ဟင့်အင်း- မခေါ်ပါဘူး၊ သမီး မခေါ်ပါဘူး”    
”နင်ပဲ လမ်းထိပ် ဈေးဆိုင်ကနေ ငါ့ကို တဆင့်ခေါ်ခိုင်းပြီး  ဖုံးဆက်တယ်လေ၊  နင့်ကို ပြန်လာခေါ်ပါ လို့၊   ငါက စရိတ်မရှိဘူးလို့ ပြောတာတောင် အပြန်ကားခ မပူနဲ့    - ဆို”
ခုမှ သမီးယောက္ခမတွေ ငြင်းကြ ခုန်ကြပြန်သည်။ တယောက်မှ အလျော့မပေး။   ခက်ပြီ။  အမေက ကြားဝင် ဖြန်ဖြေသည်။
“ကဲ၊ မင်းတို့   နှစ်ယောက် တယောက်ယောက်ကတော့ လိမ်နေတာ သေချာပြီ၊ ငါတို့လည်း ဘယ်လို ဖြေရှင်းရမလဲ မသိတော့ဘူး၊  မသီတာ စိုက်ပေးလိုက်မလား”
 မဌေးလက်ထဲမှာ မသီတာ ပေးထားတဲ့ ပိုက်ဆံတွေ ရှိပါသည်။ သူ့ယောက္ခမကို သူစေတနာ မရှိလို့  နေမှာ လို့   တွေးမိသည်။ ပိုက်ဆံမြင်ပြီး လောဘတက်လာလို့  ဇွတ်အတင်းခေါ်သွားရင်လဲ ဒုက္ခ။ လူနှစ်ယောက်စာ ကားခ ငါးထောင်မျိုး ခြောက်ထောင်မျိုးကတော့ အကုန်ခံလိုက်တော့မယ်လို့ စဉ်းစားလိုက်သည်။  ဒါပေမဲ့ ဒီလူကြီးကို  နည်းနည်းတော့ ရစ်လိုက်ချင်သေးသည်။ 
“ကျမက မဌေး ဖုန်းဆက်ခေါ်တာ မှန်မှ ပေးမယ်၊  နို့မို့ရင်တော့ မပေးနိုင်ဘူး”
”သမီးက  ကလေးတွေ နေကောင်းလားလို့   မေးကြည့်တာ၊ သူ့ကို ခေါ်တာမဟုတ်ဘူး”
မဌေးက ရုတ်တရက် ၀င်ပြောတော့ မသီတာ နည်းနည်းတော့ လန့်သွားသည်။  
“ဟင်- ဘယ်တုန်းကလဲ”   ”ကြာပါပြီ၊ တပါတ်လောက်ရှိပြီ” 
“ငါတို့ကို ဘာလို့မပြောလဲ”  သူမ မဖြေပါ။ မျက်လွှာချထားသည်။
သူ့ယောက္ခမက-  
“နင် အဲဒီတုန်းက အိမ်မပြန်ရဲလို့   ပြန်လာခေါ်ပါဆို၊ ခုမှ ဘာတွေ လျှောက်ပြောနေတာလဲ၊ မလိုက်ချင်ရင်လဲရတယ်၊ ငါတို့   တာဝန်ကုန်ပြီ”
“ သမီး အစက  ဒီတညအိပ်ပြီးမှ ဘုရားတွေဘာတွေလိုက်ပို့ပြီး မနက်ဖြန်မနက်မှ အတူတူပြန်မလားလို့  စိတ်ကူးထားတာပါ”
  တတိယအကြိမ်မြောက် “ဟင်”  ကနဲ ဖြစ်ရပြန်သည်။ 
အခြေအနေတွေအားလုံးက ဇောက်ထိုးမိုးမျှော်တွေ ဖြစ်ကုန်သည်။
အမေ့အသံ......   “ နင့်မှာ သားတွေသမီးတွေ ကျန်ခဲ့တာကို ငါနားလည်တယ်။ ဒါကြောင့်လဲ  ပြန်ချင်သလားလို့   ခဏခဏမေးတော့ မပြန်ချင်ပါဘူးဆို၊  ဒါနဲ့ဘဲ ငါ့သမီးလေးအရင်းလို စောင့်ရှောက် ထားခဲ့တယ်၊  ပြန်ချင်ရင် ပွင့်ပွင့်လင်းလင်း ပြောရင် အဆင်ပြေအောင် တခုခု စီစဉ်ပေးမှာပေါ့။ ပြောလို့ ရရက်သားနဲ့  ငါတို့အလစ်မှာ ဖုန်းခိုးဆက်ပြီး ပြန်လာခေါ်ခိုင်းတာက ဘာသဘောလဲ၊  ငါတို့က မပြန်နဲ့ဆိုပြီး  ပိတ်ပင်တားဆီးထားလို့လား”
ဒေါ်လေးအသံ ............. “ ပြီးတော့ မလိုက်ချင်ဟန် မာယာများလိုက်သေးတယ်၊ အံ့ပါရဲ့”
မသီတာ စိတ်တိုလွန်းလို့    ဘာမှ ပြောချင်တော့ပါ။ တခွန်းဘဲ။
”ကဲ  ကဲ  ပစ္စည်းတွေသိမ်းတော့၊ ပြန် လိုက်သွားတော့”
ဘုရား၊ ဘုရား။  လူယုံသတ်လို့   သေတော့မလို့ပါလား။
-------------------------------------

မဌေးတို့ ထွက်သွားတဲ့အထိ မသီတာ အိပ်ခန်းထဲက မထွက်ပါ။  ကိုယ့်ကိုယ်ကို အဟုတ်ကြီးထင်နေတာ၊ ဘယ်နှယ်ရှိစ မိသီတာ၊  နုံနုံအအလို့   တွက်ထားတဲ့ ကလေးမလေးက တပါတ်ရိုက်သွားပြီလေ။ ဒီအကြောင်း ရုံးက  သူငယ်ချင်း နှင်းနှင်းတို့  ပြန်သိရင် ရယ်ကြမှာဘဲ လို့   စိတ်ထဲမှာ တအုံနွေးနွေးနဲ့ပေါ့။  


တအောင့်နေတော့ ဒေါ်လေးက အခန်းထဲ ၀င်လာသည်။  “  မဌေးက ပြန်လိုက်ရမယ်ဆိုတော့ မျက်နှာက လန်းလို့   ရွှင်လို့၊   သူက တညအိပ်ဦးမယ်တဲ့၊  ငါကတော့ မသီတာ စိတ်ဆိုးနေလို့   မြန်မြန် ပြန်ရင်ကောင်းမယ်လို့   ပြောလိုက်တယ်၊  သူက ငါတို့ကို သံယောဇဉ်ရှိလို့  အိပ်ချင်တာ မဟုတ်ဘူးအေ့၊ အိမ်အပြန် လက်ဆောင်လေးတွေ ၀ယ်ချင်လို့   လို့ြေ့ပာတယ်” 
ကြားရတာတွေက မသီတာကို ပိုလို့  စိတ်ဆိုးစေပြန်သည်။
 “အမ်မလေး၊ သီတာကလည်း လွမ်းလွန်းလို့  စိတ်ဆိုးတာမဟုတ်ပါဘူးနော်၊  ကိုယ့်ကို အခါခါ လိမ်ခဲ့တာ၊ ဒီလူကြီးတွေရှေ့မှာ ပါးစပ်အဟောင်းသားဖြစ်ခဲ့ရတာတွေကို တွေးမိတိုင်း ရှက် ရင်း စိတ်ဆိုးတာပါ၊ တော်ပြီ တော်ပြီ၊ မစဉ်းစားတာကောင်းတယ်၊ ဒေါ်လေးလဲ နောက်ထပ် ဒီအကြောင်း ပြောမနေနဲ့တော့”
ဒါတောင် ဒေါ်လေးက စကားမရပ်နိုင်သေး................
” အင်း- ရောက်ရောက်ချင်းတော့ သူပျော်နေမှာပါဘဲ၊ ဒါပေမဲ့ သူ့ယောက်ျား ဒီကောင်လေးက ငယ်ငယ်ထဲက လက်ကြောမတင်းတဲ့အပြင် အကျင့်ဗီဇကောင်းမှ မကောင်းဘဲ။ ခွေးမြီးတောက် ကျည်တောက်စွပ် ပါ။ မကြာခင် သူ့ကို ပြန်နှိပ်စက်ဦးမှာပဲ၊  အခုလို ကိုယ်တိုင် လာခေါ်ပါပြောပြီး ပြန်တာမျိုးကတော့ ဟိုက သာပြီး နိုင်လိမ့်မယ်  ”..။ 
 ပြန်မထွက်ခင် ပြောဖြစ်အောင် ဆက်ပြောသွားသေးသည်။  
“ဒါကြောင့်မို့   (ထင်းလှေမြောလည်း မဆယ်နဲ့ ၊  ခြေနှစ်ချောင်းနဲ့   နားရွက်တိုကိုလည်း မကယ်နဲ့   )လို့   ဆိုရိုးစကား ရှိတာ၊  မကြားဖူးဘူးလား၊ အိမ်မှာမွေးထားတဲ့ ကလေးမက ဓါးပြတွေကို အချိန်အချက်လုပ်ပြီး အိမ်ရှင်ကို ပြန်သတ်တာ”  
အင်း-   ဒီအတိုင်းဆို  အန္တရာယ်ပြုမသွားတဲ့ သူမကိုတောင် ကျေးဇူးတင်ရပေဦးမည်။


----------------------------------


သွေးအေးချိန် စေ့စေ့တွေးကြည့်တော့လဲ သူ့အသိုက် သူ့အ၀န်းကို သူပြန်ချင်တာ သဘာဝကျသည်။  သူနေစဉ်ကလည်း  ကိုယ်က စောင့်ရှောက်ခဲ့သလို သူကလည်း သူ့လုပ်အားနဲ့   ကိုယ့်အပေါ်ကောင်းကောင်း စောင့်ရှောက်ခဲ့တာပါဘဲ။  စပြီး လက်ခံခဲ့တုန်းက ကျေးဇူးတင်ခံရကောင်းစေတခါမှ မတွေးခဲ့မိသလို အခုလည်း ကိုယ့်ကျေးဇူးရှိသွားပြီလို့  ထင်မထားခဲ့ပါဘူး။  ကိုယ်က အဆုံးစွန် ယုံကြည်ခဲ့ပါလျက်နဲ့ ကိုယ့်အပေါ် မရိုးဖြောင့်ခဲ့တာကိုပဲ စိတ်နာချင်တာ ဖြစ်သည်။

သူမကို (ချေးပုံပေါ်မှာ ပျော်သော လောက်မလေး) လို့   မသီတာတို့  အိမ်သားတွေက ကိုယ့်အမြင်၊ ကိုယ့် ရှုဒေါင့်ကနေ သုံးသပ်နေကြတာသာ ဖြစ်သည်။ သူ့အတွက်က နောက်မှာ ကျန်ခဲ့တာ ပျော်စရာ သုခဘုံကလေးတခု ဖြစ်ချင် ဖြစ်နေမှာ။  သူမရဲ့ လျို့ဝှက်ထားသော နှလုံးသားထဲက စာမျက်နှာကို ဘယ်သူမှ မဖတ်တတ်ခဲ့ကြပေ။ ဒင်္ဂါးတပြားရဲ့ ခေါင်းနဲ့ပန်းလို့  ကြည့်သူဖက်ကလိုက်ပြီး အမြင်အမျိုးမျိုး ကွဲချင် ကွဲနိုင်သည်ပေါ့။ ကိုယ်ကသာ သည်းသည်းလှုပ် ခံစားနေမိပေမဲ့  ဟိုကွေ့ မှာဟိုတက်၊ ဒီကွေ့  မှာ ဒီတက်နဲ့ လှော်ဖို့  ကြုံသလို လိမ်ရတယ်၊ ညာရတယ် ဆိုတာ သူ့အတွက် မထူးတော့သလို ယောက်ျား အဆဲခံ အထုခံ အထောင်းခံရတယ် ဆိုတာ  မဆန်းတော့တာမျိုး ဖြစ်နေနိုင်သည်။ ဟုတ်ပါတယ်လေ၊ ကြားဖူးတဲ့ ပုံပြင်လေး တပုဒ်ထဲကလို  အသက်ရှိစဉ်က ထုထောင်းနှိပ်စက်တဲ့ ယောက်ျားလဲဆုံးရော အသုဘ လိုက်ပို့တဲ့မိန်းမက ငိုသတဲ့။  တိုက်တိုက်ဆိုင်ဆိုင် ထန်းပင်ပေါ်က ထန်းသီးက သူမ ကျောပေါ် ဗုန်းကနဲအကျ သူမ ထ ငိုပုံက  “အံမယ်လေး၊ သွားလေသူကြီး လက်သံနဲ့  တူလှချည်ရဲ့”   တဲ့။


နောက်ပြီး ငယ်ငယ်ကတည်းက ကြားတော့ ကြားဖူးခဲ့ပါသည်။
“မောင်နှမ၊ သမီးရည်းစား လင်မယားကြား” ဆိုတဲ့  “ကြားသုံးကြား”  မ၀င်နဲ့   ဆိုလား။
ကိုယ့်ဖက်ကတော့ စေတနာသန့်သန့်နဲ့   ကယ်ထားခဲ့တာပါပဲ။
ဘာပဲပြောပြော ဒီအရေးမှာ ကိုယ်က  “ဘေးလူ” သာ ဖြစ်သည်လေ။




မိုးစက်ပွင့်

(မြင်ဖူးခဲ့တဲ့ ဖြစ်ရပ်မှန်လေး တခုပါ)

9 comments:

  1. အင်း...
    ဒီလိုအဖြစ်မျိုးတွေလည်း ရှိတယ်နော်လို့ ရေးမလို့ပဲ... ။

    ဒါပေမယ့် အောက်ဆုံး ၂ ပိုဒ်ကို ဖတ်လိုက်တော့
    ဒါလဲ ဟုတ်တာပဲလေလို့....။

    ပိပိရိရိရွှီးတာကိုတော့ မကြိုက်ဘူး...။

    ReplyDelete
  2. ကိုယ်ချင်းစာ နားလည်ပေးနိုင်ပါတယ်။
    ဒါပေမဲ့ အခုတမျိုး တော်ကြာတမျိုး ပြောတာတွေတော့ စိတ်ညစ်တယ်။ ဒီလိုလူမျိုးတွေအတွက် ဘာမှ မခံစားတာပဲ ကောင်းပါတယ်နော်။

    ReplyDelete
  3. ဟိုတမျိုးဒီတမျိုးပြောတာတော့မကြိုက်ပါ။ ဒါပေမဲ့လည်း ကြုံတတ်ပါတယ်။
    ကြားဖူးတဲ့ ကြား၃ကြားမ၀င်နဲ့ ဆိုတာတော့ အမှန်ပါပဲ။

    ReplyDelete
  4. ကိုယ်တွေ့ဝတ္ထုလေး လာဖတ်သွားတယ်:)

    စူးနွယ်လေး

    ReplyDelete
  5. စင်စင်၊ မမိုးချို၊ မမအီးတီ၊ စူးနွယ် ........ ဟုတ်ပါတယ်။ ရုတ်တရက်တော့ လျှာအရိုးမရှိ အမျိုးမျိုးလိမ်နေတာကိုသိတာနဲ့ ထူပူအောင် ခံစားရတာ .... နောက်တော့လဲ ဖြေလိုက်ပါတယ်.... သူတို့သဘာဝ ပဲလေ လို့ ....

    မိုးစက်

    ReplyDelete
  6. it's sooooo good! just love it. a real wow stuff. thank you, ma moe.
    more like this please.. :D

    tkz

    ReplyDelete
  7. i read it quite a few times now. it's very subtle and provocative.

    tkz

    ReplyDelete
  8. အဟိ
    အဲလိုအဖြစ်မျိုး တကယ်ကြုံဖူးတယ်..
    အဲဒီတုန်းကတော့ ကိုယ်လဲစိတ်တိုခဲ့တယ်..
    ခုတော့မှ နှစ်ဘက်မျှပြီး ကြည့်ပေးလိုက်ဖို့ သတိရတယ်..
    ဟုတ်သားနော် သူ့မလဲ သံယောဇဉ်က ရှိသေးတာကိုး
    ဘာမှမဆိုင်တဲ့ ကိုယ်တွေကတော့ အနေသာကြီးမို့ ဒုက္ခတောလို့ ထင်ပေမဲ့ သူကတော့ ပျော်နေမှာဘဲနော်။
    နောက်ဆုံးတော့ ဘေးလူပါဘဲလေ

    ReplyDelete
  9. ဒီဘေးလူဆိုတဲ့ ပိုစ်လေးကို တအားကြိုက်တယ်။ ဖတ်ရတာ သိပ်အရသာရှိတယ်။ တကယ့်ကို သိမ်မွေ့ပြီး လူသဘာဝကို ပေါ်လွင်စေသလို၊ မျှတွေးတတ်တဲ့ မမိုးရဲ့ စိတ်ထားလေးပါ မြင်ခွင့်ရသွားတယ်။

    ReplyDelete

ပဲ့တင်သံလေးတွေ .......