Tuesday, 17 August 2010

အမေ့ကို ဘယ်လိုပြောရပါ့


အခုတလော မိုးစက်ပွင့်တယောက် မအားလပ်နိုင်အောင်ဖြစ်နေရပါတယ်။ အကြောင်းကတော့  သူ့ရဲ့မေမေ (ကိုယ့်ယောက္ခမ) တော်တော်လေး နေမကောင်း ဖြစ်နေလို့ပါ။  အမေ့ ၀မ်းဗိုက်ညာဖက်ခြမ်းက တင်းတင်းပြီး  နည်းနည်းနာနေလို့     ဆေးခန်းလာပြတာပါ။ အထွေထွေကု ဆရာဝန်ကြီးက ၀မ်းဗိုက်ပိုင်းကို အာထရာဆောင်း၊ ဓါတ်မှန် နဲ့   CT scan ရိုက်ခိုင်းပါတယ်။ result ဖတ်ပြီးတော့ ဆွေမျိုးလိုခင်တဲ့ ဆရာဝန်ကြီးရဲ့ မျက်နှာသိပ်မကောင်းတော့ဘဲ အသည်းအထူးကု ဆရာဝန်ကြီးတစ်ယောက်ဆီကို ထပ်လွှဲပါတယ်။ လိုအပ်ချက်အရ ပင်လုံဆေးရုံမှာ နောက်ထပ် တကြိမ် CT scan အသေးစိတ် ထပ်ရိုက်ရပြန်ပါတယ်။  နောက်ဆုံးတော့ ထွက်လာတဲ့ အဖြေက early stage of liver cancer တဲ့။  နှစ်ခါတောင်စစ်ပြီးပြီမို့  သေချာနေပေမဲ့  မယုံဘူး မယုံဘူးလို့ စိတ်ထဲက ဇွတ် ငြင်းနေမိတယ်။  ပင်ပန်းမှာစိုးလို့ဆိုပြီး အမေ့ကို အိမ်မှာထားခဲ့တယ်။ ကိုယ်တို့ နှစ်ယောက် ဆေးခန်း ပေါင်းစုံကို ခြေရာချင်းထပ်အောင် သွားပြီး အမေ့အတွက် အသင့်တော်ဆုံး ကုထုံးကို ဆရာကြီးတွေနဲ့ တိုင်ပင်ဆွေးနွေးခဲ့ကြတယ်။ အသည်းရဲ့ သုံးပုံတစ်ပုံကို လှီးဖြတ်ပစ်ရမယ်  တဲ့။ အသည်းက မူလအရွယ်ရဲ့ ရှစ်ပုံတပုံ ကျန်တဲ့အထိ ကာယကံရှင် အသက်ရှင် နေနိုင်သေးသတဲ့။  အံ့သြစရာ ပါပဲလား။

အဲဒီအချိန်မှာ အဓိကမေးခွန်းက အမေ့ကို သူ့ရောဂါအကြောင်း အမှန်အတိုင်း ပေးသိမလား၊ ပေးမသိဘူးလား ဆိုတာပါ။  အမေက ဆေးပညာအကြောင်းလဲ သိပ်မသိတော့ ကိုယ်တို့  မျက်နှာရိပ်မျက်နှာကဲပဲ ဖတ်နေတာပါ။  သူအကြောက်ဆုံးကလဲ (အမေ့အစ်ကိုအရင်းတယောက် လပိုင်းအတွင်း ဆုံးပါးဘူးတာမို့) အဲဒီအသည်းကင်ဆာပါ။  ဖွင့်ပြောလိုက်တော့မှ အမေက စိတ်အားငယ်ပြီး ပိုဆိုးသွားမှာလား။ နောက်ဆုံးတော့  ပြောလိုက်ရင် သူသိပ်စိတ်ဓါတ်ကျသွားမှာစိုးတာနဲ့  ကိုယ်တို့က ရိုးရိုးအကျိတ် လို့ဘဲ ပြောထားခဲ့ပါတယ်။  “ကင်ဆာကျိတ် မဟုတ်ဖူးတဲ့”- အဖေ့ဆီကို လှမ်းဖုံးဆက်ရင်း  ပျော်နေတဲ့ အမေ့မျက်နှာကို ကိုယ်တို့  စေ့စေ့ မကြည့်ရဲပါဘူး။

တခါက ၀မ်းကွဲအစ်မ ဆရာဝန်မက ပြောဖူးပါတယ်။  အခုခေတ်ဆေးပညာလောကမှာ လူနာကို ရောဂါအကြောင်း သေသေချာချာ ရှင်းပြရမယ် ဆိုတဲ့ အယူအဆ ပိုပြီးတွင်ကျယ်လာတယ်တဲ့။ အဲဒါ ဆေးလောကရဲ့  ethic  ပဲ တဲ့။ လူနာစိတ်ချမ်းသာအောင် ဆိုပြီး လှည့်ပတ်လိမ်ညာတာမျိုးမလုပ်ရဘူး။ အဲဒါ လူနာရဲ့ အခွင့်အရေး ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဘဲ  တဲ့။  သူပြောတုန်းက ကိုယ်သဘောကျ၊ သဘောတူခဲ့တယ်။  ကိုယ်ကိုယ်တိုင်သာဆိုရင် ကိုယ့်ရောဂါကို အမှန်အတိုင်းသိချင်မှာဘဲ လို့လည်း တွေးမိခဲ့တယ်။  ကိုရီးယားဇာတ်လမ်းတွဲတွေထဲမှာ  ရောဂါပြင်းနေတဲ့ လူနာတွေကို ဆရာဝန်တွေက သူဘယ်လောက်ပဲ အသက်ရှင်တော့မယ်ဆိုတာ ပြောပြောပြနေတာလည်း တွေ့ဖူးနေကျပဲလေ။  

အင်း ဒါပေမဲ့ ဒီလိုကိစ္စမျိုးကလည်း ဖွင့်ပြောတဲ့သူက  counseling  သဘောတရား နားလည်နေရမှာဖြစ်သလို ခံယူသူကလည်း တည်တည်ငြိမ်ငြိမ်လက်ခံနိုင်တဲ့ အရည်အချင်းရှိဖို့ လိုတယ်လို့ ကိုယ်ထင်တယ်လေ။  လူနာတယောက် ကို ၃မိနစ်၊ ၅မိနစ်ထက်ပိုပြီး အချိန်မပေးနိုင်တဲ့ ဒီကအထူးကုဆရာဝန်ကြီးတွေက ဘယ်လို  counseling သေသေချာချာ ပေးနိုင်မှာလဲ။ ကိုယ်တို့လို  ဆေးပညာအကြောင်း ဘာတခုမှ ကျွမ်းကျွမ်းကျင်ကျင် မသိတဲ့သူတွေကဆို ပိုဆိုးသေး။  လူနာကို ဘယ်လို အကောင်းဆုံး မက်ဆေ့ခ်ျပေးပြီး ရှင်းပြနိုင်မှာလဲ။   ဒါတွေက အခုတလော ရင်ထဲမှာ ဗြောင်းဆန်နေတဲ့ အတွေးတွေပါ။ 

လောလောဆယ်တော့ အမှန်တ၀က် မုသားတ၀က် စကားလေးတွေနဲ့  အမေ့ရဲ့ ကျမ်းမာရေးကို ၀ိုင်းစောင့်ရှောက်နေကြတယ်။  အကျိတ်ရှိတဲ့ အသည်းအစိတ်အပိုင်းကို ခွဲစိတ်ဆရာဝန်ကြီးက အောင်အောင်မြင်မြင် ဖြတ်ထုတ်လိုက်လိုက်တယ်။ ခွဲစိတ်ချိန် တနာရီခွဲကြာပြီး ခွဲစိတ်မှုအောင်မြင်တယ်။ သွေးနှစ်ပုလင်းသွင်းရတယ်။   အမေ့ကို ဖုံးကွယ်ထားတာ ကိုယ်တို့မှားသလားမှန်သလား မသိပါ။ အမေက နာကျင်လွန်းလို့  နဖူးမှာ ချွေးတွေသီးနေပေမဲ့ တရားနှလုံးသွင်းပြီး ဝေဒနာကို ဖြေဖျောက်နေခဲ့တယ်။ စိတ်ပူနေတဲ့ သားသမီးတွေကို ပြောသေးတယ်... “အမေနေကောင်းလာရင် လိမ္မော်သီး ၀ယ်ကျွေးနော်” တဲ့။  စိတ်ချပါအမေရယ်။  သားတွေ မြေးတွေကို အချစ်ကြီးတဲ့အမေ၊ ဒီအရွယ်အထိ ထမင်းမြိန်မဲ့ လက်ရာလေးတွေကို မညည်းမညူတမ်း ချက်ပြုတ်ကျွေးတတ်တဲ့ အမေ၊ အချိန်အားတိုင်း တရားဓမ္မနဲ့ မွေ့လျော်တတ်တဲ့အမေ။ ကုတင်ပေါ်မှာ ငြိမ်ငြိမ်လေး လဲလျောင်းပြီး အေးချမ်းတဲ့ မျက်နှာလေးနဲ့  အိပ်ပျော်နေတဲ့ အမေ့ကို ကြည့်ရင်း အိမ်မက်လှလှလေးများသာ မက်ပါစေလို့  ဆုတောင်းနေမိပါတော့တယ်။

မိုးစက်ပွင့်

4 comments:

  1. စိတ်မကောင်းလိုက်တာ
    တချို့ လူနာတွေက ခံနိုင်ရည်
    ရှိကျပေမယ့် တချို့ ကျတော့
    ခံနိုင်ရည်မရှိကျပြန်ဖူး
    အထူးသဖြင့်ပေါ့ အာရှမှာဆို
    ခံနိုင်ရည် ကြမယ်မထင်ဘူး
    ကျမတို့ နေတဲ့ နေရာကလူတွေကတော့
    ခံနိုင်ရည် ရှိကြတယ် လုပ်သင့်တာတွေကို
    လုပ်ကြတယ် ဘာပဲဖြစ်ဖြစ်ပါ အမရဲ့ အမေ
    အမြန်ဆုံးသက်သာလာပါစေ ပြန်ကောင်းလာမှာပါ
    အရမ်းလည်းကိုယ်ချင်းစာမိတယ်
    ဆုတောင်းပေးနေမယ်နော် အမ
    တခါမှ ကောမန့် မရေးဖူးဘူး
    စာဖတ်ပြီးတော်တော် စိတ်မကောင်းဖြစ်သွားလို့ 

    ReplyDelete
  2. ကျေးဇူးတင်ပါတယ် အမည်မသိ ညီမလေးရေ...
    ဒီနေ့ အမေ ဆေးရုံဆင်းပါပြီ...

    ReplyDelete
  3. အမရယ်၊ စိတ်မကောင်းလိုက်တာ၊၊ ဘယ်လိုဆက်ဖြစ်လဲဆိုတာ ဆက်ပြီး ရေးပေးပါအုံးနော်၊၊ ရွှေရတုမှတ်တမ်းက ကိုကြီးကျောက် လဲ အသည်းနဲ့ ပတ်သတ်ပြီး ဖြစ်နေတော့ ကိုယ်နဲ့ မသိပေမဲ့ စိတ်မကောင်းဖြစ်နေတာ၊ အခု အမ အမေကိစ်စ ဖတ်ရတော့ တော်တော်ကို စိတ်မကောင်းဖြစ်မိတယ်။ နေကောင်းပြီး ပြန်လည်ကျန်းမာပါစေလို့ ဆုတောင်းမေတ်တာပို့ လိုက်ပါ တယ်နော်၊၊ အသည်းဆရာဝန်ထဲမှာတော့ ဒေါက်တာခင်မောင်ဝင်း ကိုတော့ ကြားဖူးတယ်၊၊ အမတို့ ဘယ်ဆရာဝန်နဲ့ ပြဖြစ်ပါလဲရှင်၊၊ ကိုယ့်အသိတွေပြချင်ရင်လည်း ညွှန်းလို့ ရအောင်ပါ၊၊

    ReplyDelete
  4. ညီမရေ (နောက်ကျမှ ရေးဖြစ်တာ ဆောရီး)
    အမေက တော်တော်ကံကောင်းတယ် ... သွေးနှစ်ပုလင်းထဲနဲ့ အိုကေသွားတယ်..အသည်းဆရာဝန်က ဦးသံစစ် နဲ့ ခွဲစိတ်ဆရာဝန်ကြီးက ဦးထွန်းဦးပါ ..။ ဗိုက်တပါတ်လည်လုံးခွဲရပါတယ်။ ၁၃ချက်ချူပ်ပြီး တပါတ် ပြင်ပဆေးရုံတက်ရပါတယ်။ နှစ်လကြာမှ ပြန်စစ်ဆေးမယ်လို့ ပြောပါတယ်။ ကင်ဆာအမြစ် ကျန်မကျန် သွေးစစ်ကြည့်မယ် ထင်ရဲ့။ အခုတော့ စားနိုင်သောက်နိုင် ပြုံးလို့ ရယ်လို့။

    ReplyDelete

ပဲ့တင်သံလေးတွေ .......