Wednesday, 21 July 2010

ချစ်သောဖြူလေး

သူ အိမ်ပြန်ရောက်တော့  မှောင်တရီဖြစ်နေပြီ။
 အိမ်ခန်း သော့ကို ဖွင့်လိုက်တော့ အထဲမှာ မှောင်နက်မည်းမည်း ဖြစ်နေသည်။ မီးခလုပ်ကို စမ်းပြီး ချောက်ကနဲဖွင့်လိုက်တော့ အိမ်ထဲမှာ အလင်းတန်းတွေ လျှံကျသွားသည်။  ဆက်တီ၊ စားပွဲ၊ ပန်းအိုး၊ အခန်းထောင့်က စာရေးခုံလေး၊ စာအုပ်စင်၊ အားလုံး ခြေရာလက်ရာမပျက်။  ဒါပေမဲ့ သူအိမ်အပြန် ကြိုနေကျ ချစ်သူလေး သူမကို မမြင်ရတော့ စိတ်ထဲမှာ အလိုမကျ ဖြစ်ရသည်။

“ဖြူလေး” “ဖြူလေးရေ”  သူခေါ်မိသည်။  အိပ်ခန်းထဲကို သွားကြည့်သည်၊ ရေချိုးခန်း နဲ့  မီးဖိုချောင်ထဲမှာများ ရောက်နေရော့သလား၊ မတွေ့ပါ ...ဘယ်မှာမှမတွေ့  ပါ။   “၀ှူး”  ဆက်တီပေါ်မှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။ လက်နှစ်ဖက်နဲ့  ခေါင်းကို အုပ်ကိုင်ထားမိသည်။  အ၀တ်လဲဖို့ တောင် သူ့မှာ အားမရှိတော့ပါ။   ဖြူလေး ဘယ်ရောက်နေသလဲ လို့  ကိုယ့်ဘာသာမေးခွန်းထုတ်မိသည်။ ရီဝေနေသော သူ့ခေါင်းထဲကို မနေ့က တိတိကျကျဆိုရရင် မနေ့ကညက အဖြစ်တွေ သူ့ခေါင်းထဲကို ရောက်လာသည်။ “ကိုယ် တကယ်ပဲ မှားခဲ့ပါတယ် ကလေးရယ်”.....................

xxxxxxxxxxxxxxxxxxxx

အထီးကျန်တဲ့ သူ့ဘ၀ထဲကို ဖြူလေးရောက်လာခဲ့တာက မနှစ်ကရဲ့ မြူနှင်းဝေသော ဆောင်းရက်တရက်မှာဖြစ်သည်။  မရောက်တာကြာတဲ့ အဒေါ်ဝမ်းကွဲတယောက်အိမ် သွားအလည်မှာ ဖြူလေးကို သူရုတ်တရက် မြင်လိုက်ရတာပဲဖြစ်သည်။  သူ့ကိုတွေ့လိုက်တော့ ရှက်ကိုးရှက်ကန်းနဲ့ ကန့်လန့်ကာနောက်ကွယ်ကို ရိပ်ကနဲဝင်သွားပေမဲ့ သပြေတို့အရွယ် သူမလေးရဲ့  လှပ၀ိုင်းစက်တဲ့ မျက်ဝန်းလေးတွေကို သူမြင်ဖြစ်အောင်မြင်လိုက်သည်။  အဒေါ်က ထွက်လာပြီး နှုတ်ဆက်တော့ အလ္လာပသလ္လာပ ပြောရင်း ဖြူလေးအကြောင်း မသိမသာ “တောက်” ကြည့်မိသည်။  “မိဘမဲ့လေးပါကွယ်၊ မင်းညီမလေး ၀ါဝါ ပဲခူးဖက်သွားရင်း ချစ်လို့ သနားလို့  မွေးစားဖို့ ခေါ်လာခဲ့တာ၊  ခုတော့ အိမ်မှာ ၀ါဝါလည်း  အဖေါ်ရသွားတာပေါ့”...။  ချစ်ခြင်းမှာ သနားခြင်း စွက်တော့ သူ့ရင်ဘတ်ထဲမှာ ဖြူလေးအကြောင်းနှင့် မဆံ့တောင်ဖြစ်လာတော့သည်။  သြော်- ဖြူလေး ဖြူလေး၊ အထီးကျန်တဲ့ တို့နှစ်ယောက် အတူတူနေနိုင်ရင် သိပ်ကောင်းမှာဘဲကွာ  -လို့။

ဒါနဲ့ပဲ အဒေါ်အိမ်ကို မကြာမကြာ သူရောက်ဖြစ်သည်။  သွားတိုင်းလည်း အဒေါ်အတွက်၊ ညီမတွေအတွက်၊ အဓိကကတော့ ဖြူလေးအတွက် သူတို့ကြိုက်တတ်တဲ့ မုန့်တွေဝယ်သွားဖြစ်သည်။  ဒီလိုနဲ့  တစတစ သူနဲ့ ဖြူလေးလည်း အကျွမ်းတ၀င် ဖြစ်လာခဲ့သည်။ ဖြူလေးနဲ့ ၀ါဝါသွားချင်တဲ့နေရာကို သူ့ကားလေးနဲ့ လိုက်ပို့ပေးတတ်သည်။ ရိုးရိုးကြီး အဒေါ်ကတော့ သူ့အကြံအစည်ကို မရိပ်မိချေ။  “မောင်ဇော်လည်း လူပျိုကြီး ပီပီ ညီမတွေ တရုန်းရုန်းနဲ့၊  မိန်းမလေးဘာလေး ရှာပါဦးလား၊  အဒေါ်ရှာပေးရမလား” လို့  စလေ့နောက်လေ့ ရှိသည်။  “ကိုကြီးဇော်က အသည်းကွဲ အရှူံးသမားကြီးလေ မေမေရ၊  မိန်းမယူမှာမဟုတ်တော့ဘူး၊ ကိုကြီးဇော် အမွေတွေ သမီးတို့ ရမှာ” လို့   ၀ါဝါကလည်း မခံချင်အောင် စလေ့နောက်လေ့ ရှိသည်။

သူ ဆုံးဖြတ်ချက်တခု ပိုင်ပိုင်ချပြီး အဒေါ်ဆီမှာ ဖြူလေးကို တဘ၀လုံးအတွက် ပိုင်ဆိုင်ပါရစေလို့  ခွင့်တောင်းတော့ အဒေါ်ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ သို့ပေမဲ့ ခဏစဉ်းစားပြီးတော့  “အင်းလေ- ဖြူလေးက လိမ်လဲလိမ်မာ ပါတယ်၊ မင်းနဲ့လည်း သံယောဇဉ်ရှိကြတယ်ဆိုတော့ အထူးအထွေ ပြောစရာတော့မရှိပါဘူး၊ ဒါပေမဲ့ မင်းသူ့ကို သေသေချာချာစောင့်ရှောက် နိုင်ရဲ့လား မောင်ဇော်၊ မင်းက တယောက်တည်းသမား၊ ခရီးကလည်း ခဏခဏထွက်ရတာ၊ ဖြူလေးကို အဒေါ် စိတ်မချနိုင်ဘူးကွယ်” လို့  ခပ်ငြီးငြီးလေး ပြောလာသည်။ ၀ါဝါကတော့ ဖြူလေးနဲ့ခွဲရမှာစိုးလို့  အပြင်းအထန် ကန့်ကွက်သည်။  ဒါပေမဲ့ ဖြူလေးက သူ့ကို ခင်တွယ်နေပြီလေ။ နောက်ဆုံးတော့ “ဖြူလေးကို အနိုင်မကျင့်ရဘူးလို့ ကတိပေး၊ ကိုကြီးဇော်” လို့  နှုတ်ခမ်းလေး ထော်လန်လန်နဲ့  လက်လျော့ဟန်ပြုပြီး သဘောတူပေးခဲ့သည်။ ဒါပေမဲ့  ဖြူလေးကို သူ့ကားလေးနဲ့  တယုတယ ခေါ်ဆောင်သွားတဲ့နေ့က  ၀ါဝါက အိမ်အောက်ဆင်းပြီး နှုတ်မဆက်တာကိုတော့ သူသတိထားမိသည်။ အိမ်ပေါ်မှာ ခေါင်းအုံးပါးအပ်ပြီး ငိုနေရော့ထင့်။  နောက်များမှ မုန့်ကျွေးပြီး ချော့ပါ့မယ် ညီမလေးရယ်။

ဖြူလေးကြောင့်သူ့ဘ၀လေး စိုပြေ လန်းဆန်းလာတယ်လို့  ထင်မိသည်။  အိမ်မှာ သူ့ကိုစောင့်ကြိုနေတဲ့သူ ရှိတယ်ဆိုတဲ့အသိက သူ့အိမ်ပြန်ခြေလှမ်းတွေကို မြန်ဆန် သွက်လက်စေလေသည်။ “ကိုဇော်ကြီးကလည်း မပြန်ပါနဲ့ဦးဗျ”လို့    သောက်ဖေါ်သောက်ဖက်တွေ ၀ိုင်းတားတာတောင်မှ သူမနေနိုင်။ အိမ်မှာ ဖြူလေး ပျင်းနေမည်၊ ကြောက်နေမည်။  နွေးထွေးတဲ့ ဖြူလေးရဲ့ ကိုယ်လုံးလေးကို ပွေ့ဖက်ချော့မြူဖို့၊  သူ့ရင်ခွင်ထဲမှာ ဖြူလေး မှေးစက်ခွင့်ရနိုင်ဖို့    ၊ သူ့ကိုယ်ပိုင် အားလပ်ချိန်တွေကို  ဖြူလေးကို ဂရုစိုက်ဖို့သာ  သူဆုံးဖြတ်ထားသည်။  တကယ်တော့ ဖြူလေးက သူကြုံဖူးသော မိန်းမတွေလို ငွေမက်သူ၊ ဂုဏ်မက်သူ မဟုတ်ပါ။ ဘာကိုမှလည်း လိုချင်တပ်မက်စွာ မပူဆာတတ်သူ ရောင့်ရဲကျေနပ်တတ်သူကလေး ဖြစ်သည်။  ရွှေတွေ စိန်တွေ မမက်မောတဲ့ ဖြူလေးကို အမှတ်တရ သူဝယ်ပေးဖူးတာက I love you စာတမ်းပါတဲ့ နက်ပြာရောင် ဖန်စီလည်ဆွဲလေးဖြစ်သည်။ ဒီလည်ဆွဲလေးရတော့ ဖြူလေးက ပီဘိကလေးငယ် တယောက်လို ခုန်ပေါက်ပျော်မြူးနေတာကြည့်ပြီး သူပီတိဖြာရသည်။ ဖြူလေးကြောင့် သူ့ရင်မှာ အမြဲအေးမြရသလို၊ သူ့လို ဘ၀တူ မိဘမဲ့လေးတယောက်အတွက် သူ့မေတ္တာစေတနာတွေကို ထီးလိုအုပ်မိုးခွင့်ရနေတာကိုလည်း သူကျေနပ်သည်။  သူပြောသမျှ စကားတွေအားလုံးကို လုံးစေ့ပါတ်စေ့သဘောမပေါက်ရင်တောင်မှ ဘယ်တော့မှ ကန့်ကွက်ငြင်းခုံလေ့မရှိဘဲ လေးလေးနက်နက်လေး နားထောင်လေ့ရှိသည်။  သူ စိတ်လိုလက်ရ ဂစ်တာလေးတွေ တီးပြရင်လည်း ဆိုဖာပေါ်မှာ ငြိမ်ငြိမ်လေးလဲလျောင်းပြီး နားထောင်တတ်သည်။ နောက်ပြီး ဖြူလေးက သူတယောက်ကလွဲလို့ ဘယ်သူ့ကိုမှ သံယောဇဉ်တွယ်သွားမှာ မဟုတ်ဘူးလို့လည်း သူအပြည့်အ၀ ယုံကြည်သည်။    ဒါကြောင့်လည်း ဖြူလေးကို ပိုင်ဆိုင်ခွင့်ရတာဟာ ဖေဖေမေမေတို့ တိမ်းပါး မျက်ကွယ်ပြုပြီးတဲ့နောက် သူ့ဘ၀မှာ အကောင်းဆုံး ဆုလာဘ်တခုလို့ပဲ ခံယူထားခဲ့သည်။

ဒါပေမဲ့  အဖြောင့်ဖြူးဆုံးလမ်းတောင်မှ ချိုင့်ခွက်ကန်သင်း မကင်းပေဘူး မို့လား။ အဲဒီနေ့ည၊ တိတိကျကျဆိုရလျှင် မနေ့ညက သူတော်တော် သောက်လိုက်မိသည်။  အကြောင်းကလည်း ရှိသည်လေ။  သူ့ရုံးစားပွဲကို ရောက်လာတဲ့ ဖိတ်စာဖြူဖြူလေးတခု။  ဆယ်နှစ်လောက် သူအသည်းနှလုံးတခုလုံးပုံပြီး ချစ်ခဲ့တဲ့မိန်းမရဲ့ လက်ထပ်မင်္ဂလာပွဲ - တဲ့။  အိုး  ဘယ်လိုနှလုံးသားနဲ့  သူသွားရမှာလဲ။  သူ့ကို ၀ိုင်းပြီး အကဲခတ်နေကြမဲ့ မျက်လုံးတွေ၊ သနားကြင်နာတဲ့ အကြည့်တွေ၊ တီးတိုးစုတ်သတ်သံတွေ၊ ဘာကိုမှ သူရင်မဆိုင်ရဲပါ။ “အခုလူက သင်္ဘော အင်ဂျင်နီယာတဲ့၊ မိဘ အသိုင်းအ၀ိုင်းကလည်း တောင့်တယ်လေ၊ အဲဒီတော့ တို့ ကိုဇော်ကြီးကို ကန်ထုတ်တာမဆန်းပါဘူးကွာ” လို့  ပြောနေကြဦးမှာပါ။   ဖြူလေးနဲ့ ကုစားခဲ့လို့ ကျက်ခဲ့ပြီလို့  ထင်ခဲ့တဲ့ ရင်တွင်းနာက သွေးစိမ်းရှင်ရှင် ပြန်ထွက်သည်။  ရုံးဆင်းတော့ သူ့ခြေလှမ်းတွေက အရက်ဆိုင်ဆီ။   တ၀သောက်ပြီးတော့ နောက်ထပ်လည်း ၀ယ်လာခဲ့သေးသည်။  ခေါက်ဆွဲကြော် တထုပ်ပါဆွဲခဲ့သေးသည်။  အိမ်ကိုပြန်ဝင်တော့ ယိုင်တိုင်တိုင် သူ့ခြေလှမ်းတွေနဲ့ အရက်နံ့ တထောင်းထောင်းကြောင့် ဖြူလေးက သူ့အနားကို သိပ်မကပ်ဘဲ အခြေအနေ စောင့်ကြည့်နေသည်။  ကိုယ်ကလည်း အရင်လို ဖြူလေးကို ကယုကယင်လုပ်မနေဘဲ စာဖတ်စားပွဲမှာတန်းထိုင်ပြီး ယမကာလုလင် လုပ်နေခဲ့သည်။  အတိတ်ရဲ့ အရိပ်တွေက ခေါင်းထဲမှာ အနှေးရုပ်ရှင်ပြနေသလို၊ နီးလာလိုက်ဝေးလာလိုက်၊ နောက်ထပ် ဘယ်နှစ်ခွက်လောက် သောက်မိသလဲ ကိုယ်မသိတော့ပါ။  “ခွမ်း”ကနဲ အသံကြောင့် လေးလံနေတဲ့ ကိုယ့်မျက်ဝန်းကိုပင့်ပြီးကြည့်လိုက်တော့ ဖြူလေးရယ်လေ။  ကိုယ့်အနားလာရင်း ဖန်ခွက်ကို ဖြူလေးလက်နဲ့ တိုက်ချမိသလိုပဲ။ အပြစ်ရှိသူမို့  သူ့အသားလေးတွေ တဆတ်ဆတ်တုန်နေသည်။   ဖန်ခွက်ကွဲစတွေက ပြန့်ကျဲလို့၊  ယစ်ရွှေရည် အကြွင်းအကျန်တွေက စားပွဲပေါ်မှာ အိုင်လို့။  ကိုယ့်ဒေါသကြောင့် ခေါင်းတွေ ပူထူလာသလိုပါပဲ။  “သွားစမ်းကွာ၊ သွား၊ သွား၊ သွား  အသံကျယ်ကြီးနဲ့ အော်ငေါက်လိုက်သလို ဒေါသနဲ့ ဝှေ့ယမ်းလိုက်တဲ့ သူ့ လက်ပြန်တချက်မှာ ဖြူလေး ကိုယ်လုံးလေး ခွေကနဲဖြစ်သွားတယ်။ ခပ်အုပ်အုပ် အော်ညည်းလိုက်တဲ့ သူမအသံနဲ့အတူ  အံ့သြတဲ့မျက်လုံးဝိုင်းတွေနဲ့  ကိုယ့်ကိုကြည့်ပြီး အိမ်ခန်းထဲကို ပြေးဝင်သွားတဲ့ ဖြူလေး။ သူ့ဒေါသတွေ မဆိုင်သူဆီ ပုံချလိုက်မှန်းသိပေမဲ့၊ သူလိုက်မချော့ဖြစ်ပါ။ ဖြူလေး ငိုညည်းသံများ ကြားမိသေးသလား၊ သူ သေသေချာချာ သတိမရပါ။  စားပွဲပေါ်မှာပဲ မှောက်လျက်သား အိပ်ပျော်သွားမိသည်။  မနက်မိုးလင်းတာနဲ့  နောက်ကျနေပြီမို့ ရုံးကိုကမန်းကတန်းထွက်လာခဲ့တော့ ဖြူလေးကိုတောင် သတိမထားမိ။  ပြီးတော့ သူ့ကို အမြဲခွင့်လွှတ်တတ်တဲ့ ဖြူလေးက အခုလို အိမ်အပြန်မှာ ကိုယ်ယောင်ဖျောက်နေလိမ့်မယ်လို့  သူထင်မထားမိတာတော့ အမှန်ပါဘဲ။
  
xxxxxxxxxxxxxxxxxxxx

ဖြူလေးရောက်မရောက် အဒေါ်အိမ်ကို ဖုန်းဆက်ပြီး မေးကြည့်ရင်ကောင်းလေမလား။  အို- တကယ်လို့ သူမ အဲဒီရောက်နေရင်တော်ရဲ့။ မရောက်ဘဲနဲ့   တခြားတနေရာရာမှာဆိုရင်  အဒေါ်က ဇာတ်လမ်းစုံသိသွားပြီး သူ ဖြူလေးကို နှိပ်စက်လို့  ဖြူလေး ထင်ရာထွက်သွား တယ်လို့  အပြောခံထိမှာလဲ စိုးရသေးသည်။  အဆိုးဆုံး၊ အပြင်းထန်ဆုံး စွပ်စွဲမှုက ဖြူလေးကို သိပ်ချစ်တဲ့ ညီမ ၀ါဝါဆီက လာမှာ သူသိနေသည်။ ဖြူလေးရယ်- မင်းက မလည်မ၀ယ်လေး။ လမ်းမှာ လူရမ်းကားတွေနဲ့များ တွေ့နေရော့သလား။  ရဲစခန်းကိုပဲ တိုင်ရတော့မလား။ ရင်မောလိုက်ပါဘိ။  ပြန်လာပါတော့၊ ပြန်လာပါတော့ကွယ်။  နောက်ဆိုရင် ကိုယ်ဘယ်တော့မှ မင်းကို မဆူတော့ပါဘူး၊ ဒေါသနဲ့ လက်ပါတဲ့အဖြစ်မျိုး လုံးဝမဖြစ်စေရတော့ပါဘူးလို့  ကိုယ်ကတိပေးတယ် ကလေးရယ်။ 

xxxxxxxxxxxxxxxxxxxx

သူ အခန်းထဲမှာ ခေါက်တုံခေါက်ပြန် လမ်းလျှောက်နေမိသည်။  ဘယ်တော့ပြန်လာမှာလဲ ဖြူလေးရယ်လို့  ရေရွတ်နေရင်းနဲ့   အိမ်ရှေ့ဆင်ဝင်ကို ၁၅၅ခါလောက်ကြည့်နေမိသည်။  သူ့မျက်လုံးထဲမှာ သွယ်သွယ်နွဲ့နွဲ့ အဖြူရိပ်လှိုင်းကလေးတခုဖြတ်သွားသည်။    တံခါးဝမှာ သူ့ပုံရိပ်လေး လှစ်ကနဲ။ “ဖြူလေး” အိုး-ပျော်လိုက်တာ။  ဘယ်တော့မှ မမှားနိုင်တဲ့ မျက်လုံးရွဲရွဲလေးတွေက  သူ့ကို ကြောက်ရွံ့ဟန်မပြယ်သေး။  လာခဲ့ပါကလေးရယ်။  တောင်းပန်နေတဲ့ သူ့မျက်ဝန်းစကားကို ဖတ်တတ်သလိုလိုနဲ့  ဖြူလေးက ရင်ခွင်ထဲကို ပြေးဝင်မှီနွဲ့  လာခဲ့သည်။  ဖြုလေး ခေါင်းလေးကို ဖွဖွလေး ပွတ်သပ်ရင်း  “ကလေး ပြန်လာတယ်နော်” လို့   သူ ခပ်ဖွဖွပြောမိသည်။ သူ့မနဖူးလေးကို ကိုယ့်ပါးပြင်နဲ့  အပ်ထားလိုက်သည်။  ရင်ခွင်ထဲမှာ တိုးဝှေ့နေရာကနေ ဖြူလေးက မျက်ရည်လဲ့နေတဲ့ မျက်လုံးဝိုင်းလေးတွေ နဲ့  သူ့ကိုမော့ကြည့်ပြီး၊  သူမရဲ့ နှင်းဆီရောင် နှုတ်ခမ်းလေးကို သာသာလေးဖွင့်ဟလိုက်တယ်။  သူ့မျက်နှာကို တရှိုက်မက်မက် ငေးမောကြည့်ရင်း ရင်ထဲက စကားတွေကို သူမအသံချိုချိုလေးနဲ့  ပြောလိုက်ပါတယ်...............
။ 

။. 
ညောင်” (= I love you )












မိုးစက်ပွင့်
 ပုံကို ဒီက ယူပါတယ်။

2 comments:

  1. အီးတီ22 July 2010 at 01:32

    ညောင်.....ကောင်းပါတယ်။
    အားပေးလျှက်
    အီးတီ

    ReplyDelete
  2. နောက်ဆုံးတော့ ကြောင်လေး ဖြစ်နေတာပါလား၊

    ReplyDelete

ပဲ့တင်သံလေးတွေ .......