Thursday 24 June 2010

ဘောလုံး နှင့် မိုးစက်ပွင့်

ဘလော့တော်တော်များများမှာ ဘောလုံးအကြောင်း ရေးထားလို့    .... သူငယ်ချင်းတယောက် ခေါက်ဆွဲစားရင်း ဘောလုံးပွဲကြည့်တဲ့ ပို့စ်လေးတစ်ခုကို ဖတ်မိလို့    သဘောကျပြီး ရောရောင်လိုက်ပီး ရေးမိတာပါ။

ခေါင်းစဉ်ကိုကြည့်ပြီး မိုးစက်ပွင့်တို့   အမျိုးသမီးဘောလုံးအသင်းမှာ ပါခဲ့ဘူးသလား၊ မိုးစက်ပွင့်ဆိုတာ အခုတလော ဘောလုံးကန်ဖို့ ကျင့်နေတဲ့ မော်ဒယ်မလေးတွေထဲက တစ်ယောက်ယောက်များလားလို့  မထင်လိုက်ကြပါနဲ့ နော်။  လုံးဝ လုံးဝ မဟုတ်ပါဘူး လို့။  

ငယ်ငယ်ကတော့ အလုံးကလေးတစ်လုံးကို ဟိုဖက်ဆဲ့တစ်ယောက် ဒီဖက်ဆဲ့တစ်ယောက် ၀ိုင်းကန်တာကို ဘာလို့များ လူတွေ သည်းသည်းလှုပ်ကြပါလိမ့်ဆိုတဲ့ စကားလေးတစ်ခွန်းကိုကြားပြီး ထောက်ခံချင်သလိုလို ဖြစ်ခဲ့ဖူးတယ်။  ကိုယ့်မောင်လေး ရွှံ့ထဲရေထဲ မိုးထဲ ဘောလုံးကန်နေရင်လဲ စိတ်ပူ စိတ်တို ခဲ့ရသေးတယ်။  ပထမဆုံး ဘောလုံးနဲ့   ပါတ်သက်ခဲ့ရတာက ကိုယ်တို့   ရွာကလေးက မြို့နယ်ဖလားရခဲ့တဲ့ အချိန်မှာပေါ့။  ဖိုင်နယ်ပွဲစဉ်မှာ ရွာကလူတွေ တော်တော်များများ ကားတွေငှားလိုငှား၊ လှည်းတွေ၊ စက်ဘီးတွေ ရရာနဲ့  မြို့က ဘောလုံးကွင်းမှာ အားပေးကြတာပါ။  မိုးစက်တယောက်လည်း ပါလေရာငပိချက် ဖြစ်ခဲ့ပြီး ပွဲစဉ်တစ်ယောက် အော်လိုက်ရတာ အသံပြာပြီး အသံဝင် မတတ်ပါဘဲ။   ရွာထဲက အဒေါ်ကြီးတွေဆိုရင် ဘောလုံး သမား နာမည်တွေခေါ်ခေါ်ပြီး အားပေးလိုက်ကြတာ ခါးကလုံချည်လျောကျတာတောင် သတိမထားမိခဲ့ပါဘူး။  တကယ်ဆိုရင် တဖက်အသင်းကို နိုင်ဖို့  မလွယ်လှပါဘူး။ တကယ်တော့ တဖက်အသင်းက အချိတ်အဆက်မိမိ အကွက်ချ ကစားနေတာပါ။  ကျမတို့ဘက်က အသင်းကတော့ သန်သန်မာမာ ဖြတ်ဖြတ်လတ်လတ်မို့   တွေ့ရာကြုံရာ ဆွဲကန်ရင်း တဖက်အသင်းရဲ့ အကွက်တွေ ပျက်သွားခဲ့ရတာပါ။  ကိုယ်တို့  ဂိုးသမားကလည်း အရပ်ခြောက်ပေခွဲလောက်ကလန်ကလားနဲ့   သူ့ခြေတံလက်တံကြီးတွေနဲ့   ဘောလုံးကို အမိအရ ဟန့်တားပိတ်ဆို့  နိုင်ခဲ့လို့   နောက်ဆုံးမှာ သောင်းသောင်းဖျဖျ အောင်ပွဲဆင်နိုင်ခဲ့ပါတယ်။   ဆူဖလားကြီးကို တနှစ်တာ လက်ဝယ်ပိုင်ဖို့  သယ်ဆောင်လာရတဲ့ အချိန်မှာ ကြည်နူးပီတိ ခံစားရတာဟာ မဖေါ်ပြတတ်အောင်ပါဘဲ။  ဒီတော့မှ ဘောလုံးပွဲဟာ အလုံးကလေးတစ်ခု ဂိုးတိုင်ပေါက်ထဲဝင်တဲ့အခါ ခံစားရတဲ့ အောင်မြင်မှုအသေးစားကလေးတွေ၊ အဲဒီကနေမှ တပွဲလုံးနိုင်လို့  ပြိုင်ဘက်အပေါ် အနိုင်ယူလိုက်နိုင်တဲ့ အောင်မြင်မှု ကနေရတဲ့   ပီတိတွေ၊ ဒါ့အပြင် အဲဒီ အောင်မြင်မှုက ကိုယ်နဲ့ပဲ သက်ဆိုင်ပါတ်သက်သယောင်ယောင် ကူးစက်ခံစားရတာတွေပါ  ရောနှော ပါဝင်နေတာကို  ကိုယ်တိုင်ခံစားလိုက်ရပါတယ်။  ရွာကိုပြန်ရောက်တော့  အားလုံးက ရက်ပေါင်းများစွာ ကြာတဲ့အထိ ဘောလုံးပွဲ အတွေ့အကြုံကို  တခုတ်တရ ပြောကြဆိုကြ ဖြစ်နေတာကိုလည်း  မှတ်မိပါသေးတယ်။

နောက်တော့ ကွဲပြားစွာ နားလည်လာခဲ့ရတယ်။ တကယ်တော့ အဲဒီ လိမ့်နေတဲ့အလုံးလေးတွေထဲမှာ ကိုယ့်အသင်းအတွက် ပရိသတ်တွေရဲ့ စိတ်ခွန်အားတွေ သတ္တိတွေ ဇွဲမာန်တွေ မျှော်လင့်ချက်တွေ စနစ်တကျ ထုပ်ပိုးထားခဲ့သလိုပါဘဲ။  ဘောလုံးပွဲနဲ့ ၀ါသနာရှင်တွေအပေါ် နားလည်မှု သာ ရှိလာခဲ့ပေမဲ့ ကိုယ်တိုင် စွဲစွဲလမ်းလမ်း ကြိုက်နှစ်သက်တဲ့ အဆင့်ကိုတော့ မရောက်ခဲ့ပါဘူး။

နောက်တကြိမ် ဘောလုံးနဲ့  ပါတ်သက်တာက လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က ကမ္ဘာ့ဖလား ပွဲစဉ်တခုပါ။  ကျမတို့ သူငယ်ချင်းတစုနဲ့  လက်ဖက်ရည်ဆိုင် ထိုင်လေ့ရှိသူက ဘောလုံးဝါသနာရှင်ပါ။  သူက အသင်းတိုင်းရဲ့ ဘောလုံးသမားတိုင်းကို သိနေပါတယ်တဲ့။  သူနောက်တနေ့   စိတ်ဝင်တစား ပြောမဲ့ အကြောင်းအရာတွေကို နားလည်ဖို့ရာအတွက် ညတနာရီ နှစ်နာရီအထိထိုင်ပြီး ကိုယ်စောင့်ပြီး ဘောလုံးပွဲကို ကြည့်ပါတယ်။  ဒီလိုနဲ့ အ၀ါကတ်တွေ အနီကတ်တွေ ပြစ်ဒဏ်ဘောတွေ ထောင့်ကန်ဘောတွေ ဥပဒေသတွေကို နားလည် လာခဲ့ရပါတယ်။  သူ့ကိုနားလည်ဖို့ ကြိုးစားခဲ့ပေမဲ့ သူကတော့ ဒါတွေကို သိခဲ့ပုံ မပေါ်ပါဘူး။  နောက်ဆုံး သူနဲ့   နောက်ဆုံး စိတ်ဝမ်းကွဲခဲ့ရတာလဲ  ဘောလုံးပွဲကြည့်နေရင်း ချိန်းထားတာ မေ့သွားလို့ဆိုတဲ့ ဆင်ခြေတွေကို တခါမက အခါခါ ကြားလာရတဲ့အခါ သူ့ရဲ့အလေးမထားမှုတွေက သိပ်ကို သိသာလာတဲ့အခါ ရင်နာစွာ မေ့ဖို့ကြိုးစားခဲ့ရတာပါဘဲ။

ကိုယ့်ရဲ့ မူပိုင်ရှင်ဖြစ်လာခဲ့တဲ့သူကလည်း တိုက်တိုက်ဆိုင်ဆိုင် ဘောလုံးဝါသနာအိုးတယောက်ပါ။  တောင်ပေါ်မြို့ကလေးမှာ တာဝန်ကျလို့  ကိုယ်တယောက်တည်း နေရတဲ့အခါမှာ သူ့ကို ဖုန်းဆက်လို့   ဘာလုပ်နေလဲလို့  မေးလိုက်တဲ့အခါတိုင်း  ဘောလုံးပွဲရှိတဲ့အချိန်ဆိုရင် သူ ကြည့်နေတာ များပါတယ်။  ကိုယ်လဲ ဘာရမလဲ ဒီဖက်ကနေ တီဗီဖွင့်ပြီး ကြည့်လိုက်တာပေါ့။  ဖုန်းထဲကနေ ”ဟော ဟော ဂိုးတော့မယ်“  ” ဟာ အနီကတ်ထိသွားပြီ“  “ ဆွဲထားတယ် ဆွဲထားတယ်” နဲ့    ပြောရင်းဆိုရင်း အတူတူကြည့်ကြတာပါ။  တခါတခါ တယောက်ထဲဆိုတာ မေ့သွားပြီး ကိုယ့်အနားမှာ သူထိုင်ပြီး ဘောလုံးပွဲကြည့်နေတယ်လို့   ခံစားရတယ်။  အဲ့လို ဘောလုံးပွဲ ကြည့်ခဲ့ရတာ အရမ်းပျော်စရာကောင်းပါတယ်။  

ဒီနှစ် ကမ္ဘာ့ဖလားဘောလုံးပွဲရာသီမှာကတော့  ကိုယ့်မှာ ကြည့်ဖို့  အခွင့်မသာတော့ပါဘူး။  ကြုံလို့ သူပြန်ပြောပြတဲ့ ပွဲစဉ်တွေအကြောင်းကိုပဲ နားထောင်ပေးခဲ့တယ်။  သူ့ဝါသနာလေးက သူ့ကို တယောက်ထဲ အထီးကျန် ဖြစ်မနေစေတာကိုပဲ ၀မ်းသာနေမိတယ်။  ကိုယ်မရှိတဲ့အချိန်တွေမှာ သူ့ကိုအဖေါ်လုပ်ပေးလို့   အရမ်းကို ကျေးဇူးတင်ပါတယ် ဘောလုံးလေးရယ်။

(နောက်ဆုံးတော့ ဒီဘူတာပဲဆိုက်တယ် ...လို့   .....ဆိုဆို)

မိုးစက်ပွင့်

7 comments:

  1. တော်တယ်...ဘောလုံးပွဲစည်းမျဉ်းတွေနားလည်လို့...တို့ကတော့ ဘယ်အသင်းဂိုးလ်ဘယ်နှစ်လုံးသွင်းမလဲ ဒါပဲစောင့်ကြည့်တာ...
    ဘယ်အသင်းအားပေးမလဲဟင်...တူတူအားပေးရအောင်လေ......အာဂျင်တီးနားကို :)

    ReplyDelete
  2. ၀ါသနာမပါတာလည်း စိတ်ချမ်းသာစရာတမျိုးပါပဲ။
း(

    ပုံ
    အီိတလီကြောင့် အသည်းကွဲနေသူ

    ReplyDelete
  3. This comment has been removed by the author.

    ReplyDelete
  4. အီးတီ25 June 2010 at 01:33

    မိုးစက်...မှတ်မိပါသေးတယ်။ ကျမတို့ တတွေ ဌာနမှာ ဘောလုံးရူး ကြတာလေ။ အိမ်ကိုစောစောပြန်ကြ၊ နောက်နေ့ ငြင်းကြခုန်ကြ၊...

    ReplyDelete
  5. သူ့ဝါသနာလေးက သူ့ကို တယောက်ထဲ အထီးကျန် ဖြစ်မနေစေတာကိုပဲ ၀မ်းသာနေမိတယ်.. တဲ့။
    ချစ်စရာကောင်းလိုက်တဲ့ အတွေးလေးပဲ။

    ReplyDelete
  6. စူးနွယ် - ကောင်းတယ် ဒါဆိုတို့လဲ အာဂျင်တီးနားကိုပဲ အားပေးမယ်၊ (စူးနွယ် အားပေးရင် နိုင်တတ်တယ် ဆိုလို့) ဖလားရရင် ဘလော့မှာ အောင်ပွဲခံရအောင်....
    မွန်ရေ - ကြုံဖူးလို့ ကိုယ်ချင်းစာပါတယ် (အာဆီယံဖလားမှာ မြန်မာရှူံးတုံးက)
    မမအီးတီ - သတိရပါ့၊ အဲဒီနှစ်က ဘရာဇီး ချန်ပီယံလေ...
    မမိုးချို - နှစ်သက်တယ်ဆိုလို့ ၀မ်းသာမိပါတယ်....

    ReplyDelete
  7. အားပေးရင် နိုင်တတ်တယ်ဆိုတာ လက်ခံတယ်၊
    စိတ်ဓါတ်အင်အားပေါ့၊

    ဘောလုံးပွဲကြည့်နေတုန်းတော့ မိုးစက်ကို သတိယမှာ မဟုတ်ဘူးနော်၊ (စတာ၊ မငိုနဲ့)။

    ReplyDelete

ပဲ့တင်သံလေးတွေ .......