Friday, 21 May 2010

ငိုချင်းသယ် မပုတင်

မပုတင် က စကားသာ လေးလုံးကွဲအောင် မပြောတတ်တာ။ အငိုမှာတော့ ချန်ပီယံဆုရလောက်တယ်။  ငိုတယ်လို့ဆိုရအောင် ယောက်ျားနှိပ်စက်လို့တော့ မဟုတ်ပါဘူး။ သူ့ယောက်ျား ကိုငွေမောင်းက ရေခဲတုံးပါ။ ရိုက်ဖို့ဝေလာဝေးရော။  အဲ  သူငိုတာက အသုဘတွေမှာ ငိုတာ။

မပုတင် ငိုချင်းချတဲ့ဝါသနာက ဘကြီးဘုန်းကြီးပျံက စတယ်လို့ ပြောရမလားပဲ။ အဲဒီတုံးက အသက် ၇နှစ် ရှစ်နှစ်လောက်ပဲ ရှိဦးမှာပေါ့။  ခေါင်းပေါ်မှာတောင် ကြက်တောင်စည်းလေး မဖြုတ်ရသေးဘူး။ ”ဘုန်းကြီးသေရင် ရွာကြေတယ်” တဲ့။  အဲဒီဆိုရိုးလေးက ဘုန်းကြီးပျံစီစဉ်ရလွန်းလို့ လူတွေပင်ပန်း၊ ငွေတွေကုန်တာကို ပြောတာပါ။  အဲဒီတုန်းက တစ်ရွာလုံးအုံးအုံးကြွက်ကြွက်ဘဲ။ မပုတင်တို့  ကံကုန်းရွာကသာမက ရွာနီးချူပ်စပ်ကပါ ကိုးကွယ်တဲ့ ဘဘုန်းကြီး၊ သက်တော် ၈၀  ၀ါတော်၆၀ ငယ်ဖြူဘုန်းကြီး၊  သူသဘောမတွေ့ရင် ရွာလူကြီးကအစ ကာလသားအဆုံး ကြိမ်နဲ့ ဆော်နိုင်လောက်အောင် သြဇာညောင်းတဲ့ ဘုန်းကြီး ပေပဲ။  ရွာမှာကလည်း တလင်းပေါ်ချိန် ငွေပေါ်ချိန် ဆိုတော့ ရွာ့မိရွာ့ဖတွေက  ဘုန်းကြီးပျံ ဈာပနကို အစည်ကားဆုံးဖြစ်အောင် လုပ်မတဲ့။  သေတာတောင် အချိန်ရွေးသေတတ်ပါပေ့ ဘဘုန်းကြီးရယ် လို့  ကလေးအတွေး တွေးလိုက်မိသေးတယ်။ ဘဘုန်းကြီး ကို ရင်ခွဲပြီး ကလီစာတွေထုတ်တော့လည်း သွားစပ်စုလိုက်သေးတယ်။  လူကြီးတွေက ငေါက်လွှတ်တာနဲ့ သေသေချာချာတော့ မမြင်ခဲ့ရပါဘူး။  မီးမသဂြိုလ်ခင် တစ်လနီးပါးထားမှာ ဆိုတော့ ဖေါ်မလင်ထိုးမယ်ဆိုလား၊ နေပူလှန်းမယ်ဆိုလား။

 ကာလသားတွေကလည်း အဖွဲ့လိုက် အလောင်းစင်ပြင်တဲ့သူနဲ့   ကနုတ်ပန်းအလှအရွဆင်တဲ့သူနဲ့၊  ၀ါးဘိုးဝါး အဆစ်ပိတ်ကို ယမ်းထည့်ပြီး “ဒုံး” တိုက်မဲ့သူနဲ့ ၊ အောက်လင်းမီး  လော်စပီကာ မီးစက်ငှားမဲ့သူနဲ့၊  လောင်တိုက်သွင်းဖို့ သနပ်ခါးတုံး စုတဲ့သူကစုကြနဲ့   မအားမနားရအောင် ပြင်ကြဆင်ကြတယ်။  ကာလသမီးတွေကတော့  ချက်ရေးပြုတ်ရေး၊ ဧည့်ခံကျွေးမွေးရေး၊ ၀ယ်ရေးခြမ်းရေးနဲ့ အလုပ်ရှုပ်နေကြတယ်။  လူကြီးပိုင်းကတော့ အလှူငွေကောက်ကြ၊  ဘယ်ဆိုင်းဝိုင်း၊ ဘယ်မင်းသမီး ငှားမယ်ဆိုတာ ငြင်းကြခုံကြနဲ့  မအားနိုင်ကြဘူး။  “လှလှစိန်က အငိုပိုင်သဟ၊ တောင်စုက ဘုန်းကြီးပျံမှာ တော်တော်လေးကောင်းဆိုပဲ“  ဘကြီးဝိုင်းက အကြံပြုတော့  ကိုရင်သာစိန်က “ဟာ- ဘကြီးဝိုင်းကလဲ  လှလှစိန် အငိုကောင်းတာ မြသင်းကြည် အိပ်နေသလောက်ပါ။  ရုပ်ကလည်းသာသေးတယ်။ ငှားမဲ့ငှားမှတော့ မြသင်းကြည်သာ ငှားစမ်းပါဗျာ“။ ဒီလိုနဲ့ တစ်ယောက်တစ်ပေါက် ငြင်းကြ ခုန်ကြနဲ့   နောက်ဆုံး မြသင်းကြည် ကိုငှားဖို့  အတည်ဖြစ်သွားတယ်။  မပုတင်တို့  ကလေးတစ်သိုက်ကတော့ ငိုချင်းသည် မင်းသမီးကို မြင်ချင်လွန်းလို့    စိတ်လှူပ်ရှားလိုက်ကြတာ။

အောက်လင်းမီးရောင်လဲ့လဲ့အောက်မှာ  နတ်ရထားလို ပြင်ဆင်ထားတဲ့ ဘဘုန်းကြီးရဲ့ ခေါင်းယာဉ်ပျံက ကနုတ်ပန်းကြွကြွရွရွနဲ့    ရွှေရောင်ငွေရောင်တွေ ပြိုးပြိုးပြက်လို့။  အဖြူရောင်မင်းသမီးဝတ်စုံနဲ့    မင်းသမီး မြသင်းကြည်ကလည်း လှလို့ပလို့။  မိတ်ကပ်အချယ်အသတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။  ကာလသားတွေကလည်း မင်းသမီးအလှကို သဘောတွေကျလို့။  ကာလသမီးတွေကလည်း အားတွေကျလို့။  မပုတင်တို့  ကလေးတစ်သိုက်ကလည်း မျက်တောင်တောင် ခတ်မိတယ်တောင်မထင်။ အံမယ်သူက ဇာတ်ကွက်ဇာတ်လမ်းနဲ့ လာတာကိုး။  မင်းသားလိုလို လူပြက်လိုလို လူတစ်ယောက်ကို “မောင်ကြီး“တဲ့။  သူတို့က ဘုန်းကြီး ကျွေးမွေးထားတဲ့ မိဘမဲ့မောင်နှမတွေပေါ့။  ပညာသင်သွားရင်းနဲ့   ရွာအပြန်မှာ ဘဘုန်းကြီး ပျံတော်မူတာ သိရပြီး ၀မ်းနည်းပက်လက် ငိုတဲ့ ဇာတ်ပေါ့။  နောက်တနေ့   လောင်တိုက်သွင်းတဲ့ အခမ်းအနားကျတော့လည်း  နတ်တွေဗြမ္မာတွေ လာပင့်လို့   အလောင်းတော်ကို မပေးနိုင်ဘဲ ပြန်လုတဲ့ ဇာတ်လမ်းပေါ့။ မြသင်းကြည်တို့  အဆိုအငိုပိုင်ပုံများ၊  မျက်ရည်မခိုင်တဲ့ သူတွေအားလုံး နှပ်တွေပါထွက်အောင် ငိုကြတာ။ အဘ၀ိုင်းတို့လို သက်ကြားအိုကြီးတောင် မျက်နှာကြီးမဲ့လို့။

အဲဒီလို ငိုတာကို “ဧယဉ်ကျူး“တယ် လို့  ခေါ်တယ်တဲ့။  မပုတင်ကတော့ သိပ်သဘောကျတာပဲ။  ဘုန်းကြီးပျံပြီးလို့  အိမ်မှာ ဆော့ရင်တောင် သစ်ပင်မှာကြိုးတစ်ချောင်းချည်ပြီး၊ မြသင်းကြည်ငိုသလို “အံမယ်မင်း၊  ဘုန်းဘုန်းဘုရားရဲ့” တို့    “မပေးနိုင်ဘူး၊ မပေးနိုင်ဘူး၊ သမီးတို့ကိုခွဲပြီး ဘယ်နတ်ဘုံနတ်နန်းကိုမှ သွားဖို့  ခွင့်မပေးနိုင်ဘူး” တို့  အတုခိုးပြီးငိုတာ။  မပုတင်အမေ ဒေါ်ကုလားမက ၀ါးခြမ်းပြားနဲ့   လိုက်ရိုက်တဲ့အထိပဲ။
-----------------------------

အပျိုပေါက်ကလေးဖြစ်တော့လည်း မပုတင်က အသုဘတွေကို အရမ်းစိတ်ဝင်စားပါတယ်။ မသာရှင်တွေ နှပ်ကလေး တစ်ရှုံ့ရှုံ့   မျက်ရည်ကလေး တသုတ်သုတ်နဲ့  ဆို သိပ်အားမရပေမဲ့  ရင်ဘတ်စည်တီး ပြောကြငိုကြတာတွေကိုတော့ သိပ်သဘောကျတယ်။  ဟုတ်တယ်လေ။ သေတဲ့သူက ကိုယ့်အိမ်ကိုယ့်ခြံက အပြီးထွက်တော့မှာ။ ဒါကို ဘာမှ ရေးကြီးခွင်ကျယ်မဟုတ်သလို နေတာကိုတော့ မပုတင် မကြေနပ်ပါ။  သေတဲ့သူကို သိပ်ပြီး အားနာမိသည်လေ။

မပုတင် အသက် ၁၈နှစ်မှာ ဆိုက်ကားနင်းတဲ့ ကိုငွေမောင်းနဲ့အကြောင်းပါတယ်။ ကိုငွေမောင်းအမေ မုဆိုးမ အဖွားကြီး ဒေါ်လုံမက ဘယ်သမီးတွေနဲ့မနေဘဲ အငယ်ဆုံးသားကလေး ငွေမောင်းကို မခွဲနိုင်တာနဲ့   လိုက်ပြီးအတူနေပါတယ်။  အဖွားကြီးက အိမ်ရှေ့မှာ မြေအိုးကလေးတွေ ရောင်းပြီး ကိုယ်ပိုင် ၀င်ငွေရှာပါတယ်။  သုံးနှစ်လောက်ကြာတော့ ယောက္ခမကြီးဆုံးပါတယ်။ တကယ်ဆို ပစိပစပ်များတဲ့ ယောက္ခမကြီးကို မပုတင် မချစ်ပါ။  ဟင်းချက်ရင်တောင် ပေါ့သလေး ငန်သလေး အမြဲချေးများတတ်သလို မပုတင်ကို တစ်ခါမှ မျက်နှာသာ ပေးခဲ့တာမဟုတ်တော့ သူသေတာ ၀မ်းမနည်းဘဲ ၀မ်းတောင် သာသလိုလို ဘာလိုလို။  ဒါပေမဲ့ ဒီအခွင့်အရေးကို မပုတင် လက်လွတ်မခံပါ။  ဘုန်းကြီးရေစက်ချပြီးလို့   အမျှအမျှ သုံးကြိမ်ပြီးတာနဲ့   ငိုဖို့  လိုင်စင်ရထားတဲ့အလား  အံမယ်လေး အမေရဲ့ အသေစောလို့  နှမြော လှချည်ရဲ့  ဆိုပြီး အော်ကြီးဟစ်ကျယ် ငိုပါတော့တယ်။   တကယ်တော့ အဘွားကြီးအသက်က ကြီးလှပေါ့။  စောတယ်လို့ မဆိုနိုင်ပေမဲ့ သူတတ်သမျှမှတ်သမျှ ငိုရတာဆိုတော့။  သူ့ငိုသံကျယ်ကြီးကြောင့် တရှုံ့ရှုံ့ငိုနေတဲ့ ကိုငွေမောင်းနှမ မယ်အိတို့   မယ်သန်းတို့တောင်  ကြောင်သွားတယ်။   “ပုတင်ကို တခါတည်း ခေါ်သွားပါလား အမေလုံမရဲ့”။  အလကား။ သူလား လိုက်မှာ။ တကယ်လာခေါ်လို့ကတော့ ရှေ့ဆုံးက ပြေးမှာ အမှန်ပါ။  “ ဟမ်မယ်လေး- တညင်းသီးနဲ့  ငါးပိရည်လေး စားချင်တယ် ဆို”။  ဘာမှ မဆိုင်ဆိုင်ဆိုင်  ပစ်ငိုလိုက်တာဘဲ။  ဘူးသီးလုံးလောက် မျက်ရည်လုံးကြီးတွေကလည်း ဘယ်ဆီကရောက်လာမှန်းမသိ။ အခေါင်းကြီးကို သုသာန်ပို့တဲ့ လမ်းတစ်လျှောက်မှာလည်း မပုတင်ငိုသံက စူးစူးရှရှ။  ရင်ဘတ်ကိုများ တဘုန်းဘုန်းပုတ်လို့။   အလောင်းမြေကျတဲ့အထိ မပုတင်က ငိုလိုက်သမှ ထမီတွေ ပုဝါတွေတောင်မနိုင်ဘူး။    ကိုငွေမောင်းက “တော်-တော်- ပုတင် ၊ နင်တော်တော့နော်၊  ငါပြောနေတယ်“ ဆိုပြီး ခပ်ကျိတ်ကျိတ်ဟန့် ပါတယ်။  သုံးနှစ်သုံးမိုး ပေါင်းလာတဲ့ မိန်းမအကြောင်း မသိဘဲနေမလား။  ဒင်း- သရုပ်ဆောင် နေတယ်ဆိုတာ။  မပုတင်ကတော့ ဂရုမစိုက်တမ်း  လွှတ်ငိုနေတော့တာဘဲ။  အသုဘပြီးတော့ ရွာထဲမှာ တီးတိုး တီးတိုးပြောကြတယ်။  “ပုတင်တို့  ငိုချက်ကတော့ မြသင်းကြည်တောင် အရှူံးပေးရမယ်” တဲ့။

အဲဒီထဲကစပြီး မပုတင် ငိုကျင့်ရသွားတယ်လို့  ပြောရမလားမသိဘူး။  ရွာထဲမှာ သေသမျှ အသုဘ သူနဲ့ လွတ်တယ်လို့မရှိဘူး။  ကိုငွေမောင်းဘယ်လိုပဲတားတား နားမထောင်ဘူး။  ယောက္ခမ အမွေ အိုးဆိုင်လေးကို ပိတ်ပြီး သွားငိုတာဘဲ။  သူငိုတာလည်းကြည့်ဦးလေ။ “ အံမယ်လေး ဒေါ်ဇီးကွက်ရဲ့၊  ကျမဆီက ရေအိုးလေး နှစ်ကျပ်ခွဲနဲက အကြွေးဝယ်ပြီး ထားသွားတော့မလား ဒေါ်ကြီးရဲ့”၊   အသုဘရှင် ဦးတုတ်ကြီး က မျက်ထောက်နီကြီးနဲ့ကြည့်တယ်။  ဒေါ်ဇီးကွက်သမီးက ချက်ချင်းအကြွေးထုတ်ဆပ်ပြီး ထည့်မငိုဖို့  တောင်းပန်ရတယ်။  ”ဖိုးထူးရေ ဖိုးထူးရဲ့ နင်ငယ်ငယ်က ငါ့မျက်နှာကို အိုးမဲသုတ်တာ မှတ်မိသေးရဲ့လားဟဲ့၊  နင့်ကလေးသုံးယောက်နဲ့ မိန်းမကို ထားခဲ့ပြီလား” ဆိုပြီး ကြံကြံဖန်ဖန်တွေ ပြောတတ် ငိုတတ်တာပါ။  ဘကြီးဝိုင်းကတော့ “ဟဲ့ ပုတင်၊ ငါသေရင် နင်လာမငိုနဲ့၊ ငိုချင်ရင်လည်း ငါ့ ငယ်ကျိုးငယ်နာတွေ ဖေါ်မငိုနဲ့၊ ငါသရဲဘ၀ကနေ နင့်ကို ဂုတ်ချိုးသတ်မှာနော်”လို့  ကြိမ်းတတ်မောင်းတတ်ပါတယ်။ အဲဒီတော့လည်း မပုတင်က ဇက်ကလေးပုပြီး ”ဦးကြီးကလဲ” လို့  လျှာကလေး တစ်လစ်ထုတ်ပြီး ပြောတတ်ပါတယ်။

တစ်ခါကလည်း မပုတင် အိုးရောင်းထွက်ရင်း ရွာတစ်ရွာမှာ အသုဘတစ်ခုနဲ့ ကြုံပါလေရော။  အသုဘက ဆွေမျိုးသိပ်ရှိပုံမပေါ်ဘူး။  လူလေး ခြောက်တီးခြောက်ချက်နဲ့   ငိုမဲ့သူလည်းမရှိဘူး။  ကိစ္စတစ်ခုကို ပြီးအောင် ဆောင်ရွက်နေကြသလိုပဲ။  မပုတင် မနေနိုင် တော့ပါဘူး။  ရွက်လာတဲ့ တောင်းလေး သစ်ပင်ရိပ်ချပြီး ပြေးငိုလိုက်ပါတယ်။  ”အံမာလေး ဂျီးဒေါ်ရဲ့” ။  ထမ်းလာတဲ့ လူတစ်ယောက်က အဖိုးကြီးဗျ လို့ တိုးတိုးပြောတယ်။  အဲဒီတော့မှ ”ဘကြီးရဲ့” ဆိုပြီး ပြောင်းငိုရတာပေါ့။  အသုဘမြေကျပြီးလို့   ငိုလို့ပြီးခါမှ ပြန်လာကြည့်တော့ မပုတင်ရဲ့  အိုးတောင်းကလေး မရှိတော့ပါဘူး။  ကိုငွေမောင်းလိုလူအေးမို့လို့ပေါ့။  ဒီ့ပြင် ယောက်ျားသာဆို ဆတ်ဆော့ရကောင်းလားဆိုပြီး ကျောကော့အောင် အရိုက်ခံရမှာ။

------------------------------

မပုတင် အသက်လေးဆယ်မပြည့်ခင် ဆုံးပါတယ်။  ရောဂါတော့ မယ်မယ်ရရမရှိပါဘူး။  ဒီလိုဘဲ ဖျားရာက မစားနိုင်မသောက်နိုင်နဲ့   နာလံမထူတော့ဘဲဆုံးတာပါ။  သူ မဆုံးခင် ကိုငွေမောင်းကို မှာခဲ့ပါသေးတယ်။  ”ကျူပ်နေရတော့မှာ မဟုတ်ပါဘူး တော်”- တဲ့။  “ကျူပ်သေပြီးတဲ့နောက်  ရှင် - နောက်မိန်းမ ယူချင်ယူပါတော်။  ဒါပေမဲ့ ကျူပ် အသုဘမှာတော့ ကျကျနန လွမ်းလွမ်းဆွေးဆွေးကြီး ငိုပေးပါ  ကိုငွေမောင်းရယ်”တဲ့။
--------------------------------


ရွာမှာ အသုဘ အခမ်းအနား ရှိတိုင်း ငိုချင်းသယ် မပုတင်ကို အားလုံးက သတိရနေကြစမြဲပေါ့။

-------------------------


မိုးစက်ပွင့်

3 comments:

  1. ဘယ်လိုများရေးတာလဲဟယ်၊ သေတဲ့အကြောင်းရေးပေမယ့်
    ရီရတယ်၊ ပြုံးရတယ်တော့။

    ReplyDelete
  2. အေးဟယ်..အပြုံးပန်းပြောသလိုပဲ....ရေးလည်းရေးတတ်ပါ့ မိုးစက်ရယ် :)

    ReplyDelete
  3. မပုတင်ရဲ့.......)))))
    ငိုရီငိုရီလုပ်ပြီးဖတ်ရမလား ဖတ်လို့ကောင်းတယ်

    ခင်တဲ့
    seesein

    ReplyDelete

ပဲ့တင်သံလေးတွေ .......