ညရဲ့အမှောင်ကို ဆန်းစလကွေးကွေးရဲ့ အလင်းရောင်ဖျော့ဖျော့က အံတုထိုးဖေါက်လို့နေသည်။ သစ်ရွက်တွေ သစ်ကိုင်းတွေကြားက ဟိုတပြောက် ဒီတပြောက် အလင်းကွက်ကလေးတွေက မြေကြီးပေါ်မှာ ငွေမင်ရည် ကျဲကျဲပက်ထားသလို။ ခေါင်းရင်း ပြူတင်းမှာရပ်နေတဲ့ သူမဆံနွယ်တွေကို လေပြေ အေးလေးတချက်က ကျီစယ် သွားသည်။ လေပြေသယ်ဆောင်လာတဲ့ ညမွှေးပန်းရနံ့တွေက စူးလှချည့်။ သံပြိုင်အော်နေတဲ့ ပုစဉ်းရင်ကွဲတွေ တချက်တချက် ရပ်သွားတော့ ကမ္ဘာကြီးလည်း သူ့ဝင်ရိုးပေါ်မှာ လည်ပတ်ရာကနေ ခဏရပ်တံ့သွားသလိုပဲလို့ သူမ တွေး မိပြန်သည်။
”မောင်”....... ကိုယ်တယောက်တည်း ခေါ်တဲ့ သူ့နာမည်ကို ရေရွတ်ကြည့်မိသည်။ အဲဒီခေါ်သံလေးက နှလုံးသားနံရံကို ရိုက်ခတ်ပြီး အဆုံးမဲ့စွာ ပဲ့တင်ထပ်လို့ နေပြန်တယ်။ ဒီအချိန်ဆို ရှင်ရှိရာကမ္ဘာခြမ်းမှာ မနက်ခင်းပေါ့ ။ ရှင်ဘာတွေများလုပ်နေမှာပါလိမ့်။ ကျမ အမှောင်ထဲမှာ ကြေကွဲနေချိန်မှာ ရှင်က နေ့အလင်းမှာ ရွှင်မြူးတက်ကြွနေလိမ့်မယ်ထင်ရဲ့။ တကယ်ဆို ရှင့်အကြောင်း မတွေးချင်ဘူး .......ဒါပေမဲ့ ကျမနှလုံးသားတံခါးဟာ ရှင် တယောက်တည်းအတွက် ဖွင့်ထားပြီးကတည်းက နောက်တကြိမ်ပြန်ပိတ်ဖို့ ခွင့်မပြုတော့ဘူးလေ..။ ရှင့်နဲ့ပါတ်သက်တဲ့အတွေးတွေက လေပြေတွေလို ဒြပ်မဲ့စွာ တိတ်တဆိတ် ၀င်ရောက်၊ ရင်ကို လေနီကြမ်းလို မဆင်မခြင် မွှေနှောက်ပြီး..... မုန်တိုင်းတခုလို အရှိန်ပြင်းပြင်းနဲ့ ပြန်လည်ထွက်ခွာသွားတော့တယ်.... မောင်.....။
ကံ့ကော်တောမှာ အရောင်မတူတဲ့ ငှက်မိတ်ဆွေလေး နှစ်ကောင် ရှိတယ်။ အဲဒါ ရှင်နဲ့ ကျမ ပေါ့။ ကိုယ်တို့ နှစ်ယောက် မဟာတန်းတလျောက်လုံးတတွဲတွဲ ရှိခဲ့တာ။ ပါတ်ဝန်းကျင် ဆိုတာကလည်း မြင်ဖန်များတော့ စကားတင်းဆိုလာပြီပေါ့။ သစ်ငုတ်တောင် တိုက်ပါများရင် နဲ့ လာတတ်သတဲ့။ မစွန်းရင်းကရှိပေမဲ့ ကဇွန်းခင်းက မညိသေးတာအမှန်။ “ပါတ်ဝန်းကျင်က ဒို့တွေကို ဘာတွေပြောနေကြလဲ သိလား” မိန်းကလေး တယောက်အတွက် အဲဒီလို စကားတခွန်းပြောဖို့ ဘယ်လောက် ပင်ပန်းခက်ခဲတယ်လို့ ရှင်ထင်လဲ။ မျှော်လင့်ထားတာနဲ့ ဆန့်ကျင်စွာ ရှင်က “ဂရုမစိုက်နဲ့” လို့ တိုတိုပြတ်ပြတ် ပြန်ပြောခဲ့တာလေ။ အဲဒါဆို သူလည်း သိနေတယ်လို့ ၀န်ခံတာလား။
ကံ့ကော်တွေ အမြဲပန်တတ်တဲ့ ကျမအတွက် ကံ့ကော်ပန်းစည်းကလေးကို အိတ်ထဲထုတ်ပြီး စားပွဲပေါ်လာချတော့ မျက်လုံးဝိုင်းအောင် အံ့သြနေတဲ့ ကိုယ့်ကို တည့်တည့်မကြည့်ဘဲ “ပန်းရောင်းတဲ့ ကလေးလေးသနားလို့ ၀ယ်လာတာ၊ မင်းလဲကြိုက်တယ်ထင်လို့” လို့ အသံမှန်မှန်နဲ့ ပြောခဲ့သေးတာ။ ရှင်ဟာလေ အဲဒီလို ချစ်စရာရော မုန်းစရာရောကောင်းတယ်။
စာတွေကို နားထဲကို တလုံးစီ ပြတ်ပြတ်သားသားဝင်အောင် ရှင်းပြတတ်တာ ရှင့်အရည်အချင်းတခုပါ။ “ကိုယ် ငယ်ငယ်ထဲက ဘယ်တော့မှ စာကို အလွတ်မကျက်ဘူး၊ သဘောပေါက်ရုံဘဲ အကြိမ်တော်တော်များများ ဖတ်ပြီး နားလည်သလောက်ပြန်ချရေးတယ်၊ အဲဒါကြောင့်လဲ ဘယ်တော့မှ အတန်းထဲမှာ အဆင့်ကောင်းကောင်း မရဘူး” လို့ သူပြောပြတော့ အားကျမိခဲ့သေးတယ်။ ကျမ တညလုံးထုတ်ထားတဲ့ မှတ်စုအသစ် တွေကို စိမ်ပြေနပြေဖတ်ပြီးမှ “အဲဒါတွေအားလုံး မူရင်းဆိုလိုချက်ကို အထောက်အကူမဖြစ်ဘူး အဒေါ်ကြီးရဲ့၊ အချက်အလက်တွေ ဖောင်းပွလာရုံ သက်သက်ပဲဖြစ်မယ်။ ထပ်ဖြည့်ဖို့ကိစ္စကို မေ့ပစ်လိုက်တော့” လို့ ပြောလို့ မျက်ရည်ဝဲခဲ့ရတာ။ တခါတလေကျတော့ စာတွေ ဆွေးနွေးရင်း စာအုပ်ပေါ် ခပ်ဖွဖွတင်ထားတဲ့ သူ့လက်ချောင်းလေးတွေက ညီညီညာညာ တိတိရိရိညှပ်ထားတဲ့ လက်သည်းလေးတွေကို အမှတ်တမဲ့ ငေးကြည့်နေတတ်ခဲ့တယ်။ သူ နေ့တိုင်းလက်သည်းညှပ်သလားမသိဘူးလို့ တွေးနေမိပြန်သည်။ သူက ဂစ်တာတီးလေ့ရှိတယ်ဆိုတော့ ကြိုးမျှင်လေးတွေကိုထိခတ်နေကျ သူ့လက်ချောင်းထိပ်ကလေးတွေက မာကြမ်းကြမ်းလေး ဖြစ်နေမယ်ထင်ပါရဲ့။ ဒါပေမဲ့ မြင်ရသလောက် သူ့လက်ချောင်းထိပ်လေးတွေက သူ့ရုပ်ရည်နဲ့ မလိုက်ဖက်စွာ နီရဲနူးညံ့ပြီး ကြည့်ကောင်းနေတာကလည်း အံ့သြစရာ ဖြစ်နေသည်။ “ဟေ့- ကိုယ်ပြောတာကြားလား၊ ဘာတွေ တွေးနေတာလဲ” ဆိုမှ အလန့်တကြား ရယ်မောပစ်ခဲ့ရတာတွေ၊ အလှည့်ကျစာတမ်းဖတ်ပွဲမှာ ချောင်ပိတ်မေးခွန်းထုတ်ခံရလို့ ဆက်ရှင်အပြီးမှာ အခန်းထဲမှာ တယောက်တည်း ၀မ်းနည်းပမ်းနည်း ငိုနေတဲ့ ကိုယ့်ကို သူ အမှတ်တမဲ့မြင်တော့ တအံ့တသြနဲ့ နောက်နေ့ လိုအပ်မဲ့ ရည်ညွှန်းစာအုပ်တွေ အလိုက်တသိရှာဖွေယူလာခဲ့ပေးတာ ရှင့်ရဲ့ အလိုလိုက်နည်းတမျိုးပဲလား၊ အားလုံးက အနှေး ရုပ်ရှင်ပြနေသလို ခေါင်းထဲမှာ ပေါ်လာလိုက်၊ ပျောက်သွားလိုက်၊ နီးလာလိုက်၊ ဝေးသွားလိုက်။
တကယ်ဆို ရှင်နဲ့မတွေ့ခင်အထိ ကျမဟာ မထုံတက်တေး ခေါင်းမာတတ်တဲ့ ကြွပ်ဆတ်ဆတ်မိန်းကလေး တယောက်ဖြစ်ခဲ့ဘူးတယ်။ ရှင်နဲ့ တွေ့တော့မှ အလဲလဲ အပြိုပြို ၊ စိတ်ကူးယဉ်တတ်သူ၊ အားငယ်တတ်သူ၊ အားကိုးတတ်သူတယောက် ဖြစ်လာခဲ့တာ။ အဲဒါ အချစ် ဆိုတဲ့ အရာကြောင့်လား။
------------------------------------------------
တို့်ရေဆာနေချိန် ရေချိုတွေယူလာပေးသူ
အဆင်ပြေချိန် ရှန်ပိန်လေးတခွက်ထက်ကို ပိုတန်ဖိုးထားပါတယ်
ဖယောင်းတိုင်ငယ်ကို မှောင်ချိန်မှာ ယူလာပေးသူ
ရောင်စုံညအလင်းတွေထက် ပိုမြတ်နိုးမိပါတယ်
ပိုနေချိန်ကျ မင်းဘေးဖယ်
ကိုယ်လိုရင်အစဉ်အမြဲရှိခဲ့
မင်းရဲ့ ပေးဆပ်နိုင်စွမ်းကတော့ ဘယ်သူနဲ့မှမတူတယ်
ကိုယ့်အတွက် မင်းကလေးဟာ အနှိုင်းမဲ့
အစားထိုးဖို့ထပ်တူ မရှိခဲ့
မင်းနဲ့ လဲဖို့ရာမရှိခဲ့
အစားထိုးဖို့ထပ်တူမရှိခဲ့
တယောက်တည်း ချစ်နေမယ်........
လက်ဖက်ရည်ဆိုင်က ဇော်ဝင်းထွဋ္ဋ်ရဲ့ ခံစားချက်အပြည့်နဲ့ သီချင်းသံက ကိုယ့်ရင်ကို လာပြီး ရိုက်ခတ်တယ်။ သူကရော ဘယ်လိုတုံ့ပြန်လေမလဲ။ ကြည့်ပါဦး ဒီဆိုင်မှာ ထိုင်နေတာ သုံးနာရီကျော်ခဲ့ပြီ။ သူနဲ့ကိုယ် ပြောနေတဲ့ ဖြစ်တည်မှုပဒါန၀ါဒ၊ မောင်ထွန်းသူဘာသာပြန်တဲ့ ရဲတိုက်၊ ဖောရက်စ်ဂမ့်ပ်ရုပ်ရှင်၊ ချီကွေဗားရား နဲ့ အာရပ်အစ္စရေးပဋ္ဋိပက္ခ ဇာစ်မြစ်အကြောင်း တွေက ကျမတို့ရှေ့က ကော်ဖီ နဲ့ လက်ဖက်ရည်ခွက်ထဲ ခုန်ဝင်အရည်ပျော်သွား။ ရှင့်မျက်ဝန်းတွေက တဖျပ်ဖျပ်တောက် နေတဲ့ ကြယ်စင်လေးတွေလို၊ စိန်ပွင့်လေးတွေလို။ “ရော့- ဖတ်ကြည့်” အိတ်ထဲက ဆွဲထုတ်လိုက်တာက Henry Sydnor Harrison ရဲ့ Queed ကို ဆရာ ဦးဝင်းတင် ဘာသာပြန်တဲ့ “ကွိ” ဆိုတဲ့ စာအုပ်ကလေး။ တညလုံး ကြိုးစားပမ်းစား ပြီးအောင်ဖတ်လိုက်တယ် ဆိုရင် ရှင် ယုံမလား။ နောက်နေ့ စာအုပ်ကို ပြန်ပေးတော့ ရှင်မျက်ခုံးပင့်ခဲ့တယ်လေ။ “ ဖတ်ပြီးရဲ့လား” “ဒါပေါ့- သိပ်ကောင်းတယ်”။ ကိုယ့်ဖာသာပြောသလိုနဲ့ သူက ခပ်တိုးတိုးဖွဖွ ပြောလိုက်သေးတယ် မဟုတ်လား “အင်း- အဲဒီထဲက ရှာလီဝေလင် လို မိန်းကလေးမျိုး အပြင်မှာ ရှိရင် ကောင်းမယ်” ။ တခါက သူပေးခဲ့တဲ့ မှတ်ချက်တခုကို ဖြတ်ကနဲ သတိရ။ သူ့မျက်လုံးတွေကို တည့်တည့်စိုက်ကြည့်ပြီး ကိုယ်ဖြစ်ချင်တဲ့ ဘ၀ရည်မှန်းချက်တခုကို အားတက်သရောပြောနေတဲ့ အချိန်ခဏ “မင်းက ဂျူးဇာတ်ကောင် မိန်းကလေးတွေနဲ့ တူတယ်” တဲ့။
ဂျူးဇာတ်ကောင်တွေနဲ့ ရှာလီဝေလင် သိပ်များ ခြားနားနေသလားကွယ်...။
---------------------------------------------
မိန်းကလေးတယောက်အနေနဲ့ ကိုယ်က ယောက်ျားလေးတယောက်ကို အရင်ဆုံး ချစ်မိပြီဆိုပါတော့။ ကိုယ်ချစ်နေတာကို သူမသိစေရဘူးကွာ။ နောက်ပြီး သူက စွန့်စားပြီး သူ့အချစ်ကို ဖွင့်ပြောတာမျိုးဖြစ်ရမယ်။ ငါပြောရင် သေချာပေါက်ရမှာပဲ ဆိုတာမျိုး မဖြစ်စေရဘူး။ ဖြစ်နိုင်ရင် သူ့ကို ကိုယ်က မနှစ်သက်တာ၊ သူ့ကိုမကြေနပ်တာတွေတောင် ပြထားချင်သေးတယ်။ အဲဒီအခက်အခဲတွေ ရှိနေရက်က ကိုယ့်ကို သူချစ်ပါတယ်ဆိုလို့ကတော့ ဒါဟာ သူ့ဖက်က တော်တော်ခိုင်မာပြီး တော်တော်သေချာတဲ့အချစ်ဘဲ။
အရင်းနှီးဆုံးသူငယ်ချင်းကို အဲဒီလိုလေး ဖွင့်ပြောခဲ့တယ်။ အဲဒီခံယူချက်ကို အဲဒီတုန်းက ကိုယ် အသေအချာ ကိုင်စွဲခဲ့တာကတော့ သေချာသည်။ သူလာမှာသိလို့ စောင့်နေပါရက်နဲ့ သူလာတဲ့အခါ တခြားကိစ္စနဲ့ အလုပ်များနေချင်ယောင် ဆောင်ပေးတတ်သည်။ လာနေကျအချိန်ထက် တော်တော်လေးနောက်ကျနေရင် (လာမှာ သေချာပါလျက်) အပြင်ကို ထွက်သွားတတ်သေးသည်။ တခြားမိန်းကလေးတွေနဲ့ ရင်းနှီးခင်မင်နေရင် စိတ်ထဲမှာ သ၀န်တိုနေပါလျက် တခြားအကြောင်းအရာတခုကို စိတ်တိုစိတ်ဆိုး နေချင်ယောင် ဆောင်တတ်ခဲ့သည်။ တခြား ယောက်ျားလေး သူငယ်ချင်းလာလည်ရင် သူသ၀န်တိုလေမလား ရယ်လို့ လိုတာထက်ပိုပြီး ဖေါ်ရွေခင်မင် ပြတတ်ခဲ့သည်။ မေ့တတ်လွန်းတဲ့ ကိုယ်က သူ့ဖုံးနံပါတ်၊ အိမ်နံပါတ်၊ ဆိုင်ကယ်နံပါတ်၊ နယ်မှာရှိတဲ့ ဆွေမျိုးတွေ၊ အရင်းနှီးဆုံးသူငယ်ချင်းနံမည်တွေကို တခါမြင်ရုံ၊ ကြားရုံနဲ့ မှတ်မိနေခဲ့တာကို သူ့ကိုပေးမသိခဲ့။
ကိုယ်ဟာ သိပ်ဟန်ဆောင်တတ်ခဲ့တာပါဘဲ။ ဟန်ဆောင်ခဲ့တာ ပိရိသလားမပိရိသလားဆိုတာတော့ သူသာပဲ သိလိမ့်မည်။
----------------------------------------------
ဟိုး ကမ္ဘာတဖက်ခြမ်းမှာ သူ ပညာသင်ဆု ရတယ်တဲ့။ ဂုဏ်ယူပါတယ်။ ဒါပေမဲ့ အလိုလို ကြေကွဲနေမိတယ်။ ကံကြမ္မာက ကိုယ့်ဖက်မှာ မရှိပြီထင့်။ ပူလောင်တဲ့ရင်က ချော်ရည်မြစ်တွေ ဖြတ်စီးနေသလို။ တကိုယ်လုံးက အားအင်တွေကို တန်ခိုးရှင်က စုဆွဲနုတ်ယူလိုက်သလို နုံးချိလို့ ။ ကမ္ဘာကြီးက လိုတာထက်ပိုပြီးလည်ပတ်တဲ့ အရှိန်တွေ မြန်နေတယ်လို့ ထင်ရရဲ့။ ကုတင်ပေါ်မှာလှဲနေရင်း ခြံဒေါင့်က ခရေပင်ကြီးက ခရေပွင့်လေးတွေ မြေပေါ်ကို တဖြုတ်ဖြုတ် ကြွေနေတာမြင်ရတယ်။ လေမတိုက်ဘဲနဲ့ လေ။
“ဆောရီး၊ သွားဖို့ စာရွက်စာတမ်းတွေ ပြင်ဆင်နေရလို့ နင်နေမကောင်းတာတောင် လာမမေးဖြစ်ဖူး။ သက်သာရဲ့လား၊ ဒီပုံနဲ့ မနက်ဖြန်တော့ လိုက်ပို့နိုင်မယ်လို့ မထင်ဘူးနော်၊ ဟိုကောင်တွေတော့ လိုက်ပို့လိမ့်မယ်” တဲ့။ ရီဝေနေတဲ့ ကိုယ့်မျက်လုံးတွေကို အဖျားရှိန်ကြောင့်လို့ သူထင်မလား။ “မပို့တော့ပါဘူး” လို့ ခပ်တိုးတိုးဘဲ ပြန်ပြောဖြစ်တယ်။ “မိငယ် လိုတဲ့ စာအုပ်စာတမ်းတွေ ပြော၊ အခြေအနေပေးရင် ရှာပြီး ပို့ပေးမယ်” တဲ့။ ”ကျေးဇူးတင်ပါတယ်ဟာ၊ ဟိုရောက်ရင် အချိန်ရမယ်မထင်ပါဘူး၊ ကိုယ့်ဟာကိုယ် ရုန်းကန်ရဦးမယ် မဟုတ်လား” အဲလိုပြန်ပြောဖြစ်ခဲ့တာဟာ သူ့အပေါ် တကယ်စာနာစိတ်ကြောင့်လား၊ ကိုယ့်ကိုကြိုတင်အသိမပေးလို့ မကြေနပ်တဲ့ စိတ်ကြောင့်လား၊ ခါတိုင်းလို ဟန်ဆောင်နေကျစိတ်ကြောင့်လား ဆိုတာတောင် ကိုယ့်ဘာသာ ခွဲခြားမသိတော့။ “ဂရုစိုက်နော်” တဲ့။ ဒီစကားလေး တခွန်းနဲ့ တင် ကိုယ့်ကို သူ နှုတ်ဆက်သွားခဲ့။ အချစ်ခြင်းတူရင်တောင်မှ ခွဲခွာသွားသူထက် ကျန်ရစ်ခဲ့သူက ပိုခံစားရတယ် တဲ့။ အခု အဖြစ်က အဲဒီလိုတောင် ပြောလို့မရ။ အမြဲလျို့ဝှက်လွန်းတဲ့ သူတယောက်ရဲ့ ပဟေဠိဆန်တဲ့မျက်ဝန်းတွေကို ဖတ်ကြည့် မနေတော့ပါဘူးလေ။
တဖြေးဖြေးဝေးသွားတဲ့ သူ့ကျောပြင်က ကောင်းကင်ကို လွပ်လပ်ပေါ့ပါးစွာပျံတက်သွားတဲ့ စွန်ကလေးတခုနဲ့ တူပင်တူသေးတော့။ ငယ်ငယ်က လွှတ်ခဲ့ဖူးတဲ့ ဆီစိမ်စက္ကူအ၀ါရောင်နဲ့ အမြီးရှည်ရှည် ကိုယ်အကြိုက်ဆုံးစွန်ကလေး။ ကြိုးကလေး တင်းတင်းသွားအောင် ပျံတက်သွားလို့ ရစ်ဘီးလုံးလေး လျှော့ရင်းလျှော့ရင်း ဝေးလံမှုန်ပြသွားတဲ့အထိ။ ထောင်းကနဲ အပ်ချည်မျှင်ကလေးက အပြတ်။ “မငိုပါနဲ့ သမီးရယ်၊ ဖေဖေ အသစ်တခုလုပ်ပေးပါ့မယ်” တဲ့။ ဟင့်အင်း၊ အဲဒီအသစ်က သမီးစွန်ကလေး မဟုတ်ဖူး။ ရစ်ဘီးလုံးလေးကို နောက်တခါ လက်ဖျားနဲ့တောင် မတို့မထိဖြစ်အောင် ခေါင်းမာခဲ့ဖူးလေသည်။
ခုတော့ သူက နောက်ကို သမင်လည်ပြန်လေးတောင် လှည့်မကြည့်ခဲ့ပါလား။
ဘယ်ဖက်ရင်အုံအောက်က တစစ်စစ်နာကျင်လာတယ်။
မျက်လုံးထဲမှာ နှင်းတွေဝေပြီး အရည်ပျော်၊ ရုတ်တရက် ရေနွေးမြစ်ကလေးနှစ်စင်း ပါးမို့လွင်ပြင်ပေါ် ဖြတ်သန်း စီးဆင်းသွားတယ်။
----------------------------------------------------
အတောင်ပံမရှိဘူး ငှက်ကလေးများအတိုင်း
အရောက်သွားဖို့ အချစ်ထံ မိုးမြင့်မှ မပျံနိုင်ဘူး
ပင်လယ်ကိုကူး ရွှေငါးလေးအတိုင်း
ဖန်ဆင်းလို့မရပါ လိုက်ခဲ့ဖို့ မလွယ်ပါဘူး
တော်ရာမှာနေ နွေမိုးဆောင်းတို့
ကုန်ဆုံးကူးပြောင်းချိန် မလွမ်းဘဲမနေနိုင်ဘူး
စံပယ်တွေ သဇင်တွေ ပိတောက်ပန်းများခူး
ပန်ပေးခဲ့ဖူးတာ တနေ့မှ မေ့မရပါဘူး
ရွှေပင်လယ်ကြီး ကာဆီးထားလို့
ဆုံဆည်းရဖို့ ဘယ်လောက်အထိ စောင့်ရမယ်မသိဘူး
တော်ရာမှာနေ မပျော်ဘူးအချစ်ရေ
မျှော်ရတဲ့နေ့တွေ မကုန်နိုင်ဘူးမဆုံးနိုင်ဘူး.....................
ရတနာဦး သီချင်းထဲကတော့ တော်ရာမှာနေပြီး မပျော်တဲ့အကြောင်း ဆိုထားလေရဲ့ ။ ရှင်ပျော်နေတဲ့အကြောင်းကတော့ တဆင့်စကားနဲ့ ကိုယ်ကြားနေရပါတယ်လေ။ ငယ်ငယ်က စွန်လွှတ်ရင်း ကောင်းကင်မှာ ဝေးဝေးပြီး ပျောက်သွားတဲ့အ၀ါရောင် စွန်ကလေးလိုပေါ့။ သာယာတဲ့ မြက်ခင်းစိမ်းစိမ်းလေးမှာ ပျော်ရွှင်စွာ နားခိုနိုင်ပါစေလို့ ဆုတောင်းပေးနေပါတယ်။
နှစ်ပါတ်ပဲကွာတဲ့ ကိုယ့်မွေးနေ့ကို သတိတရမရှိမှတော့ အရာအားလုံးကို မေ့လောက်ပြီလို့ ထင်ပါတယ်။ “ကိုယ်က နှစ်ပါတ်ပိုကြီးတယ်၊ မမ လို့ ခေါ် ကြားလား၊ ပြီးတော့ အောက်ကတဆင့်နိမ့်တဲ့ခုံမှာဆင်းထိုင် လို့ ” တင်တင်စီးစီးလေး ကျီစယ်ခဲ့ဘူးတယ်လေ။ ပြီးခဲ့တဲ့ တနှစ်က ကိုယ့်မွေးနေ့ကို ဖိတ်တော့ ထူးဆန်းစွာ အဘိဓါန်စာအုပ်တအုပ်လက်ဆောင်ပေးခဲ့လို့ တူညီသော တုံ့ပြန်မှု အနေနဲ့ သူ့မွေးနေ့မှာ ဘုရားစာအုပ်တအုပ် လက်ဆောင်ပြန်ပေးခဲ့တာ မေ့ပြီထင့်။ မေ့လက်စနဲ့ သူ့မွေးနေ့ကိုလည်း အမှတ်တရ လှမ်းနှုတ်မဆက်ချင်တော့ပါဘူးလေ။ ကိုယ့်ဘာသာ ဘုရားတက်ပြီး သူ့ မွေးနံဒေါင့်မှာ ရေချမ်း၊ ပန်းလှူပြီး ဆုတောင်းပေးခဲ့သေးတယ်။ “ရေလိုအေးလို့ ပန်းလိုချမ်းမြေ့ပါစေ”
---------------------------------------
ညက ပိုပြီး စေးပျစ်သိပ်သည်းလာတယ်။ စားပွဲပေါ်က စာကြည့်မီးအုပ်ဆောင်းက ဖြာကျနေတဲ့ မီးရောင်ကလေးတောင် ပိုပြီး မှိန်ဖျော့လာသလိုပဲ။ စားပွဲပေါ်မှာ ပြန့်ကျဲနေတဲ့ မှတ်စုတိုကလေးတွေ၊ ရည်ညွှန်းစာအုပ်တွေ၊ ပါဝါထူထူ မျက်မှန်တလက်၊ လက်ပ်တော့ကွန်ပြူတာတလုံး၊ ဒါတွေအားလုံးက ကိုယ့်ရဲ့ အဆုံးစွန် ရည်မှန်းချက်လား။ အချိန်ကန့်သတ်ချက်တခုမှာ အပြီးသတ်ရတော့မဲ့ စာတမ်းတခုအတွက် တရုံးဝင်တရုံးထွက်၊ ပြေးရလွှားရလို့ ခုန်ပေါက်နေတဲ့ ရင်ကို ခဏထိန်းချူပ်လိုက်၊ အပြုံးကလေး တွေကျဲဖြန့်လိုက်၊ “တဆိတ် ကျေးဇူးပြုပါနော်” လို့ အချိုသာဆုံးအသံနဲ့ပြောလိုက်။ “အဲဒီအညွှန်းစာအုပ်တွေ ဒီမှာမရှိပါဘူး” လို့ တုန့်ပြန်လာခဲ့ရင် စိတ်ပျက်ခြင်းတွေကို ဖုံးဖိထုပ်ပိုးထားလိုက်။ အင်တာဗျးချိန်းထားပြီးမှ “ဆရာကြီးက အရေးပေါ်အစည်းအဝေးရှိလို့တဲ့“။ လိပ်နဲ့ အပြေးပြိုင်ရင်တောင် အရှူံးပေးရလောက်တဲ့ အင်တာနက်၊ သဲနာရီကလေး လှုပ်ခါနေတာကိုကြည့်ပြီး ချခဲ့ရတဲ့ သက်ပြင်းရှည်တွေ။ “ဟုတ်ကဲ့ရှင့်” ပေါင်း တသောင်း၊ “ကျေးဇူးတင်ပါတယ်ရှင့်” ပေါင်းတသိန်း၊ ဒါတွေအားလုံးရဲ့ နောက်ဆုံး မျှော်လင့်ချက်က ဘာလဲ။ “ဒေါက်တာဘွဲ့” ဆိုတဲ့ လက်မှတ်ကလေးတခု သူမအိမ်နံရံမှာ ချိတ်ဆွဲထားဖို့လေလား။ မိဘတွေ ကျေနပ်ဖို့လား။ ကိုယ့်ဘာသာ ကျေနပ်ဖို့လား။ လက်ထောက်ကထိက ဆိုတဲ့ ရာထူးနဲ့ လျော်ညီစွာ လူရိုသေ ရှင်ရိုသေ ဖြစ်ဖို့လား။
ကိုယ်သိပ်မမက်မောတဲ့ အရာတခုကို အသည်းအသန်လိုက်ကြိုးစားနေမိတာ။ ရှင်သာသိရင် လှောင်ရယ်ရယ်မှာ သေချာတယ်။
-------------------------------------------------
ရှင်မရှိပေမဲ့ ကံ့ကော်လမ်းကလေးမှာ လျောက်လှမ်းနေဆဲပါ။ ကိုယ့်မှာရှိတဲ့ အလင်းရောင်ကလေးကို တတ်နိုင်သလောက် ဖြန့်ဝေပေးနေတဲ့ မီးအိမ်ငယ်လေး ကျမကို နီယွန်မီးရောင်တွေအောက်ကနေ သတိတရ ရှိနိုင်ဦးမလား။ နောင် နှစ်အနည်းငယ်အတွင်းမှာတော့ ကျမဟာ ဒီနေရာလေးမှာ ပိုပြီး နေသားတကျ ဖြစ်လာမှာပါ။ ကျမရဲ့ ဘ၀မျှော်မှန်းချက်အနာဂတ်တွေ တည်ရှိနေတဲ့ နေရာက ဒီကံ့ကော်မြေပဲ။ ရှင် သိပ်သံယောဇဉ်ရှိတဲ့ အဲဒီကံ့ကော်မြေကို ရှင်လည်း တခေါက်တော့ ပြန်ရောက်လာဦးမှာပါ။ တိုက်တိုက်ဆိုင်ဆိုင် ကံ့ကော်တွေ လှိုင်လှိုင်ပွင့်တဲ့ အချိန်နဲ့ တိုးရင်လည်းတိုးနေလိမ့်မယ်။ အတိတ်က ပန်းကြိုက်တဲ့ ကောင်မလေးတယောက်ကို သတိရမရတော့ အတပ်မပြောနိုင်။ အဲဒီအချိန်ကျရင် ရှင့်နဘေးမှာ ရှာလီဝေလင်နဲ့ တူတဲ့ မိန်းကလေးတယောက် ပါကောင်းပါလာနိုင်သေးရဲ့။ ချစ်စရာကောင်းတဲ့ သမီးလေးတယောက်လဲ ရှိချင်ရှိနေလိမ့်မယ်။ ကျမကတော့ မျက်မှန်ပါဝါထူထူကလေးတလက်နဲ့ တည်ငြိမ်တဲ့ ကထိကဆရာမတယောက် ဖြစ်ရင်ဖြစ်နေမှာပေါ့။ ရှင်တို့ ကို ကျွန်မက အချိုသာဆုံးအပြုံးတွေနဲ့ အဖြူစင်ဆုံးရယ်သံတွေစွက်ပြီး ရှေးဟောင်းနှောင်းဖြစ်တွေ မိတ်ဆွေတွေအကြောင်း ပြောပြမယ်။ တောင်ငူကင်တင်းန်က အရသာညံ့ပေမဲ့ ဆွဲဆောင်မှုရှိတဲ့ အစားအစာတွေနဲ့ ဧည့်ခံမယ်။ ပြီးတော့ သာရေးနာရေး ဆက်သွယ်ဖို့ အီးမေးလ်လိပ်စာတွေဖလှယ်မယ်။ “နင့်ဆီ ခဏခဏတော့ စာပို့နိုင်မှာမဟုတ်ဖူးနော်၊ တို့ဆီမှာက ကော်နက်ရှင်မကောင်းဘူးလေ” လို့ ဆင်ခြေမဟုတ်တဲ့ ဆင်ခြေလေးကို ပေးမယ်။ အချိန်တန်လို့ အိမ်ပြန်ကြတော့ ထွက်ခွာသွားတဲ့ ရှင့်ကျောပြင်ကို ကြည့်ရင်း အဝေးကို ပျံတက်သွားတဲ့ အ၀ါရောင်စွန်ကလေးကို သတိရချင်ရနေလိမ့်မယ်။
ကိုယ့်ရင့်ကျက်မှုကို ကိုယ် ကောင်းချီးတွေအခါခါ ပေးရင်းကပေါ့။
------------------------------------------------
စားပွဲပေါ်မှာ တင်ထားတဲ့ နာရီလက်တံလေးနှစ်ခုက တစ်ထပ်တည်းကျနေပြီ။ နေ့တနေ့ရဲ့ ဟိုမှာဖက်ကို ကူးပြောင်းတဲ့ သင်္ကေတပဲပေါ့။ ငုံရာက ပွင့်အာလာတဲ့ ညမွှေးပန်းရနံ့တွေက ပိုစူးရဲလာသည်။ ရင်ကွဲတေးဆိုနေကြတဲ့ ညပိုးကောင်ကလေးတွေ လည်း မောလွန်းလို့ ထင်ပါရဲ့။ သူတို့ တပြိုင်နက် တိတ်ဆိတ်သွားတော့သည်။
အချစ်အကြောင်းတွေကို အမှတ်ရစေပါတယ်။
ReplyDelete