Wednesday, 27 October 2010

အတ္တ ကို တိုက်စားတဲ့ နာရီများ


အချိန်ဟာ အရှိန်နဲ့ပြေးနေတဲ့ မျှားတစင်းလား
တသွင်သွင်စီးနေတဲ့ မြစ်တစင်းလား

ရပ်နားခြင်း ဘူတာမရှိတဲ့ ရထားတစီးလား
နောက်ပြန်မလည်တဲ့ လှည်းတစီးရဲ့ ဘီးလား
များပြားလှတဲ့ ရူပက အလင်္ကာတွေ......။

ဒီမှာ 

သေချာတာက 
စက္ကန့်ခြောက်ဆယ် တမိနစ်
မိနစ် ခြောက်ဆယ် တနာရီ
ရာသီမလပ်
မှန်မှန်ကြီးလည်ပတ်
ဘယ်သူမှ မရပ်နိုင်ဘူး..။

အချိန်ကလည်း သူ့အလုပ်သူလုပ်
ငါကလည်း ငါ့အလုပ်ငါလုပ်
နံရံပေါ်က ပြက္ခဒိန်တွေ တအုပ်ပြီးတအုပ်
အရေးလုပ်ပြီး ဖြုတ်လို့တောင်မသိမ်းနိုင်ခဲ့....။

 ဒီလိုနဲ့ဘဲ
အူဝဲဆိုတဲ့အချိန်ကစ
အတ္တရထား
နေ့ညမနား စုန်ဆန်သွားနေရလို့
ဘ၀သံလမ်းများတောင် ပါးလျားလာခဲ့ပေါ့...။

ဓါးသွားပေါ်က ပျားရည်စက်
လျှာနဲ့ လျက်လို့ ကောင်းနေတုန်း
(ဗြုန်းဆို)
နားသယ်စက ဆံဖြူတပင်
မြင်ဖြစ်အောင် မြင်လိုက်ရ
“တောက်” ..သရော်သလိုအပြုံးနဲ့  

ဒင်း မုန်းစရာကောင်းလှချည်ရဲ့
မရဏ အချက်ပေးခေါင်းလောင်းသံ
နားထဲမှာ ညံသွားတယ်......။

အင်း- ဇာတိ၊ ဇရာ၊ မရဏ ... သောက...ပရိဒေဝ
ဇောရတက်နဲ့  တောထွက်ရမလား
စိပ်ပုတီးတကုံးနဲ့  ရိပ်ကြီးခိုရတော့မလား
အို - နောက်များမှဘဲပေါ့.....
အသာပိုင်ပိုင် 
ဇာကနာကို ကိုင်လို့
ဇတ်ကနဲနှုတ်
ဒင်းကို အမြစ်ဖြုတ်လိုက်တယ်...။

မိုးစက်ပွင့်


No comments:

Post a Comment

ပဲ့တင်သံလေးတွေ .......