Thursday, 29 April 2010

မျက်ရည်ကောင်းကင်

             ခြစ်ခြစ်တောက်ပူနေတဲ့ နွေနဲ့ မလိုက်ဖက်စွာ ညို့မှောင်နေတဲ့ တိမ်စိုင်တွေက ကောင်းကင်ယံမှာ အုံကျင်းဖွဲ့လို့    ။  မကြာခင် သင်္ကြန်မိုးရွာတော့မယ်ပေါ့။  မိုးရွာတယ်ဆိုတာ ကောင်းကင်ကြီးရဲ့ မျက်ရည်တွေပဲလား လို့ သူမ တွေးမိသည်။   တစ်ချိန်လုံး မြိုသိပ်ထားရတဲ့ အပူတွေကို စုစည်းပြီး ပုလဲမိုးပေါက်တွေအဖြစ် ကမ္ဘာမြေကြီးပေါ် သွန်းဖြန်းကြဲချပေးနေတာမို့လေ...။


**********************

         မိန်းကလေးနဲ့ မျက်ရည်ဆိုတာ ရေအိုးနဲ့ရေမှုတ်လို ဒွန်တွဲနေတတ်ခဲ့တာ။  မိန်းကလေးလက်နက်ဆိုတာ မျက်ရည်စက်ပါမောင်ရေ ဆိုတဲ့ သီချင်းလေးတောင် ခေတ်စားခဲ့ဘူးသေးသည်။  ဒါပေမဲ့ သူမ အတွက် မျက်ရည်ဆိုတာ ရှားပါးပစ္စည်းတစ်ခု ဖြစ်လို့နေခဲ့သည်။  ငယ်ငယ်က ဆော့လွန်း၊ ဆိုးလွန်း၊ ပေတေလွန်း လို့ ဖေဖေရိုက်တာခံရရင်တောင် အံကြိတ်ပြီး မငိုဘဲတင်းခံခဲ့တာ။  ကိုယ်ပူအဖျားတက်လို့   တကိုယ်လုံးကိုက်ခဲပြီး ခေါင်းတွေတစ်ဒုန်းဒုန်း ကိုက်နေရင်တောင် အိပ်ယာထဲခွေခေါက်ပြီး ကြိတ်ခံနေခဲ့တာ။  နည်းနည်းကျောပူခေါင်းပူတာနဲ့  တစ်အီအီငိုတတ်တဲ့ ညီမငယ်လေးနဲ့တော့ ကွာလှတယ်လို့  အမေက အမြဲပြောတတ်ခဲ့တာ။  မိဝေးဖဝေး ပညာသင်ထွက်ချိန်နဲ့  အလုပ်ဝင်ချိန်မှာ မျက်ရည်တစ်စက်မကျဘဲ  ထွက်ခွာနိုင်ခဲ့တာ။  လေဆိပ်လိုက်ပို့တဲ့ အချစ်ဆုံးသူငယ်ချင်းက ဖက်ပြီးမျက်ရည်ကျတော့  နဂိုရ်က ချစ်သူခင်သူတွေနဲ့  ခွဲရမှာမို့ စိတ်မကောင်းတဲ့အခံရော၊  သူ့ငယ်ချင်းကို သနားတာရောနဲ့   ဆို့နင့်နေခဲ့တယ်။  တကယ်ဆိုရင် မျက်ရည်လေး ကျခဲ့သင့်တယ်။  ကိုယ်ရော မိဘတွေ သူငယ်ချင်းတွေရော ပေါ့ပါးခံသာလိမ့်မယ်လို့   တွေးခဲ့မိတယ်။

***********************

             “ခင်လေးက ကိုယ့်အတွက် နားလည်မှုအပေးနိုင်ဆုံး လူသားတစ်ယောက်ပါ။ ခင်လေးကြောင့် ကိုယ့်ဘ၀ ရှင်သန်ခွင့်တွေ ဆက်ရခဲ့တာပါ။   ဒါပေမဲ့ ချစ်သလားလို့မေးရင် အင်းလို့ ကိုယ် မဖြေနိုင်ဘူ။  ကိုယ် ရင်နဲ့ရင်းပြီး ချစ်ရတဲ့  ကိုယ်အရှုံးပေးချင်တဲ့ ဒူးထောက်ချင်တဲ့မိန်းမက နှင်း ပဲ။  သူကိုယ့်ကို ပြန်ခွင့်လွှတ်လာတဲ့တစ်နေ့မှာ ကိုယ်လက်ထပ် မှာ..”   ရှေ့မှာချထားတဲ့ လက်ဖက်ရည်ခွက်နှစ်ခွက် အေးစက်နေတာတောင် သူ့စကား တွေက နှလုံးသားထဲကို ပူပူလောင်လောင် စီးဆင်းသွားခဲ့တယ်။  “ဒါပေမဲ့ ခင်လေး ဘာဖြစ်စေချင်သလဲ ပြောပါ”    ဘာဖြစ်စေချင်သလဲ ဟုတ်စ။  ခင်ခင်လေး ဆိုတဲ့ မိန်းမမှာ စကားလုံးမရှိတော့ပါဘူး။  တကယ်မချစ်ဘဲ တွဲခဲ့တယ်လို့  ၀န်ခံထားတဲ့ ယောက်ျားတစ်ယောက်ကို ဘာတွေပြောရဦးမှာလဲ။  ဒီလူကို သံယောဇဉ်အထပ်ထပ်တွယ်ပြီး ချစ်သူထားဖို့ဆုံးဖြတ်ခဲ့တဲ့ ကိုယ်ဟာ တော်တော်ညံ့တဲ့ မိန်းမတစ်ယောက်ဖြစ်ခဲ့တာတောင်  အခုအချိန်မှာ တစ်သက်လုံးလက်တွဲဖို့  တောင်းဆို ရလောက်အောင်တော့ မမိုက်မဲပါဘူးကွယ်။  သူ့အပေါ် နှစ်လိုယုံစားမိခဲ့တဲ့ ကိုယ့်နှလုံးသားကို ကိုယ်မုန်းလွန်းလို့   စကားလုံးတွေတောင် ဆွံ့အ နေခဲ့တာ။  ဟုတ်တယ်..... လူတစ်ယောက်အပေါ် ချစ်ခြင်း မချစ်ခြင်းမှာ အကြောင်းပြချက်မရှိဘူး။  ရွေးချယ်ပိုင်ခွင့်လည်းမရှိဘူး။  ဒါပေမဲ့  အဲဒီလူတစ်ယောက်အပေါ် ချစ်သူတစ်ယောက်လို  နေထိုင်ပြုမူဖို့ မပြုမူဖို့ကတော့  ရွေးချယ်ချက်ရှိတယ် ။  မရိုးသားတဲ့ သူ့ကို တွဲခဲ့တဲ့ ကိုယ့်မှာ အပြစ်ရှိမယ်ဆိုရင်တောင် မရိုးသားစွာ ချဉ်းကပ်လာတဲ့ သူ့မှာလည်း ကိုယ့်ထက်မလျော့တဲ့ အပြစ်တွေရှိနေမှာဘဲ။  ဘာဖြစ်လို့   အတိတ်ကို မေ့ပြစ်ချင်တယ်လို့ ပြောခဲ့သလဲ။  ဘာကြောင့် အခုမှ အတိတ်ကို ပြန်သွားချင်တာလဲ။  ရှင့်ကိုကျွန်မက ရှင့်ရဲ့နှင်း ဆီက လုယူခဲ့တာလား။  ရှင့်ဖာသာ ပြတ်စဲကွဲကွာပြီးမှ  ကျွန်မဘေးနားရောက်လာခဲ့တာလား။  ကျွန်မက ပေါ့ပေါ့တန်တန် သံယောဇဉ်ထားတတ်တဲ့ မိန်းကလေးမျိုးမဟုတ်ဘူးဆိုတာ ရှင် သိရက်နဲ့...။  ရင်ထဲက စကားတွေက နှုတ်ခမ်းဖျားနယ်နမိတ်ကို ကျော်မလာခဲ့ဘဲ နှလုံးသား ထဲကို ရုပ်ချည်းငုပ်လျိုး ၀င်ရောက် တငွေ့ငွေ့ လောင်ကျွမ်းသွားတော့တယ်။  အဲဒီ အပူမီးခိုးတွေက မျက်ဝန်းမှာ ငွေ့ရည်ဖွဲ့လာပေမဲ့  ချက်ချင်းကို အငွေ့ပျံ ပျောက်ကွယ်သွားခဲ့။  “ဘာမှ မပြောချင်ပါဘူး။ ဘာမှလဲ မဖြစ်ချင်ပါဘူး။  နောက်ထပ် မဆက်သွယ်ဘဲ နေကြရအောင်”။ ကိုယ့်အသံက ခြောက်ကပ်အက်ကွဲ နေမလားဘဲ။  ရှူံးတာတောင်မှ လှလှပပလေးပဲ ကျရှုံးချင်တဲ့ ကိုယ်က အေးစက်နေတဲ့ လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး မော့သောက်ချလိုက်တော့   အရသာက    ခါး ....... သက်....... လိုက်............... တာ............။
            ငိုချလိုက်ရင် ရင်ထဲက အပူတွေများ လျော့သွားမလား။   ဟင့်အင်း  သူမ မျက်ရည်ကို သူ မမြင်ရဘူး။  မျက်ရည်တွေကို အယူခံဝင်တာလို့လည်း မထင်စေရဘူး။  မျက်ရည်တွေကြောင့် ဆုံးဖြတ်ချက်တွေ ပြောင်းသွားခဲ့တာမျိုးကိုလည်း  မလိုချင်ဘူး။   ဂျူးရဲ့ မြစ်တို့၏မာယာ ၀တ္တု နောက်ပိုင်းခန်းက  ချစ်သူဟောင်းဓါတ်ပုံကို ဖျက်ဆီးခိုင်းပြီးမှ “မငိုဘူးလား”လို့  ခနဲ့လိုက်တဲ့ ခင်ပွန်း ဆရာကိုရန်နိုင်ကို ကေသီက “မိန်းမတစ်ယောက်ရဲ့ အချစ် အတိုင်းအဆဟာ သူ့မျက်ရည်အတိုင်းအဆနဲ့  ပြောင်းပြန်အချိုးကျတယ် ဆရာ ” လို့   ထိထိရှရှ ပြန်ပြောခဲ့တာကိုပဲ သတိရတယ်။ အဲဒီနေ့မှာလည်း ပြာလွင်မြင့်မားတဲ့ ကောင်းကင်ကြီးမှာ တိမ်တစ်စမှရှိမနေခဲ့ပါ။
           တိုက်ဆိုင်စွာ လက်ဘက်ရည်ဆိုင်ထဲက ခပ်ညင်းညင်းဖွင့်ထားတဲ့ မီမီဝင်းဖေရဲ့ သီချင်းက “ခွင့်ပြုတယ်၊ ခွင့်လွှတ်တယ်”တဲ့ ...။    ခွင့်ပြုတယ်....ခွင့်ပြုပါတယ်ကွယ်... သွားတော့.... လုံးဝမတားပါဘူး။  ဒါပေမဲ့  ခွင့်လွှတ်ဖို့လား။ ဟင့်အင်း - အဲဒီလောက်အထိတော့ ခင်ခင်လေးဟာ မရင့်ကျက်သေးဘူး ရှင်ရဲ့။  ရှင်က ကျွန်မ နှလုံးသားနယ်မြေမှာ အယူခံဝင်ဖို့တောင်မဖြစ်နိုင်တဲ့  အကြီးမားဆုံး ရာဇ၀တ်သားပဲ။   “ပြန်ကြရအောင်“  အသံမှန်မှန်နဲ့   ပြန်ပြောလိုက်နိုင်တဲ့အတွက် ကျွန်မဘယ်လောက် ၀မ်းသာခဲ့ရသလဲ  ရှင်သိလား။  “ကိုယ့်ကို နားလည်မယ်လို့ မျှော်လင့်ပါတယ်“။  အပြန်လမ်းမှာ  သူ့ဆီက တစ်ခွန်းထဲသောစကား။  မပြောပါနဲ့   ကျွန်မနားမလည်တဲ့  အဲဒီ“နားလည်”တယ်ဆိုတဲ့စကားကို။  နားလည်တယ်ဆိုတာ ရှင်တို့ ယောက်ျားတွေ လိုတဲ့နေရာမှာ လိုသလိုသုံးလွန်းလို့   ဘာအဓိပ္မါယ်မှန်း နားမလည်လောက်အောင် ဖြစ်နေပြီ သိရဲ့လား။  တရွေ့ရွေ့ဝေးသွားတဲ့ သူ့နောက်ကျောပြင်ကို ငေးကြည့်ရင်း ဘယ်ဘက်ရင်အုံက စူးနင့် နာကျင်လာတာကိုပဲ သိတော့တယ်။
          ညဥ့်နက်တဲ့အထိ အိပ်မရဘဲ တစ်လူးလူးနေခဲ့ရတဲ့ ညတွေ။  အိပ်ယာနိုးတိုင်း လက်ကိုင်ဖုန်းကလေးကို ထုတ်ပြီး မေ့လျော့စွာ ဦးသူပို့ကြေးလို့  သဘောတူထားတဲ့ “ Hello Sweety,  Good Morning ” ဆိုတဲ့ စာသားကလေးကို ရှာမိတာ။ တဖြည်းဖြည်း ဖျောက်ဖျက်ပစ်ရမဲ့ အကျင့်တွေပါဘဲ။  ဖုန်းထဲက သိမ်းထားတဲ့ သူ့  Message လေးတွေအားလုံးကို ဖျက်ပစ်လိုက်တယ်။  အမှတ်တရလက်ဆောင်သေးသေးလေးတွေကို စုထုပ်ပြီး ခပ်ဝေးဝေးက  အမှိုက်ပုံးထဲ လွှင့်ပစ်ခဲ့တယ်။  သူ့ကို ပြန်ပေးဖို့မလိုသလို ကိုယ်ပြန်ကြည့်ဖို့  သိမ်းထားစရာလည်း လိုမှမလိုဘဲကွယ်။  တစ်ဘ၀လုံး အတွက်ပဲပေါ့။
               “ခင်လေးရယ် နင်က ရိုးရိုးအအ၊ ဟိုက မျက်ရည်မုဆိုး” တဲ့။ တစ်ချိန်တုန်းက ၀ိုင်းပြောလာတဲ့ အခင်ဆုံးသူငယ်ချင်း သက်မာအပါအ၀င် အားလုံးသူတို့ ရဲ့စကားက “အသည်းဒဏ်ရာရနေတဲ့ မျက်ရည်မုဆိုး” လေးရဲ့ ချိုသာတဲ့ မျက်ဝန်းအကြည့်တစ်ချက်အောက်မှာ လွင့်ပါးပျောက်ပြယ်ခဲ့ရတာလေ။  သေသပ်တိရိတဲ့ သူ့လက်ချောင်းလေးတွေကို ငေးကြည့်ရင်း နှလုံးသားပန်းပွင့်တွေခြွေခဲ့တာ ဒီလက်ချောင်းကလေးတွေ မဖြစ်နိုင်ဘူးလို့   ဘက်လိုက်ပြီးတွေးတတ်ခဲ့တာ။  တစ်ချိန်က သူဆိုးခဲ့ဘူးပြီ၊ သူ နာခဲ့ပြီးပြီ၊  အမှားအတွက်ရခဲ့တဲ့ သူ့နောင်တတွေအတွက် ဥပေက္ခာအစား အကြင်နာကလေး တုန့်ပြန်မပေးသင့်ဘူးလားလို့    စာနာတွေးတွေ တွေးခဲ့မိတာ။ ယုံကြည်မှုတွေ၊ စာနာမှုတွေ၊ ဖေးမကူညီမှုတွေ၊ သံယောဇဉ်တွေ၊  အချစ်တွေ.... ဒါတွေအားလုံးအတွက် သူနားလည်ခဲ့မယ်လို့   ပိုးဖလံမလေး တစ်ဖြစ်လဲ ခင်လေးက မျှော်လင့်ခဲ့မိသည်လေ။
            သူဖုန်းဆက်ချိန်တွေ မမှန်တော့တာ သူ့အပြုံးတွေလျော့ရဲလာတာ သတိထားမိပေမဲ့    ဒါတွေဟာ နှင်းသီရိ ဆိုတဲ့ မိန်းမတစ်ယောက် ကြောင့်လို့   ရေးရေးလေးမှ မထင်ခဲ့တဲ့အထိ သူမ   ညံ့ခဲ့ပါသည်။  လေးနှစ်လောက် နိုင်ငံခြားမှာ အခြေတကျနေပြီးမှ ဒီလိုရုတ်တရက်ပြန်ရောက်၊  ပြတ်ပြတ်စဲစဲ လမ်းခွဲခဲ့တဲ့သူတစ်ယောက်ကို ပြန်လာဆက်သွယ်လိမ့်မယ်လို့  မထင်ထားခဲ့တာလေ။  တကယ်ဆို သူ့အသိုင်းအ၀ိုင်းမှာ သူမနဲ့ပါတ်သက်သူတွေရှိတာမို့   တစ်ချက်လေးစုံစမ်းလိုက်ရင် သိနိုင်ပေမယ့် အဲဒီလိုကို ဖြစ်စရာအကြောင်းမရှိပါဘူးလို့   မိုက်မိုက်မဲမဲ ယုံကြည်ခဲ့မိသူပါဘဲ။ သူ့နှုတ်က အပူလောင်ဆုံးစကားတွေ ကိုယ်တိုင်ကြားလာရတဲ့ အချိန်အထိပေါ့။   ကျွန်ယုံတစ်ဖက်ကန်း၊ သားသမီးယုံတော့ စုံလုံးကန်း၊ အချစ်ကိုယုံတော့ ဦးနှောက်ပါကန်းခဲ့ပြီ  ထင်ပါရဲ့နော်...။ ဒီလိုနဲ့ပဲ ကျိန်စာသင့်နေတဲ့ နေ့ပေါင်းညပေါင်းများစွာကို ဖျားနာနေတဲ့ နှလုံးသားနဲ့   အပြုံးတုကို အဖေါ်လုပ်လို့   ကျော်ဖြတ်ခဲ့ရတယ်။
             မျက်ရည်တွေရဲ့ကောင်းကင်ကို ကိုယ်ထိမ်းချူပ်ထားနိုင်ခဲ့ပြီလို့   ထင်ပေမဲ့ တကယ်တန်း သူ့ဆီက မင်္ဂလာဖိတ်စာရောက်လာချိန်မှာတော့  မညို့မမှိုင်းဘဲ  ဗြုန်းကနဲရွာတဲ့မိုးလို သူငယ်ချင်းသက်မာရဲ့ ရင်ခွင်မှာ ခေါင်းထိုးပြီး ငိုရှိုက်ခဲ့ရတယ်။  တစ်သက်လုံး တစ်ဘ၀လုံး နှလုံးသားတစ်ခုလုံးစာပါဘဲ။  သက်မာက ညင်ညင်သာသာလေး ပွေ့ဖက်ထားပေမဲ့ ဘာစကားမှ မဆိုခဲ့ပါဘူး။  တကယ်တန်း ကိုယ်လိုချင်တဲ့တာကလည်း သူမရဲ့  နားလည်စာနာတတ်တဲ့ရင်ခွင်နဲ့    မှီနွဲ့ငိုရှိုက်စရာ ပုခုံးတစ်ဖက် ရယ်သာပါ။  တစ်ခါတည်း အဲဒီတစ်ခါတည်းရယ်ပါ။ ရင်ထဲမှာ သိမ်းဆည်းထားတဲ့ သူ့အပေါ်ထားခဲ့တဲ့ အချစ်တွေ၊ အမုန်းတွေ၊ ဒဏ်ရာနာကျည်းချက်တွေ၊ အမှတ်တရတွေအားလုံး မျက်ရည်နဲ့အတူ စီးမျောပါသွားအောင် ဖေါက်ထုတ်နိုင်ခဲ့တယ်လေ။ ဘယ်လောက်ကြာကြာ ငိုမိတယ်တော့ မသိ။  မောလွန်းလို့  ရှိုက်စရာအင်အားလေးတောင် မရှိတော့တဲ့အထိပဲ။  အို- အံ့သြစရာကောင်းလိုက်တာက  ရင်ထဲမှာ ကြည်ပြီးရှင်းနေလိုက်တာ မိုးရွာပြီးစ ကောင်းကင်ကြီးအတိုင်းပါပဲ။  ရှင် ဆိုတဲ့လူတစ်ယောက် တကယ့်ကို သေဆုံးသွားခဲ့ပြီ။  မျက်ရည်တွေရဲ့ ခွန်အားကြောင့်လားတော့မသိ ........ သေဆုံးတယ်ဆိုတာထက် ရှင် တစ်ခါမှ မွေးဖွားမလာခဲ့ဖူး သလို ခံစားလိုက်ရတယ်။


******************
 
တိုက်ခတ်လာတဲ့ လေထဲမှာ မိုးငွေ့မိုးသက်ကို ရှုရှိုက်လိုက်ရတယ်။  ညို့နေတဲ့ကောင်ကင်ကို မော့ကြည့်မိရင်း တိုးတိုးလေးရေရွတ်မိတယ်။  မစို့မပို့လေးတော့ မရွာလိုက်ပါနဲ့ကွယ်-  ကမ္ဘာမြေကြီးတစ်ခုလုံး အေးချမ်း  စိမ်းမြသွားအောင်း ရွာလိုက်ပါတော့။  ပိတောက်တွေဖြာဝေနေအောင်၊  ရွက်ကြွေပင်တွေ ပုရစ်ဖူးဝေနိုင်အောင် ရွာပါတော့။   ကောင်းကင်ကြီးကို ကျေးဇူးတင်ပါတယ်................လို့။


မိုးစက်ပွင့်
(ကိုယ့်ဘလော့လေး တစ်နှစ်ပြည့်နဲ့ တိုက်ဆိုင်သွားပါတယ်....)

2 comments:

  1. ဘလော့ တနှစ်ပြည့်ကလည်း လွမ်းလွမ်းဆွတ်ဆွတ်ကြီး...

းဝ)

    ReplyDelete
  2. မိုးစက်ပွင့်5 May 2010 at 13:47

    ဟုတ်တယ်နော် ကိုလူထွေး.... ကမောက်ကမကြီး... ဒါပေမဲ့ ရေးပြီးမှ ရက်စွဲကသတိရတာမို့ပါ.. နို့မို့ဆို ပျော်စရာလေး စဉ်းစားရေးမိမှာပါ :)

    ReplyDelete

ပဲ့တင်သံလေးတွေ .......