Saturday, 1 May 2010

ငယ်ကချစ် အနှစ်တရာ

ကံကုန်းရွာက လယ်ပိုင်ရှင်ကြီး ဦးထွန်းလှမှာ သမီးသုံးယောက် ရှိတယ် ။ မအေးကြွယ်၊ မအေးမယ်၊ မအေးမျှင် တဲ့။   အစ်မကြီး မအေးကြွယ်က ညိုညို ထောင်ထောင်မောင်းမောင်း၊  အချက်အပြုတ်မှာ လူသုံးလေးဆယ်စာ တစ်ယောက်တည်း နိုင်နင်းသည်။ ၀တ်တာစားတာ ရိုးလွန်းတော့  ရှိရင်းစွဲ အသက်ထက်ဆယ်နှစ်လောက် ပိုကြီးတယ် ထင်ရသည်။ မအေးမယ် က ညီအစ်မသုံးယောက်ထဲမှာ အသားအဖြူဆုံး၊ အရပ်ပုပု နှာတံပြားပြားလေးနဲ့  လှသည်လို့ မဆိုနိုင်ပေမဲ့ မျက်နှာချိုပြီး လေသံအေးအေးလေးနဲ့ စကားပြော တတ်တာမို့   ရွာနီးချူပ်စပ်က သဘောကျကြသည်။  အငယ်ဆုံး မအေးမျှင် ကျတော့ အသားညိုညို ပိန်ပိန်ပါးပါးလေးနဲ့  နှုတ်သီးကောင်း လျှာပါး၊ စိတ်ထက်သူ၊ လယ်ထဲယာထဲ အလုပ်မှာ ယောက်ျားများနဲ့ တန်းတူလုပ်ပြီး အားလုံးကို သူက လက်ညှိုးထိုးခိုင်းနိုင်သူဖြစ်သည်။ သူဆိုးပုံကပြောမကုန်။ သူ့ကို လာပြီး လက်ထပ်ဖို့အရေး ဆွယ်စပ်သူ အောင်သွယ်တွေကို နောက်တစ်ခါလာရင် အကြောင်းသိစေရမယ် ဆိုပြီး ဒါးကြိမ်း ကြိမ်းသည်။   ဒါကြောင့်လည်း “အမျှင်လေး”ကို လူရှိန်သည်။

ကိုဖေတင်က ပန်းတောရိုးရွာသား။ မအေးမယ်တို့ရွာနဲ့ ကိုဖေတင်တို့ရွာက တော်တော်လည်းဝေးပါသည်။ လှည်းနဲ့တောင် နှစ်ရက်လောက်သွားရမှာ။ ဒါပေမဲ့ နီးစပ်ရာဆွေမျိုးတွေက ဆက်စပ် လှော်လှဲပြီး မအေးမယ်နဲ့ ချိတ်မိခြင်းဖြစ်သည်။ ဒီလိုမှ မလှော်ရင်လည်း ကိုဖေတင်က အိမ်ထောင်ကျဖို့ လမ်းမမြင်။  လယ်ထဲယာထဲအလုပ်ကို ရွပ်ရွပ်ချွံချွံ လုပ်သလောက် မိန်းကလေးတွေနဲ့  စကားပြောရမှာ ရှက်သည်။  ညီဖြစ်သူ စံတင့် က မျက်နှာချိုပြီး ချစ်သူခင်သူ ပေါသလောက်  သူကတော့ မျက်မှောင်ကြီး အမြဲကြုံ့ ထားတတ်သည်။  ပါဠိစာကို နွားကျောင်းရင်း ကျက်ပြီး အဘိဓမ္မာစာမေးပွဲ အဆင့်ဆင့် အောင်လာသူ လည်းဖြစ်သည်။  အဲဒီလိုနဲ့ ဘုန်းကြီးမကျ လူမကျ နေလာလိုက်တာ အသက်အစိတ်ကျော်လို့  သုံးဆယ်နားနီးတော့ မိဘတွေ ဆွေမျိုးတွေက မအေးမယ်နဲ့   အောင်သွယ်ပေးကြတာဖြစ်သည်။

နှစ်ယောက်လုံးက လူချင်းမမြင်ဘူးပေမယ့်  မိဘတွေစီမံတာနာခံမည်ပဲပေါ့။  ခေတ်အခါကလည်း အားလုံးက  ဒီလိုပဲ ရှိကြသည်မို့လား။ လူကြီးစုံရာနဲ့   မြန်းတဲ့အချိန်ကျမှ မထမဆုံး တွေ့ဖူးကြတာလေ။ ဘာပဲပြောပြော မအေးမယ်ကိုတော့ သဘောကျသည်။  ကိုယ့်ရွာက မိန်းကလေးတွေထက်တော့ လှသည်ဟု ထင်တာကိုး။ ပြီးတော့ ပဒုမ္မာအကျီင်္ လက်ရှည်လေးနဲ့   မျက်လွှာချထာလေးက သိမ်သိမ်မွေ့မွေ့ လေးဆိုတော့ ခဏခဏ ခိုး ခိုး ကြည့်ရသည်။  မအေးမယ်ကတော့ ဧည့်ခံလို့သာ နေရတယ် ရှက်ရှက်နဲ့ ခေါင်းကြီးငုံ့ထားတော့ ကိုဖေတင့်ကို ဖြူသလား မဲသလား တောင်မပြောနိုင်။ ညေ့်သည်တွေစားဖို့ ချက်ပြုတ်နေတဲ့ မီးဖိုချောင်ထဲက အစ်မကြီး မအေးကြွယ်က ချောင်းချောင်းကြည့်ပြီး အသေးစိတ် ပြန်ပြောပြမှ ကိုဖေတင်ပုံပန်းကို သိရတော့တာ။

 *****************

လက်ထပ်ပြီးတော့ ဟိုဖက်ဒီဖက် မိဘတွေလက်ဖွဲ့   လယ်တွေနွားတွေ နဲ့  လုပ်ကိုင်စားရတာ အစပိုင်းမှာတော့ စီးပွားကလေးက သင့်တော့သင့်ပါရဲ့။ တိုင်းရေး ပြည်ရေး မငြိမ်မသက် ကြောင့်  ကျီးလန့်စာစားနေရတာက တစ်ဒုက္ခ၊ စပါးဈေးပဲဈေး မငြိမ်တာက တစ်မျိုး၊ ည ည ဆို သူခိုးဓါးပြတွေက ဇရပ်လို တကျီကျီ ၀င်ထွက်နေတာက အဆိုးဆုံးပါကလား။ ရွှေကုန်တော့ ငွေ၊ ငွေမရှိတော့ အသုံးအဆောင် နှင့် ခြုံထားတဲ့စောင်တွေအထိ ခွာယူတတ်ကြတာမျိုးဆိုတော့ စားဝတ်နေရေးက ပိုလို့ ကြပ်တည်းလာသည်။



ဂျပန်တွေ ၀င်လာပြီတဲ့”။ ရွာနီးချူပ်စပ် ဖြတ်သွားရုံပဲဆိုတော့ ပါးနားရိုက်ခံရတာမျိုး ဂျပန်ဒုက္ခကို နဖူးတွေ့ဒူးတွေ့ သိပ်မသိလိုက်။  အ၀တ်အစားတွေရှားလွန်းလို့  ဖာစရာ ထေးစရာအပ်ချည်တောင် နာနတ်လျှော်သုံးခဲ့ရတာ၊ ဆပ်ပြာတောင်မရှိလို့  ရရာ သဲဆပ်ပြာတွေ ဘာတွေ သုံးရတာတော့ ရှိသည်။ တစ်ခါတော့ ဂျပန်စစ်သားတွေကို မအေးမယ် တစ်ခါ အနီးကပ်မြင်ဖူးသည် ။ မအေးမယ်ရဲ့ အငယ်ဆုံး သမီးလေးကို ခါးထစ်ခွင် ချီထားတဲ့အချိန် သူမ ရပ်နေတဲ့ စပါးကျီနားကို ဂျပန်ဗိုလ်တစ်ယောက်က လာပြီး ဖျာပေါ်ကအရာတွေကို လက်ညှိုးထိုးမေးသည်။ “ဒါ ဘာလဲ”  သူ့ ဗမာစကားက မဆိုးလှ။ “စပါး“ လို့ မအေးမယ်က ဖြေသည်။  စပါးကို တွေ့ဖူးမြင်ဖူးပေမဲ့ ဗမာလို အခေါ်အဝေါ်ကို သိချင်တာ ဖြစ်မည်။  စပါးစေ့တစ်စေ့ကို ကောက်ယူပြီး အခွံနွှာသည်။  “စပါးကို အကျီင်္ချွတ်တော့ ဆန်“   တဲ့။  တော်တော် ဗမာရည်လည်တဲ့ ဂျပန်ပါလား။  မအေးမယ် ရယ်ချင်စိတ်ပေါက်သွားသည်။ ပြုံးချင်သည်။ ဒါပေမဲ့ မပြုံးဝံ့။

*****************
ကလေး သုံးယောက်ရတဲ့အထိ ဒီလိုပဲ စီးပွားရေးသံသရာ လည်နေကြတာပါပဲ။ ကိုယ့်အိမ် စီးပွားရေးကောင်းတာ ဆိုးတာ ကိုဖေတင်မသိ။ အာရုဏ်တက် မနက်စောစော အသံဝါကြီးနဲ့ တရားပေစာ ရွတ်မည် ဖတ်မည်။ နေလေးပွင့်လာတာနဲ့  မအေးမယ်ချက်ပေးတဲ့ ထမင်းကို ငါးခြောက်ကြော်နဲ့စားပြီး လယ်ထဲသွားမည်။ သူရင်းငှားတွေနှင့်အပြိုင် တစ်နေကုန် နွားနှင့်ကျွဲနှင့် ချွေးပြိုက်ပြိုက်ကျအောင် အလုပ်လုပ်မည်။  နေ့ခင်းနေ့လည် ထမင်းစားနားချိန်မှာ အရိပ်ကောင်းကောင်းမှာ တရားပေစာ ကျက်မှတ်မည်။  ညနေစောင်း အိမ်ပြန်လာရင်  ထန်းလျက်အမြည်းနဲ့  ရေနွေးကြမ်းခါးခါးလေး တစ်ခွက်ပြီး တစ်ခွက် ဇိမ်ယူပြီးသောက်နေရတာက သူ့အတွက် ပြည့်စုံလှပြီ။  အိမ်မှာ ငွေရှိတာမရှိတာ ကြွေးရှိတာ မရှိတာ သူမသိချေ။  မအေးမယ်က အရေးကြီးရင် ပြောလိမ့်မပေါ့ လို့ သူယူဆသည်။ မအေးမယ်ကလည်း ဘယ်တော့မှ နားပူနားဆာမလုပ်။ သူ့ကိစ္စ သူရှင်းသည်။ မီးဖိုချောင်အလုပ်အားတိုင်း  ဥယျာဉ်ခြံထဲမှာ သူတစ်ချိန်လုံး တူးဆွစိုက်ပျိုးထားတဲ့ သီးနှံတွေက ငွေပင်ငွေသီး တွေပဲ။ ခူးဆွတ်ပြီး မြို့ပေါ် တက်ရောင်းဖို့တော့ လိုသည်။  ဒါကြောင့်လည်း မအေးမယ် အရည်အချင်းကို ယုံပြီး ကိုဖေတင်က အေးရာအေးကြောင်း နေတာလည်း ဖြစ်သည်။

ကိုဖေတင်
ဖွဲ့ဖွဲ့နွဲ့နွဲ့ မပြောတတ်ပေမဲ့ သူ မအေးမယ်ကို ချစ်ပါသည်။ သူ့တစ်သက်မှာ တစ်ခါမှ ဘယ်မိန်းမကို စိတ်မကူးခဲ့တာမို့  ပထမဆုံးနဲ့ နောက်ဆုံးအချစ်လို့ ပြောရလိမ့်မည်။  ဒါပေမဲ့ သူ့ပါးစပ်က ချိုချိုသာသာ မပြောတတ်။  ကြင်ကြင်နာနာ ပျူပျူငှာငှာမလုပ်တတ်။  အဲလိုလုပ်ရမှာလည်း ရှက်သည်။  ထူးထူးဆန်းဆန်း ချိုသာမိရင်လည်း မအေးမယ်က ဘာဖြစ်လာတာလဲဆိုပြီး မျက်စောင်းထိုးလိမ့်မည် ထင်သည်။ အခန့်မသင့်ရင် အမှောင့်ပယောဂပူးတယ်ဆိုပြီး ဆေးဆရာတောင် သွားပင့်လိမ့်မည်။  ဒီတော့လည်း မဖြစ်ပြန်ချေ။ လယ်ထဲကအပြန် ရသမျှ ဟင်းသီးဟင်းရွက်တွေ ခူးပြီး အိမ်ပြန်ယူလာသည်။  စပါးတွေ အထွက်ကောင်းအောင် များများသီးအောင် ကြိုးစားပမ်းစားထွန်ယက်သည်။  စပါးရောင်းလို့  ငွေစကြေးစ ရွှင်တဲ့အခါ မအေးမယ် တပြုံးပြုံးဖြစ်နေတာကိုကြည့်ပြီး သူ ပျော်သည်။  မအေးမယ်မှာ လက်ကောက်လေး ဆွဲကြီးလေး ဆင်နိုင်လာတာတွေ့ရရင် သူစိတ်ချမ်းသာသည်။ သားကြီးရဲ့ မပီကလာပီကလာ ဘုရားရှိခိုးသံကို ပီတိတစ်ဖြာဖြာနဲ့နားထောင်သည်။  တစ်ခါတစ်ခါ စိတ်ရရင် တစ်ဟေးဟေးနဲ့ သူရယ်မည်။ ပွဲလမ်းသဘင်ရှိရင် သားကြီးကို ပခုံးထမ်းပြီး လျောက်လည်မည်။   ဒါက သူ့ရဲ့ အချစ်သင်္ကေတတွေပဲ ဖြစ်သည်။

လင်နဲ့မယား လျှာနဲ့သွားမို့ စကားများတဲ့ အခါတွေလည်း ရှိသည်။  ဒီမိန်းမ လူကြီးစုံရာနဲ့  မြန်းတဲ့နေ့ကတော့ မျက်လွှာလေးတစ်ချချနဲ့   အေးသလိုလို အ သလိုလို။  အခုတော့ဖြင့် သူ့ကို တစ်ခွန်းမကျန် ခံ ခံ ပက်နေတာများ။  အံမယ် တွေးရင်းဒေါသတွေ ထွက်လာပြီနော်။  ငါ လက်ပါတော့ မယ်။  ပြောမဲ့သာပြောရ -  သူက နွားတောင် နာနာရိုက်တဲ့သူမဟုတ်။  ဒီတော့ သူ့ဒေါသတွေကို ထွက်ပေါက်ပေးတဲ့အနေနဲ့  ပစ္စည်းတစ်ခုခုကို ခွဲပစ်မှ။  ဈေးကြီးတာလည်း မဖြစ်ဘူး။ ရှာစမ်း.... တန်ဖိုးနည်းတာရှာ .... တန်ဖိုးနည်းတာရှာ။  တွေ့ပြီ- ရေနံဆီမီးခွက်အစုတ်။  လာလေရော့-  ပေါက်တူးနဲ့ကို တဒုံးဒုံး ခုတ်ပစ်လိုက်တော့သည်။

မအေးမယ်
ဘယ်လိုလူကြီးလဲ မသိပါဘူးတော်။  စ ယူထဲက သူ့မျက်မှောင်ကြီးက ပြေကိုမပြေဘူး။ ဒါပေမဲ့ အသံဝါကြီးနဲ့ ဘုရားစာရွတ်တာကတော့  ဒီတစ်နယ် သူ့ကို မီသူမရှိဘူး။  အိမ့်ကျက်သရေတောင် ဆောင်ပါပေရဲ့။ အသောက်အစား လောင်းအစားနဲ့  မကောင်းမှုမှန်သမျှလည်း ကင်းပါပေရဲ့။  ဒါပေမဲ့ ဒေါသကြီးတာရယ်၊ ရိုးလွန်းတော့ အ ဆိုတာလို သူရင်းငှားတွေကို မစီမံ မခန့်ခွဲတတ်တာရယ်၊ စီးပွားရေး အမြော်အမြင်မရှိတာရယ်ကတော့ အားမရပေါင်တော်။  ကျူပ်သာ ရောင်းတာ ၀ယ်တာ ကြံတာ ဖန်တာ မရှိရင် ငတ်မယ့်အပေါက်ပဲ။  သူကတော့ ဘုရားဒကာအချိုးနဲ့  အိမ်ရှေ့ ဖြတ်သွားသမျှလူကို ထမင်းခေါ်ကျွေးဖို့ဘဲ။  တကယ်ဆိုရင် ကိုယ့်မိန်းမကို ဘယ်လောက်ချက်ထားသလဲ မေးပါလား။  ကျူပ်လဲ စေတနာ မချို့တဲ့ပါဘူး။  အဖေ့အိမ်တုန်းက လာသမျှညေ့်သည် ကို ကျူပ်ဘဲ ကျွေးမွေးဧည့်ခံလာတာပါ။  သူကတော့ လွန်လွန်းတယ်။   သူ စေတနာပိုလို့   ကျူပ်အချိန်မတော် ထမင်း ပြန်ပြန်ချက်ရတာ များ ပေါ့။  နောက်ပြီး ချက်ကျွေးသမျှကို မငြီးမငြူ စားတတ်ပေမဲ့ ချိုတယ် ခါးတယ် တစ်ခါမှ မပြောဘူး။ တကယ်ဆို ပင်ပင်ပန်းပန်းချက်ထားရတာ  ချီးကျူးသံလေးတော့ တစ်ခါတစ်ရံ ကြားချင်တာပေါ့။  အခုတော့ သူစားတာ နည်းသလား၊ များသလား ကြည့်ပြီး သူ့အကြိုက် သူခံတွင်းတွေ့မတွေ့  အကဲခတ်ရတော့တာ။

မအေးခင် က စိတ်တိုတိုနဲ့  ထမင်းအိုးကို ဆောင့်မွှေပစ်လိုက်သည်။

*****************
သားအကြီးလေး နှင့် သမီးလတ်လေးက စာတော်သည်။  သမီးငယ်ကတော့ စာကို စိတ်မ၀င်စား။ ရွာက မူလတန်းကျောင်းပြီးတော့ သားအကြီးလေးက မြို့ကျောင်းမှာ အလယ်တန်းတက်ဖို့  စက်ဘီးပူဆာသည်။  ကိုဖေတင်က “၀ယ်ပေးလိုက်” လို့ မအေးခင်ကို ခပ်တိုတိုအမိန့်ပေးသည်။  ပိုက်ဆံရှိလား ဘာလား တော့မမေး။  ဒါပေမဲ့ မအေးခင်ရဲ့ အစီအမံနဲ့ ရာလေးစက်ဘီး အဟောင်းလေးတစ်စီးကို ၀ယ်ပြီး မြို့ကျောင်း တက်စေခဲ့သည်။  သားကြီး ဆယ်တန်းဖြေတော့ အားလုံးက မျှော်လင့်သည်။  အောင်စာရင်း ကြေငြာမဲ့နေ့က ကိုဖေတင် ထူးထူးခြားခြား လယ်ထဲမဆင်း။  ရေဒီယိုကလေး နံဘေးမှာ သားအမိ သားအဖတွေအပြင် ဆွေမျိုးတစ်ချို့ပါ ၀ိုင်း နေကြတယ်။ 
 “............. မြို့နယ် .........စာစစ်ဌာနမှ ခုံအမှတ် ......... မောင်ထွန်းခိုင်”
အောင်ပြီ - အဖေရေ့
မောင်ထွန်းခိုင်က ၀မ်းသာစိတ်နဲ့  အော်ရင်းအိမ်ပေါ်ကလွှားကနဲခုန်ချပြီး ရွာလမ်းမအတိုင်း လျှောက်ပြေးလိုက်တာ သတိရတော့မှ ရပ်ကြည့်လိုက်တော့ သူ့ပုဆိုးကြီးက ဟက်တက်ကွဲ လို့....။

*****************
ငါ့သားက အတိဇာတ သားကွ“  ကိုဖေတင်က ခဏခဏပြောတော့ မအေးမယ်က ထုံးစံအတိုင်း မျက်စောင်းထိုးတယ်။  ဒီမှာ  တစ်လ တစ်လ ရန်ကုန်တက္ကသိုယ်ကျောင်းသားကို အချိန်မီငွေပို့ဖို့ စိတ်ညစ်ရတာ သူမသိဘူး။  ဒါတောင် သူဘကြီးဘုန်းကြီးက စားစရာနေစရာ ပေးထားလို့ သာ။  သားကလည်း လိမ္မာပါတယ်။  စာကြိုးစားတယ်။  ချိုးခြံခြွေတာပါတယ်။ တက္ကသိုလ်ကျောင်းသားဆိုတော့ ရွာပြန်လာတိုင်း မျက်နှာကတော့ ပွင့်သလားမပြောနဲ့။  ဒါပေမဲ့ ထွန်းခိုင်က ရွာသူချောတွေကို စိတ်မ၀င်စား။ သူစိတ်ဝင်စားနေတာက ဘကြီးဘုန်းကြီးရဲ့ ဒကာ ဦးမြိုင့်သမီးကလေး တင်တင်။  သက်တူရွယ်တူ မြို့သူ။  ဖြစ်ချင်တော့ ဘွဲ့ရရချင်း ရုံးစာရေး အလုပ်ကလေးတစ်နေရာဝင်ပြီး တင်တင်နဲ့  နှစ်ယောက်တစ်ဘ၀ ထူထောင်လိုက်ကြတယ်။  ကလေးတစ်ယောက်လို ချစ်မ၀သေးခင် အိမ်ထောင်ပြုသွားတော့ ဒေါ်အေးမယ်ရော  အဒေါ်အပျိုကြီး နှစ်ယောက်ပါ မျက်ရည်လေးတွေ တစ်လည်လည်နဲ့ပေါ့။
ကိုထွန်းခိုင်တို့အိမ်ထောင်ဦးလေးက ပြည့်ပြည့်စုံစုံမရှိတော့ ဒေါ်အေးမယ် မနေနိုင်။  ငါးခြောက်၊ ပုဇွန်ခြောက်၊ ပုဇွန်ဥ၊ ပုဇွန်ဆီ၊ ကိုယ်တိုင်လုပ်တဲ့ ငံပြာရည်ကအစ ကောက်ညှင်းဆန်အလည် ငှက်ပြောသီးအဆုံး၊ တောင်းကြီးတောင်းငယ်နဲ့  ထည့်ပြီး ရန်ကုန်တက်သည်။  သားစားဖို့၊ ချွေးမစားဖို့၊ မြေးဦးလေးစားဖို့။  မိခင်မေတ္တာနဲ့မို့ မောရကောင်းမှန်းမသိ။ ဒါကြောင့်လည်း ချွေးမတင်တင်က အမေအရင်းလို ချစ်သည်။  ကိုထွန်းခိုင် အရာရှိဖြစ်သွားတဲ့အထိ ဒေါ်အေးမယ်က ဆက်ပို့နေတုန်း။  အမေ့ငံပြာရည်က သိပ်ကောင်းတာပဲ ဆိုရင် တစ်ပြုံးပြုံး ဖြစ်လို့နေသည်။  ဦးဖေတင်ကတော့ သူ့မိန်းမလို ခရီးသိပ်မသွားပေမဲ့ ပြန်လာရင် သားတွေ ချွေးမနဲ့ မြေးတွေအကြောင်း ခေါင်းတစ်ငြိမ့်ငြိမ့်နားထောင်တတ်သည်။  သူတို့လည်း အဖိုးအဖွားတွေ ဖြစ်လာပြီမို့လား။

***************** 
သမီးနှစ်ယောက်လုံးလည်း အိမ်ထောင်ကျလို့  သားသမီးတွေ ရနေကြပြီ။ တစ်အိမ်တည်း  အတူနေသမီးမိသားစုမှာ မိဆူး ဆိုတဲ့ မြေးမလေးရှိသည်။ အဖိုးအဖွားနားကို အကပ်ဆုံးဖြစ်သည်။  အဖွား ဥပုသ်စောင့်လျှင် အလှူထုပ်ကလေးကိုင်ပြီး အတူလိုက်သည်။  အဖိုး ဥယျာဉ်ထဲဆင်းရင် ခြင်းတောင်းလေး ကိုင်ပြီး လိုက်သည်။  ည ည ဆိုရင် အဖိုးကိုနင်းပြီး အဖွားကို နှိပ်ပေးတတ်သည်။ အဖိုးအဖွားနဲ့   တူတူအိပ်သည်။ လက်ကတုံးတောင်ဝှေးလို့ ပြောရမလား။ 

အဲသည် အဖိုးအဖွားအရွယ်အထိ ဦးဖေတင်နဲ့ ဒေါ်အေးမယ်က တကျက်ကျက်စကားများတတ်သေးသည်။  ဦးဖေတင် က ရေနွေးသောက်ရင်း ဆွေကြောင်းမျိုးကြောင်းပြောလို့  စိတ်အခန့်မသင့်တဲ့အခါ ဒေါ်အေးမယ်က “တယ်..........“ ဆိုပြီး သံရှည်ဆွဲကာ ရေရွတ်တတ်သည်။  အဲဒီ “တယ်” တစ်ခွန်းနဲ့တင် ဦးဖေတင် တိတ်သွားတော့သည်။  တစ်ခါတစ်ခါလည်း  ဒေါ်အေးမယ် စိတ်မတို တိုအောင် တမင်တကာ ဆွ ပြောတတ်သည်။ အဲဒီ မကြားရ မနေနိုင်တဲ့ “တယ်“ ဆိုတာကြားမှ မိန့်မိန့်ကြီး ပြုံးလို့ နေတော့သည်။

တစ်နှစ်တစ်ခါလောက်တော့ သူတို့ မောင်နှံ ကိုထွန်းခိုင်တို့  မိသားစုဆီ သွားလည်ကြသည်။  သွားတုန်းက တစ်ပါတ်လောက်ရည်ရွယ်ပေမဲ့ သားတွေ မြေးတွေ ချွေးမတွေက နေပါဦး နေပါဦးနှင့် ဆွဲထားရင်းက ရက်၂၀လောက် ကြာတတ်သည်။  ဆီဦးထောပတ်စားနေရပေမဲ့ မြို့မှာ  ကြာကြာနေဖို့မပျော်ပါ။  သူတို့ချစ်သော လယ်မြေ ယာမြေကို လွမ်းလှသည်။  မြေးမလေး မိဆူးကို လွမ်းလှသည်။  ကဲ- ဒါဆိုလည်း အမေပဲပြန်နှင့်လေ၊ အဖေနေခဲ့ဦး၊ ဘုရားမှ မစုံသေးတာ၊ ကိုထွန်းခိုင်ရုံးပိတ်ရက်ကျ လိုက်ပို့မှာပေါ့ ။ ချွေးမတင်တင်က သိသိကြီးနှင့် စ နေပြန်သည်။   ဒေါ်အေးမယ်မရှိပဲ ဦးဖေတင် ဘယ်တော့မှ တစ်ယောက်တည်း ကျန်ခဲ့မယ်မဟုတ်။  ပြန်မဲ့ရက်ကိုရွေးတာတောင် ဒေါ်အေးမယ် သဘောကျတဲ့ရက် မဟုတ်လား။

ရုတ်တရက် ဦးနှောက်သွေးကြောပြတ်ပြီး ဦးဖေတင်ဆုံးတော့ အားလုံး အံ့သြကြသည်။  ခဏခဏ နေမကောင်း ဖြစ်တတ်သူ အမောအကြပ်ရှိလို့  ဆရာဝန်နှင့် အမြဲပြနေရသူက ဒေါ်အေးမယ်မို့လား။ သင်္ခါရတရား နှလုံးသွင်းထားသူမို့   ဒေါ်အေးမယ် မငိုပါ။  နှစ်ပေါင်းလေးဆယ် လက်တွဲခဲ့တဲ့အချိန်အတွင်းမှာ တစ်ယောက်ကို တစ်ယောက် အခိုင်မြဲဆုံး သစ္စာတရားတွေနဲ့   အကောင်းဆုံး ဖေးမခဲ့ကြသည်။  ကြုံလာသမျှ သောက ဒုက္ခ၊ သုခအ၀၀ကို အဖေါ်မွန်ပီသစွာ မျှဝေခံစားခဲ့ကြပြီးပြီ။  ကိုယ်နိုင်ရာဝန် ကိုယ်ထမ်းခဲ့ကြပြီ။   သူသွားသောလမ်းကို မိမိလည်း မလွဲမသွေ တစ်နေ့လိုက်ရမှာပဲဖြစ်သည်။  အခုဆို သားသမီးတွေလည်း လောကအလယ်မှာ တင့်တင့်တယ်တယ် ဖြစ်အောင် အတူတကွ ပြုစုပျိုးထောင် ခဲ့ပြီးပြီ မဟုတ်ပါလား။  သူချစ်တဲ့ မြေပေါ်မှာ နွားနဲ့ဖက်ရုန်းရင်း ချွေးစက်ပေါင်း မရေတွက်အောင် ကျခဲ့ရတဲ့ လယ်သမားကြီး ဦးဖေတင်၊ ခုတော့လည်း လယ်စပ်နဘေးက ဘိုးဘွားတွေရဲ့ လွမ်းစေတီကလေးနားက အုတ်ဂူလေးထဲမှာ ထာဝရလဲလျောင်းလို့ နေရတော့မည်။   နားပါတော့ နားပါတော့ ကိုဖေတင်။  သူမ တိုးတိုးလေး ရေရွတ်ခဲ့သည်။

မနက်တိုင်း ထိုင်နေကျ လက်ဘက်ရည်ကြမ်းဝိုင်းကလေးမှာ ဦးဖေတင်မရှိတော့ ခေါင်းရင်းက နေကထိုင် ဖျာကလေးမှာ ကွက်လပ်တစ်ခု ဖြစ်နေသည်။ ဒေါ်အေးမယ် စိတ်ထဲမှာလည်း လစ်ဟာလို့နေသည်။ ဒီအချိန်ဆို သူမကို စိတ်တိုအောင် စ တတ်တဲ့သူကြီး ဘယ်လိုများနေပါ့မလဲလို့    တစ်ယောက်တည်း မနက် လက်ဖက်ရည်ကြမ်း သောက်ရင်း တွေးမိသည်။ အော်- ကိုဖေတင်၊ ကိုဖေတင်၊ ရှင် သေတာ ဗြုန်းစားကြီး ပါလား။ မြောနေတဲ့ အချိန်နာရီပိုင်းမှာ ရှင့်စိတ်ဝိဥာဉ်တွေ ဘယ်တွေရောက်နေခဲ့သလဲ။ ဘာတွေများ တွေးသွားခဲ့သေးလဲ။  တရားနှလုံးလေးမှ သွင်းသွားနိုင်ရဲ့လား။ ပူပူပင်ပင် တွေးနေမိသေးသည်။ ညနေခင်း မှောင်စပျိုးချိန်ကျလာပြန်တော့လည်း အိမ်ရှေ့လမ်းမက ထွန်တုံးထမ်းပြီး ငိုက်စိုက်စိုက် ပြန်လာတဲ့ လူတစ်ယောက်ကိုမြင်တော့ ကိုဖေတင်လို့  ရုတ်တရက် မှတ်ထင်လိုက်သေးသည်။  သြော်- ချက်ချင်းတော့ အသားမကျနိုင်သေးဘူးပေါ့။  ဝေသီနေတဲ့ မျက်ဝန်းအစုံကို လက်ဖမိုးနဲ့   သာသာကလေး ပွတ်သပ်မိသည်။ ဘုရားခန်းမှာ ကိုဖေတင် ဖတ်နေကျ ပါဠိစာအုပ်တွေ၊  မိလိန္ဒအမေးအဖြေ ၊ မဟာဝင်ဝတ္တု စာအုပ်တွေက  ဖုန်အလိမ်းလိမ်း ကပ်ငြိနေပြီ။  တရားသိပေမဲ့ တရားမရှိတာလား။  မြင် မြင်သမျှ အရာတွေက သွားလေသူကို အမှတ်ရစရာတွေချည်း ဖြစ်နေသည်။  ရင်ထဲက မောချင်လာသလိုပဲ။ ကုတင်တိုင် ခေါင်းရင်းမှာ ချိတ်ထားတဲ့ တစ်ရာ့ရှစ်လုံး ပုတီးကုံးလေးကို ဖြုတ်ယူလိုက်သည်။  သြော်  အနိစ္စ သခါၤရ၊  ဒုကၡသခၤါၤရ။

ဦးဖေတင်ဆုံးပြီး သုံးနှစ်လောက်နေတော့ ဒေါ်အေးမယ် လည်း သင်္ခါရသဘောကို မလွန်ဆန်နိုင်ဘဲ ဆုံးပါးသွားရတော့သည်။  သူချစ်သည့် မြေးမလေး မိဆူးက ရန်ကုန် တက္ကသိုလ်မှာ တတိယနှစ်။  စာမေးပွဲ ဖြေနေဆဲမို့   မိဆူးအမေက ချက်ခြင်း အသိမပေးပဲ သူပြန်လာမှ ပြောပြကြသည်။   မိဆူးတစ်ယောက် အဖိုးအဖွား သချိုင်းကိုသာ သွားကန်တော့ရ တော့သည်။  နှစ်ထပ်ဂူမို့   ဖိုးဖိုးနှင့်ဖွားဖွားက အုတ်ဂူ တစ်လုံးတည်းမှာ။  မိဆူး မျက်ရည်တွေ ၀ဲလာသည်။  ရွာပြန်လာတိုင်း တစ်ပြုံးပြုံးနဲ့ ကြိုတတ်တဲ့ ဖိုးဖိုး ဖွားဖွားတို့ကို နောက်ဆိုရင် မတွေ့ရတော့ဘူး ဆိုတဲ့အသိက ရင်မှာ ဆို့နင့်လို့။  မိဆူး တိုးတိုးလေး မှာခဲ့ပြန်သည်။   “ဖိုးဖိုးကြီးရေ ... အဲဒီမှာလည်း  ဖွားဖွား စိတ်တိုအောင် စ မနေနဲ့ဦးနော်..”

***************** 

ငယ်ကချစ် အနှစ်တရာ ရိုးမြေကျ ပေါင်းခဲ့ကြတဲ့  ဦးဖေတင် နဲ့  ဒေါ်အေးမယ်က  ကျွန်မရဲ့ အဖိုးနဲ့အဖွား ဖြစ်ပြီး၊ မိဆူးကတော့ ကျွန်မ မိုးစက်ပွင့် ပါပဲ..။
သူတို့   ရှိနေတုန်းက နှမြောရကောင်းမှန်းမသိ။  
မရှိတော့မှ လွမ်းလှသည်။


မိုးစက်ပွင့်

2 comments:

  1. ကောင်းလိုက်တဲ့စာ။ ကျေးဇူးပါ။

    ReplyDelete
  2. ဇာတ်သိမ်းမှာ အလွမ်းနဲ့မို့ ဝမ်းနည်းရပါတယ်...

    နှစ်ထပ်ဂူမှာ နှစ်ယောက်အတူဆိုတော့လည်း အနိပ်သားပါကလားလို့ တွေးနေမိပြန်ရော...

    ReplyDelete

ပဲ့တင်သံလေးတွေ .......