( အဆုံး ၏ အစ)
“ညီမလေးကို ဒီအဖြစ်အပျက်တွေ ပြန်ပြောပြတာ ငါလို ယောက်ျားမျိုးနဲ့ တွေ့မှာ စိုးလို့ ” လို့ ကိုနေက ပြောခဲ့သည်။ သူ့အကြောင်းတွေကို ကောင်းတာရော မကောင်းတာရော မခြွင်းမချန် ပြောပြခဲ့စဉ်က ဘယ်လို မှတ်ချက် မျိုးမှ မပေးတတ်ခဲ့အောင် သူမ စိတ်မော နောက်ကျူ ခဲ့ရသည်။ သောက်လက်စ အအေး ဖန်ခွက်ပေါ် သီးနေတဲ့ ရေမှုန်ရေစက်များက မျက်ရည်ဥလို စုပြီး ခွက်အောက်ခြေမှတဆင့် အပြာနုရောင် စားပွဲခင်း ကလေးပေါ် စီးကျသွားတာ တွေ့ရသည်။ နောက်ဆုံးမှ သက်ပြင်းတချက် ရှိုက်လိုက်ပြီး “ကိုနေ တော်တော် ဆိုးခဲ့တာပဲ” လို့ ပြောတော့ သူက ဘာမှပြန်မပြောဘဲ စီးကရက်ခိုးများကို အကွင်းလိုက် မှုတ်ထုတ်ရင် အဝေးကို ငေးလို့ တွေးတွေးဆဆ ပုံဖမ်းနေခဲ့တော့သည်။
*********************
( အစ ၏ အစ)
ကိုနေက အင်ကြင်း ထက် အသက် ငါးနှစ်ကျော်ကျော်လောက်ကြီးတာမို့ အိမ်က အကိုကြီး အကြီးဆုံး ကိုအောင်လင်း နှင့်မှ ရွယ်တူ ဖြစ်သည်။ အကိုကြီး၊ အကိုငယ်တို့က ကိုနေနှဲ့ သက်တူရွယ်တူ တလမ်းတည်းသား ဆိုပေမဲ့ စရိုက်မတူလို့ ပေါင်းလို့မရခဲ့။ ကျွတ်ဆတ်ဆတ်၊ မာကြောကြော၊ မွေးစားအဖေ မျက်ရည်ကျအောင် ဆိုးတတ်သည့် ကိုနေကို အားကစားထူးချွန်တဲ့ ကိုကြီး အောင်လင်း၊ စာတော်တဲ့ ကိုငယ် သော်လင်း တို့က ရှောင်စရာ သတ္တ၀ါတကောင်လိုသာ သဘောထားသည်။ မိဘတွေကလည်း သူတို့ သားသမီးတွေကို လူဆိုးလေး ကိုနေနဲ့ ပေါင်းသင်းမှာကို မလိုလားကြ။ မိတဆိုးကလေး ကိုနေကို သားသမီးမရှိတဲ့ အဒေါ်အရင်း နဲ့ သူ့ခင်ပွန်း တရုပ်ကြီးက မွေးစားပြီး၊ ကျောင်း ကောင်းကောင်း ထားပေးသည်။ ဒါပေမဲ့ သူက ကျောင်းပြေးပြီး ဖဲဝိုင်းတကာမှာ အချိန်ကုန်သည်။ လက်စွပ်ကိုချွတ်ရောင်းလို့ ကုန်တော့ အဒေါ့် ရွှေစိုက်ဘီးကို ထက်ပိုင်းချိုးပြီး ရောင်းချ ဖဲရိုက်ပစ်သည်။ နောက်တခါ ဖဲဝိုင်းသွားရင် ရိုက်မည်ဟု မွေးစား အဖေက ကြိမ်းတော့ “ အခု စိတ်ရှိသလောက် ကြိုရိုက်ထားပါအဖေ၊ ကျွန်တော် သွားကိုသွားမှာမို့၊ စိတ်အေးအေးသွားရအောင် အကြွေးဆပ်ထားချင်လို့” လို့ ပြောတော့ တရုပ်ကြီး လက်မြှောက် လိုက်ရတော့သည်။
ကိုနေက ကိုးတန်းအထိ တနှစ်တတန်းတော့ မှန်မှန်အောင်သည်။ စာတပုဒ်ကို မှတ်လွယ် ရလွယ်သည် ထင်သည်။ စာမေးပွဲနားနီးလျှင် ခဏတဖြုတ်အချိန်ပေးပြီး စာဖတ်လိုက်သည်။ ဘောပင်ပါမလာဘဲ စာမေးပွဲခန်း ၀င်တတ်တဲ့ ကျောင်းသားဆိုးကလေးလဲ ဖြစ်သည်။ ကိုးတန်းရောက်တော့ နှစ်ခါကျသည်။ ဆယ်တန်းမှာ တခါကျ ပြန်သည်။
ကိုနေရဲ့ ကောင်းကွက်လေးတချို့ကတော့ မလိမ်မညာတတ်တာ နဲ့ သူများကို ကူညီတတ်တာ ဘဲဖြစ်သည်။ ငွေရေးကြေးရေး အခက်အခဲကြုံသော အပေါင်းအသင်းတချို့ကို သူ့အိတ်ထဲ ပါသမျှ မရေဘဲ ထုတ်ပေး တတ်တာ၊ ငွေမရှိရင် ပေါင်သုံးဖို့ သူ့လက်က နာရီ ချွတ်ပေးတဲ့အထိ ရက်ရောတတ်သူ ဖြစ်ပေမဲ့ တဖက်သား ကျေးဇူးတင်ခြင်းကိုတော့ နည်းနည်းမှ ခံယူလိုစိတ် မရှိတတ်ပေ။
အင်ကြင်းနဲ့ စပြီး ခင်မင်ခဲ့တာက လမ်းထိပ်က “အိုင်ဒီယာ” စာအုပ်အငှားဆိုင်လေးမှာ့ ဖြစ်သည်။ အဲဒီ စာအုပ်အငှား ဆိုင်လေးရဲ့ ပုံမှန်ဖေါက်သည် သူတို့နှစ်ဦးက မျက်မှန်းတန်းပြီး ပြုံးပြရုံလောက်သာ ရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ အင်ကြင်းဖတ်သင့်တဲ့ စာအုပ်လေးတွေကို ကို နေက ညွှန်းတတ်ခဲ့တာမို့ ရင်းနှီးခင်မင် လာခဲ့မိသည်။ သူမ နာမည်ကိုတော့ တော်တော်ကြာတဲ့အထိ မမှတ်မိဘဲ “အောင်လင်းညီမလေး” လို့ ကိုကြီးနာမည်နဲ့ တွဲပြီး သူက ခေါ်ခဲ့သည်။ “ ဟဲ့- အောင်လင်း ညီမလေး၊ စာမေးပွဲနီးပြီလေ၊ ကျောင်းစာတွေ ဖတ်ဦး၊ ဒီမဂ္ဂဇင်းတွေက ထွက်မပြေးပါဘူးဟ၊ ကျောင်းပိတ်မှဖတ်” လို့ ထိပ်ပုတ်ပြီး ကျီစယ်တတ်သည်။ ကိုနေက ရယ်လိုက်ရင် နှစ်လိုဖွယ်ကောင်းသော ရုပ်ရည်သန့်သန့် ပိုင်ဆိုင်ထားပေမဲ့ ဆံပင်ရှည်နဲ့မို့ ညှင်းသိုးသိုး ဖြစ်နေတတ်သလို တီရှပ်အဟောင်း အရောင်လွင့်လွင့်တွေသာ ၀တ်ဆင်တတ်လေသည်။ ဆိုင်ပိုင်ရှင် အမကြီးကတော့ “ အမယ်လေး၊ အလိမ္မာ စာမှာရှိ ဆိုတဲ့ စကားကတော့ ကိုနေနဲ့ ကျမှ ပြောင်းပြန်လှန်ရတော့မှာဘဲ” လို့ နောက်ကွယ်မှာ ပြောတတ်ခဲ့သည်။
ကိုနေ ဆယ်တန်း ဒုတိယနှစ်မှာ မွေးစားအဖေ တရုတ်ကြီးဆုံးသည်။ “ သားက အဖေတို့ဆီမှာ ဟိုရှေးဘ၀က တင်နေတဲ့ အကြွေးရှိလို့ ပြန်လာယူတာ နေမှာပါကွယ်” လို့ ၀မ်းပမ်းတနည်း ခဏခဏ ပြောတတ်တဲ့ ကျေးဇူးရှင် အဖေကြီးကိုတော့ သူချစ်ပါသည်။ “အဖေ သားဆိုး သားမိုက်အတွက် စိတ် မဆင်းရဲ ရတော့ဘူးပေါ့” လို့ အလောင်းမြေချတော့ သူပြောခဲ့သည်။ စိတ်မကောင်းတာတွေကို စာဖက် လှည့်လိုက်တော့ ဖဲဝိုင်းဖက် အရောက်ကျဲသွားသည်။ ဒါနဲ့ပဲ ဆယ်တန်းကို လှုပ်လှုပ်ကပ်ကပ် အောင်သွားသည်။ အဒေါ်ကတော့ ၀မ်းသာမဆုံး၊ “ သွားလေသူ နင့်အဖေကို မြင်စေချင်လိုက်တာ” လို့ မျက်ရည်စမ်းစမ်း နှင့် ဆိုရှာသည်။ ကောက်သောခွေးမြီးက ကျည်တောက်စွတ်ရုံနဲ့ ပြန်မစန့် နိုင်တာတော့အမှန်။ အောင်စာရင်းထွက်တာနဲ့ ဖဲဝိုင်းဖက်ကို ခြေဦး ပြန်လှည့်ပြန်သည်။ အရက်ကလေးပင် မစို့မပို့ သောက်စပြုလာသည်။ ဘယ်မှာ ချိန်းပွဲ ရန်ပွဲ ကိုနေ ပါမြဲ၊ ထီကနဲဆိုရင် ကိုနေ ဖြစ်လာသည်။ အရိုးကျိုး၊ ထိပ်ပေါက် ခေါင်းကွဲပြီး အိမ်းပြန်ရောက်တဲ့ အကြိမ်တွေ မနည်းတော့။ ဒီတော့လည်း အဒေါ်က “နင့်အဖေအရင်းရဲ့ သွေးတွေက ဇာတိပြလာတယ်ထင်ပါရဲ့“ လို့ စိတ်နာနာနှင့် ပြောပြန်သည်။ ကိုနေကလည်း မခံပါ။ “ အမေ တို့က မြွေပွေးကို နို့တိုက် မွေးလာတာကိုးဗျ၊ စိတ်ဆင်းရဲမှာပေါ့ ၊ ကျွန်တော်ကို ငယ်ငယ်ထဲက ခေါင်းအုံးနဲ့ ဖိသတ်ပစ်လိုက်ရင် ပြီးရော” လို့ ပြန်ပက်တတ်သည်။ သူ့ ငယ်နိုင်ဖြစ်တဲ့ အဒေါ်ခမျာမှာတော့ ဘာမှ မပြောသာတော့၊ မချိတင်ကဲ မျက်ရည်နဲ့ မျက်ခွက်ပေါ့။
********************************
ကိုနေ မြို့ကြီးမှာ ဂျီတီအိုင်သင်တန်းသွားတက်တော့အင်ကြင်းက ဆယ်တန်းကျောင်းသူ ဖြစ်နေပြီ။ ကျောင်းပိတ်ရက် ပြန်လာတိုင်း အင်ကြင်းနဲ့ စာအုပ်ဆိုင်မှာ ဆုံသည်။ “ဟဲ့- အင်ကြင်း ညီမလေး၊ နင်တော်တော် အရပ်ရှည်လာတာပဲ၊ ကလန်ကလားကြီးပါလား၊ စာကြိုးစားဦး ကောင်မလေး” လို့ နှုတ်ဆက်တတ်သည်။ “ အင်းပါ၊ အင်ကြင်းက ကျောင်းစာပုံမှန်ဖတ်ပါတယ်ကိုနေရဲ့၊ အဆင့်တစ်ကနေ ဆယ်ဆင့်အတွင်းတော့ အမြဲဝင်တာပါပဲ၊ ကိုနေရော ကျောင်းမှာ ဖဲရိုက်သေးလား” လို့ ပြန်ပြောတော့ “ ဒီမှာကြည့်” လို့ သူ့ လက်ချောင်းတွေကို အင်ကြင်း မျက်နှာရှေ့ ထောင်ပြခဲ့သည်။ သူ့ လက်က လက်စွပ်မရှိတော့ တာကို ပြောချင်ပုံရသည်။ “ငါ့လက်စွပ်တင်မကဘူ၊ ငါ့ကောင်မလေး ဆွဲကြိုးတောင် ပြောင်သွားတာ” လို့ ပြောင်စပ်စပ်နဲ့ ပြောခဲ့သည်။
ဆယ်တန်း အောင်စာရင်းထွက်တဲ့ နေ့က မနက်အစောကြီး အိမ်ရှေ့ကို စက်ဘီးတစီးနဲ့ ကိုနေ ရောက်လာသည်။ “ နင် ဖိုးဒီ ပါတယ် သိလား၊ ငါခုပဲ သွားကြည့်လာတာ” တဲ့။ ခုပဲ သွားကြည့်တော့မှာမို့ သူ့ကို အပို့ခိုင်းပြီး သွားကြည့်တော့ အမှန်ပင်။ “ငါဝမ်းသာတယ် သိလား၊ ညီမလေး အင်ကြင်း၊ ငါ့ဖာသာငါ ဆယ်တန်းအောင်တုန်းကတောင် ဒီလောက် ၀မ်းမသာဘူး၊ ဘာဖြစ်လို့လဲသိလား၊ နင်က ငါ့ရဲ့ ရိုးသားတဲ့ ထာဝရ ညီမလေး မို့လို့ပေါ့” တဲ့။ “ အင်း၊ အင်ကြင်းလဲ သူများတွေ ဘယ်လောက် ဆိုးတယ်လို့ ပြောပေမဲ့ ကိုနေ ကို အကိုရင်းတယောက်လို သံယောဇဉ် ရှိတာပါပဲ” ။ ၀မ်းသာခြင်းအထိမ်းအမှတ်နဲ့ ကိုနေကို သူမ လက်ဖက်ရည်တိုက်သည်။ “အင်ကြင်းက ကွန်ပြူတာ တက္ကသိုလ် တက်မှာ” လို့ သူမရည်ရွယ်ချက်ကို ပြောပြဖြစ်ခဲ့သည်။ “အင်း- ကောင်းသားပဲ” လို့ သူက ထောက်ခံခဲ့သည်။ အဲဒီနေ့က နာရီဝက် ကျော်ကျော် လောက် အကြာဆုံး စကားပြော ဖြစ်ကြသည်။ သူပြောတဲ့အထဲမှာ “ငါ့ညီမ တက္ကသိုလ် ရောက်ရင် ရည်းစားထားဖြစ်ဦးမှာဘဲ။ ယောကျာ်းဆိုတာ ရည်းစားသက်နုတုန်းမှာ ပခုံးပေါ် သူ့ခေါင်းလေး လာမှီရင် စိတ်ကြည်နူးသလောက်၊ နည်းနည်းကြာလာတာနဲ့ လာမှီရင်တောင် ကိုယ့်အတွေး ပျက်တယ်ဆိုပြီး ငြိုငြင်မိလာရော။ အဲဒါ ကိုယ့်ကိုယ်တွေ့မို့ သိအောင် ပြောပြတာ” လို့ လည်း ပြောသေးသည်။ ခဏ နေတော့ စက်ဘီးနဲ့ သူမ အိမ်ကို ပြန်ပို့ပေးသည်။ အင်ကြင်း အိမ်ပြန်ရောက်တော့ ကိုကြီး၊ ကိုငယ်တို့ က “အဲဒီကောင်ကို ဘာမှတ်နေသလဲ၊ သူနဲ့ နောင်ကို ပါတ်သက်တာ မမြင်ချင်ဘူး“ ဟု ကြိမ်းမောင်း အပြစ်တင် စကား ဆိုသည်။ “ကိုကြီး နဲ့ ကိုငယ်က ကိုယ့်ညီမ အောင်စာရင်းထွက်တာကို လိုက်မပို့ဘဲ အလိုက်မသိ အိပ်ပုပ်ကြီး နေပြီးတော့၊ ကိုနေက ခင်လို့ လိုက်ပို့တာ ဘာဖြစ်လဲ” လို့ အင်ကြင်းက ပြန် ရန်တွေ့ ခဲ့မိသည်။ ကိုနေကို မွေးစားအကို အဖြစ်အသိအမှတ် ပြုခဲ့တာသာ ပြန်ပြောရင် မောင်နှမတွေကြား ပူပူလောင်လောင် ရန်ပွဲလေးပင် ဖြစ်သွားနိုင်လေသည်။
အင်ကြင်း ကွန်ပြူတာ တက္ကသိုလ်တက်ချိန်မှာ မိသားတစုလုံး ရန်ကုန် ပြောင်းလာဖြစ်တော့ ကိုနေနဲ့လည်း အဆက်အသွယ် မရှိတော့ ပေ။ ပြောင်းခါနီး နှုတ်ဆက်ချင်ခဲ့ပေမဲ့ သူ့ကိုမတွေ့ရ။ ဖဲဝိုင်းတခုခု ရောက်နှင့်နေပြီ ထင်သည်။ ဖဲဝိုင်းလိုက်နှုတ်ဆက်ရအောင်တော့ အင်ကြင်း သတ္တိမရှိပါ။ ကိုယ့်ဘ၀နှင့်ကိုယ် ရုန်းကန်လှုပ်ရှားရင်း အတိတ်ပုံရိပ်တွေ မှုန်ဝါးဝါး ဖြစ်လာခဲံသည်။ ဒါပေမဲ့ တခါတခါ စာအုပ် ကောင်းကောင်း လေးတွေ ဖတ်ရရင်တော့ ကိုနေနဲ့ လမ်းထိပ်က “အိုင်ဒီယာ” ဆိုတဲ့ စာအုပ်ဆိုင် ကလေးကို သတိရမိသေးသည်။
*******************************
(အလယ်)
“ ညည်း အင်ကြင်း အင်ကြင်း မဟုတ်လား”
ပန်းဆိုးတန်းက စာအုပ်အဟောင်းဆိုင်တဆိုင်မှာ ဖြစ်သည်။ သူမဘေးက လူတယောက်နှင့် မောင်သာနိုးရဲ့ ဘာသာပြန် မာယာ ကော့ဖ်စကီးရဲ့ “ဘောင်းဘီဝတ်မိုးတိမ်” ကဗျာ စာအုပ်ကို ပြိုင်တူ ကောက်အကြည့် ၊ တိုက်ဆိုင်မှုကြောင့် မော့ကြည့်မိသွားချိန်၊ ဒီလူကို မြင်ဖူးပါတယ်လို့ ဦးနှောက်ထဲမှာ အပြေးအလွှား အလုပ်လုပ်သွား တယ်။ သူ့အသံကြောင့် ပိုပြီး သေချာသွားခဲ့ရသည်။
“ဟယ်၊ ကိုနေ မဟုတ်လား” ၀မ်းသာ ပျော်ရွှင်မှုတွေနဲ့အတူ အေးအေးလူလူ စကားပြောရအောင် အနီးအနားက အအေးဆိုင်လေးဆီ ဖိတ်ခေါ်ခဲ့မိသည်။
*******************************
သူ့ ဇာတိမြို့လေးမှာပဲ နေနေဆဲဘဲ လို့ ကိုနေက ပြောသည်။ သူ့ မျက်နှာမှာ နေလောင်ရာတွေ တိုးလာပြီး ကိုယ်လုံးကိုယ်ထည် အနည်းငယ် ပြည့်လာတာကလွဲလို့ ဆယ်စုနှစ် နှစ်ခုနီးပါးမှာ သိပ်ကြီးကြီးမားမား တော့ မပြောင်းလဲ။ “ညည်းက ကျောင်းဆရာမပုံ ပေါက်လာတယ်” လို့ သူက ထောပနာပြုသည်။
“ကိုနေ အိမ်ထောင်တွေ ဘာတွေ ကျနေပြီထင်တယ်။ ကလေးတွေရော” မေးမိသည်။ အသက် သုံးဆဲ့ရှစ်နှစ်ကျော်ပြီဖြစ်တဲ့ လူတယောက်ကို ဒီမေးခွန်းမေးတာ သိပ်မမှားဘူးဟု အင်ကြင်း ကိုယ့်ဖာသာကိုယ် ထင်သည်။ “ဟင်း ဟင်း၊ ပြောရရင်တော့ အရှည်ကြီးဘဲဟ၊ ငါ့ညီမ စိတ်ဝင်စားရင်တော့ ပြောပြရသေးတာပေါ့။ စာရွက်စာတမ်းနဲ့ ပြောကြကြေးဆိုရင်တော့ လက်ထပ်ခဲ့တာ သုံးကြိမ်ရှိပြီ” တဲ့ ။ သူမ ပါးစပ်လေး ၀လုံးလို ၀ိုင်းသွားမည် ထင်ပါသည်။ ဒါနဲ့ပင် ကိုနေက သူ့ဘ၀ ဇာတ်လမ်းရှည်ဲ ကြီးကို ခင်းကျင်းခဲ့ပါသည်။
*******************************
ငါငယ်ငယ် မှတ်မိတတ်စ အရွယ်က ငါ့အဖေနဲ့ အမေအရင်းရဲ့ အိမ်ထောင်ရေးကို ကြည့်ပြီး ငါ အိမ်ထောင်ပြုရမှာ အရမ်းကြောက်တယ်ဟာ။ မရယ်နဲ့ တကယ် တကယ်။ ငါ ငယ်ငယ်ထဲက ရည်းစားသာထားတာ၊ နေ့ဘက်ပဲချိန်းတွေ့တယ်၊ ညဆိုရင် ကောင်မလေးချိန်းတောင် ဘယ်တော့မှ မတွေ့ဘူး၊ သူက အိမ်မပြန်ရဲတော့ဘူးဆိုရင် ဒုက္ခလေဟာ။ အမေနဲ့ တွေ့ပေးမယ်၊ အဖေနဲ့ တွေ့ပေးမယ် ဆိုရင်တော့ လစ်ပြီသာမှတ်။ ပြီးတော့ ငါက သူငယ်ချင်း အရမ်းခင်တယ်။ သူငယ်ချင်းတွေနဲ့ နေရမဲ့အချိန်တွေကို အိမ်ထောင်ဖက်က ကန့်သတ်ချူပ်ချယ်လာမှာမျိုးကို လုံးဝ မလိုလားခဲ့တာ အမှန်ပဲ။ ဒါတွေကိုလည်း ငါနဲံပါတ်သက်တဲ့ ကောင်မလေးတိုင်းကို ကြိုပြောပြထားခဲ့ပါတယ်။ နင်သိတဲ့အတိုင်း ငါ မလိမ်တတ် ဘူးလေ။ ဒါပေမဲ့ ကောင်မလေးတွေက ငါ့ဆုံးဖြတ်ချက်ကို သူတို့ က ပြောင်းလဲ ပစ်နိုင်လိမ့်မယ်လို့ သူတို့ဟာသူတို့ အမြဲ ပိုတွက်ထား တတ်ခဲ့ကြတယ်။
ဘ၀မှာ ငါမှတ်မှတ်ရရ ချစ်သူ ကောင်မလေးတယောက် ရှိခဲ့တယ်။ ဂျီတီအိုင် ပထမနှစ်မှာ တွေ့ခဲ့တဲ့ စုထွေး ဆိုတဲ့ ကောင်မလေး။ သူ့ကိုတော့ ငါ တော်တော် ရင်ခုန်ပါတယ်။ သူကလဲ ငါ့အပေါ် သိပ် ကောင်းပါတယ်။ ငါ ဘယ်လောက် ဆိုးဆိုး ခွင့်လွှတ်နိုင်တဲ့သူ သည်းခံနိုင်တဲ့သူ ဘဲ။ ဖဲရှူံးရင် သူ့ ဆွဲကြိုး၊ လက်စွပ် ကအစ ရောင်းပြီး အကြွေး ဆပ်ပေးတယ်။ ငါဟာ အဲဒီလို မိန်းမကောင်းလေးနဲ့ မတန်ဘူး ထင်ပါရဲ့။ သူက လက်ထပ်ဖို့ ပူဆာပေမဲ့ မလှုပ်ဖူး။ နောက်ဆုံး နားအေးအောင် ရပ်ကွက်မှာ လက်မှတ်ထိုးလိုက်တယ်ဟာ။ တကယ်တမ်း ပြောကြကြေးဆိုရင် တရားသူကြီး ရှေ့မှာမှ တရားဝင်တယ် ဆိုတာ ငါသိတယ်လေ။ ဒါတွေလည်း ငါ စိတ်မ၀င်စားပါဘူး။ သူ စိတ်ချမ်းသာရင် အေးရော။ ငါလည်း နေချင်သလို လွပ်လွပ်လပ်လပ်ပဲ နေတယ်။ တရက်တော့ သူက ငါ့ကို နွေကျောင်းပိတ်ရက် သူ့အဖွားဆီ အလည်သွား ရအောင်တဲ့။ သူပြောတော့ ဘာကွိုင်မှမရှိဘူး ဆိုတာနဲ့ ငါလည်း လက်ခံခဲ့တယ်။ ဒါပေမဲ့ ငါကလည်း လူလည်ဘဲ။ ငါ့အဆက်အသွယ်နဲ့ ငါ သူ့အကြံကို သိခဲ့ရတယ်။ စုထွေးက အထုပ်ပြင်ထားသတဲ့။ ငါနဲ့ ချိန်းထားတဲ့ နေရာရောက်ရင် “ မောင့် နောက်ကို တခါတည်း လိုက်ခဲ့တော့မယ်” လုပ်တော့မှာကိုး။ မခေါ်ရင် သတ်သေမယ်တွေ ဘာတွေ ခြိမ်းခြောက်ရင်လည်း ခြောက်မှာပေါ့။ ငါ အဲဒီလောက် အသည်းမမာမှန်း သူ သိတယ်လေ။ ဒါဆိုရင် ငါ့ဘ၀ဟာ အိမ်ထောင်ရှင် ယောက်ျားကြီး လုံးလုံးကြီး ဖြစ်သွားတော့မှာဘဲ။ မဖြစ်ဘူး၊ ငါ ချက်ခြင်း အဒေါ့်အိမ်ကို ပြန်ပြေးတော့တာဘဲ။ ရထား ဘူတာမှာ အထုပ်ကြီးတွေနဲ့ မျက်စေ့သူငယ်ဖြစ်နေမဲ့ စုထွေးကို ငါ မြင်ယောင်ပြီး သနားမိပါတယ်။ ဒါပေမဲ့ ငါ့ကိုယ်ငါ ပိုသနားတယ်ဟာ။ သုံးလေးရက်နေပြီးတော့မှ သူ့ကို ငါ ဖုံးဆက်တယ်။ ငါမှန်းသိတော့ ဘာမမှ မပြောဘဲ ဖုန်းထဲမှာ သူ ငိုတယ်။ ငါကလည်း မာယာကုန်သုံးပြီး ချော့ပါတယ်ဟာ။ အဒေါ် အသည်းအသန်ဖြစ်လို့ ချက်ချင်း ဆင်းသွားရတယ် ဘာညာ ပေါ့။ နောက်တော့ သူ့ကို ငါမယုံတော့ဘူး၊ ဘယ်နေ့မှာ ငါ့ကို အိမ်ထောင်ရေး ချောက်ကမ်းပါးထဲ တွန်းချမလဲလို့ သံသယ မျက်စေ့နဲ့ ကြည့်မိတယ်။ နောက်တော့ မိတ်ဆွေလို မှန်တမ်းပဲ ဆက်ဆံတယ်၊ တဖြေးဖြေး ငါတို့ ပြတ်သွားတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ စုထွေးဟာ ပင်ကိုယ် နှလုံး အားနည်းသူပီပီ အိပ်ယာထဲ လဲတော့တာပါဘဲ။ သေခါနီးအထိ ငါ့ကို တွေ့ချင်တယ် လို့ ပြောသွားရှာတယ်။ ငါကတော့ အဲဒီအချိန်မှာ သူနဲ့ အဝေးဆုံး တနေရာ ရောက်နေတယ်လေ။ ဒီနောက်ပိုင်းမှာ သွားရင်းလာရင်း ထပ် တွေ့ခဲ့ရတဲ့ ဇယားလေးတွေ တော့ အသေးစိတ် မပြောပြတော့ဘူး။ အားလုံးက ဆန်ဆုံစာ၊ ကံကုန်သွား ပါပဲ။ တကယ်တော့ ငါဟာ သူတို့မေတ္တာကို တုန့်ပြန် ပေးဆပ်ခဲ့တဲ့သူပါ။ အားလုံးကို ပျော်စေချင်ခဲ့သူပါ။ အဲ- ရာသက်ပန် လက်ထပ်ဖို့ ဆိုတဲ့ တောင်းဆိုချက် ကလွဲရင် အားလုံးကို လိုက်လျောခဲ့ပါတယ်ဟာ။
ဒုတိယ ဘ၀ မှတ်တိုင်လေးကတော့ မျိုးမျိုး ပါ။ သူက ငါ့ထက် ရှစ်နှစ်လောက်ငယ်တယ်။ ငါ့ကို သူက ဦးနေ လို့ ခေါ်တယ်။ အဲဒီတုန်းက ငါ အသက် သုံးဆယ်ကျော်နေပြီ။ ဘ၀တွေလည်း စုံနေပြီ။ မျိုးမျိုးဟာ အိမ်ထောင် မပြုတော့ဘူးလို့ ချမှတ်ထားတဲ့ ငါ့ရည်ရွယ်ချက်ကို ယိုင်နဲ့စေသူပါ။ သူ့ကို ငါ သိပ်ချစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း အချိန်တခုမှာ စုထွေး လိုဘဲ ရပ်ကွက်မှာ စာရွက်စာတမ်းတခုနဲ့ လက်ထပ်ထားပေးခဲ့တယ်။ ငါပြောခဲ့ဖူးတယ်။ မျိုးမျိုးက ဦးနေရဲ့ ဓူဝံကြယ်လေးပါလို့။ ကောင်းကင်မှာ ကြယ်တွေ ဘယ်လောက်များများ အတောက်ပဆုံးနဲ့ အထင်ရှားဆုံး၊ လမ်းပျောက်နေသူကို လမ်းညွှန်ပေးနိုင်တဲ့ စွမ်းအင်တွေ ရှိသူပါလို့ - သူ့ကို ငါ လေးလေးနက်နက် ပြောခဲ့ဖူးတယ်။ ကြိုးမဲ့စွန်လို လွင့်နေတဲ့ ငါဟာ တဒင်္ဂတော့ ငြိမ်သွားသလိုဘဲ။ ဒါပေမဲ့ မျိုးမျိုးက ရက်စက်တယ်ဟာ။ မိုးကုတ်မှာ သူငယ်ချင်းနဲ့ ကျောက်လုပ်ငန်း လုပ်ဖို့အတွက် ထွက်ခဲ့တာ၊ သူနဲ့ ခွဲခဲ့တာ ခြောက်လ ကျော်ပြီဆိုတော့ ရင်ဘတ်တခုလုံး အလွမ်းတွေ အပြည့်နဲ့ပေါ့။ တရက်မှာ မျိုးမျိုးဆီ ငါအရောက် ပြန်သွားတယ်။ သူ့ကို ငါ ဘယ်လောက်လွမ်းကြောင်း၊ လူကြီးစုံရာနဲ့ တရားရုံးရှေ့မှောက်မှာ လက်ထပ်ချင် ကြောင်း ပြောပြမယ်လို့ ရည်ရွယ်ထားတဲ့ ငါ့ရင်ဘတ်ကို ဆောင့်ကန်လိုက်သလိုပါဘဲဟာ။ မျိုးမျိုးဟာ သူ့အခန်းထဲမှာ ညည်းညူနေတယ်၊ ကိုယ်တွေ ခြစ်ခြစ်တောက် ပူနေတယ်။ အခန်းထဲမှာ သွေးညှီနံ့တွေ လွှမ်းနေတယ်။ ဒီလောက်ဆို သဘောပေါက်တော့ဟာ။ ငါမရှိခင်မှာ ငါနဲ့ မဟုတ်တဲ့ ကလေးကို သူဘယ်လို ရလာသလဲ၊ ဘာကြောင့် ဒီလို မိုက်မဲတဲ့ မသေကောင်း မပျောက်ကောင်း နည်းမျိုးနဲ့ ဖြေရှင်းခဲ့သလဲ ဆိုတာ ငါ မမေးရက်ဖူး။ လောလောဆယ် သူ ခံစားနေရတာကိုလည်း ငါ မကြည့်ရက်ဖူး။ ငါ အရူးတယောက်လို ခံစားရပေမဲ့ ကြိတ်မှိတ်ပြီး သူ နေကောင်းလာတဲ့အထိ ပြုစုခဲ့ပါတယ်။ ပေရေနေတဲ့ သူ့အ၀တ်အစားတွေ အားလုံးလည်း လျှော်ဖွပ်သန့်စင်ခဲ့တာ ငါပါဘဲ။ သူ အားရှိလာအောင် ဆန်ပြုတ်၊ စွပ်ပြုတ် ချက်ပြီး ချော့မော့ ကျွေးခဲ့တာလည်း ငါပါဘဲ။ နှစ်ပါတ်တိတိ ပြုစုခဲ့လို့ သူပြန် နေကောင်းလာတော့ “ ကျေးဇူးတင်လိုက်တာ ဦးနေရယ်၊ မျိုး မိုက်ခဲ့ပါတယ်၊ မျိုးကို ခွင့်လွှတ်ပါနော်၊ နောက်ထပ် ဘယ်တော့မှ မမိုက်တော့ပါဘူး“ တဲ့။ ငါ ဘာမှ ပြန်မပြောနိုင်ခဲ့ဘူး။ ရင်ထဲမှာ တစ်ဆို့ နေတယ်။ နာကျင်နေတယ်။ ကြေကွဲနေတယ်။ ဘယ်လို စိတ်ဆင်းရဲမှုမျိုးလဲဆိုတာ ပြောမပြတတ်တော့ဘူး။ နောက်တော့ အိပ်ပျော်နေတဲ့ သူနဖူးကို တချက်နမ်းပြီး အိမ်ပေါ်က တိတ်တိတ်လေး ဆင်းလာခဲ့တယ်။ စိတ်ထဲက နှုတ်ဆက်ခဲ့တယ်။ နေခဲ့တော့ မိန်းကလေးရယ် လို့။ ငါ နှစ်နှစ်လောက် ငိုခဲ့ရတယ် ဆိုရင် နင် ယုံမလား အင်ကြင်း။ ည ည အရက်သောက်ပြီး ကောင်းကင်ကို မော့ကြည့်လို့ ဓူဝံကြယ်ကို မြင်တဲ့ အချိန်မှာ ရင်ထဲမှာ မခံမရပ်နိုင်အောင် ခံစားရတယ်။
ငါ့ဘ၀မှာ နောင်တမရခဲ့တဲ့ အဖြစ်အပျက်တခုကတော့ ချိုသဲကို လက်ထပ်ခဲ့တာပဲ။ အဲဒီတုန်းက မျိုးမျိုးနဲ့ ခံစားခဲ့ရတဲ့ အသည်းက ဒဏ်ရာ ကျက်ခါစဘဲ ရှိသေးတယ်။ ငါ့ သူငယ်ချင်း သက်တင်က ပျဉ်းမနား မြို့သစ်မှာ အလှပြင်ဆိုင် အမည်ခံ အနှိပ်ခန်းတခု ပိုင်တယ်လေဟာ။ သူက ယုံကြည်ရတဲ့ လူတယောက်ကို မန်နေဂျာ ခန့်ချင်သတဲ့။ ငါ အဲဒီအလုပ်တွေကို မနှစ်သက်တာတော့ အမှန်ဘဲ။ ဒါပေမဲ့ သူငယ်ချင်းရဲ့ အခက်အခဲကို ကူညီချင်တဲ့စိတ်နဲ့ သုံးလတော့ လုပ်ပေးမယ် ဆိုပြီး အဲဒီလောကထဲ စုံနှစ်ဝင်ခဲ့တယ်။
ဆိုင်မှာ မိန်းကလေး ရှစ်ယောက် ရှိတဲ့ အထဲမှာ ချိုသဲ ဘ၀ကိုမှ ငါ စိတ်ဝင်စားခဲ့တယ်။ ချစ်တာ မဟုတ်ပါဘူး။ တကယ်ပါ။ မျိုးမျိုး ကိစ္စပြီးကတည်းက ငါ့အသည်းနှလုံးက မချစ်တတ်တော့ဘူး။ သူ့ကိုတော့ သနားတာ သက်သက်ဘဲ။ သူ့မှာ အရင် အိမ်ထောင်နဲ့ ငါးနှစ်အရွယ် သားကလေး တယောက်ရှိတယ်။ သူ့မိသားစုက ရိုးရိုးသားသားပါ။ ဒါပေမဲ့ သူတို့က ချိုသဲရဲ့ ၀င်ငွေကို မှီခိုစားသောက်နေကြရတာ ဆိုတော့ သိရင်လည်း မသိသလိုဘဲနေကြတာ ပေါ့ဟာ။ ငါက ချိုသဲကို ပြောပြတယ်။ အခုဆို သူ့အသက်က သုံးဆယ် ဖြစ်နေပြီ။ ဒီလောကမှာ သူဘယ်လောက် ဆက် ကျင်လည်နိုင်တော့မလဲ။ အခုတော့ အနှိပ်ခန်းလာသမျှ ဦးဦး ကိုကို မောင်မောင်တွေဆီက သဒ္မါကြေးရော တဏှာကြေးရော စို့စို့ပို့ပို့ ရနေတာ မှန်ပါရဲ့။ နောင် လေးငါးနှစ်ဆိုရင် သူ တန်းဆင်းဇုန်ထဲ ရောက်တော့မယ်။ အဲဒီမှာ ရောဂါရမယ်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ သေမယ်။ သူ့နောင်ရေးရော သူ့ကလေး နောင်ရေးရော မကောင်းဘူး ဆိုတဲ့အကြောင်းကို ငါ တွက်ပြတယ်။ သူ သဘောပေါက်တယ်။ ဒါပေမဲ့ သူ ရုန်းမထွက်ရဲဘူး။ လတ်တလော အခက်အခဲကလည်း ကြီးမား နေတယ်။ ငါ ဆုံးဖြတ်လိုက်တယ်၊ ချိုသဲကို ငါ ရအောင် တွဲခေါ်မယ် လို့။ ကယ်တင်တယ် လို့ ငါ မပြောချင်ဘူး။ တကယ်တော့ ငါဟာ သူ့ရဲ့ ကယ်တင်ရှင်လဲ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ သူနဲ့ သူ့သားကို ငါ တသက်လုံး စောင့်ရှောက် ထားနိုင်တဲ့အထိ ငါ လုပ်မပေးနိုင်ဘူး။ သူ့ကို ငါ အလုပ်ထွက် ခိုင်းလိုက်တယ်။ သူတို့ ရပ်ကွက်မှာ လက်မှတ်ထိုးလိုက်တယ်။ ဒါကလည်း ငါ့အတွက် အရေးမကြီးပေမဲ့ အရပ်ထဲမှာ သူ့အမေရဲ့ မျက်နှာ မပျက်စေချင်တာကြောင့်ပါ။ ချိုသဲအမေကရော ချိုသဲရဲ့သားလေး ပိုင်ပိုင် ကရော ငါ့အပေါ် ခင်တွယ်ကြတယ်။ တဖြေးဖြေး ငါသူ့ကို ဖြောင်းဖျတယ်။ ချိုသဲက မလေးကို ထွက်၊ ကိုနေက နောက်တနေရာရာကို ထွက်ပြီးအလုပ်လုပ်မယ်။ ပြီးတော့ ကလေးအတွက် ပိုက်ဆံစုကြတာပေါ့ - လို့ ။ “မသွားချင်တော့ဘူး ကိုနေရယ်” လို့ ချိုသဲက ခပ်ချွဲချွဲပြောသေးတယ်။ မဖြစ်ဖူးလေ- မဖြစ်နိုင်ဘူး။ ငါ့ရည်ရွယ်ချက်က သူ့ဘ၀ လှဖို့။ ငါ့ဘ၀ရဲ့ လွပ်လပ်မှုတွေကို ရင်းပြီး သူ နင်းတက်နိုင်အောင် ယာယီ “ခု” ပေးထားခဲ့တာ။ သူ မလေးရှားထွက်ဖို့ ငါ့မှာ ရှိတဲ့ ဆွဲကြိုးရောင်းရငွေနဲ့ အစစ စီစဉ်ပေးလိုက်တယ်။ နှစ်လအတွင်း သူသွားဖို့ အဆင်သင့်ဖြစ်သွားပြီ။ သွားခါနီး ညမှာ သူ့ကို ငါမှာတယ်။ ချိုသဲ- ဟိုရောက်ရင် နင့်ဘ၀အတွက် သင့်တော်မဲ့ တယောက်ယောက်ကို ရှာပါဟာ။ နင့်အတတ်ပညာ၊ နင့်မာယာ၊ နင့်ရုပ်ရည်နဲ့ ဖြစ်နိုင်ပါတယ်။ နင့်မှာ ကလေးတယောက် ရှိကြောင်းတော့ ပွင့်ပွင့်လင်းလင်းတော့ ပြောပြပေါ့။ အဲဒီလူက ရိုးသားပြီး နင့်အပေါ် ညှာတာတဲ့သူ ဖြစ်ရမယ်။ နင်တို့ မိသားစုကို ထောက်ပံ့နိုင်အောင်လည်း အခြေခိုင် ရမယ်ပေါ့ဟာ။ ငါပြောတာကို သူသဘောပေါက်တယ်။ သူ မျက်ရည်ကျတယ်။ ရပ်ကွက်ထဲက စာချူပ်ကို သူ့ရှေ့မှာ ငါ တစစီ ဆွဲဆူတ်ပစ်လိုက်တယ်။ ငါတို့ကြားက နှောင်ကြိုးက ပြီးသွားပြီ။ ချိုသဲကို လေဆိပ် လိုက်ပို့ပြီးတာနဲ့ ပိုင်ပိုင်နဲ့ သူ့အဖွားကို နှုတ်ဆက်တယ်။ အိတ်ကပ် ထဲက ကျန်သမျှ ငွေက်ု သူတို့ မုံ့ဆိုင်လေး ထောင်ဖို့ အရင်းအနှီးလေးပေးပြီး သူတို့အိမ်က ငါထွက်လာခဲ့တယ်။ ငါ လေတံခွန်လို လွင့်ပြန်ပြီပေါ့။ နှစ်လတောင်မကြာပါဘူး။ ချိုသဲဆီက ဖုံးလာတယ်။ ငါ့ကို သူ့ ဖုံးနံပါတ်တခုပေးတယ်။ သူ စက်ရုံမှာလဲ အဆင်ပြေတယ်။ နယ်ကလာတဲ့ ကောင်လေး တယောက်နဲ့ လည်း ချိတ်မိပြီတဲ့။ အဲဒီ ကောင်လေးက မလေးရောက်တာ သုံးနှစ်ရှိပြီဆိုတော့ ၀င်ငွေဝင်လမ်း အိုကေနေပြီတဲ့။ လူပျိုလဲ လူပျိုတဲ့။ သူ ထိမ်းထားနိုင်မယ်လို့ ယုံကြည်ရသတဲ့။ ငါ စိတ်ချသွားပြီလေ။ သူ့ကိုလဲ ထပ်ပြီး ဖုံးဆက်မနေတော့ ပါဘူး။
အခု ငါ့ဘ၀မှာ ရည်မှန်းချက်တခုဘဲ ရှိတော့တယ်။ ငါ့ရဲ့ မွေးစားအမေ တနည်းအားဖြင့် ငါ့အဒေါ် စိတ်ချမ်းသာဖို့ ငါ ရရာအလုပ်တခု စွဲစွဲမြဲမြဲ လုပ်ပြီး ငွေရှာမယ်။ သူက စီးပွားကျသလို ကျမ်းမာရေးလဲ သိပ်မကောင်းတော့ဘူး။ ဒါပေမဲ့ ငါ့အပေါ် မိခင်တယောက်လို ချစ်နေဆဲပဲ။ ငါ အကူအညီလိုတိုင်း သူ ပေးနေဆဲပဲ။ သူ့ရဲ့ နေ၀င်ချိန်တွေမှာ ငါ့အတွက် သူ ၀မ်းသာ ပျော်ရွှင်တာကို မြင်ချင်တယ်ဟာ။ ငါအခု ဘရူနိုင်းကုမ္မဏီတခုနဲ့ ချိတ်မိထားပြီ။ ပတ်စ်ပို့ စာအုပ်လဲ ထွက်ပြီ။ အလုပ် ခေါ်စာလဲ ရပြီ။ ငါ့လက်ရှိအသက်ကို ဆယ်နှစ် ငယ်ပြီး လျှောက်ထားတာ။ မလိမ်တတ်တဲ့ ငါ့ဘ၀မှာ ပထမဆုံး လိမ်ညာရခြင်းပေါ့။ မလိမ်ဖို့သာ ခက်တာ၊ လိမ်တယ်ဆိုတာ တအားလွယ်ပါလားလို့ ငါသိလိုက်ရတယ်။ လောလောဆယ်တော့ လစာနည်းတယ်၊ အလုပ်ကြမ်းပေါ့။ နောက်တော့ ငါ့ဂျီတီအိုင် ပညာနဲ့ အလုပ်ကောင်းကောင်း လစာကောင်းကောင်း ပြောင်းရှာရမှာပေါ့။ နောက်လဆိုရင် ဒီက သွားတော့မှာ။ ငါ့ရည်မှန်းချက်က ငါ့အဒေါ်အတွက် ငါတို့မြို့ရဲ့ လမ်းမတန်းမှာ ခြံကျယ်ကျယ်နဲ့ အိမ်ကလေး တလုံး ပြန်ဝယ်ပေးဖို့ဘဲ ။ သူ့ကို ငါ့လက်ထဲမှာဘဲ နောက်ဆုံးထွက်သက်အထိ ငြိမ်းငြိမ်းချမ်းချမ်း သေသွားစေချင်တယ်။ အဲဒီလို ဖြစ်အောင် ငါကြိုးစားမယ်။
*******************************
(အဆုံး ၏ အဆုံး)
အအေးဆိုင်ထဲက ထွက်ခဲ့ပေမဲ့ အင်ကြင်း ရင်ထဲမှာတော့ မအေးမြနိုင်ခဲ့ပါပေ။ ဘုန်းကြီး တစ္ဆေလို ဖြစ်နေတဲ့ ကိုနေ့ကို အင်ကြင်း ဘယ်လို ဖြောင်းဖြ ပြောရမှန်းမသိခဲ့တော့။ သူပြောသလိုဘဲ သူဟာ လူဆိုး သက်သက်ဖြစ်ပြီး လူယုတ်မဟုတ်ဖူး ဆိုတာကို လက်ခံရမလား။ သူ့ကို တည့်မတ်လာအောင် လမ်းပြ သွန်သင်ဖို့လည်း အင်ကြင်းမှာ စကားလုံး မရှိတော့ပါ။ သူပြောသလို တနေ့နေ့တချိန်ချိန်မှာ သူ့ဘ၀မှာ တည်တည်ငြိမ်ငြိမ် ဖြစ်သွားပါစေလို့ ဆုတောင်းရုံမှတပါး .............................။မိုးစက်ပွင့်
ဖတ်သွားပါတယ်...မိုးစက်ပျောက်နေလို့...ခုပြန်အားသွားပြီလား :)
ReplyDeleteစူးနွယ်လေး
အောက်တိုဘာကုန်ထိ မအားသေးဘူး စူးနွယ်ရေ။ ဘလော့လေး ဖုန်တက်နေလို့ ကိုယ်သိတဲ့ အကိုတစ်ယောက်အကြောင်း (ခွင့်တောင်းပြီး) လိုတိုး ပိုလျှော့နဲ့ ဇာတ်လမ်းဖန်တီးကြည့်တာ...။ ပေါ်လိုက်ပျောက်လိုက်တော့ ဖြစ်နေဦးမှာနော် ..........
ReplyDeleteမိုးစက်... လာဖတိသွားပါတယ်။
ReplyDeleteအစ က အဆုံးဖတ်လိုက်တယ်၊ တကယ့်အဖြစ်အပျက်အတိုင်းပဲလို့ထင်နေတာ၊
ReplyDeleteစိတ်မကောင်းဖြစ်ရတယ် ဖတ်ပြီးတော့၊ ဘယ်လိုလဲတော့ မပြောပြတတ်ပါဘူး
ပျော်ရွှင်ပါစေ
မမ အီးတီ- သင့်ခ်ယူပါ :-)
ReplyDeleteဖြိုးဖြိုး - တကယ့်လူ၊ တကယ့် အဖြစ်အပျက်ပါ။ အင်ကြင်းအကြောင်းလေးဘဲ ပြင်ဆင်ထားတာ။ ဖြိုးအတွက်လည်း ပျော်ရွှင်ပါစေလို့ ပြန်ဆုတောင်းပေးလိုက်ပါတယ်။
ဟုတ်တယ် ဒီလိုလူမျိုးတွေ အပြင်မှာတကယ်ရှိတယ်
ReplyDeleteတွေ့ဖူးတယ်...
ကောင်းတယ် ပြောရမလား ဆိုးတယ် ပြောရမလား
မပြောတတ်တော့ပါဘူး
ဇွန်ရေ...
တို့ဘလော့မှာက လင့်ချိတ်ထားပေမဲ့ ပိုစ့်တွေ update မဖြစ်တော့ အသစ်တင်တာမသိရဘူး ဖြစ်နေတယ်
ဒါကြောင့် မရောက်ဖြစ်တာကြာသွားတယ်..
မဖတ်ရသေးတာတွေ တော်တော်များများကို အချိန်ယူပြီး ဖတ်သွားတယ်..
နောက်ကိုတော့ အသစ်တင်တိုင်း ပုံမှန်ရောက်ဖြစ်အောင် ကြိုးစားပါ့မယ်.