Saturday, 17 July 2010

သစ်ခွ ဧကရီ (The Last Empress )

Orchid Empress  လို့အမည်ရတဲ့ တရုတ် မန်ချူးအင်ပါယာကြီးရဲ့ နောက်ဆုံးသခင်မ ဇူးရှီ ( Tzu Hsi) အကြောင်းပါ...။   Empress ဆိုတော့ ဧကရီလို့ပဲ ခေါ်ရမယ်ထင်တယ်။ စာရေးသူ Anchee Min က ၂၀၀၇ခုနှစ်မှာ UK Bloomsbury  ပုံနှိပ်တိုက်ကနေ ထုတ်ဝေခဲ့တာပါ။ သမိုင်းကိုရေးတဲ့အခါမှာ တကယ်ပဲ ဘက်လိုက်မှုကင်းရဲ့လား ဆိုတဲ့မေးခွန်းကို ဒီစာအုပ်က ထပ်ခါတလဲလဲမေးခွန်းထုတ်ထားပါတယ်။  

အနောက်တိုင်း သတင်းဂျာနယ်တွေကရော တရုတ်သင်ရိုးညွှန်းတမ်းတွေမှာရော  ၁၉၉၁အထိ ဇူးရှီဘုရင်မ (၁၈၃၅- ၁၉၀၈) ကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုံ့ချထားပါတယ်။ သစ်ခွဧကရီဟာ ရက်စက်တယ်၊ ကောက်ကျစ်တယ်၊  အလိုရမက်ကြီးတယ်၊ စသဖြင့် မျိုးစုံဖေါ်ပြထားသလို Sir Edmund Backhouse ဆိုတဲ့  ပုဂ္ဂိုလ်က သူနဲ့   သစ်ခွဧကရီဟာ သူမမကွယ်လွန်မီ ခြောက်နှစ်အလိုအထိ Sexual Contact တွေ ရှိခဲ့ကြတယ်လို့   ၁၉၁၀ နဲ့  ၁၉၁၄ မှာ ရေးသားခဲ့ဘူးပါတယ်။ တကယ်တော့ အသက်၇၀ကျော် ဘုရင်မကြီးအနေနဲ့  ဒီလိုကိစ္စမျိုးတွေ ရှိနိုင်ပါ့မလား လို့ သံသယဖြစ်စရာကောင်းသလို ၁၉၇၄ အရောက်မှာ ဒါဟာ လုပ်ကြံရေးသားမှုဖြစ်တယ်ဆိုတဲ့ အထောက်အထားတွေ ရလာခဲ့ပါတယ်။ စာရေးသူ Anchee Min ကတော့ ဇူးရှီဘုရင်မရဲ့ ဇာတ်ကြောင်းပြောဟန်နဲ့  ရေးထားတဲ့ ဒီသမိုင်းနောက်ခံ ဖြစ်ရပ်မှန်ဝတ္တုထဲမှာ  တရုတ်ပြည် မန်ချူးအင်ပါယာရဲ့ နေ၀င်ချိန်နဲ့   ဇူးရှီဘုရင်မရဲ့ ဘ၀အခက်အခဲ အတွေ့အကြုံတွေကို အတွင်းကျကျ ရေးဖွဲ့ထားပါတယ်။


၁၈၅၂ မှာ  Orchid လို့ခေါ်တဲ့  အသက် ၁၇နှစ်အရွယ် မိန်းမလှလေး ဇူးရှီ ဟာ မန်ချူးဘုရင် Hsien Feng  ရဲ့ ရာပေါင်းများစွာသော မိဘုရားအမြှောင် ( concubine) တွေထဲက တယောက်အနေနဲ့   နန်းတော် ( Forbidden City ) ထဲကို ရောက်ရှိလာခဲ့ပါတယ်။ Forbidden City နန်းတော် တံတိုင်းထဲမှာ သူမဘ၀ကို ကပြ အသုံးတော်ခံခဲ့ရတာပါ။  သူမဟာ တခြားမိဘုရားငယ်တွေ မလုပ်နိုင်တဲ့ အလုပ်ကို လုပ်နိုင်ခဲ့ပါတယ်။ အဲဒါကတော့  မင်းကြီးအတွက် တုံးချီ ( Tung Chih )ဆိုတဲ့ သားတော်တပါး မွေးပေးနိုင်ခဲ့တာပါဘဲ။ ထီးလျာနန်းဆက်မွေးပေးနိုင်ခဲ့တဲ့အတွက် Orchid ဟာ မြှောက်စားခံရပါတယ်။ သားတော်လေး ငါးနှစ်အရွယ်မှာ မင်းကြီး နတ်ရွာစံတဲ့အတွက် သားတော် တုံးချီ ကို ရင်ခွင်ပိုက်ပြီး အုပ်ချူပ်ရတဲ့ မန်ချူးဧကရီဘုရင်မ ဖြစ်ခဲ့ရပါတယ်။ သူမနဲ့ အုပ်ချူပ်ရေးမှာ ပူးတွဲ ဆောင်ရွက်ရသူ တွေကတော့ မိဘုရားခေါင်ကြီး နူဟာရူး နဲ့   နန်းတော် အုပ်ချူပ်ရေး အဖွဲ့ တို့ပဲ ဖြစ်ပါတယ်။


နယ်စွန်နယ်ဖျားက အုပ်ချူပ်ရေးမှုးတယောက်ရဲ့ သမီး  ကျေးတောသူလေး ဇူးရှီဟာ အုပ်ချူပ်ရေးပညာကို ဘယ်ကျောင်းမှာမသင်ခဲ့ရပေမဲ့  ပကတိဥာဏ်နဲ့ရော၊ စိတ်စေတနာကောင်းတဲ့ မူးကြီးမတ်ရာ တွေဆီကနေရော သင်ယူလေ့လာ ခဲ့ပါတယ်။  သူမရဲ့ အားသာချက်က လူကောင်း၊ လူဆိုး ခွဲခြားအကဲခတ်တတ်တာရယ်၊  ဘယ်သူက သူမကို အကောင်းဆုံး အကြံဥာဏ်ပေးနိုင်မလဲ ဆိုတာသိနေတာရယ် တွေပဲဖြစ်ပါတယ်။  ဇူးရှီရဲ့ အုပ်ချူပ်ရေးကာလဟာ မန်ချူးအင်ပါယာအတွက် အခက်ခဲဆုံးအချိန်တွေပါ။  ရှေးမင်းအဆက်ဆက်ထဲက အင်ပါယာကို ရန်စကျူးကျော်နေကြတဲ့ ဂျပန် နဲ့ အနောက်ဥရောပ နိုင်ငံတွေဟာ အင်ပါယာရဲ့ ပိုင်နက် ဆိပ်ကမ်းတွေမှာ ကုန်သွယ်ခွင့်၊ သာသနာပြုခွင့် ပေးထားရတဲ့ အချိန်ပါ။  ပြည်တွင်းစီးပွားရေးက ယိမ်းယိုင်နေပြီး၊ နိုင်ငံခြားသားတွေကို မုန်းတီးတဲ့ လူတွေကလည်း ပုန်ကန်ထကြွမှု၊  ပြန်ပေးဆွဲမှုတွေ အကြိမ်ကြိမ်လုပ်နေခဲ့တာပါ။  အဲဒီအချိန်မှာပဲ လာဘ်စားပြီး၊ ကောက်ကျစ်တဲ့  ဒေသဆိုင်ရာ အရာရှိတွေ၊  နန်းတော်ထဲက မနာလိုမရှုစိမ့်တဲ့ မင်းညီမင်းသားတွေရဲ့  ပညာပြ တိုက်ခိုက်ဝေဖန်မှုတွေကြားထဲကနေ ထီးနန်းကို ဆက်ခံရတာပါ။


ဇူးရှီအနေနဲ့   လာဘ်စားပြီး လုပ်ရပ်မမှန်တဲ့ အရာရှိတွေကို သေမိန့်လက်မှတ်ထိုးခဲ့ရတာတွေ အကြိမ်ကြိမ် ကြုံခဲ့ရသလို၊ နန်းတွင်းအုပ်ချူပ်ရေးဗြူရိုရဲ့ ဖိအားကြောင့် အရာရှိကောင်းတွေကို မလွှဲမရှောင်သာ ရာထူးထုတ်ပယ်ခဲ့ရတာမျိုးလည်း ကြုံခဲ့ရပါတယ်။  အဲဒါကြောင့်  သစ်ခွဧကရီကို ဖိန့်ဖိန့်တုန်အောင် ကြောက်ကြသလို၊ မုန်းတီးတဲ့သူ အများအပြားလည်း ပြည်တွင်းပြည်ပမှာ ရှိခဲ့ပါတယ်။  ဒါပေမဲ့ သူမအမြဲအားထားခဲ့တဲ့  ပြည်ပသံတမန်ဆက်ဆံရေးအရာရှိ (Li Hung Chang )  နဲ့    သေနာပတိတပ်မှူး  ( Yung Lu ) တို့ကတော့ သူမကို အမြဲ လေးစား ယုံကြည်ခဲ့ပါတယ်။ မိန်းမစိုး   An Tei Hai  နဲ့  သူ့ကိုဆက်ခံသူ မိန်းမစိုး Li Lien Ying တို့ကတော့ အမြဲသစ္စာ ရှိခဲ့ကြပါတယ်။  သစ်ခွကို တိတ်တခိုးမုန်းတီးတဲ့ မိဘုရား နူဟာရူးက သူမစိတ်ဒုက္ခရောက်အောင် သူမအားအလွန်ကိုးတဲ့ မိန်းမစိုး An Tei Hai ကို နန်းတော်ပြင်ပမှာ ဖမ်းဆီးသတ်ဖြတ်ခွင့်ပေးခဲ့တယ်ဆိုတာ သေခါနီးမှာ ၀န်ခံသွားခဲ့ပါတယ်။ အသက် ၂၀ ကျော်သာရှိသေးတဲ့ ငယ်ရွယ်သေးတဲ့ ဇူးရှီဘုရင်မဟာ သူမကို ဂရုစိုက်တဲ့၊  ချောမောခန့်ညားတဲ့ သေနာပတိ ယုံလုအပေါ် မေတ္တာသက်ဝင်ခဲ့ပါတယ်။  ဒါပေမဲ့ နန်းတော်အသိုင်းအ၀ိုင်းရဲ့ စူးစမ်းတဲ့ မျက်လုံးတွေအောက်မှာ ဟန်ဆောင်ဖုံးကွယ်ပြီး စိတ်ကူးယဉ်ဘ၀နဲ့သာ ကြေနပ်ခဲ့ရပါတယ်။ မဖြစ်နိုင်တာကိုသိနားလည်တဲ့အတွက် ယုံလုကလည်း အဝေးတာဝန်တွေ တမင်တကာ တောင်းဆိုပြီး နန်းတော်ကနေ ၇နှစ် တိတိ ရှောင်ခွာခဲ့ပါတယ်။ နောက်ဆုံးပြန်လာတဲ့အချိန်မှာ သူလက်ထပ်မဲ့ မိန်းကလေးကို ဘုရင်မဆီ ခေါ်လာပြခဲ့ပါတယ်။  မိန်းကလေးက သေနာပတိနဲ့ ဘုရင်မတို့ရဲ တိတ်တခိုးမေတ္တာဇာတ်လမ်းကို သိရှိနားလည်ပေးနိုင်သူလေးဖြစ်တဲ့  ရောင်းရင်းတပ်မှူးတယောက်ရဲ့ သမီးလေး ( Willow ) ဖြစ်ပါတယ်။  ယုံလု လက်ထပ်ချိန်မှာ ဘုရင်မဇူးရှီရဲ့ အသည်းတွေ ပဲ့ကြွေမတတ်ခံစားရပေမဲ့ ဒါဟာ နှစ်ဦးစလုံးအတွက် အကောင်းဆုံးရွေးချယ်မှုပဲဆိုတာ လက်ခံခဲ့ပါတယ်။



 အုပ်ချူပ်ရေးတာဝန်တွေနဲ့ အမြဲ မအားလပ်တဲ့ ဘုရင်မဟာ သားတော်လေး  တုံချီကို မိဘုရားကြီး နူဟာရူးလက်ထဲမှာ အပ်ရတဲ့အချိန်တွေ များပါတယ်။  တိုင်းရေးပြည်ရာ နားလည်အောင် နန်းတော် တရားကြားနာပွဲတွေမှာ အမြဲတက်ရတဲ့ မင်းသားလေးတုံချီဟာ စိတ်ဖိစီးမှုတွေကြောင့် နန်းတော်တာဝန်နဲ့  မိခင်ကိုပါ မုန်းတီးနေသူဖြစ်ပါတယ်။  ဆယ်ကျော်သက်အရွယ်မှာ သက်တူရွယ်တူ မင်းသားငယ်တွေနဲ့ ပေါင်းပြီး အပျော်အပါးမက်လာပါတယ်။  မိခင်ကဆုံးမတိုင်း မနာခံတဲ့အပြင် ပိုလို့သာ ဆိုးလာခဲ့ပါတယ်။  ခေတ်ပညာသင်ပေးချင်ပေမဲ့ နိုင်ငံခြားသားမုန်းတဲ့ နန်းတော်အုပ်ချူပ်ရေးအဖွဲ့က ကန့်ကွက်ခဲ့ပါတယ်။  နန်းတွင်းမှာသင်ပေးတဲ့ တရုတ်လူမျိုးဆရာတွေကလည်း မင်းသားလေး ညိုညင်မှာကျောက်လို့  အဆင့်ကောင်းကောင်း  အမြဲတင်ပြကြပါတယ်။ အသက်၁၇ နှစ်မှာ အိမ်ထောင်ချပေးပြီး ထီးနန်း အရိုက်အရာလွှဲပေးခဲ့ပေမဲ့  အပျော်အပါးဒဏ်တွေကြောင့် ရောဂါရပြီး နန်းသက် ၂နှစ်မှာ တိမ်းပါးခဲ့ပါတယ်။  ဒါကြောင့်လဲ  သစ်ခွဧကရီက နန်းသွေးပါတဲ့ မင်းကြီးရဲ့ညီနဲ့ သူမရဲ့ညီမအရင်းက မွေးထားတဲ့ တူတော်သူ လေးနှစ်သားလေး Guang Hsu  ကို မွေးစားပြီး ရင်ခွင်ပိုက် အုပ်ချူပ်ခဲ့ရပြန်ပါတယ်။  တုံချီတုံးကလို အမှားမျိုးမဖြစ်ရအောင် ဂရုတစိုက် ထိမ်းသိမ်းမွေးမြူခဲ့ပါတယ်။  ဂွမ်ရှုမင်းသားလေးကတော့  သစ်ခွဧကရီကို ချစ်ကြောက်ရိုသေတဲ့အပြင် တိုင်းရေးပြည်ရာကို စိတ်ဝင်စားဟန်ပြတဲ့အတွက် ၀မ်းသာကြရပါတယ်။  ဂွမ်ရှု့ ရဲ့အားနည်းချက်ကတော့ ကလေးဘ၀က စိတ်မမှန်တဲ့မိခင်ရဲ့ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခံထားရတဲ့အတွက် ကြောက်ရွံ့စိတ်အားငယ်တဲ့စိတ်အခံ ရှိနေတာပါပဲ။  အင်ပါယာဘုရင်ဟာ လက်ထပ်ပြီးသူဖြစ်သင့်တယ်ဆိုတဲ့ ရှေးရိုးစွဲကြောင့် နန်းမတက်ခင် ညီအမနှစ်ဦးအပါအ၀င် မင်းသမီး၃ပါးနဲ့  ထိမ်းမြားပေးခဲ့ပါတယ်(သီပေါဘုရင်လိုပေါ့) ဒါပေမဲ့ ဂွမ်ရှုက အငယ်ဆုံးမိန်းကလေး Pearl ကိုသာ သံယောဇဉ်ရှိပါတယ်။ သူလက်ထပ်တော့ ၁၈နှစ်တောင် မပြည့်သေးပါဘူး။  မကြာခင်ဘဲ ထီးနန်းလွှဲပေးဖို့ ပြင်ဆင်ပါတယ်။  တချို့အရာရှိတွေက သစ်ခွမင်းသမီးကို ဆက်ပြီးအုပ်ချူပ်ဖို့  စာရေးတောင်းဆိုကြပေမဲ့ ပြတ်ပြတ်သားသား ငြင်းပြီး အပြစ်ပေးခဲ့ပါတယ်။ ဂွမ်ရှုကို ထီးနန်းတရားဝင်လွှဲပြီးတဲ့အခါမှာ သစ်ခွဧကရီဟာ ပင်ပန်းလှတဲ့ ထီးရေးနန်းရာကနေ အနားယူရပြီလို့  ထင်ခဲ့မိပါတယ်။


တကယ်တော့ သူမတွေးထင်ခဲ့သလို ဖြစ်မလာပါဘူး။  သားတော် ဂွမ်ရှုဘုရင်ဟာ စိတ်ပျော့သူတယောက်မို့  မူးမတ် မင်းညီမင်းသားတွေက မထေမဲ့မြင်ပြုကြပါတယ်။  စိတ်ရှုပ်ထွေးစရာ နန်းတွင်းရေးကြောင့် ဂွမ်ရှုဟာ ကျမ်းမာရေးအခြေအနေ ယိုယွင်းလာပါတယ်။  ဇူးရှီက ဘုရင်ကို ဘေးကနေ အားပေးရင်း တခါတရံ ခက်ခဲနေတဲ့ လိပ်ခဲတည်းလည်းပြသနာတွေကို ဘုရင်မဟောင်းရဲ့ သြဇာပါဝါတွေနဲ့ ၀င်ပြီး ဆုံးဖြတ်ပေးတဲ့အခါကျပြန်တော့  စွက်ဖက်တယ်လို့   စွပ်စွဲကြပါတယ်။ ဂွမ်ရှုရဲ့ ကျမ်းမာရေးကြောင့် ဘယ်တော့မှ သားသမီးရတနာမရနိုင်တဲ့အကြောင်းကို သမားတော်တွေထံက သိရတဲ့အခါ ဘုရင်ကလေးဟာ စိတ်ခြုံးခြုံးကျသွားပါတော့တယ်။  ဇူးရှီက ဘယ်လိုပဲ အားပေးပေး စိတ်ဓါတ်တက်မလာတော့ပါဘူး။


အဲဒီအချိန်မှာ ပုလဲမင်းသမီးရဲ့ အဆက်အသွယ်နဲ့    ကန်ယုဝေ (  Kang Yu Wei ) ဆိုတဲ့ ပုဂ္ဂိုလ်နဲ့   ဘုရင်ကလေး တွေ့လာခဲ့ပါတယ်။ ကန်ယုဝေက ပြုပြင်ပြောင်းလဲရေးကို အာဘောင်အာရင်းသန်သန်နဲ့  ပြောတတ်သူ ဖြစ်သလို အပြောကောင်း၊အမြှောက်ကောင်းမို့   ဘုရင်ကလေးကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။  ထီးနန်းဆက်မထားနိုင်တော့တဲ့ ဘုရင်ကလေးဟာ ပြုပြင်ပြောင်းလဲရေးနဲ့   မန်ချူးသမိုင်းမှာ သူ့အမည်ကိုရေးနိုင်ရမယ်လို့  ဆုံးဖြတ်ပြီး အားအင် တက်ကြွလာခဲ့ပါတယ်။  ကန်ယုဝေရဲ့ ပြောပုံဆိုပုံကိုကြည့်ပြီး သဘောမကျပေမဲ့ သားတော်ကို တက်ကြွစေတဲ့အတွက် ဇူးရှီက စောင့်ကြည့်နေခဲ့ပါတယ်။  ကန်ယုဝေရဲ့ အားပေးအားမြှောက်နဲ့  တချို့သော မူးမတ်ကောင်းတွေကို ထုတ်ပယ်တာတွေ လုပ်လာတဲ့အခါမှာတော့ ရင်နာနာနဲ့   သတိပေးခဲ့ပါတယ်။  ဇူးရှီရဲ့ ၀င်ရောက်ပြောဆိုမှုတွေကို ကန်ယုဝေက နာကျည်းပြီး ပြင်ပမှာ ဘုရင်မ မကောင်းကြောင်းတွေကို ၀ါဒဖြန့်ခဲ့ပါတယ်။ နောက်ဆုံးမှာ သားတော်ဘုရင်ကိုယ်တိုင် နားယောင်ပြီး  ပြုပြင်ပြောင်းလဲရေးရဲ့ အဟန့်အတားဖြစ်နေတဲ့ မိခင်ဇူးရှီဘုရင်မကိုပါ ထိမ်းသိမ်းဖို့ သဘောတူခဲ့ပါတယ်။  ကန်ယုဝေက အဲဒီအချက်ကို အခွင့်ကောင်းယူပြီး သုတ်သင်သတ်ဖြတ်ဖို့အထိ ကြံစည်ပါတယ်။  သူတာဝန်ပေးတဲ့ တပ်မှူးက  ကြောက်ကြောက်နဲ့ နာခံချင်ယောင်ဆောင်ပေမဲ့ သေနာပတိ ယုံလုကို သတင်းပို့ခဲ့တဲ့အတွက် ဇူးရှီဟာ အသက်ဘေးက လက်မတင်ကလေး လွတ်ခဲ့ရသလို၊  ကြံစည်သူတသိုက်ကို ဖမ်းမိခဲ့ပါတယ်။  ဒါပေမဲ့ ကန်ယုဝေကတော့ ဂျပန်အကူအညီနဲ့ လွတ်မြောက်သွားခဲ့ရပါတယ်။  နောက်ဆုံးအဖြစ်အပျက်တွေဟာ ဘုရင်ကလေးကို အိပ်ယာပေါ်ဘုံးဘုံးလဲစေခဲ့ပါတယ်။  ဇူးရှီက သားတော်ကို အပြစ်မယူပေမဲ့ တော်တော်နာကျည်းသွားပါတယ်။  ဒါပေမဲ့ တိုင်းပြည်ရဲ့ လိုအပ်ချက်အရ ထီးနန်းကို ဆက်လက်အုပ်ချူပ်ဖို့  တိုက်တွန်းခဲ့ပါတယ်။  တဖက်မှာ ကန်ယုဝေက ဂျပန်ကို ခြေကုပ်ယူပြီး နိုင်ငံတကာကို လွပ်လွပ်လပ်လပ် သတင်းဖြန့်နေပါတယ်။  ဘုရင်မကြီးဟာ သားတော်ကို အဆိပ်ခတ်သတ်ဖို့  ကြိုးစားနေတယ်၊  ထီးနန်းကို လုဖို့ ကြိုးစားနေတယ် စသဖြင့် အကြိမ်ကြိမ် စွပ်စွဲ ပြောဆိုနေပါတယ်။  ပြည်တွင်းမှာ ကန်ယုဝေ ဘက်တော်သားများကလည်း ဘုရင်မကို လုပ်ကြံဖို့  အကြိမ်ကြိမ် ကြိုးစားကြပါတယ်။ မအောင်မြင်ခဲ့ပါဘူး။


1899 ကိုရောက်လာတဲ့အခါ တရုတ်ပြည်တွင်းမှာ နိုင်ငံခြားသားမုန်းတီးရေး  လက်သီးလှုပ်ရှားမှု  ( Boxers Movement ) ပေါ်လာခဲ့ပါတယ်။  မန်ချူးအင်ပါယာရဲ့ ဆိပ်ကမ်းပိုင်နက်တွေမှာ ကုန်သွယ် အမြတ်အစွန်းယူနေကြသူတွေ၊  လယ်မြေတွေကို သိမ်းပိုက်ဆောက်လုပ်ထားတဲ့ သာသနာပြုကျောင်းတွေ၊ နိုင်ငံခြားသားတွေအပေါ် မကြေနပ်တဲ့အတွက် အနီရောင်ဝတ်စုံဝတ် ပုန်ကန်သူတွေ သောင်းနဲ့ချီပြီးပေါ်ထွက်လာခဲ့ပါတယ်။  မန်ချူးထီးနန်းအတွက် ဘေးကြပ်နံကြပ်အခြေအနေ ဖြစ်ပါတယ်။ Boxer ကို မထောက်ခံရင် မျိုးချစ်စိတ်မရှိဘူးလို့ စွပ်စွဲမဲ့သူတွေအများအပြားရှိလာမှာဖြစ်သလို ထောက်ခံခဲ့ရင် နိုင်ငံခြားတပ်တွေက ကျူးကျော်လာတော့မှာ ဖြစ်ပါတယ်။  ဇူးရှီဟာ ယုံလု အကူအညီနဲ့   ရှဥ့်လဲလျောက်သာ ပျားလည်းစွဲသာအခြေအနေကို ရွေးချယ်ပြီး  နှစ်ဖက်အထိအခိုက် အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ခဲ့ပါတယ်။  ဒါတောင်မှ နိုင်ငံခြားတပ်တွေဟာ နန်းတော်ထဲထိ ၀င်လာလို့    သားတော်နဲ့အတူ ရုပ်ဖျက်ပြီး လပေါင်းများစွာ ရှောင်ပြေးခဲ့ရပါတယ်။  နောက်ဆုံးမှာ သံအမတ်ကြီး  (  Li Hung Chang ) က ၀င်ရောက် စေ့စပ်ညှိနှိုင်းပေးလို့     လျော်ကြေးပေါင်းများစွာ၊ အခွင့်အရေးပေါင်းများစွာပေးပြီး စစ်ပြေငြိမ်းခဲ့ရပါတယ်။


သံအမတ်ကြီး လီ ဟာ မီးဇာကုန် ဆီခမ်းအရွယ်ဖြစ်နေတဲ့အပြင်  စာချူပ်ကာလ စိတ်ဖိစီးမှုတွေကြောင့် မကြာခင် ကွယ်လွန်သွားခဲ့ပါတယ်။  ဇူးရှီရဲ့ ဘယ်လက်ရုံး ပြုတ်သွားသလိုပါပဲ။ နောက် ၂ နှစ်လောက်အကြာမှာ သူမရဲ့ ညာလက်ရုံး  သေနာပတိ ယုံလုလည်း ကွယ်လွန်ခဲ့ပါတယ်။  ယုံလု မကွယ်လွန်ခင်မှာ ဇူးရှီက နန်းတော်စည်းကမ်းကို မထောက်တော့ဘဲ နောက်ဆုံးခရီးကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဇနီးသည် ( Willow) က အလိုက်သိသိ ရှောင်ပေးခဲ့ပါတယ်။  သူမက ပြောလိုက်ပါတယ် (  ယုံလုရယ်..  ရှင် အမဲလိုက်ခရီး သွားတော့မှာပေါ့နော်။  မကြာခင် ကျမလဲ လိုက်ခဲ့ပါ့မယ်၊ ရှင့်အတွက် လေးမြှားပြင်ပေးဖို့လေ။  ရှင် အမဲပစ်က ပြန်လာရင်တော့ တောဝက်ရယ်၊ ယုန်ရယ်၊ သမင်ရယ် ပါခဲ့ပါစေနော်။ ကျမတို့   မီးဖိုကလေးဖိုပြီး အမဲကင်မယ်၊ ၀ိုင်ကလေးနဲ့  သောက်ရအောင်လေ) တဲ့။  ယုံလုက စကားမပြောနိုင်ပေမဲ့ နားထောင်ရင်း မျက်ရည်တွေ စီးကျနေခဲ့ပါတယ်။


ချစ်တဲ့သူတွေ ခင်တဲ့သူတွေ တယောက်ပြီးတယောက် သေပြီးတဲ့နောက်မှာ ဘုရင်မကြီးရဲ့ စိတ်တွေလည်း ခြုံးခြုံးကျနေပါပြီ။  အနှစ်၅၀ လောက်တိုက်လာတဲ့ ဘ၀တိုက်ပွဲမှာ ဖေးကူမဲ့သူ မရှိတော့တဲ့အပြင် ရန်သူတွေကလည်း ပတ်လည်ဝိုင်းနေတာပါ။  ဒါကြောင့်မို့  အုပ်ချူပ်ရေးမှာ အားကိုးရမဲ့သူတွေ အလျင်အမြန်ရှာဖွေခဲ့ရာမှာ မြို့တော်ဝန် ( ယွန်ရှိကိုင် ) ကို တွေ့ရှိခဲ့ပါတယ်။  ယွန်ရှိကိုင်ရဲ့ အကူအညီနဲ့  ခေတ်မီတိုးတက်ရေးကို လုပ်ဆောင်စေခဲ့ပါတယ်။  ယွန်ရှိကိုင် နဲ့   သားတော်ဂွမ်ရှုရဲ့ ကြားက မာနတိုက်ပွဲတွေကိုလည်း အမြဲ ၀င်ရောက် စေ့စပ်ပေးနေရပါတယ်။  တရက်မှာ ဘုရင်မကြီး အကြီးအကျယ် နာမကျန်းဖြစ်ပါတယ်။  မရတော့ဘူး လို့ သမားတော်တွေက ပြောပါတယ်။  ဒါပေမဲ့ ဘုရင်မကြီး အရင် သားတော်ဂွမ်ရှုက ကွယ်လွန်သွားပါတယ်။  သူမရဲ့ နောက်ဆုံးနေ့ရက်များမှာ လွှတ်တော်ကို ကြိုးစားတက်ပြီး (သလွန်တော်နဲ့  ကိုယ်လုံးကိုတောင် ကြိုးနဲ့ ပတ်ချည်ပြီး၊ အ၀တ်အုပ် ထားရပါသတဲ့)  ထီးမွေ နန်းရာ ဆက်ခံမဲ့ ကိစ္စကို စီမံခဲ့ပါသေးတယ်။  ၁၉၀၈ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှာတော့ သစ်ခွဧကရီဟာ ညင်ညင်သာသာနဲ့  သေဆုံးသွားခဲ့ပါတယ်။


စာရေးသူ အန်ချီမင်း သရုပ်ဖေါ်ထားသလောက်ဆိုရင် ဇူးရှီဟာ လူသားဆန်တဲ့ ဘုရင်မ တယောက်ပါဘဲ။  သူ့ခေတ်သူ့အခါမှာ အတော်ဆုံးမဟုတ်ရင်တောင် သူ့နည်းသူ့ဟန်နဲ့  အကောင်းဆုံး ကြိုးစားရုန်းကန် ခဲ့တာပါဘဲ။  မြုပ်မဲ့လှေပေါ်မှာ သူမရောက်နေခဲ့တာကတော့ ကံတရားလို့   ပြောရလေမလားမသိပါ။  စာအုပ်ထဲမှာ သင်းကွပ်ထားတဲ့ မိန်းမစိုးတွေအကြောင်း၊  ထီးမွေနန်းရာမှာ ဘယ်လောက်ပဲ အရည်အချင်းမဲ့မဲ့ ယောက်ျားလေးကိုပဲ ဦးစားပေးထားတဲ့ ဓလေ့၊ မင်းစိုးရာဇာတွေဟာ လူတိုင်းနီးပါး မယားငယ်အများအပြား တရားဝင်ယူကြတာ၊  စစ်ရှုံးသတင်းကိုဖုံးကွယ်ပြီး နန်းတော်ကို လိမ်ညာလျှောက်တင်တတ်ကြတာ၊  ခေါင်းဖြတ်သတ်တဲ့ ဓလေ့ တွင်တွင်ကျယ်ကျယ် ရှိခဲ့တာ  စသဖြင့် သူတို့ခေတ်ရဲ့ ထူးခြားတဲ့  ဗဟုသုတရစရာ ဓလေ့ထုံးတမ်းစဉ်လာလေးတွေ ပါဝင်နေတဲ့အတွက်လည်း စိတ်ဝင်စားစရာ နှစ်ခြိုက်စရာကောင်းပါတယ်။

တရုပ်ပြည် သမိုင်းကို ငယ်ငယ်က စာထဲမှာ သင်ခဲ့ပေမဲ့ ၀တ္တုဖတ်သလောက် စွဲစွဲလမ်းလမ်း မရှိ၊ အကြောင်းအရာတွေကို ခွဲခွဲခြားခြား မမှတ်မိတာကတော့ အမှန်ပါဘဲ။   မှတ်မိတာဆိုလို့ သင်ခဲ့တဲ့ ဆရာမရဲ့ အသံအေးအေးလေးဘဲ ရှိတယ်။ ဒါကြောင့် သမိုင်းသင်ရင် ၀တ္တုကောင်းလေးတွေ ဖတ်ခိုင်းရင်းနဲ့ သင်ရင် ကောင်းမှာဘဲလို့  တွေးမိပါသေးတယ်။  တကယ့်ကို မကွေ့မကောက်တဲ့ အမှန်တွေ ဖြစ်နေဖို့ တော့ လိုတာပေါ့နော်.................................


မိုးစက်ပွင့်












4 comments:

  1. ဘုရင်မရဲ့ လူသားဆန်တဲ့ အရာတွေကို မိုးစက် ရေးပြတာနဲ့တင် မြင်မိပါတယ်၊
    စာဖတ်အားလည်း ကောင်းပြီး ပြန်တင်ပြတာလေးကလည်း အချိတ်အဆက် မိလှပါတယ်၊

    ReplyDelete
  2. ရှုပ်ရှက်ခတ်နေတဲ့ မြန်မာ့သမိုင်းကို ဖတ်ရင်တောင် နားလည်ဖို့ ခက်တာ တရုပ်ပြည်ရဲ့ ၁၈၀၀ ခုနှစ်ကျော်က အကြောင်းတွေဆိုတော့ အတော်ဖတ်ရမယ်နဲ့ တူပါတယ်...

    ဆရာချစ်ဦးညိုရဲ့ "လင်္ကာဒီပချစ်သူ" လို ဝတ္ထုမျိုးဆိုရင်တော့ စာရေးဆရာက ဘုရင်မဘက် လိုက်ရေးပေးတာ ဖြစ်လောက်တယ်...

    တရုတ်ပြည်ရဲ့ သမိုင်းကတော့ အံ့မခန်းစရာတွေနဲ့ ပြည့်နေတာမို့ တကယ်စိတ်ဝင်စားဖို့ ကောင်းမှာပါ...

းဝ)

    ReplyDelete
  3. နွေးနေခြည်19 July 2010 at 09:19

    စိတ်ဝင်စားစရာ ကောင်းလိုက်တာ..
    ကိုယ်တိုင်တော့ အဲလောက် မဖတ်နိုင်တာ သေချာတယ်။
    ကျေးဇူးပါ

    ReplyDelete
  4. စိတ်ဝင်စားဖို့ ကောင်းတဲ့ ဘုရင်မအကြောင်းပဲ
    တရုတ်ပြည် သမိုင်းဟာ နိုင်ငံကျယ်သလောက် ကျယ်ပြန့်လှပါပေရဲ့

    ReplyDelete

ပဲ့တင်သံလေးတွေ .......