Monday, 5 March 2012

ငယ်နာမည် ကြက်ကြီး၊ အခုတော့ ချက်ကြီး


 မိုးစက်တို့ တက္ကသိုလ် တက်စဉ်ကဆို မိန်းကလေးတွေက ရှပ်အကျီင်္ဖားဖားကြီးဝတ်၊ လုံချည်တိုတို၊ ဆံပင်ဖားလျားချပြီး လွယ်အိတ်အမွေးပွကြီးတွေကို ကျော်သူထုံးလို့ခေါ်တဲ့ အဖုထုံးပြီး ကျောင်းတက်ကြတာပေါ့ ။  အဲဒီတုန်းက ကြားဖူးနားဝရှိခဲ့တဲ့ ကံ့ကော်တောပုံပြင်တွေထဲမှာ အချစ်ပုံပြင်၊ ဟာသပုံပြင်၊ အသည်းကွဲပုံပြင်တွေအပြင် စာကျက်လွန်းလို့ ၊ စိတ်ဖိစီးမှုများလွန်းလို့ စိတ္တဇဝေဒနာဖြစ်သွားခဲ့တဲ့ ဖြစ်ရပ်မှန်ပုံပြင်တွေလည်း အများကြီးပင်။  ဘယ်တုန်းက ဘယ်အဆောင်က ကျောင်းသူလေးက စာမေးပွဲနီးတော့ စိတ်ကြောင်ပြီး အပေါ်ထပ်ကနေ ခုန်ချသွားတာတဲ့။  ဘယ်တက္ကသိုလ်က ကျောင်းသားကတော့  ဆရာတွေကို တယောက်ပြီးတယောက် လိုက်တွေ့ပြီး  ကျွန်တော် အိပ်ချင်တယ်၊ အိပ်ပါရစေလို့ တတွတ်တွတ် လိုက်ပြောနေတော့သတဲ့ စသဖြင့် စသဖြင့် ပြောမဆုံးပေါင် တောသုံးတောင်။  အဲဒီအထဲမှာ ကိုယ်တိုင်ဇာတ်လိုက်ကျော် တယောက်မဖြစ်လိုက်ရတာ အတော်ကံကောင်းသည်ဟု ဆိုချင်ပါသည်။ ဘာကြောင့်လဲဆိုတော့ မိုးစက်တယောက် ကိုယ့်ကိုယ်ကိုယ် ကြိမ်တို့ပြီး အသေအလဲ စာကျက်ခဲ့ရလို့ပါဘဲ။

ငယ်စဉ်ကစပြီး အတွက်အချက် ၀ါသနာထုံသော်လည်း ဆယ်တန်းရမှတ် အခြေအနေအရ ကျက်စာသီးသီးသာရှိသော ဘာသာရပ်အားလုံးကို အင်္ဂလိပ်လိုသာ ပို့ချသင်အံလေ့ရှိသော အထူးပြုဘာသာရပ်ကို ယူဖြစ်ခဲ့သည်။ စာကျက် တကယ်ပျင်းသော်လည်း  ယောင်တောင်ပေါင်တောင်နဲ့ တော်တော်လေး စာကျက်ဖြစ်ခဲ့သည်။  ကိုယ့်သူငယ်ချင်း အချင်းချင်း တွေ့ရင် အရင်ဆုံးမေးဖြစ်တဲ့ စကားက ... “နင်ညက ကျက် ဖြစ်သေးလားဟင်”  ...လို့-ပေါ့။  နောက်တတ်တဲ့ သူငယ်ချင်းတယောက်က “ ဟင့်အင်း၊ ကြက်မဖြစ်ပါဘူး -  ငါ လုံးဝ ကြက်မဖြစ်ခဲ့ပါဘူးဟာ” ဆိုပြီး ပြာပြာသလဲ ငြင်းနေလို့ အားလုံး တသောသော ရယ်ကြရသေးသည်။ အဲဒီကစပြီး စာကျက်သန်သူတွေကို စာကြမ်းပိုးလို့ မခေါ်ဘဲ “ကြက်ကြီး” လို့ နာမည်ပြောင် ပေးခဲ့ကြသည်။ 
photo credit
မိုးစက်တယောက် စာ အသည်းအသန်ကျက်ရတဲ့ အကြောင်းရင်းသုံးခု ရှိပါသည်။ အမှတ်စဉ်တစ်က  မှတ်ဥာဏ်အားနည်းတာဖြစ်သည်။  သူများတွေ တနာရီကျက်ရတဲ့စာကို ကိုယ်က နှစ်နာရီကျက်ရသည် ဟုထင်သည်။  တခါကျက်ပြီးရင်လည်း မမှတ်မိတတ်။  နောက်တချက်က  အောင်စာရင်းထွက်လို့မှ လူရိုသေ ရှင်ရိုသေ ဂုဏ်ထူးကလေးတခုနှစ်ခု မပါမဖြစ် ပါရလေအောင်ရည်မှန်းချက် ချထားလို့ဖြစ်သည်။  နောက်ဆုံးအချက်က စာခိုးချဖို့ သတ္တိရော အရည်အချင်းပါ မရှိလို့ဖြစ်သည်။  အခုအချိန်ပြန်တွေးတော့ ကျောင်းသက်တလျောက်လုံး စာမခိုးချဖူးခဲ့ပါလားလို့ ကြံဖန်ပီတိဖြစ်ရသည်။

မှတ်မှတ်ရရ ပထမနှစ် ကျူတိုရီယယ်ဖြေတော့ အိမ်က ကျက်လာခဲ့တဲ့ စာက သိပ်မကြေ။  ပထမ တပိုဒ်လောက်ရေးပြီး မေ့နေသည်။  ခေါင်းကိုကုတ်သည်- မထွက်။  မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်သည်  - လုံးဝမပေါ်။ ခက်ချေပြီ။  ဘေးနားက သူငယ်ချင်းကို  တီးတိုးမေးလိုက်သည်။ “ဟဲ့- လဲ့နွယ်၊  ဒုတိယပိုဒ်အစက ဘာလဲဟင်”  သူက တခုခုကို ရွတ်ပြသည်။  မကြားရသဖြင့် ထပ်မေးလိုက်သည်။ သူက ထပ်ရွတ်ပြပြန်သည်။  မသဲကွဲပြန်ပါချေ။  သုံးလေးခါ လောက်ကျတော့ သူလည်း စိတ်မရှည်တော့။ ကိုယ်လည်း အားနာပြီး ထပ်မမေးဖြစ်တော့။  တကယ်တော့ သူငယ်ချင်းက သူ့ ခြောက်မြှောင့်ပုံစံ ရာဘာဘောပင်မှာ ကွန်ပါချွန်နဲ့ စာလုံးသေးသေးလေးတွေ အတန်းလိုက်ရေးထားပြီး အဲဒါဘောပင်ကလေးကို လှည့်လှည့်ပြီး တပုဒ်လုံး အထစ်အငေါ့မရှိ ပိပိယိယိ ဖြေသွားနိုင်သူပါ။  ဒါနဲ့ သူက ကျွန်မကို လက်ဖျားခါလေသည်။  နင်အဲ့လောက် တုံးတာ၊ နင်နဲ့သာ အတူတူ ခိုးစားရင် ငါ ထောင်ခဏခဏ ကျမှာပဲ- တဲ့။

ပြောရရင် မိုးစက်တို့အုပ်စုထဲက “မှန်ကြောင်လေး” လို့ နာမည်ပြောင်ရထားတဲ့ သူငယ်ချင်းတယောက်က တတန်းလုံးမှာ ပထမ ရတဲ့အထိ အစွမ်းပြနိုင်သူ။  စာမှန်မှန် ကျက်သူ။  မိုးစက် အဆောင်က အခန်းဖေါ်ကလည်း မနက်လေးနာရီကနေစပြီး   သူနဲ့ကိုယ်ကြားက လိုက်ကာကလေး တခုကို ဆွဲကာပြီး သူ့ကုတင်ပေါ် တင်ပလ္လင်ခွေကာ တနေ့သင်သမျှ စာအားလုံး တနေ့အပြတ်ကျက်တတ်တဲ့သူ ဆိုတော့ .....အင်း- မလွယ်ပါလားနော်။  သူ့လောက် မကျက်နိုင်ပေမဲ့  ကိုယ်နဲ့ တတန်းတည်းသားရဲ့ စာကျက်သံကို လျစ်လျှူရှုကာ စောင်ခေါင်းမြီးခြုံပြီး အိပ်နေရ လောက်အောင်လည်း အသည်းမမာနိုင်ပါပေ။  အင်း-အဲ ညည်းညူပြီး ငါးနာရီခွဲ၊ ခြောက်နာရီလောက်ဆို စာစဖတ်ဖြစ်တော့သည်။  ဒီတော့လည်း အခန်းဖေါ်က ကြက်ကြီးစီနီယာဆိုရင် မိုးစက်က ကြက်ကြီးဂျူနီယာ ဖြစ်ရပေတော့မည်။


သူငယ်ချင်းတွေကို တခါတခါ ပြောဖြစ်သည်။  “ငါလေ သေရမှာ သိပ်ကြောက်တာပဲဟာ” - လို့။  သူတို့က နားမလည်စွာ ဘာဖြစ်လို့လဲလို့ ပြန်မေးကြသည်။  ကျွန်မအဖြေကတော့ -  “ နောက်ဘ၀ လူပြန်ဖြစ်ရင် အခုလို ပင်ပင်ပန်းပန်း စာကျက်ရမှာ ကြောက်လို့”   တဲ့။

-------------------------------------

“ချက်ကြီး” အကြောင်း ပြောပြချင်ပါသေးတယ်...။

 မိန်းကလေး ပီသရမှာ ၀န်လေးတတ်တဲ့ မိုးစက်ဟာ  ဟင်းကောင်းကောင်း စားရတာကြိုက်ပေမဲ့ ဟင်းချက်ရမှာ အတန်ငယ် တွန့်ဆုတ် ၀န်လေး လေ့ရှိပါတယ်။  အဆောင်နေ ကျူတာပေါက်စဘ၀တုန်းကတော့ ရတဲ့ လခနဲ့ ကာမိအောင် မဖြစ်မနေ ချက်စားရပါတယ်။  အမြဲချက်လေ့ရှိတဲ့ ဟင်းကတော့  ချဉ်ပေါင်၊မျှစ်၊ ဇရစ်ရိုး၊ ကင်ပွန်းချဉ်ရွက် တွေကို အိမ်ကသယ်လာတဲ့ ပုဇွန်ခြောက်နိုင်ချင်းနဲ့ ငြုပ်သီးသုံးမျိုး ( ဟင်းချက်မှုန့်၊ လေးစိတ်ကွဲမှုန့်၊ ငြုပ်စိမ်း) နဲ့ ငံပြာရည်နိုင်နိုင်ထည့် ကြော်ထားတဲ့  ”ရွက်စုံကြော်” ဟင်းပါ။  ခြောက်ခြောက်လေး ချက်ထားရင် နှစ်ရက်သုံးရက် ဆက်စားလို့ ရပါတယ်။  ကျွန်မက သူ့တမျိုးတည်းကိုလည်း ထမင်းနဲ့ စားတတ်ပါတယ်။  ဘယ်အချိန်ချက်ချက် ဘယ်အခါစားစား စားကောင်းတယ်လို့လည်း ထင်ပါတယ်။ အတူဝိုင်းစားနေကျ သူငယ်ချင်းတွေကလည်း အားနာပါးနာပဲ ဖြစ်ဖြစ် ငတ်ကြီးကျလို့ပဲဖြစ်ဖြစ်  တော်တော်ကောင်းတယ်လို့ ပြောကြတာပေါ့နော်။

သတိဝီရိယ ရှိသော ကိုယ့်အရည်အချင်းကို ကိုယ်တိုင်ကြော်ငြာဝင်ရမည်ဆိုလျှင်  ဟော့ပလိတ် မီးမပိတ်မိဘဲ ထမင်းအိုးနှပ်ပြီး  ထားပစ်ခဲ့သဖြင့် အိုးတူးငွေ့တထောင်းထောင်း ဘေးအခန်းတွေ မခံနိုင်အောင်ထွက်သဖြင့် တံခါးကို ရိုက်ဖျက်ပြီး ထမင်းအိုးကို ကယ်ဆယ်ကြရ၏။  သို့သော် အသက်မမီချေ။  ထမင်းအိုးမှာ မဲခြောက်ထူပိန်းပြီး ရုပ်မပေါ်တော့သဖြင့် ဒန်အိုးစုတ်ဝယ်သူပင် စိတ်ဝင်စားမည်မဟုတ်။  နောက်တခါ ဆီဒယ်အိုးတည်စဉ် မီးပျက်သွားသဖြင့် ပြန်လာနိုးစောင့်ရင်း  မေ့သွားပေရာ  အလုပ်သွားချိန်တွင် သတိမမူမိဘဲ ဒီတိုင်းထားသွားလိုက်သည်။ နောက်တခါ လျှပ်စစ်မီးလာချိန်တွင် ဆီပူအိုးထဲ မီးဝင်တောက်ကာ   မီးစွယ်မီးညွန့်တို့ တရှိန်ရှိန်တက်ပြီး လက်နှီးကိုပါ စွဲလောင်ကာ မီးပုံပွဲသဖွယ် ဖြစ်နေတော့သည်။  မေ့ပြီးဖွင့်ထားခဲ့မိသော ပြူတင်းပေါက်မှ မီးတောက်မီးလျှံများကို အပြင်မှမြင်လိုက်ရသော အိမ်နီးချင်းတို့က မနေသာသဖြင့် တယောက်တလက် ၀ိုင်းဝန်းငြိမ်းသတ်ကြရာ မိုးစက်တယောက် ရှိတာအကုန်ပြုတ်ပြီး လူကိုယ်တိုင် အချူပ်ခန်း စံမြန်းရမည့် ဘေးက ကင်းသွားလေသည်။

--------------------------------------


အဲသလို အချက်အပြုတ်ကို စိတ်နာခဲ့တဲ့ မိုးစက်ဟာ လခ အသင့်အတင့်ကောင်းတဲ့ ဒုတိယအလုပ်ကို ၀င်ပြီးကတည်းက လုံးဝ ထမင်းချက် မစားတော့ပါဘူး။  အချိန်မရှိလို့၊ ဘာဖြစ်လို့ မျိုးစုံအကြောင်းပြကာ ချိုင့်ဆွဲတမျိုး၊  ဆိုင်မှာတဖုံ စားပါတယ်။  နောက်ပြီး ကိုယ်ကြိုက်တဲ့ ဟင်းကို စားဖို့အတွက် ငြုပ်သီးထောင်းစရာ မလို၊ ပန်းကန် ဆေးစရာမလို၊  ဆီပူလောင်စရာ မလိုတာမို့ သိပ်သက်သာတယ်လို့ ထင်ခဲ့ပါတယ်။  အိမ်ထမင်း အိမ်ဟင်းလောက် စားမကောင်းတော့လည်း ဘော်ဒီဝိတ် ထိန်းပြီးသား ဖြစ်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ဖြေပါတယ်။  ခွင့်ရက်ယူလို့ အမေ့အိမ်ပြန်မှ ဗိုက်ခွေးနမ်းမတတ် စားပါတယ်။  အမေကတော့ ကရုဏာတွေ အကြီးအကျယ် သက်လို့ ပေါ့။  အဲဒီလို နှစ်ပေါင်းများစွာ နေလာတဲ့အခါ ထမင်းဟင်း ချက်ချင်စိတ်က အလိုလို ကွယ်ပျောက်လို့ သာ နေပါတော့တယ်။


အမေက သူ့သမက်လောင်းနဲ့ ပထမဆုံး စကားစပြောတော့ “ သမီးက ထမင်းမချက်တတ်ဘူး” လို့ ပြောပါတယ်။  အမေ့ပုံစံက တင်တင်စီးစီး ပြောတဲ့ ပုံစံမျိုးဟုတ်ဘဲ ကျွန်မတို့ရှေ့ရေးကို အမှန်တကယ် ပူပူပင်ပင် ကြောင့်ကြောင့်ကြကြ ပြောတဲ့ပုံဆိုတာ သူရော ကျွန်မရော ခံစားသိရှိခဲ့ပါတယ်။  သူက ကျွန်မပြောပြဖူးလို့ အကြောင်းစုံ သိနေပြီးသားပါ။  ဒါပေမဲ့ သူ အမေ့ကို ဘယ်လို တုန့်ပြန်မလဲဆိုတာ့ ကျွန်မ မျက်လုံးဒေါင့်ကနေ ခိုးကြည့်ပြီး နားရွက်နှစ်ဖက်လုံးကို ကားနေအောင် စွင့်ထားလိုက်ပါတယ်။  “ကျွန်တော် ချက်တတ်ပါတယ်” တဲ့။  ရွေ- နိပ်ပဟ လို့ စိတ်ထဲက ကြုံးဝါးလိုက်တယ်။  အဲဒီကနေစပြီး ကျွန်မက မီးဖိုချောင်ကို မနေအပ်တဲ့အရပ်လို သဘောထားခဲ့ပါတယ်။

တကယ်တော့ ကျွန်မက ဟင်းချက်ခြင်း အတတ်ပညာကို စိတ်ဝင်စားပါတယ်။  အမေချက်ရင်လည်း သဘောတကျ ဘေးကနေ ဟိုဟာလေးကူလုပ် ဒီဟာလေး ကူလုပ် လုပ်တတ်ပါတယ်။  ထမင်းဟင်းချက်ရင်း တတွတ်တွတ် သွန်သင်နေတတ်တဲ့  အမေ့ရဲ့ လက်ချာတွေလည်း အလွတ်ရနေပြီးသားပါ။
- ဘဲဥခွဲရင် အပ်ချည်ကို ပါးစပ်ကိုက်ပြီး ထက်ခြမ်းခွဲ၊ ဓါးနဲ့ဆို  အခြမ်းမလှဘူး။
- အရွက်ကြော်ရင် မီးပြင်းပြင်းနဲ့ အမြန်ကြော်မှ စိမ်းစိမ်းလေးရတယ်။ အရိုးကို အရင်ကြော်ပြီးမှ အရွက်ကို ထည့်ရတယ်။
- သီးစုံဟင်းမှာ မန်ကျည်းရည်ကို အသီးအားလုံးနူးမှထည့်၊ နို့မို့ရင် အသီးတွေ မာတောက်ဆတ်ကြီး ဖြစ်သွားမယ်။
- ဟင်းရွက်ပြုတ်ကို အသက်သေရုံ ရေနွေးပွက်ပွက်ဆူထဲ နှစ်ပြီးရင်၊ ရေအေးဇလုံထည်းမှာ ပြန်စိမ်ထားမှ အရွက်အရောင်မပျက်တာ တို့   အို- စုံလို့စုံလို့ပါဘဲ။

“ သမီးက ထမင်းချက်တဲ့ အိမ်ရှင်မ မလုပ်ဘူး အမေ” လို့ အသံတိတ် ပြောနေမိတာ အမေမသိပါ။ တအိုးတအိမ် ထူထောင်ကြတော့ ကျွန်မက ဟင်းချက်ဖို့ အချိန်အကြာကြီးမပေးချင်သလို၊  အိမ်တအိမ်မှာ ယောကျာ်းလေးတွေ မီးဖိုချောင်ဝင်ပြီး ချက်ပြုတ်တာ အရမ်းသဘောကျသူပါ။  ထမင်းဟင်းချက်မဲ့ အချိန်တွေကို စာဖတ်လို့သာ နေချင်ခဲ့မိတယ်။  ဒါကြောင့် ချက်ရေးပြုတ်ရေး ဘာမှမသိတဲ့သူတယောက်လိုဘဲ နေလာခဲ့တာပါ။  သူချက်သမျှ ကောင်းတယ်၊ ကောင်းတယ်နဲ့ အားပေးရတာလည်း အမောပါဘဲ။  တခါတလေတော့ သူ့လက်ရာတွေက စားလို့သောက်လို့ သိပ်အဆင်မချောတဲ့ အခါတွေလည်း ရှိပါတယ်။


ဒါနဲ့ သူဖတ်လို့ရအောင် အင်တာနက်ထဲက လုလု၊ မရှင်လေး၊ စူးနွယ်လေး၊  မချော၊ ကိုအင်ဒီ၊ စန္ဒကူး၊ တမင်းအိုး၊ စတဲ့စတဲ့ ဘလော့ဂါပေါင်းစုံရဲ့ ဟင်းချက်နည်း တရာကျော်ကို ကူးယူစုဆောင်းပြီးသကာလ ပရင့်ထုတ်ပြီး  စာအုပ်တအုပ် ချူပ်လိုက်ပါတယ်။  ခေါင်းစဉ်ကိုတော့  “ဟင်းချက်နည်း အမျိုးမျိုး - အိမ်ရှင်မတဦး စုစည်း တင်ပြသည်” ဆိုပြီးတပ်လိုက်တယ်။  သူက မျက်ရည်ထွက်မတတ်ရီပါတယ်။


------------------------------------- 

တနင်္ဂနွေတနေ့ကတော့ အိမ်မှာ ဧည့်သည်တယောက် ထမင်းလာစားပါတယ်။  ဧည့်သည်လာမယ်ဆိုတော့ ကျမလည်း တတ်သလောက် မှတ်သလောက် ကူချက်ပါတယ်။  ဖြစ်ချင်တော့ ထောင်းထားတဲ့ ငဆုပ်လုံးက ဆန်မှုန့်များပြီး ၀ါးလို့အဆင်မပြေလောက်အောင် အရမ်းမာနေပါတယ်။  အသုပ်က အချဉ်ကဲနေပါတယ်။  ပဲသီးနှပ်ကလေးကသာ ပုဇွန်ခြောက်တွေ မနိုင်ရင်ကာ ထည့်ထားတာမို့ သိပ်မဆိုးလှ။ “နောက်လည်း လာစားနော်၊ စားလို့ရရဲ့လား” လို့ မေးတော့ ဧည့်သည်က “ စားလို့ရပါတယ်” လို့ ဖြေပါတယ်။   အဲဒါနဲ့     “ ဒီနေ့ကတော့ ဟင်းချက်တာက တခုခု ဘာလိုမှန်းတော့မသိဘူး၊ အရသာ နည်းနည်း လိုသွားတယ်”  လို့ အရှက်ပြေပြောလိုက်တော့  “နေ့တိုင်း အလုပ်တက်ရတဲ့သူတွေ ဆိုတော့လည်း ဟင်းချက်တဲ့ ဖက်ကို ဘယ်သိပ် အာရုံစိုက်နိုင်ပါ့မလဲ”  လို့ ပြောပြန်ပါတယ်။  ကဲ- အရသာ မကောင်းတာတော့ ရှင်းနေပြီပေါ့။


-------------------------------------

မခံချင်စိတ်လို့ ပြောရမလား။  အဲဒီနေ့ကစပြီး - မိုးစက်လည်း   အားထည့်ပြီး ချက် ဖြစ်တော့တာဘဲ။  ကိုယ်ချက်ထားတဲ့ဟင်းတွေကို ဇွန်းနဲ့ မြည်းပြီး အိမ်ကလူကြီးက မျက်ခုံးပင့်တယ်။  ပုဇွန်ခြောက် ထည့်သေးလား လို့ ခပ်ငေါ့ငေါ့မေးသည်။  “ ပုဇွန်ခြောက်မပါဘူး၊  အချိုမှုန့်မပါဘူး၊ သဘာဝအတိုင်း ချက်ထားတာကို  ချိုနေတာ”  လို့ ခပ်တင်းတင်း ပြန်ဖြေလိုက် တာပေါ့။  “ဒီနေ့ကစပြီး ကျွန်မလည်း မီးဖိုချောင်ဝင်မယ်၊ ဒါပေမဲ့  ၅၀-၅၀ နော်၊ တယောက်က breakfast  ချက်ရင်၊ နောက်တယောက်က   lunch ပေါ့” လို့ တခါတည်း အမွေခွဲလိုက်တယ်။


အခုထိ ချက်ထားတဲ့အထဲက တချို့ ပေါ့။ (မယုံမှာစိုးလို့-အဟဲ)
ခရမ်းချဉ်သီး၊ ဗူးသီး၊ဒန့်ဒလွန်သီး၊အာလူး၊ ငါးအရေခွံလိပ်၊ နံနံပင်အုပ်
ငါးပိကင်၊ ကြက်သွန်ဖြူ၊ မရမ်းသီး၊ ငြုပ်သီးစိမ်းလှော် (ပုဇွန်ခြောက်မှုန့်မေ့သွားသည်)
ဆိတ်သားဒိန်ချဉ်နှပ်၊ ပြုတ်ကြော်
မုန့်ဖတ်၊ ပဲကြော်၊ ငံပြာရည်၊ ငြုပ်မှုန့်၊ နံနံပင်၊ ရှောက်သီးစိတ်၊ မုန့်ဟင်းရည်
ဆိတ်သား၊ခရမ်းချဉ်သီး အစပ်ချက်




အင်း- ဘယ်လောက်အထိ ဆက် ချက် ဖြစ်ဦးမယ် မသိပေမဲ့ လောလောဆယ်တော့ ဈာန်ဝင်ပြီး ဆက်တိုက် ဆိုသလို ချက်ကြီးမမ ဖြစ်နေပါကြောင်း။


မိုးစက်ပွင့်

6 comments:

  1. အီးတီ5 March 2012 at 20:16

    ဒီတခါတွေ့ ရင်ချက်ကျွေးနော်။
    ငယ်ငယ်က (ကြက်)ကျက်ခဲ့တာတွေ ပြန်သတိရသွားတယ်။
    အဲ့ဒီတုန်းက နှစ်ပေါင်းများစွာ ကျက်ခဲ့ရတာ....
    သတိရခြင်းများစွာနဲ့ ပါ။

    ReplyDelete
  2. ဟင်းပုံတွေ ကြည့်ရတာ ဗိုက်ပြန်ဆာလာပြီ...။

    ReplyDelete
  3. မဆိုးဘူး သူငယ်ချင်း.. အားလုံး စားချင်စရာတွေချည်းပဲ... ဆိတ်သားက တို့အကြိုက်လေ။ ဆိတ်ခရမ်းချဉ်သီးအစပ်ချက်လေး ကြည့်ပြီး စားချင်စိတ်တွေ တဖွားဖွား ထိန်းမရ :(

    မိုးစက်တယောက် ခေတ်ပြိုင်အကြောင်းတွေ မရေးဘူးဆိုပြီး ဘာလဲ ရှပ်အင်္ကျီဖားဖား လုံချည်တိုတို ကျော်သူထုံး တဲ့ :P သိကုန်တော့မှာပဲ

    ReplyDelete
  4. မမရှင်လေး.... ချက်ကျွေးဦးမှာ-ဟိ။ မမရှင်လေး အခုထိဝါသနာမကုန်လို့ တရုပ်စာ ဆက်ကျက်နေတာမို့လား။
    စင်စင်..... ဗိုက်ဆာတယ်ဆိုရင် တို့ရည်ရွယ်ချက် အထမြောက်ပါတယ်
    စူးနွယ်ရေ.... ဟုတ်ပါရဲ့၊ တသက်လုံးဖုံးသမျှ ကုန်းခါမှပေါ် ဖြစ်နေပြီနော်... သိရင်လည်းသိပါစေတော့ကွယ်၊ ထူးတော့ပါဘူး... ဒီမှာ ရေးစရာမရှိတော့လို့ ကြံဖန်ရေးရတာမို့ .... ဆိတ်သားက တို့လည်းအရမ်းကြိုက်တယ်၊ ၁၉၉၃ထဲက အမဲသား ဖြတ်လိုက်တော့ အစားထိုးရတာလေ။

    ReplyDelete
  5. :D ကျက်ကြီးမှ ချက်ကြီးသို့ပေါ့ အစ်မ။ ညီမလည်း ဟင်းကောင်းကောင်းမချက်တတ်ဘူး။ အစ်မလိုပဲ။ ချစ်ချစ်ကတော့ ဟင်းချက်တော်တယ်။ :)

    ReplyDelete
  6. မြည်းချင်တယ်..မြည်းချင်တယ်

    ReplyDelete

ပဲ့တင်သံလေးတွေ .......