သူမ မွေးစကတည်းက ပါးပြင်အစပ် နှုတ်ခမ်းထောင့်မှာ မှဲ့နက်သေးသေးလေး တလုံးပါလာခဲ့သည်။ နှမ်းစေ့အရွယ်လောက်ရှိပြီး စက္ကူတရွက်စာ အထူလောက်တော့ အသားပေါ်မှာ ကြွနေမည်ထင်သည်။ ကျောင်းစတက်တော့ အတန်းပိုင် ဆရာမက သူမကို “မှဲ့စံပယ်”လို့ ချစ်စနိုးခေါ်သည်။ ဆွေမျိုးတွေက နှုတ်ခမ်းဖျားမှာ မှဲ့ကလေးရှိတာမို့ “အစားကောင်းကောင်း ကြိုက်မဲ့ကလေး” လို့ ထောပနာ ပြုကြသည်။
မှဲ့ကလေးက သူမအသက်အရွယ်နဲ့အမျှ ကြီး ကြီးလာသည်။ မှန်ကြည့်တိုင်း မှဲ့ကလေးကို ဂရုတစိုက် ကြည့်မိသည်။ လူတွေက သူမကို မှဲ့ကလေးနဲ့ တွဲသိနေကြတာမို့ ကိုယ်ပိုင် trademark ဖြစ်နေသည်ကိုး။ ဆယ်နှစ်သမီးအရွယ်လောက်မှာ အဖိုးလေး ၀မ်းကွဲ တော်သူတယောက်က “ မိန်းကလေးဆိုတာ ပြစ်မျိုးမှဲ့ မထင်ရဘူး၊ ဆူးနဲ့ထွင်ပစ်လိုက် ”တဲ့။ တော်တော် အယူသည်းတဲ့ ဘကြီး။ တကယ်တော့ သူက တချိန်တခါမှာ အာဏာစက် ပြင်းခဲ့တဲ့ သူကြီးဟောင်းပါ။ သူ့ရွာမှာ မူးယစ် ရမ်းကားသူမရှိ။ အုတ်လမ်းပေါ် ခုံဖိနပ်သံကျယ်ကျယ်မလျှောက်ရ။ သီချင်း အော်မဆိုရ။ မိန်းကလေးတွေ လက်ပြတ်အကျီင်္ မ၀တ်ရ၊ အော်ကြီးဟစ်ကျယ်မရယ်ရ။ အဲလို ကန့်သတ်တတ်သူ ဆိုတော့ စဉ်းစားကြည့်ပါတော့။ သူမကတော့ မှဲ့ဟာ မွေးရာပါ အပြစ်တခုအနေနဲ့ ပြောတာ လက်မခံနိုင်ပါ။ ဒီဘကြီးနဲ့ နောင်မတွေ့အောင် ရှောင်နေလိုက်ရုံသာ။ သူငယ်ချင်းတွေထဲက မှဲ့ဖျက်နည်း ဆေးမြီးတို ညွှန်းကြတဲ့အခါတိုင်း “ဟင့်အင်း- ဒီမှဲ့ကို မဖျက်ပါဘူး” လို့ ပြန်ပြောနေကျ။ တချို့သူငယ်ချင်းတွေကကျတော့လည်း ရယ်ရတယ်။ “မဖျက်လိုက်နဲ့နော်။ မှဲ့မရှိရင် နင့်ကိုမခင်တော့ဘူး” တဲ့။
မှတ်ပုံတင်လုပ်တော့ မှဲ့ကလေးက သူမရဲ့ “ထင်ရှားသည့်အမှတ်အသား” ဖြစ်လာသည်။ ကိုယ့်ရဲ့ တရားဝင်ရပ်တည်မှုနဲ့ ဆက်စပ်နေတဲ့ ဒီအစိတ်အပိုင်းကလေးကို ခွဲခွာပစ်လိုက်ဖို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ပါဘူး။
သူမတက္ကသိုလ်တက်တော့ မှဲ့ကလေးက ပဲစေ့သေးသေးလေးလောက် ဖြစ်လာပြီး အသားပေါ်မှာ ခုံးထလာသည်။ အမွေးကလေးနှစ်ပင် သုံးပင် ပေါက်လာသည်။ ဒီအတိုင်း ထားလိုက်တာပါပဲ။ အမွေးကလေးတွေက ကွေးညွှတ်ပြီး နှုတ်ခမ်းစပ်အထိ လာလာထိနေကြတော့ သတိရတဲ့အခါ နည်းနည်း တိပေးလိုက်သည်။ ခင်တဲ့ ကျူတာမမ မသန္တာက “ညီမလေး မှဲ့က အမွေးလေးတွေက ကြောင်ကလေးနဲ့ တူစေတယ်။ ညှပ်ပစ်လိုက်နော် ” တဲ့။ စေတနာနဲ့ ပြောလာတယ်လို့ ခံစားမိလို့ ပိုပြီး တိုတိုတိတိ ညှပ်လိုက်ပေမဲ့ အရင်းနား ထိတော့ ကပ်ပြီးမညှပ်ရဲ။ မတော်ရင် မှဲ့ကလေးကို ထိခိုက်ပြီး သွေးထွက်သွားနိုင်လို့ ပါ။
အရွယ်လေးရလာတော့ ဗဟုသုတလေးတွေနဲ့ “မှဲ့ကင်ဆာ” ဆိုတာ ကြားဖူးလာသည်။ အသိမိတ်ဆွေ ဆရာဝန်တွေက ဂရုတစိုက် မေးဖူးသည်။ ကြီးလာသလား၊ ယားသလား၊ နာသလား၊ သွေးထွက်တတ်သလား ပေါ့လေ။ သူ့ရဲ့ အရွယ်ကြီး လာတာတော့ အမှန်ပါပဲ။ ကျန်တဲ့ ခံစားမှုတွေကတော့ မဖြစ်ပါဘူးပေါ့။ ကိုယ့်ရဲ့ အမှတ်အသားလေးမို့ တတ်နိုင်သမျှ ဖက်တွယ် ထားချင်နေသည်။ ရုပ်ဆိုးလောက်အောင် ကြီးနေတာလည်းမဟုတ်လို့ ဖျက်မပစ်ချင်တာပါ။
ရေဒီယိုက “ကျမရဲ့ပါးပြင် xxx ထင်ရှားတဲ့စံပယ်တင် xxx ယဉ်ပါသော်ကောရှင့်” ဆိုတဲ့သီချင်းကိုကြားရင် သဘောကိုကျလို့။ စင်ဒီကရောဖို့ပါးက မှဲ့ရော၊ မို့မို့မြင့်အောင်နဲ့ ထွန်းအိန္ဒြာဗိုရဲ့ မေးဖျားကမှဲ့တွေရော အမျိုးစပ်ပစ်လိုက်မိသေးတယ်။ နောက်ပြီး မှဲ့အဟောကျမ်းတွေကို တွေ့ရင်လည်း ကိုယ့်မှဲ့နေရာကိုရှာပြီး ရှေ့ဖြစ်နောက်ဖြစ် ဖတ်မိပါသေးရဲ့။
မှတ်မှတ်ရရ တခါက သူတို့ဖာသာ စိတ်ကူးဖဲရိုက်နေတဲ့ ယောကျာ်းလေးရှင်မိဘအသိုင်းအ၀ိုင်းက သူမရဲ့ ဒီမှဲ့ကို မျက်ရည်စီးဆင်းရာ လမ်းကြောင်းမှာ ရှိသမို့ “မျက်ရည်ခံမှဲ့” တဲ့လေ။ မုဆိုးမ ဖြစ်တတ်တယ်တဲ့။ သူတို့သားကို “ခိုက်”မှာ စိုးသတဲ့။ ဒီလို အယူသည်းမှုမျိုးကို သူမကတော့ ရယ်နေလိုက်ပါတယ်။ ဒါဆို မုဆိုးမတိုင်း မျက်ရည်ခံမှဲ့ ရှိကြလို့လား လို့ ပြန်မေးလိုက် ချင်ပါရဲ့။ ဒီကိစ္စကြောင့် ထူးထူးခြားခြား စိတ်မပျက်ခဲ့မိပါဘူး။
-----------------------------------------
ဒီလပိုင်းတွေအတွင်း ယောက္ခမ မေမေက အသည်းကင်ဆာ ဝေဒနာသည် ဖြစ်လာတော့ သူမအနေနဲ့ ဆေးရုံ ဆေးခန်း ဆရာဝန်တွေနဲ့ လွန်းပျံယာဉ်လို ကူးချည်သန်းချည် ကောင်းကောင်း ထိတွေ့ဆက်ဆံရတော့တာ။ ကင်ဆာ၊ ကင်ဆာ၊ ကင်ဆာ။ ကင်ဆာနဲ့ ရင်ဆိုင် တိုက်ပွဲဟာ အထိအခိုက် အဆုံးအရှုံးများသလောက် အနိုင်ရဖို့ တော်တော်ခက်ခဲမှန်း သိလိုက်ရပါတယ်။ အို ကြောက်လိုက်တာကွယ်။
မေမေ့ကို ပုံမှန်ကြည့်ပေးနေတဲ့ ဆရာကြီးက ခွဲစိတ်နဲ့ ကင်ဆာ ပါရဂူ တဲ့။ ထူးထူးခြားခြား ပါရဂူဘွဲ့နှစ်မျိုးကို ပိုင်ဆိုင်ထားတဲ့သူ။ မောက်မာခြင်းကင်းပြီး တည်ကြည်အေးဆေးတဲ့သူ။ တရက်မှာတော့ သူမကိုစိုက်ကြည့်ပြီး သူက မထင်မှတ်တဲ့ စကားတခုကို ပြောလိုက်သည်။ “သမီးရဲ့ပါးက မှဲ့အရောင် ( pigmentation ) ရင့်လွန်းတယ်၊ ဆရာ တွေ့စထဲက သတိထားမိနေတာ၊ စိတ်ချရအောင် ခွဲထုတ်လိုက်ပါလား၊ ပြီးမှ biopsy ယူလိုက်” တဲ့။ စကားအပိုမပြောတတ်တဲ့ သူတယောက်မို့ အလေးအနက်ထားပြောတာ သေချာပါတယ်။ သူမ စိတ်ပူပင်ခဲ့ရပါပြီ။ ကင်ဆာဆိုတာ တိတ်တိတ်ကလေး ပုန်းရာကနေ ပေါ်လာတတ်တာမျိုးဆိုတာ လက်တွေ့ သိပြီးတဲ့နောက်မှာတော့ မပေါ့ဆရဲတော့ပြီ။
စားစားသွားသွား ဒီစိတ်က ဖိစီးလို့နေသည်။ ပါးဆိုရင် ဦးနှောက်နဲ့ နီးတာမို့ ဖြစ်ရင် မြန်မြန်ကိစ္စပြတ်မှာဘဲ လို့လည်း ထင်သည်။ အင်တာနက်မှာ ရှာကြည့်သည်။ နေဦး- ဘာ keyword နဲ့ရှာရပါ့။ mole cancer/cancerous mole/ dangerous mole စသဖြင့်ရှာမိသည်. တွေ့တဲ့ဆောင်းပါးတွေက သိပ်နည်းလွန်းသည်။ နောက်ပြီး နေရောင်ခြည် ခံတာများလို့ အရေပြားကင်ဆာ ဖြစ်လာတာနဲ့ပဲ ဆက်စပ်ရေးထားကြတာ တွေ့ရသည်။ မွေးရာပါမှဲ့အကြောင်း သိပ်မတွေ့မိ။
ပါးပြင်မှာမဟုတ်ဘဲ တခြား ခြေတို့ လက်တို့ ကျောတို့သာဆိုရင် ခွဲစိတ်ဖို့ကို ဒီလောက် စဉ်းစားမိမှာ မဟုတ်ဘူးလို့ ထင်သည်။ ငါ့အမှတ်အသား ပျောက်သွားရင် ငါဟာ ငါမဟုတ်တော့ဘူးပေါ့လို့ ခပ်ပေါပေါ တွေးမိသေးသည်။ surgeon တွေ ဓါးသိပ်ထက်သည်။ ဓါးသိပ်စမ်းချင်သည်။ လူတွေ့ရင် ရောဂါနည်းနည်းတွေ့ရင် ခွဲချင် စိတ်ချင် ဖြတ်ချင် တောက်ချင်တာ အလွန်ဘဲ ဆိုတဲ့ ကြားဖူးနားဝတွေကို သတိရပြီး ဒီတိုင်းထားလိုက်ရမလား လို့လည်းစဉ်းစားမိသေးသည်။ တဖက်ကလည်း မိုးမပြိုဘူး ပြိုခဲ့သော် ဆိုတဲ့အတွေးက ချောက်လှန့်နေသည်။
ဒီလိုနဲ့ ညတော်တော်များများ အိပ်မပျော်နိုင် တလူးလူး တလွန့်လွန့်နဲ့ အချိန်တွေကုန်ခဲ့ရပြန်သည်။ အိပ်ပျော် သွားပြီးတဲ့နောက်မှာလည်း နောက်ဆက်တွဲ အိမ်မက်ဆိုးတွေက နှိပ်စက်လာပြန်တယ်။ သူမပါးမှာ ကြက်ဥလောက် အပေါက်ကြီးဖြစ်သွားလို့ တဲ့။ ခက်ပြီ။ ဥပါဒါန်ကြောင့် ဥပါဒ်ရောက်ရတော့မယ် ထင်ပါရဲ့။
--------------------------------------
မိုးလင်းလင်းချင်း လုပ်နေကျအတိုင်း မှန်တင်ခုံက မှန်ကိုကြည့်မိသည်။
အို- ဘာပဲဖြစ်ဖြစ် ခွဲပစ်လိုက်တာပဲ ကောင်းပါတယ်။ သူလဲ အူအတက်လိုဘဲ အပိုပစ္စည်းတခုဘဲလေ။ မြင်နေကျမှဲ့ကလေးက ခါတိုင်းလို ကိုယ့်စိတ်မှာ နှစ်သက်စရာကောင်းမနေဘဲ အကြမ်းဖက်သမားလက်ထဲက အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ ဗုံးတလုံးလို မြင်နေမိသည်။ သြော်- လူ့စိတ်များ ပြောင်းလဲတတ်ပုံ။
ဘာပဲပြောပြော လူသာမာန်တွေဟာ ကိုယ့်အသက်ကိုတော့ ကိုယ် အခင်တွယ်ဆုံးဘဲ မဟုတ်လား။
မိုးစက်ပွင့်
( လောလောဆယ် ဇန်န၀ါရီ ၁၄ရက်နေ့ ရက်ချိန်းယူထားပါတယ်၊ ခွဲပြီးရင် အတွေ့အကြုံလေးကို နောက်ဆက်တွဲ တင်ပါဦးမယ်)
မမိုးစက်ပွင့်.... မှဲ့လေးကို ဖယ်လိုက်တော့ မလို့လား။ ခွဲစိတ်တာ အစစ အရာရာ အဆင်ပြေပါစေရှင်။ ဆုတောင်းပေးမယ်နော်။ ရို့စ်လည်း မျက်ရည်ခံမှဲ့ ရှိတယ်။ ညာဘက် မျက်လုံး အောက်တည့်တည့်မှာ။ ရို့စ် မှဲ့ကတော့ အရှင် မပာုတ်ဘူး။ လူတွေက ရို့စ်ကိုလည်း ပြောကြတာပဲ။ မျက်ရည်ခံမှဲ့ မို့ ခွဲဖယ်ပစ်လိုက်လို့။ ကိုယ့်အတွက် အန္တရာယ်လည်း မရှိတော့ ရို့စ်ကတော့ မဖယ်ပစ်ဘူး။ အစ်မလိုပဲ... ကိုယ်လည်း ကိုယ့်မှဲ့လေးကို ချစ်တယ်။
ReplyDeleteခွဲစိတ်မှု အောင်မြင် အဆင်ပြေပါစေဗျာ.....
ReplyDeleteချစ်ပေမဲ့ စိတ်ထဲကသိကအောင့် ဖြစ်နေရမယ် ဆိုရင် မထားသင့်ပါဘူး။ တတ်ကျွမ်းတဲ့လူတွေ အကြံဥာဏ်ကိုယူပြီး ခုလို လုပ်တာ မှန်ပါတယ်။ လူကို ချစ်ခင်တာဟာ အပေါ်ယံ အရေပြားတထောက်စာ မက ရင်ထဲက စိတ်ရင်းကို ချစ်ကြတာပါ။ အစစ အဆင်ပြေပါစေနော်..
ReplyDeleteနောင်လဲ စာလာဖတ်ပါရစေ။
အင်းနော် တခါတလေတော့ကိုယ်က လှမယ်ထင်တဲ့ အရာတွေက ကိုယ့်အတွက် အန္တရာယ်လဲ ဖြစ်စေနိုင်သေးတာဘဲနော်..ကင်ဆာဆိုတဲ့ အရာကြီးကို တွေးပြီးကြောက်ရတဲ့ ဒုက္ခကလည်း မသေးဘူးနော်..
ReplyDeleteတို့မှာလည်း အကျိတ်လေးတွေ ရှိတာ ကင်ဆာကျိတ်ဖြစ်မလား ပူလိုက်ရတာ ခွဲပြီးတော့ biopsy လုပ်တော့မှ ရိုးရိုး အကျိတ်ဖြစ်နေတာ
တော်ပါသေးတယ်..
ခွဲစိတ်တာ အဆင်ပြေပါစေနော်.. အတွေ့အကြုံလေး စောင့်ဖတ်မယ်
နှစ်သစ်မှာ ပျော်ရွှင် ချမ်းမြေ့ပါစေ။
ခွဲစိတ်တာအောင်မြင်တဲ့အပြင်ခွဲစိတ်ပြီးလည်းကျန်းမာပါစေရှင်း
ReplyDeleteမိုးလည်းမှဲ့ တွေက နည်းနည်းကြီးလာတာသတိထားမိပါတယ်။ ဒါပေမဲ့ ဂရုမစိုက်နိုင်သေးဖူးလေ။
သာယာချမ်းမြေ့ပါစေရှင်း
မိုး
ဆုတောင်းပေးကြတဲ့ သူငယ်ချင်းအားလုံး ( ရို့စ်၊ မောင်လေး၊ မမိုးချို၊ ချော နဲ့ မိုး) တို့ကို ကျေးဇူးပါနော်.... နှစ်သစ်မှာ ပျော်ရွှင်ကြပါစေလို့ (ပို့စ်ရေးတုန်းက မေ့သွားလို့) ထပ်မံဆုတောင်းပေးလိုက်ပါတယ်.......
ReplyDeleteမိုးစက် ခွဲလိုက်တာကောင်းပါတယ်။ ဒီမှာတော့ အရေပြားအထူးကုတွေဆီမှာ
ReplyDelete၆ လတခါ၊ ၁နှစ်တခါစစ်ကြတယ်။ မှဲ့ လေးတွေ အရောင်ပြောင်းလာတာတို့ ၊
အရွယ်ပြောင်းလာတာတို့  ဆို ခွဲထုတ်လိုက်ပါတယ်။ ကျမလည်း ဒီလထဲသွားစစ်ရအုံးမယ်။
အစစ အဆင်ပြေပါစေ။
ဟုတ်.... မမအီးတီလည်း အဆင်ပြေပါစေ...လို့ ဆုတောင်းပါတယ်။
ReplyDeleteခွဲစိတ်တာ အဆင်ပြေပါစေ။ အဲဒီမှဲ့ကို ထင်ရှားတဲ့အမှတ်အသားမှာ ထည့်ထားသလားအမ။
ReplyDeleteကျနော့်အမကျတော့ မျက်ရည်ခံမှဲ့ ဆိုပီး ခွဲတာ အသက်၂၀ လောက်က အမာရွတ် နည်းနည်းလေးကျန်သယောင်ရှိတယ် ၂၅ လောက်ကျအဲနေရာမှာ မှဲ့လေး ပြန်ပေါ်လာတယ်သေးသေးလေးပေါ့ .. အရင်ကလောက်တော့မရှိဘူး ဒါမယ့်မှဲ့ ပါပဲ
ReplyDeleteအောက်ဘက် မျက်ရိုးနား..ပါးပေါ်မရောက်တရောက်မှာ မှဲ့နီလေးရှိတယ်။
ReplyDeleteရုတ်တရက်ကြည့်ရင်ဝက်ခြံလိုလိုနဲ့။ အရောင်လဲမပြောင်း ဘယ်လိုမှမနေလို့ ဒီတိုင်းထားထားတယ်။
mm
ဇီဇ၀ါ ...ဟုတ်ပါတယ်၊ လ၀ကနဲ့ အချင်းများကြရတော့မယ် ထင်ပါ့
ReplyDeleteVista.... အဲလို ပြန်ထွက်တတ်တဲ့အကြောင်း ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါဦးမယ်၊ ကျေးဇူး။
mm..... အရောင်နဲ့ အရွယ်မပြောင်းရင် စိတ်ချရတဲ့သဘော ရှိပါတယ်။ ယားတဲ့ နာတဲ့ ခံစားချက်ရှိလာခဲ့ရင်လည်း စစ်ဆေးလိုက်ပါနော်..
မိုးစက်..
ReplyDeleteခွဲစိတ်မှုအောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်..။
စိတ်အေးအေးနေရတာက ပိုကောင်းမှာပါ..။
ဘယ်လောက်ဘဲ ခင်တွယ်နေပါစေ..မိမိခန္ဓာကိုယ်က တစ်သျူးစလေးတခုက ကိုယ့်ကို ဒုက္ခပြန်ပေးနိုင်တယ်ဆိုတဲ့ အသိတရားလေးတခု မိုးစက်ဆီက ရလိုက်ပါတယ်..။
မှဲ့ မရှိတော့လို့  လ၀က တွေက ပြည်ဝင်ခွင့်မပေးဘူးဆိုရင် တက်တူး ထိုးပစ်လိုက်..မမိုးချိုသင်းကကျွမ်းတယ်.း)
ကျမလဲ မှဲ့ကလေး အရောင်ပြောင်းပြောင်းသွားဆရာဝန်နဲ့ပြမှရတော့မယ
ReplyDelete