ခွေးဟာ လူရဲ့ အကောင်းဆုံး မိတ်ဆွေ လို့ ပြောကြတယ်မဟုတ်ပါလား။ ခွေးတွေက တိရိစ္ဆာန်ထဲမှာ အသိဥာဏ်လည်း မြင့်ကြတယ်။ သခင်ကိုလည်း သစ္စာရှိကြတယ်။ ကျမဘ၀မှာ မှတ်မှတ်ရရ ပြောစရာဆိုလို့ အထက်တန်းကျောင်းသူဘ၀က ခွေးကလေးတကောင်၊ ၀န်ထမ်းဘ၀မှာ နောက်တကောင် မွေးခဲ့ဖူးတယ်။ သူတို့နှစ်ကောင်လုံးက လိမ္မာတာ၊ သစ္စာရှိတာ၊ ချစ်စရာကောင်းကြတာ အတူတူပါပဲ။

သူက ဘာမဆို အရမ်းသင်ပေးလို့ကောင်းတယ်။ ပဲလှော်နဲ့ ထန်းလျက်ကြိုက်တယ်။ ထန်းလျက်ခဲကို သူ့အရပ်ထက် မြင့်အောင် ကိုင်ပြထားတာကို ခုန်ခုန်ဟပ်ရင်း နှစ်ပေကျော်သုံးပေလောက် ခုန်နိုင်တဲ့ “အမြင့်ခုန် ခွေးချန်ပီယံ” ဖြစ်သွားပါတယ်။ အမေတို့ကတော့ “လက်ကို ကိုက်မိမယ်” “ချက်ချင်းမကျွေးဘဲ ညှဉ်းဆဲရင် ငရဲကြီးမယ်” နဲ့ ပြောကြပေမဲ့ ကျမက ဇွတ်လုပ်တတ်သူလေ။ ရာဟုကလည်း ဘယ်တော့မှ လက်ကို မကိုက်မိအောင် ဖွဖွလေးငုံပြီး ယူစားတတ်ပါ့။ ပဲကြီးလှော်လေးများ တစေ့ချင်း ပစ်ပေးရင် ပါးစပ်နဲ့ လိုက်ဟပ်ဖမ်းတာ ဆယ်စေ့မှာ ရှစ်စေ့လောက်တော့ မိတယ်။ နောက်ထပ် တတ်တာတခုက ကုက္ကိုသီးခြောက် ကောက်စုတာပါ။ အမေက နွားစာကောက်တာကို မှတ်ထားပြီး လိုက်လုပ်တာလေ။ အိမ်ဘေးက ကုက္ကိုပင်မှာကောက်ပြီး အိမ်အောက်မှာ လာလာပုံထားတာ။ အိပ်ရင်တော့ ခွေးပျင်းလို ဘေးတစောင်း ခွေမအိပ်ဘဲ ကျားလို သူ့လက်ကလေး နှစ်ဖက်ပေါ် မေးတင်ပြီး အိပ်တတ်ပါတယ်။
ခွေးတိုင်းတတ်အပ်တဲ့ အဌာရသထဲက အခြေခံဖြစ်တဲ့ လက်ပေးခြင်း ပညာ ကိုလည်း သူတတ်ပါတယ်။ ဟိုဖက်လက်ပေး၊ ဒီဖက်လက်ပေးနဲ့ သူ့ကို အမျိုးမျိုး ပြောင်းခိုင်းရတာ ပျော်စရာပါ။ နောက်ထပ် သူအတတ်ထူးပုံကတော့ “သီချင်းဆိုစမ်း” လို့ ခိုင်းလိုက်တိုင်း လည်တံလေးကိုမော့စင်းပြီး “၀ူး..အူး..အူး” လို့ အူတတ်တာ။ စိတ်တိုရင် “၀ု” လို့ အသံပြတ် တခွန်းပဲ အူပါတယ်။ “အရှည်......ကြီး ဆို” လို့ ပြောမှ နောက်ထပ် ပိုပြီး ရှည်ရှည် အူပြပါတယ်။ ကျမတို့အိမ်နဲ့ မနီးမဝေးမှာ အလယ်တန်း ကျောင်း ရှိတာမို့ သူအူတာကို သဘောကျတဲ့ ကျောင်းသားတွေက မုန့်ကျွေးကြပါတယ်။ မောင်မင်းကြီးသားက ကျောင်းလွှတ်ခေါင်းလောင်း ထိုးတာနဲ့ ကျောင်းဂိတ်ဝကို ပြေးစောင့်တော့တာပါဘဲ။ ကျောင်းလွှတ် ခေါင်းလောင်းနဲ့ အချိန်ပြောင်းခေါင်းလောင်းကို သူဘယ်တော့မှ မမှားပါ။
ပြီးတော့ “ဒုတ်” ဆိုတဲ့ စကားနဲ့ “ဓါတ်ဆီ” ဆိုတဲ့ စကားကို သူသိပါတယ်။ ကျမ မကြိုက်တာလုပ်မိရင် “ဒုတ်” “ဒုတ်” လို့ ပြောပြီး ခပ်စပ်စပ်ကလေး ရိုက်ဖူးသလို သူ ယားနာပေါက်တုန်းက “ဓါတ်ဆီ”ပုလင်းယူခဲ့ပါဟေ့ လို့ပြောပြီး လောင်းပေးလိုက်လို့ ဖျပ်ဖျပ်လူးခံခဲ့ဘူးတာ သူမမေ့ပါဘူး။ နောင်သူ့ကို ချစ်စနိုးနဲ့ စ ချင်ရင် “ကိုဒုတ်စာ” ရေ၊ “ကိုဓါတ်ဆီ”ရေ လို့ ခေါ်လိုက်တာနဲ့ အနားကနေ ချက်ချင်း ထွက်ပြေးတတ်တာလေ။ ဒီလိုနဲ့ ချစ်စရာကောင်းတဲ့ ခွေးကလေး ရာဟုဟာ ကျမတို့ရဲ့ မိသားစုဝင် တယောက်ပမာ နေလာရင်းနဲ့ သူ့ရဲံ ခွေးသက်တမ်းစေ့တဲ့အထိ နေသွားခဲ့ပါတယ်။

အိမ်ထဲမှာ အိပ်နေကျ ခွေးကလေးဟာ အိမ်ရှင်ဦးလေးကြီးရဲ့ ညီမ ခရီးက ပြန်ရောက်လာလို့ ဆူပူတာနဲ့ အိမ်အောက်မှာ ချသိပ်တော့ မနေတတ်လို့ ကလေး ငိုသလို တအီအီ အော်နေပါတော့တယ်။ ကျမတို့မှာ သူ့ကိုလဲသနား၊ အိမ်ထဲလဲ မထည့်ရဲနဲ့ တံခါးကို တိတ်တိတ်လေးဖွင့်ပြီး သူ့ကို ပိုက်ပြီး အိပ်ပျော်အောင် သိပ်ပြီးမှ ပုံးထဲပြန်ထည့်ခဲ့ရပါတယ်။ အော်- ဒုက္ခ။
ခွေးကလေးက သူ့ကိုအစာကျွေးရင်လည်း သူမစားချင်တဲ့အခါ နှာခေါင်းနဲ့ ပြန်တွန်းထုတ်တတ်ပါတယ်။ တခါက မုံ့ဟင်းခါးတွေ သူ့ပန်းကန်ထဲ ထည့်ကျွေးပြီးမှ ပူမှာစိုးလို့ ကျမသူငယ်ချင်း ၀ါဝါက ရေထပ်ရောလိုက်ပါတယ်။ အရသာပေါ့ပျက်ပျက် ဖြစ်နေပုံရပါတယ်။ သူက မစားသေးဘဲ ခဏ အနည်ထိုင်အောင်စောင့်ပြီး နှာခေါင်းလေးနဲ့ ခွက်ကို မ တင်ပြီး အပေါ်ရည်ကြည်တွေကို ဆတ်ကနဲသွန်လိုက်တာများ ကျမတို့အားလုံး အံ့သြကြရပါတယ်။ သူ အကြိုက်ဆုံး ကတော့ ပလာတာ ပါ။ ကျမတို့ လက်ဘက်ရည်ဆိုင် သွားတိုင်း သူတကောက်ကောက် လိုက်ပါတယ်။ မိန်းကလေးနှစ်ယောက်နဲ့ ခွေးတကောင် ဆိုတော့ လူတွေက သတိထားမိကြပါတယ်။ ကျမတို့လဲ သူ့ကို ပြန်မောင်းထုတ်လို့ မရတာနဲ့ ရှက်ရှက်နဲ့ ဆက်သွားရပါတယ်။ နောက်တော့လဲ ရိုးသွားတာပါဘဲ။ သူက နည်းနည်းတော့ ဆိုးပါတယ်။ သူ့ကို ကျွေးဖို့မေ့နေရင် လက်ဖက်ရည်အိုးတင်ထားတဲ့ ခုံပုကလေး အောက်ဝင်ပြီး လှုပ်လှုပ်ရွရွလုပ်တတ်တာမို့ ကျမတို့ ခွက်တွေ မှောက်မတတ် ဖြစ်ရပါတယ်။ ပလာတာ သုံးလေးချပ်လောက် ၀အောင်စားပြီးမှ ငြိမ်သွားပါတယ်။

တနင်္လာမှ သောကြာကို ရုံးကားလာကြိုတာမို့ ကျမတို့ သူငယ်ချင်း နှစ်ယောက် ကို သူက မနက်တိုင်း အိမ်ရှေ့ မှာ ဖယ်ရီလိုက်စောင့်ပေးပါတယ်။ ညနေဆိုရင် အိမ်ရှေ့မှာ ထွက်ကြိုနေတတ်ပါတယ်။ စနေတနင်္ဂနွေ အချိန်ပိုဆင်းပြီး အလုပ်လုပ်ကြတဲ့ အခါမျိုးမှာတော့ သူက ကန့်လန့်ကန့်လန့် နဲ့ မို့ ဒုက္ခ ရောက်ကြရပါတယ်။ ကျမတို့ စီးသွားတဲ့ ဆိုက်ကား သို့မဟုတ် စက်ဘီးကို ၃-မိုင်ခရီးအဆုံးအထိ ပြေးလိုက် နားလိုက်နဲ့ ရုံးအထိ သူက ပြေးလိုက်ပါတယ်။ တခါတလေ သနားရင်တော့ ဆိုက်ကားပေါ် တင်စီးပါတယ်။ အဲဒီလို အလိုက်ကောင်းလို့ တခေါက်မှာ တခြားခွေးတွေ သူ့ကို ၀ိုင်းလိုက်လို့ လမ်းတ၀က်မှာ ကျမတို့နဲ့ မျက်ခြေပြတ်သွားပါတယ်။ ကျမတို့ကလည်း သူ အိမ်ပြန်ပြေးမယ်လို့ဘဲ ထင်ထားခဲ့ပေမဲ့ ညနေ မိုးချူပ်တဲ့အထိ သူ ပြန်ရောက် မလာခဲ့ပါဘူး။ ကျမတို့လဲ သူကျန်ခဲ့တဲ့နေရာအထိ သွားစုံစမ်းပေမဲ့ ဘာသတင်းမှ မရပါဘူး။ ဒီလိုနဲ့ ကျမတို့ သုံးယောက်လုံး သူ့အတွက် အရမ်း စိတ်မကောင်းဖြစ် နေကြတာပေါ့။ ခွေးက ၀၀လှလှလေး ဖြစ်နေပြီဆိုတော့ မွေးချင်လို့ ခိုးထားသလား၊ စားများစားသွားပလားနဲ့ မမြင်ရတဲ့ ခွေးသူခိုးကို ဒေါမနဿ ပွားမဆုံး ဖြစ်နေကြလေရဲ့။
သူပျောက်ပြီး ၅ရက်မြောက်တဲ့ လသာသာ ညလေးတညမှာပေါ့။ ဆဲ့တနာရီလောက်ဆိုတော့ မအိပ်သေးပေမဲ့ အသီးသီး အိပ်ယာထဲမှာ လှဲနေချိန်။ အိမ်အောက်ထပ်က “တအီအီ” အသံတွေရော၊ တဂျစ်ဂျစ် ကုတ်သံခြစ်သံတွေရော ကြားရတော့ ကျမ သူငယ်ချင်း ၀ါဝါက “ဟေ့- ဟေ့၊ မိုးစက် ဗစ်ကီ ပြန်လာတယ် ထင်တယ်” တဲ့။ သေပြီလို့ တွက်ထားတဲ့ ကိုယ့်မှာ တစ္ဆေပဲလား၊ နားကြားပဲမှားလေသလားနဲ့ မယုံမရဲ ထ ပြီး တံခါးဖွင့်လိုက်တော့ အံမယ်လေး ......................... ဗစ်ကီ၊ ဗစ်ကီ လေးရယ်လေ။ ပခုံးမှာ ပွန်းပဲ့တဲ့ အနာကြီးနဲ့ ( မွေးချင်တဲ့သူက ကြိုးနဲ့ချည်ထားတာကို မရအရ ရုန်းထွက်ခဲ့ပုံရတယ်)။ ကိုယ်မှာလဲ ရွှံ့တွေ ညစ်ပေ လို့။ ဘယ်လောက်မှာ ပြေးလာခဲ့ရတယ်မသိ၊ လျှာလေး တစ်လစ်နဲ့ အမောဆိုက် နေတယ်။ ဒါပေမဲ့ ကိုယ်တို့ တွေဆီကို ၀မ်းသာအားရ ခုန်တက်ရင်း မျက်နှာကို တလဲစီ လျှာနဲ့ အတင်းလျက် နေတော့တာ။ တကိုယ်လုံးလဲ တဆတ်ဆတ်တုန်လို့။ ကျမတို့နားမလည်နိုင်တဲ့ ခွေးဘာသာစကားနဲ့ သူ့အတွေ့အကြုံတွေ ရှင်းပြနေလေသလားမသိ။ တအီအီ တအာအာ နဲ့ ပြောနေလိုက်တာ။ ညကြီးမင်းကြီး ၀မ်းသာပျော်ရွှင်နေတဲ့ ခွေးကလေးနဲ့ သူ့အန်တီ နှစ်ယောက် ရယ်ပေါ့။
ဗစ်ကီကလေးရဲ့ လည်ပုံ ပတ်ပုံ တွေကတော့ ပြောမဆုံးပေါင် တောသုံးတောင် ပါဘဲ။ လေသံမာမာ နဲ့ ပြောရင်တမျိုး ချော့ချော့မော့မော့ ပြောရင်တမျိုး တုန့်ပြန်တတ်ပါတယ်။ သူ့ကို မျက်နှာသာမပေးတဲ့ အိမ်ပိုင်ရှင် ဦးလေးကြီးရဲ့ ညီမမို့လို့ ခရီးထွက်သွားရင် တအိမ်လုံး အပေါ်ထပ် အောက်ထပ် ခြေရာထပ်အောင် သွားနေတော့တာ။ အဲဒီ အမကြီး ပြန်လာရင်တော့ ငြိမ်လို့ ကုပ်လို့။
ဝန်ထမ်းပီပီ အချိန်တန်တော့ ခွဲရတာပါဘဲ။ ကားပေါ်ကို အထုပ်အပိုးတင်ပြီး ထွက်သွားတော့ အမြီးလေးတနှံ့နှံ့ နဲ့ ရပ်ကြည့်နေတဲ့ သူက အရင်လိုပဲ ရုံးသွားတယ်လို့ ထင်နေမှာပါ။ ကျမကတော့ ၀မ်းနည်းသလိုလို စိတ်ကိုထိန်းပြီး သူ့ကို နှုတ်ဆက်ခဲ့ပါတယ်။ ညနေခင်း တော်တော်များများအထိ ရုံးကားကို စောင့်နေတုန်းပဲလို့ ဖုံးသတင်းတွေရတယ်။ ပလာတာ ၀ယ်ကျွေးပါနော်လို့ လူကြုံတိုင်း မှာရတယ်။ ၅နှစ်ကြာလို့ အဲဒီမြို့ကလေးကို နောက်တခေါက် ပြန်ရောက်တော့ ဗစ်ကီလေး အိုမင်းပြီး သေသွားပြီလို့ သိရပါတယ်။ ရင်ထဲမှာတော့ ရှင်သန်လှုပ်ရှားနေတဲ့ သူ့ပုံရိပ်ကလေးတွေ စွဲကျန်နေတုန်းပါဘဲလေ......။
မိုးစက်ပွင့်
ပုံတွေကို ဒီက ယူပါတယ်။ အရည်မရ အဖတ်မရ ကြောင်တွေ ခွေးတွေအကြောင်း လျှောက်ရေးနေတယ်လို့ ပြောရင်လဲ ခံရတော့ မှာပါဘဲ။ ရေးကိုရေးချင်နေလို့ပါ။
့မျက်စိ ထဲမြင်လာ အောင်ရေးတတ် လိုက်တာ ဖတ်လို့ကောင်းတယ်
ReplyDeleteဖတ်လို့ကောင်းပါတယ်။
ReplyDeleteရာဟုနဲ့ ဗစ်ကီလေးက ချစ်စရာ ကောင်းလိုက်တာ။
ReplyDeleteသီချင်း ဆိုတတ်တဲ့ ရာဟုလေးရယ် ...
ဆိုက်ကားပေါ်က ဗစ်ကီလေးရယ် .....
နောက်ထပ် အချစ်တော်လေးတွေ အကြောင်း ရေးပါဦး။
မချို
ဗမာပြည် ပြန်ရောက်လို့ ကိုယ့်အိုးကိုယ့်အိမ်နဲ့ နေနိုင်ရင် ခွေးမွေးမယ် စိတ်ကူးတယ်။ ကျွန်တော်တို့ နှစ်ယောက်လုံး ခွေးချစ်တယ်။
ReplyDelete