Monday, 19 July 2010

ကြာ

လမ်းဘေးမှာ ကြာပန်းကလေးတွေ တွေ့တာနဲ့   လျပ်တပြက် ရိုက်ချက်နဲ့ မှတ်တမ်းတင်လိုက်ပါတယ်။  နေရာတကာမှာ အတွေ့များတဲ့ ပန်းနုရောင်ကြာလေးတွေပါ။  ကြာဖြူနဲ့  ကြာပြာကတော့ ငယ်ငယ်က တွေ့ဖူးတယ်။  အဲဒီတုန်းကတော့ သူငယ်ချင်းတသိုက်နဲ့  လယ်ကန်သင်းရိုးမှာ  ကြာဆစ်ပုတီးလေးတွေ ဆွဲပြီး ပျော်ခဲ့ဖူးတာပေါ့......။

“ကြာ....ကြာ....ကြာ....ကြာတွေချိုးခဲ့ကွာ...အတူနေရန် စိန္တေဘုရားရှေ့မှာ” ဆိုတဲ့ မေဆွိနဲ့ ခင်မောင်ထူး စုံတွဲသီချင်း မြူးမြူးလေး ကိုတောင် သတိရမိသေးတော့တယ်။ နောက်ပြီး ချိုပြုံးရဲ့ “ဘ၀ချင်းဆုံဆည်းပါရစေ”ထဲက  “ရေကန်သာ မောင်ကဖြစ်ရင်လေ..... နှစ်ဖြာသင့်တင့်  ကြာပန်း တပွင့်ဖြစ်ပါရစေလားလေ...” ဆိုတဲ့ သီချင်း ဆွေးဆွေးလေးကို နားထဲမှာ ကြားရောင်လာပြန်ရော။ 

တကယ်တော့ မြန်မာနဲ့  ကြာက တော်တော်နီးစပ်တာပါလား။  ကြည့်လေ-  ဘာသာရေး အထိမ်းအမှတ်ကတောင် ကြာပန်းမဟုတ်လား။  ကြည့်ရတာ ရွှံ့နွံနဲ့တူတဲ့ ကိလေသာကြားကနေ ရုန်းထွက်ပေါက်ပွားလာတဲ့ သန့်စင်မှုအထိမ်းအမှတ်ပဲဖြစ်ရမယ်။  ဒီလိုပဲ လျောက်တွေးကြည့်တာပါ။ ဒါပေမဲ့ ကြာပန်းကို ဘုရားမတင်ဝံ့တဲ့သူတွေလည်းရှိရဲ့။  ချစ်သူနဲ့  နီးဖို့အရေးမှာ “ကြာ”မှာစိုးလို့တဲ့။  ဒါဆိုလဲ  “ကြာဖူး” ပဲကပ်ပေါ့ကွယ်...။

စကားပုံထဲမှာလည်း ကြာတွေ များမှများပဲနော်။ မှတ်မိသလောက် “ရေမြင့်မှ ကြာတင့်” “ရေကန်အသင့် ကြာအသင့်” “ကြာရိုးကြာစွယ်ကြည့်၊  ရေအတိမ်အနက်သိ” “ပိန်းကြာဖက်တွင်၊ ရေမတင်”  တဲ့။ နောက်ပြီး အိမ်နားက အလှူခံရုံက ဆုတောင်းနေတာ ဘာတဲ့- ပဒုမ္မာရွှေကြာပန်းလို ရွှင်လန်းနိုင်ကြပါစေ တဲ့..။  ပဒုမ္မာကြာ ကတော့ လရောင်ဆမ်းမှ ပွင့်တယ်လို့  ကြားဖူးပါရဲ့။  ငယ်ငယ်ကတော့ “ကြာ”ကြည့်ကြည့်တယ် ဆိုတာ ဘာပါလိမ့် လို့ စပ်စုခဲ့ဘူးတယ်။  နောက်မှ အငြိမ့်မင်းသမီးတွေ ဇာတ်ခုံအောက်ကို မျက်လုံးဒေါင့်ကပ်ကြည့်တာမျိုးကို ခေါ်တာမှန်းသိလာတာ။  မှန်တချပ်ယူပြီး အကြိမ်ကြိမ် စမ်းကြည့်ဖူးသေးတယ်။  တော်တော် မျက်စေ့ညောင်းတာပဲ နော်။

ကြာပင်က တော်တော်လေး အသုံးဝင်ပါတယ်။  ကြာရွက်ဆိုရင် ဈေးထဲမှာ သားငါးထုပ်တာ အကောင်းဆုံးပဲ (ခုတော့ ကြွပ်ကြွပ်အိတ်နဲ့  ထုပ်ကုန်ကြပြီ)။  ကြာရိုးကြာစွယ်က ဟင်းချိုချက်စားလို့ရတယ်လေ။ ကြာမျှင်တွေ အများကြီးစုပြီး ကြာသင်္ကန်းလည်း ယက်လို့ရတယ်။  (သင်္ကန်းတထည်ရဖို့ ကြာရိုးတွေ သိန်းနဲ့ချီပြီးကုန်တာမို့ သဘာဝပါတ်ဝန်းကျင် ရှုဒေါင့်ကနေ အားမပေးချင်တာတော့ အမှန်ပဲ) ။ ကြာပွင့်ကို ဘုရားလှူပြီး ကြာဖူးရဲ့အဆံ (ကြာသီး) ဖြူဖြူလေးတွေက ဆိမ့်ဆိမ့်အိအိ နဲ့ စားလို့အလွန်ကောင်းပေတာပဲ။

ဆရာမြသန်းတင့်ရဲ့ “ဧကရာဇ်တို့ ဧ။်ဘဏာတိုက်များ” ဆိုတဲ့စာအုပ်လေးထဲမှာ ကြာပွင့်ကြာဖူးစားပြီး ယစ်မူးနေသူတွေ အကြောင်းပါတယ်။  သူတို့ကို နောက်က လိုက်ခေါ်တဲ့သူတွေလည်း ကြာပင်တွေရဲ့ အရသာကြောင့်ပြန်မလာနိုင်တော့ဘူးတဲ့။  ဆရာဆိုလိုချင်တာ တခုခုတော့ ရှိလိမ့်မယ် ထင်ရဲ့။ 

ပြင်သစ်ပန်းချီကျော် မိုနေး ( Claude Monet 1840-1926)  ကတော့ မျက်စေ့ဝေဒနာခံစားနေရင်းနဲ့ကို  သူမသေခင် အနှစ် ၃၀အတွင်းမှာ "Waterlilies" အမည်နဲ့  ပန်းချီကားပေါင်း ၂၅၀ လောက်ရေးဆွဲခဲ့ပါသတဲ့။ သူ့ရဲကြာပန်းပန်းချီကားတကားက ပေါင် ၂၄သန်းကနေ ၄၁သန်းအထိ ရခဲ့ပါသတဲ့။  ပြီးခဲ့တဲ့ ဇွန်လ ၂၃ရက်ကမှ လန်ဒန်မှာ သူ့ရဲ့ပန်းချီကားတွေကို ထပ်မံလေလံတင်ခဲ့တော့ ပေါင်၂၉သန်းအထိ ဈေးပေါက်ခဲ့ပေမဲ့ အရောင်းအ၀ယ်မဖြစ်ခဲ့ပါဘူးတဲ့။ အနုပညာတန်ဖိုးများ ကြီးပါဘိနော်။  မိုနေးရဲ့ (ကြာပန်း) ပန်းချီကားလေးတွေခံစားကြည့်မယ်ဆိုရင် ဒီမှာ ပါ......တောသူဆိုတော့ အရောင်စိုတဲ့ ပထမဆုံးပုံကို အကြိုက်ဆုံးပါ...နောက်ပုံတွေက ရိုးသလိုလိုရှိပေမဲ့ သူ့တို့ရဲံ တကဲ့အလှက တိမ်တွေရဲ့အရောင်ကို ကန်ရေပြင်မှာ ဖမ်းထားတာ လို့ ထင်တယ်။ နောက်ပြီး အသွင်အမျိုးမျိုးပြောင်းနေတဲ့ ကြာပန်းရိပ်သွင်တွေက လူ့ဘ၀ကိုများ ထင်ဟပ်နေလေသလား............

မြန်မာပြည်မှာလည်း ခုတလော “ကြာ”ပါတဲ့ ရုပ်ရှင် တော်တော်လူပြောများနေပါတယ်။ ကြည့်တော့ မကြည့်ရသေးပါဘူး။ တကယ်တော့ ကြည့်ဖို့ရာ  စိတ်လည်း မ၀င်စားလှဘူးပေါ့လေ........

ကဲ ကြာပန်းလေးတွေကြည့်ရင်း ဆွဲဆန့်လိုက်တဲ့အတွေးလေးက တနံတလျား ပါလား.........ဟိုရောက်ဒီရောက်အက်ဆေးလို့ပဲ အမည်ပေးရတော့မယ်ထင်ပါရဲ့။



မိုးစက်ပွင့်

( အထက်ပါ မိုနေးရဲ့  ကြာပန်း ပန်းချီကားများမှာ ကို ဒီက ရရှိပါသည်။

3 comments:

  1. ကြာဖူးကြာပွင့်စားပြီး ယစ်မူးပြီး ပြန်မလာနိုင်သူတွေနဲ့ ဆက်စပ်လို့
    ဆရာမ “ဂျူး”က အက်ဆေးတစ်ပုဒ်ရေးထားတာ ဖတ်ပြီးပြီလား၊
    http://www.facebook.com/note.php?note_id=118818604824704&id=115207091825809&ref=mf#!/note.php?note_id=109128322460399

    ReplyDelete
  2. အီးတီ20 July 2010 at 00:24

    ကြာရိုးဟင်းခါးသောက်ချင်ပါတယ်။
    ကြာကြည့်ကျင့်နေပုံလေးမျက်စိထဲမြင်ရောင်မိပါသည်။

    ReplyDelete
  3. ကျေးဇူးပါ အပြုံးပန်း...အရင်က အဲဒီအက်ဆေးလေး ဖတ်ဖူးပေမဲ့ အခုထပ်ဖတ်တော့လည်း အရသာရှိတာပါဘဲ.. ဂျူး နဲ့ ဆရာမြသန်းတင့် ပြောတဲ့ ကြာပွင့်စားသူများအကြောင်း ကတော့ အတူတူပါဘဲ....

    မမအီးတီ..
    ကျင့်သာကျင့်လိုက်ရတယ်..အသုံးမချဖြစ်ပါ :D

    ReplyDelete

ပဲ့တင်သံလေးတွေ .......