Sunday 4 July 2010

အရှူံး

(ညက အာဂျင်တီးနားကို အားပေးမိပါတယ်... ဂျာမနီက ကိုယ်ရင်းနှီးတဲ့၊ သံယောဇဉ်ရှိတဲ့ နေရာ၊ ဂျာမန်အသင်းက ကိုယ်အထင်ကြီးတဲ့အသင်း ပေမဲ့ ဘလော့သူငယ်ချင်းတယောက်နဲ့  အသေအချာ သဘောတူထားတဲ့အတိုင်း အာဂျင်တီးနားဖက်ကပဲ ၀င်ခံစားခဲ့ပါတယ်။ သိတဲ့အတိုင်း အရှုံးကြီး ရှုံးတော့တာပါဘဲ၊ သုံးဂိုးဝင်တဲ့အထိ ( တစ်လုံးလောက်....... တို့ အရှက်ပြေအောင်  တစ်လုံးလောက်) လို့ တဖွဖွရွတ်နေသေးတယ်။ ပွဲပြီးလို့ လေးဂိုးပေးလိုက်ရတော့ အသည်းမကွဲပေမဲ့ ရင်မှာဆို့နင့်နင့်ကြီးပေါ့။ တို့ မမကြီး အင်ဂျလာ မာကယ်လ်ကတော့ ပြုံးလို့ပျော်လို့  .......။ အာဂျင်တီးနား နံပါတ်(၂၀)က ငိုကြွေး လို့။  သတိရမိတဲ့ သီချင်းကလေးတပုဒ်က Madonna  ရဲ့  Evita ထဲက “ Don't cry for me, Argentina ” ။ ဒါနဲ့ဘဲ အရှုံးနဲ့ ပါတ်သက်လို့  တွေးဖြစ်တာလေးတွေ ချရေးချင်လာတယ်။)


“အရှုံး” ကို ဘယ်သူမှမကြုံချင်ပါ။  
ဒါပေမဲ့ မရှုံးဘူးတဲ့သူ လောကမှာ ရှိပါသလား။   
လူတိုင်း တချိန်မဟုတ်တချိန် အရှုံးကိုရင်ဆိုင်ဘူးကြမှာပါ။

တချို့ က ကိုယ့်အရှုံးအတွက် တရားခံရှာတယ်။ "Bad carpenter blames on the tools" ဆိုတဲ့ စကားလေးလိုပေါ့။  နောက် ဆရာကြီး အောင်ထွန်းသက်မျှဝေဖူးတဲ့ စကားလေးတခွန်းက( ရှုံးတဲ့အခါ မှန်ကြည့်ပါ၊ အောင်မြင်တဲ့အခါ ပြူတင်းပေါက်ကို ကြည့်ပါ) တဲ့။   တခါတလေကျ လူတွေက ရှုံးတဲ့အခါ ပြူတင်းပေါက်ကို ကြည့်တယ် (သူများကြောင့်ရှုံးတာ)၊ အောင်မြင်ရင် မှန်ကြည့်မြဲ (ငါတော်လို့)။
အရှုံးဖြစ်စေခဲ့တဲ့ ကိုယ့်အမှားကို ကိုယ်မှန်မှန်ကန်ကန် သိမှ နောက်တကြိမ် မမှားတော့မှာပေါ့။
(ဒီနေရာမှာ ရှုံးတိုင်းမမှားသလို၊ နိုင်တိုင်းလည်းမမှန်ဘူး ဆိုတာတော့ ဖြည့်ပြောချင်ပါသေးတယ်...။ မှန်လည်းမှန် နိုင်လည်းနိုင်ရင်တော့ အကောင်းဆုံးပါပဲ။)

အရှုံးကို ဘယ်လိုရင်ဆိုင်သလဲဆိုတာ အရေးကြီးပါတယ်။ 
လဲကျရာက အကြိမ်ကြိမ်ပြန်ထဖို့။  ငယ်ငယ်က သင်ခဲ့ဖူးတဲ့ (မပုကြွယ် နဲ့ ခရုငယ်) ( စစ်ရှုံးဘုရင်မင်းကြီးနဲ့  ပင့်ကူကလေး) ပုံပြင်တွေထဲမှာ လူက တိရိစ္ဆာန်တွေရဲ့ ဇွဲသတ္တိကို အတုယူခဲ့ရတယ် မဟုတ်လား။

ကိုယ့်ဘ၀ထဲက ကြုံဖူးသမျှ အရှုံးတွေကို ပြန်စဉ်းစားမိခဲ့တယ်။
အသေးစား အရှုံးကလေးတွေမပါရင်တောင် ဘ၀မှာအကြီးအကျယ်ရှုံးခဲ့တာ သုံးကြိမ်။
မျက်ရည်တွေ ပင်လယ်ဝေလို့။  ကမ်းမမြင်လမ်းမမြင် ပင်လယ်ပြင်မှာ လှေကလေးတစင်းနဲ့ မြောနေသလို။
ကူကယ်ရာမဲ့ ခံစားချက်တွေနဲ့။  တွေဝေနေတယ်။ နာကျင်နေတယ်။ ဘ၀ကို အရှုံးပေးရတော့မလား။
ဟင့်အင်း-  ဆက်လှော်မယ်၊ ဆက်လှော်ရမယ်။ ဒါဟာ ယာယီ အရှုံးတွေပါ......။
ကိုယ်ဖတ်ခဲ့ဘူးတဲ့ စာတွေ၊ ဘ၀ သင်ခန်းစာတွေက ”အား”တွေ ဖြစ်လာတယ်။
ကြင်နာဖေးမ တတ်တဲ့ သူငယ်ချင်းတွေ မိတ်ဆွေတွေက ကမ်းခြေကို တွန်းပို့မဲ့  ”လှိုင်း”နဲ့”“လေ” ဖြစ်လာတယ်။
ဒီလိုနဲ့  ပဲ သာယာတဲ့ ကမ်းခြေကို ဘ၀လှေက ပြန်ချဉ်းကပ်နိုင်ခဲ့တယ်...။
ဒီလိုနဲ့  ပဲ အရှုံးရဲ့ ထာဝရသားကောင်ဘ၀က လွတ်မြောက်ခဲ့ရပါတယ်။

ဖန်ခါးသီးလေးတစ်ကိုက်က ပါးစပ်ထဲမှာ ခါးသက်တဲ့အရသာကို ပေးခဲ့ပေမဲ့  စက္ကန့်ပိုင်းအတွင်းမှာပဲ ချိုမြိန်မှုကို ဖန်တီးပေးခဲ့တယ်။  ဒီလိုပဲပေါ့..........
အရှုံးက ဘ၀ကို အသားမာတက်၊ လူကို ရင့်ကျက်စေတယ်။
အရှုံးက နည်းလမ်းကောင်းတွေကို ရှာတွေ့စေတယ်။
အရှုံးက သူငယ်ချင်းကောင်းတွေကို တင်ကျန်စေခဲ့တယ်။
အရှုံးက ခွန်အားသစ်တွေ မွေးထုတ်ပေးတယ်။
အရှုံးက သင်ခန်းစာကောင်းတွေကို ပေးတယ်။
အရှုံးက မွေးထုတ်လိုက်တဲ့ အောင်မြင်မှုကိုရရှိတဲ့အခါ ပိုပြီးချိုမြိန်စေခဲ့တယ်။
အရှုံးက   ...............ကိုယ်မသိသေးတဲ့ အရာပေါင်းများစွာကို သိမြင်လာစေခဲ့တယ်.....

အချိန်ဆိုတာ အကောင်းဆုံး ဆေးသမားပါ..
ဇွဲရှိပါ..သတ္တိရှိပါ...... အကောင်းမြင်ပါ....
အချိန်ကိုက် ဆောင်ရွက်နိုင်ပါစေ.....
အရှုံးနဲ့   အနိုင် ဆိုတာ ဒင်္ဂါးတပြားရဲ့ ခေါင်းနဲ့ ပန်းပါ.........




မိုးစက်ပွင့်

2 comments:

  1. အီးတီ4 July 2010 at 12:59

    စာကောင်းလေးလာဖတ်ပါတယ်။
    အနိုင်အရှုံး၊ အဆိုးအကောင်း၊ အတက်အကျတွေ...အမြဲရင်ဆိုင်နေရမှာ...

    ReplyDelete
  2. ကောင်းလိုက်တဲ့ စာလေးတပုဒ်ပါပဲ မိုးစက်...
    ဒီလိုပါပဲ အရှုံးနဲ့အနိုင်ဆိုတာ ဒွန်တွဲနေတာ...အကြိမ်ကြိမ်အဖန်ဖန် လက်မလျှော့ပဲကြိုးစားရင် တကွေ့ကွေ့မှာတော့ သာယာတဲ့ကမ်းခြေကို ရောက်နိုင်မှာပါ...
    ဂျာမဏီအသင်းက အလယ်တန်းက ကစားတဲ့ အားရ်နယ်ဖရီးဒရိရှ် လိုပဲပေါ့..ဟိ...နိုင်ငံကိုယ်စားပြု ၇၇ ပွဲကစားခဲ့ပေမယ့် တခါမှ ဂိုးလ်မသွင်းခဲ့ဖူးဘူးတဲ့..မနေ့က ဂိုလ်းက ပထမဆုံးပဲလေ...နိုင်ငံတကာလူသိများတဲ့ ကစားသမားတွေပါတဲ့ အာဂျင်တီးနားအသင်းကို အားပေးမိတာ ရှုံးသွားပြီ...ဒီတော့ နိုင်တဲ့ ဂျာမဏီအသင်းကို ပြောင်းအားပေးကြရအောင်..သဘောတူတယ်ဟုတ် :P

    ReplyDelete

ပဲ့တင်သံလေးတွေ .......