“မျိုးနဲ့ရိုးနဲ့ အားနာတဲ့သူ”ဆိုတာ ကျမ ကိုယ့်ကိုယ်ကိုယ် ပြောတာပါ။ ဘာကြောင့် မျိုးရိုးကိုဆွဲထည့်ရတာလဲဆိုတာ ပြောပြပါမယ်။
ကျမအဖေ လူပျိုပေါက်အရွယ်က ပွဲဈေးတန်းမှာ ဗလာဇာတ်ပွဲခေါ်မလား၊ အဲဒါ သွားကြည့်ပါသတဲ့။ ညံ့လိုက်တဲ့ဇာတ်၊ လူပြက်ကလည်းမကောင်း၊ မင်းသမီးကလည်း အဆို အက အလှ ဘာတခုမှ စိတ်ဝင်စားစရာမရှိ၊ ရာသီဥတုကလည်းအေး ဆိုတော့ လူတွေ တဖွဲဖွဲ ထပြန်ကြတာပေါ့။ အဲဒါကို စင်ပေါ်က ဇာတ်အဖွဲ့ကို မျက်နှာပူ၊ အားနာနေတာက ကျမအဖေပါ။ သူပါထပြန်ရင် လူပိုနည်းသွားမှာစိုးလို့ ပေတေပြီး ဇာတ်စင်အောက်မှာ ပုဆိုးခြုံကြည့်ခဲ့ပါသတဲ့။ ဇာတ်က မိုးလင်းတဲ့အထိ ဇွဲမလျော့တမ်း ကသလို အောက်က အံကြိတ်ပြီးအားပေးတဲ့ ပရိသတ်ကတော့ အဖေအပါအ၀င် ဆယ်ယောက် နီးပါးလောက်ပဲ ရှိတော့သတဲ့။
အမေကျတော့ တမျိုးပါ။ ကျမတို့ ခြံစည်းရိုးပါတ်လည်မှာ ကင်ပွန်းချဉ်ပင်တွေ စိုက်ထားပါတယ်။ ကိုယ်လဲစား၊ လာဝယ် လဲရောင်း၊ တောင်းရင်လည်း ပေးပါတယ်။ ဒါတောင်မှ အလစ်မှာ တိတ်တိတ်လေး လာလာခူးတဲ့သူတွေ ရှိသေးသတဲ့။ တနေ့ မနက်စောစော ပြူတင်းပေါက်က လှမ်းကြည့်တော့ လားလား အမျိုးသမီးတယောက်က ကပ်ကြေးတချောင်းနဲ့ ကင်ပွန်း ရွက်နုတွေ အားရပါးရ ညှပ်နေတာကိုး။ မျက်နှာသိတဲ့သူထဲကလည်းဖြစ်၊ ရုတ်တရက်ကြီး ကိုယ့်ကိုမြင်လိုက်ရင် သူရှက်သွားမှာ အမေက အားနာ မိပါတယ်။ ဒါနဲ့ပဲ အိမ်ထဲက ပစ္စည်းတွေကို ဟိုရွှေ့ဒီရွှေ့နဲ့ အသံတော်တော်မည်အောင် လုပ်နေလိုက်ပါသတဲ့။ ဟင်းရွက်ခိုးခူးသူလည်း အချိန်မီ သုတ်ခြေတင်ရောပေါ့။ နောက်ပြီး အမေ မြို့ကပါလာတဲ့ အထည်တွေ ရောင်းရင် ၀ယ်သူတွေက အလကား အလှူပေးနေတယ် ထင်ရအောင် ၀ယ်ကြပါတယ်။ တကယ်လဲ အလကားပေးတာနဲ့ သိပ်မထူးပါ။ ရောင်းသမျှရဲ့ သုံးပုံနှစ်ပုံက အကြွေး၊ အဲဒီအကြွေးရဲ့ တ၀က်ကျော်က ပြန်မဆပ်ကြတော့တာမို့ပါ။
ဒီအဖေအမေက မွေးတဲ့သမီးကျတော့လည်း ဘယ်ခေလိမ့်မတုန်း။ မှတ်မှတ်ရရ တခါတုန်းက ဆွေမျိုးတွေရှိတဲ့ မြစ်ကမ်းနဖူးက မြို့ကလေးတမြို့ကို သူငယ်ချင်းနဲ့ကြုံလို့ အလည်လိုက်သွားပါလေရော။ တည်းတာကတော့ သူငယ်ချင်းအိမ်ပါ။ အဲဒီအချိန်မှာ ဆွေမျိုးအိမ်နှစ်အိမ်က ညစာ ထမင်းစား ဖိတ်ပါတယ်။ အဲဒီ ဆွေမျိုးနှစ်အိမ်က လုံးဝ အစေးမကပ် အခေါ်အပြော မလုပ်ကြ သူတွေပါ။ ကျမ တအိမ်အိမ်ကို ငြင်းလိုက်ရမှာ အလွန်အားနာပါတယ်။ ရက်ခွဲသွားဖို့လည်း အချိန်ကမရှိတော့ နှစ်အိမ် လုံးကို လက်ခံ လိုက်ပါတယ်။ တအိမ်မှာ သွားစားမဲ့အကြောင်းကို နောက်တအိမ်က လုံးဝ မသိစေချင်တာလည်း ပါပါတယ်။ သူငယ်ချင်းက (နင်ဘယ်လိုလုပ်မလဲ) လို့မေးတော့ (တ၀က်စီ စားမယ်ဟာ) လို့ ဖြေလိုက်ပါတယ်။ ဒါနဲ့ပဲ ပထမအိမ်မှာ ခပ်စောစောလေး ထမင်းသွားစားပါတယ်။ ဟင်းတွေ ကတော့ စားချင်စဖွယ်၊ သွားရေယိုစဖွယ်တွေချည်းပါဘဲ။ ဒါပေမဲ့ စိတ်ဆင်ရိုင်းကို ချွန်းနဲ့အုပ်လိုက်ရပါတယ်။ နောက်တပွဲ ကျန်သေးတယ် မဟုတ်လား။ သူငယ်ချင်းကိုလည်း မျက်စပစ်ပြီး သတိပေး လိုက်သေးတယ်။ လျှော့စားမယ်လို့ ဆုံးဖြတ်ထားပေမဲ့ အမျိုးတွေက ထမင်းအုပ်ကိုကိုင်ပြီး ဇွန်းနဲ့ခပ် ထည့်လိုက် ဟင်းခပ်ဇွန်းကြီးနဲ့ ဆီပြန်အသားဟင်းတွေ ထည့်ပေးလိုက်နဲ့ မငြင်းသာ တော့ဘဲ အသားကုန်အုပ်ခဲ့ရပါတော့တယ်။
လိုက်ပွဲ နှစ်ပန်းကန်လောက်အပြီးမှာ မနည်းတားပြီး ရပ်လိုက် ရပါတော့တယ်။ အချိုပွဲဆိုပြီး ငှက်ပြောသီးတွေ၊ ထန်းလျက်တွေ ကျွေးပြန်ပါတယ်။ ထမင်းစားပြီး ဟန်လုပ် စကားပြော နေရပေမဲ့ နောက်တအိမ်ကိုကူးဖို့ နောက်ဆံတင်း နေပါပြီ။ သူငယ်ချင်းရဲ့ အလုပ်ကို ဗန်းပြ ရမယ်ရှာပြီး ထွက်လာခဲ့ရပါတယ်။ နောက်တအိမ်ရဲ့ ထမင်းပွဲကိုကြည့်လိုက်တော့ ပထမအိမ်လိုပဲ အကြီးအကျယ် ချက်ပြုတ် ပြင်ဆင်ထားတာတွေ့ ရပြန်ပါတယ်။ အရင်တုန်းကဆို ဒီလိုထမင်းပွဲမျိုးကို လက်ပန်းပေါက်ခတ်မတတ် ပျော်ရွှင်မိမှာဖြစ်ပေမဲ့ ဒီအချိန်မှာတော့ အံမယ်လေး တ ပြီးသာ ငိုလိုက်ချင်ပါတော့တယ်။ ထမင်းစားပွဲမှာ ထိုင်လိုက်တော့ ဟင်းတွေကိုကြည့်ပြီး အန်ချင် ပျို့ချင် ဖြစ်လာပါတယ်။ ရင်ခံနေလို့ဆိုပြီး ထမင်းနည်းနည်း လျှော့ထည့်တော့လည်း မရပါဘူး။ အစ်မ ၀မ်းကွဲက (မရဘူး မရဘူး၊ နင်အရင်က အစားကြီးတာ ငါသိတယ်) ဆိုပြီး ထပ်ထည့် တပ်ကျွေးလာပါတယ်။ ဗိုက်အင့်နေတဲ့အတွက် ဟင်းတွေကလည်း ပါးစပ်ထဲမှာ အရသာ မတွေ့တော့ဘဲ အမှိုက်တွေ ၀ါးပြီး မျိုချနေရတာနဲ့ တူနေပါတယ်။ စဉ်းစားသာ ကြည့်ကြပါတော့။ ထမင်းစားပွဲမှာ စားပိုးနင့်သေတဲ့ မသာဆိုပြီး နံမည်ကြီး သွားနိုင်တဲ့ အနေအထားပါ။ ဟန်မပျက် စားနေရပေမဲ့ တဖြေးဖြေး စူတင်းလာတဲ့ ဗိုက်ကြောင့် ထိုင်ရတာတောင် အနေခက်လှပါတယ်။ သူငယ်ချင်းအိမ်ရောက်တော့ စားထားသမျှ အားလုံး အန်ထွက်ကုန်ပါလေရော။ လွန်ခဲ့တဲ့ အနှစ် ၂၀လောက်က အဖြစ်အပျက်လေးမို့ အခုပြန်တွေးတော့ ရယ်စရာ ဖြစ်နေပါတယ်။ အားနာမှုလွန်ကဲပြီး မရိုးသားရာတောင် ကျသွားခဲ့သလား မဆိုနိုင်ပါ။ အခုအချိန် ဆိုရင်တော့ အလားတူ ကိစ္စမျိုးကြုံခဲ့ရင် မတူညီတဲ့နည်းလမ်းမျိုးနဲ့ ဖြေရှင်းမိမယ် ထင်ပါတယ်။ ပထမဦးဆုံးအကြိမ် စင်္ကာပူသွားရတော့ လူက စာမေးပွဲပြီးခါစမို့ စိတ်ရော ကိုယ်ပါ ချူံးချူံးကျနေချိန်။ ကျမ်းမာရေးက သိပ် မကောင်းလှဘူး။ ဘော်ဒီဝိတ်က ကီလို၄၀ အောက်ဆိုရင် ယုံနိုင်ပါ့မလား။ အဲဒါကို ၀ိုင်းပေးလိုက်ကြတဲ့ လူကြုံပစ္စည်းတွေ။ မှတ်မှတ်ရရ ကော်ဖီမစ်စ်ထုပ်တွေတောင် ပါတယ်။ အားနာတာနဲ့ အားလုံးကို လက်ခံခဲ့လိုက်တာ ပစ္စည်းဝိတ်တွေများလို့ ကိုယ်သယ်ချင်တဲ့ ကျောက်ပျဉ်ကို ပခုံးဘေးလွယ်အိတ်ထဲ ထည့်ခဲ့ရပါတယ်။ (ကျမက တရက်သနပ်ခါးမလိမ်းရရင် မနေနိုင် တာမို့ပါ၊ တပါတ် လောက်ခရီးဆို ပုလင်းထဲ သနပ်ခါး သွေး ထည့်သွားတာ) အပြန်ကျတော့လည်း သူများလူကြုံပေးတဲ့ စက်ပစ္စည်းက အိတ်စ်ရေး ဖြတ်တော့ လေဆိပ်ရဲက မသင်္ကာလို့ ကျမအိတ်ကြီးကို မြေဖြူခဲခြစ်ခံရသေးတယ်။ တခုခုများလား ဆိုပြီး ရင် တထိတ်ထိတ် စိုးရိမ် လိုက်ရတာ မပြောပါနဲ့တော့။ ပေးလိုက်တဲ့သူက သွေးချိုတိုင်းတဲ့ စက်လို့တော့ ပြောတာဘဲ။ ကိုယ်မှ သေသေချာချာ မသိဘဲလေ။ နောက်ဆုံး လွတ်လွတ်ကင်းကင်း ဖြစ်သွားမှဘဲ သက်ပြင်းချရတော့တာ။
နောက်ပြီး အားမနာတတ်အောင် သင်ပေးခဲ့တဲ့ သူငယ်ချင်း တယောက် အကြောင်း ပြောပြချင်ပါသေးတယ်။ စားသောက်ဆိုင်ထိုင်တိုင်း နောက်သလို ပြောင်သလိုနဲ့ (ဒကာ လာပြီဟေ့)လို့ တယောက်ယောက်ကို ပြောတတ်တယ်။ ၀ိုင်းထဲမှာ စကားပြောရင်လည်း (ဒီဝိုင်းကို နင်ရှင်းမှာ မဟုတ်လား) လို့ သူများကို ချောက်တွန်းသလို မေးတတ်ပါတယ်။ ကျမအပါအ၀င် အခြား အားနာတတ်သူများက (ရပါတယ်) ဆိုတဲ့ စကားလေးနဲ့ သူ့ထောက်ချောက် ထဲကို လည်စင်းပြီး ၀င်ရတော့တာပါဘဲ။ အဲဒါလိုမျိုးကိစ္စက တခါတရံ နောက်ရုံပြောင်ရုံ ကိစ္စမျိုးမဟုတ်ဘဲ အကြိမ်ကြိမ် ဆိုတော့ နောက်ပိုင်းမှာ သည်းမခံချင်ကြတော့ပါ။ တကယ်တော့ အဲဒီအချိန်တုံးက ဘယ်သူမှ ပိုပိုလျှံလျှံ ရှိကြတာမဟုတ်ဘဲ၊ တိုင်းထွာ သုံးကြရ သူချည်းပါဘဲ။ နောက်ပိုင်းတော့ ကျန်တဲ့သူတွေက (ဘာဖြစ်လို့ ရှင်းရမှာလဲ) လို့ သူ့ကိုပြန်ပြီး နောက်သလို ပြောင်သလို တုံ့ပြန် မေးတတ်လာကြတယ်။ အားမနာ တတ်တဲ့သူကို အားမနာမှုနဲ့သာ တုံ့ပြန်သင့်တယ် ဆိုတဲ့ သဘောတရား လေးကို ခပ်ရေးရေး သိလာရပါတယ်။
နိုင်ငံခြားသား (အထူးသဖြင့်) အနောက်တိုင်းသား တော်တော်များများကတော့ ရှင်းပါတယ်။ မဖြစ်နိုင်တဲ့ကိစ္စ၊ သူတို့အတွက် မလွယ်ကူတဲ့ကိစ္စ၊ စိတ်မ၀င်စားတဲ့ကိစ္စ ဆိုရင် ငြင်းလိုက်တာပါဘဲ။ (တယောက်ယောက်က ဖိတ်ထားတာ မဟုတ်ရင်) အဖွဲ့လိုက် အပြင်ထွက် စားရင်လည်း ဘေလ်ယူပြီး အချိုးကျ ခွဲလိုက်တာပဲ။ ရေရှည်ဆက်ဆံရေးမှာ ပွင့်လင်းတိကျ တာက ပိုပြီး အကျိုးများပါတယ်။
ကျမကိုယ်တိုင် ခံရပါများတော့ အားမနာတတ်တဲ့ စိတ်လေး ရှိချင်လာတတ်။ ပွင့်လင်းတဲ့ သူငယ်ချင်းများ၊ မိတ်ဆွေများဆီကနေ လေ့လာ သင်ယူတယ်။ သူတို့လို စိတ်မျိုးလေး တတ်နိုင်သမျှ မွေးမြူကြည့်တယ်။ စမ်းသပ်ကြည့်တယ်။ အောင်မြင်ရင် ကိုယ့်ကိုယ်ကို ချီးကြူးအားပေးမိတယ်။ ဆယ်နှစ်လောက် လေ့ကျင့်ပြီးတဲ့အခါ တော်တော်လေး တိုးတက်လာတာကို တွေ့ရပါတယ်။ တဖြေးဖြေး မလိုလားအပ်တဲ့ အားနာတတ်မှုတွေကို ဖျောက်ပစ်နေပါတယ်။ အခုနောက်ပိုင်း ပစ္စည်းလူကြုံလည်း ယူနိုင်မှ ယူပါတယ်။ မယူနိုင်ရင် အကျိုးအကြောင်းနဲ့ ရှင်းပြပါတယ်။ ကိုယ့်ဆီက ပိုက်ဆံချေးထားရင် အကျိုးသင့် အကြောင်းသင့် ပြန်တောင်း တတ်လာပြီ။ အစကတည်းက စကားခံပြီးမှ ချေးပါတယ်။ ကိုယ်က မချေး နိုင်ရင်လည်း “နိုး”လို့ ငြင်းတတ်လာပါပြီ။ ရထားစီး ကားစီးလို့ အားမနာပါးမနာ ဘေးနားမှာ ဆေးလိပ်သောက်သူ၊ ကွမ်းစားသူ၊ သူများနေရာမှာ အထုပ်တွေ ခြင်းတွေ လာချသူ၊ လုတက် ကျော်တက်သူ တွေကို ထောက်ပြဝေဖန်တတ်တဲ့ အကျင့်လေး တွေလည်း ရှိနေပါပြီ။ ကိုယ့်လွပ်လပ်ခွင့်၊ ကိုယ့် အဆင်ပြေမှုအတွက် မသိတတ်သူတွေကို သိအောင်ပြောပြသင့်တယ်၊ ကိုယ့် ယုံကြည်ချက်အတွက် ကိုယ်ရပ်တည်သင့်တယ် မဟုတ်လား။
ဒါတောင်မှ တချို့ အားနာမှုတွေက ကျန်နေဆဲ။
- တယောက်ယောက်က ဖုန်းအကြာကြီးပြောလာတဲ့အခါ စကားဖြတ်ပစ်ဖို့ အားနာနေသေးတယ်။
- သူများဆီက (လုပ်ငန်းကိစ္စမဟုတ်တဲ့ ကိုယ်ရေးကိုယ်တာ) ငွေပေးငွေယူလုပ်တဲ့အခါ ရေကြည့်ဖို့ အားနာနေသေးတယ်။
- ဈေးဝယ်ရင် ဈေးဆစ်ဖို့ အားနာနေတုန်း။ ( များသောအားဖြင့် တခွန်းဆိုင်တွေမှာ ဈေးဝယ်တယ်၊ ဒါပေမဲ့ အခု တက္ကစီခတွေ များလွန်းလို့ ဈေးဆစ်နေရတယ်)
- စသည် စသည် ( etc., etc. )
တချိန်ထဲမှာဘဲ ကိုယ့်ကြောင့်သူများ ကိုယ်စိတ်နှစ်ပါး အနှောင့်အယှက် မဖြစ်ဖို့ အားနာသင့်တဲ့ အရာတွေကိုတော့ အမြဲပဲ အားနာမိနေအောင် သတိထားနေဆဲပါ။ အထူးသဖြင့် သူများရဲ့ ယဉ်ကျေးမှု၊ ဘာသာရေး၊ လူမှုရေးအားနည်းချက်တွေကို အမှတ်တမဲ့ မထိပါးမိအောင် အပြောအဆို အနေအထိုင် ဆင်ခြင်ပါတယ်။
အားနာလွန်းတော့ “အ”သတဲ့။
အို ...ကျမ အဲလောက်ကြီးတော့ မ“အ”ဘူး ထင်တာပဲ....ထင်တာပါဘဲ။
ကောင်းသထက် ကောင်းအောင်တော့ အမြဲ ကြိုးစားပြုပြင် နေရမှာပေါ့.......နော်...။
မိုးစက်ပွင့်
စာဖတ်ကြည့်တော့
ReplyDelete..အဲလောက်ကြီးမ အ သေးပါဘူးလေ...အဟမ်း..
အားနာလွန်းလို့ ပြောပေးတာနော်..။း)
ဟုတ်ပါတယ်။ မ အ သေးပါဘူး။
ReplyDeleteညလေး ဆက်ကြိုးစားထားနော်။
မမအီးတီ
အားနာလို့ ထမင်း၂ခါစားတဲ့ အဖြစ်ကတော့ ငိုအားထက် ရယ်အားသန်ပဲ။ အမေတို့ရွာကိုသွားလည်ရင်လဲ အဲလိုပဲ။ လည်တဲ့ရက်က နည်းနည်းလေး။ ထမင်းစားဖိတ်တဲ့ အိမ်က ပိုများတော့ သူ့အိမ်တော့စားတယ်၊ ငါ့အိမ်တော့မစားဘူးနဲ့ တော်တော်အားနာရတယ်။
ReplyDeleteဟုတ်တယ်.. တို့လဲ ငယ်ငယ်ကလောက်တော့ အားမနာတော့ဘူး။ တော်တော်များများကို black and white ပြောတတ်နေပြီ။
မမိုး..
ReplyDeleteတအားရေးတတ်တာပဲ။
ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်..း))))။
ပစ္စည်းသယ်တာ လူကြုံပစ္စည်းတွေကို ထားခဲ့ရမှာ အားနာပြီး ကိုယ့်ပစ္စည်းတွေ ထားခဲ့တာ အကြိမ်ကြိမ်း)))
အောင်မငီးဗျာ.....။အားနာလို့များ ဗလာပွဲကို အိပ်ရေးပျက်ခံပြီး ကြည့်ရသတဲ့..။
ReplyDeleteကျွန်တော်လည်း အားနာတတ်တာကို ဖျောက်ဖို့ကြိုးစားနေတုန်း...။
ကိုဆူးရေ...စာအသစ်တွေ မျှော်နေတယ်
ReplyDeleteမမအီးတီ ..အခုတလော မုဒ် ၀င်နေလို့ ပါ ဟိ
တီဆွီ.... တောင့်ထားနော်
လသာညရေ...(ပါးပါးလေးပဲပေးပါ)လို့ ပြောကြည့်ပါလား။ တို့တော့ ပြောတတ်နေပြီ
မောင်လေး ...... အားနာပါးနာတော့ ကြင်ဖေါ် မရွေးမိစေနဲ့ဦး..
မျိုးနဲ့ရိုးနဲ့အားနာတတ်တာကိုလက်ခံပါတယ်။
ReplyDelete