Penguin စာအုပ်တိုက်ထုတ် Li Cunxin ရဲ့ ဖြစ်ရပ်မှန် ကိုယ်ရေးအထုပ္မတ္တိ ဖြစ်တဲ့ Mao's Last Dancer ဆိုတဲ့ စာအုပ်လေးကို နှစ်သက်မိတာမို့ သူငယ်ချင်းတို့နဲ့ မျှဝေခံစားချင်ပါတယ်။
Li Cunxin ဆိုတဲ့ လူငယ်လေးက မော်စီတုန်းခေတ် ရဲ့ Cultural Revolution အရိပ်အငွေ့သန်းချိန် ၁၉၆၁မှာ Li မျိုးနွယ်ဆင်းရဲသားမိသားစုက ပေါက်ဖွားလာတဲ့ ဆဌမမြောက်သား ပါ။ သားယောက်ျား ၇ယောက်တိတိ မွေးထားတဲ့ လီ မိသားစုမှာ စားစရာဘယ်တော့မှ မလုံလောက်ခဲ့ပါဘူး။ ဒါပေမဲ့ Commune အလုပ်ကို မိုးလင်းမိုးချူပ် မနားမနေလုပ်တဲ့ ဖခင်ရယ်၊ စိတ်ဓါတ်ကြံ့ခိုင်ပြီး မိန်းမကောင်းပီသတဲ့ မိခင်ရယ် က သားတွေကို အငတ်ဘေးကလွတ်အောင်ရယ်၊ အခြေခံပညာရေးရအောင်ရယ် ကျားကုတ်ကျားခဲ ကြိုးစားပေးခဲ့ကြပါတယ်။ စာအုပ်ထဲမှာ မိဘနှစ်ပါးရဲ့ တရုတ်ရိုးရာ မင်္ဂလာပွဲနဲ့ ဖွင့်ထားပြီး၊ မိန်းကလေးတွေ ခြေထောက်ကြပ်စည်းတဲ့ အလေ့အထ တွေ၊ သေဆုံးသူအတွက် ငွေစက္ကူနဲ့ ရွှေချောင်းအတုတွေကို မီးရှို့ ပြာချပြီး တမလွန်ဘ၀အတွက် ဖြည့်ဆည်းပေးပုံတွေကို အသေးစိတ် ဗဟုသုတရဖွယ် ရေးပြထားပါတယ်။
လီ မိသားစုဟာ ဆန်ကို မစားနိုင်ပဲ Yum လို့ခေါ်တဲ့ ဥအခြောက်တွေရယ်၊ ပြောင်းဖူးပေါင်မုန့်ကြမ်းမာမာတွေရယ်ကို မ၀တ၀ စားပြီး အသက်ဆက်နေခဲ့ရတာပါ။ ဒါပေမဲ့ သူတို့ထက်ဆင်းရဲတဲ့သူတွေ Commune ထဲမှာ အများကြီးရှိပါသတဲ့။ Li Cunxin ရဲ့ ကလေးဘ၀ဟာ ဆင်းရဲလွန်းပေမဲ့ ကစားနည်းမျိုးစုံနဲ့ ပျော်ရွှင်ခဲ့ပါတယ်။ သူအကြိုက်ဆုံးကစားနည်းကတော့ ညီအကိုတွေနဲ့ cricket fighting လို့ခေါ်တဲ့ ( ပုရစ်?) တိုက်တမ်းကစားရတာပါ။ အဆော့လွန်လို့ နှမ်းဖတ်ကြိုတဲ့အိုးထဲနစ်နေတာ အကိုဖြစ်သူကယ်လိုက်လို့ သေဖို့ကနေ သီသီလေးလွတ်ခဲ့ပါတယ်။ လက်မောင်းမှာတော့ သေရာပါအမာရွတ် ရခဲ့ပါတယ်။
Li Cunxin ကျောင်းစတက်တော့ ပထမဆုံးသင်ရတဲ့စာက (ဥက္ကဌကြီးမော် သက်တော်ရာကျော် ရှည်ပါစေ)တဲ့။ စာလုံးဝ မတတ်သေးတဲ့ကလေးတွေကို နိုင်ငံရေးအမြင်တွေ စတင်သွတ်သွင်း ကြတာဖြစ်ပါတယ်။ မော်ရဲ့ စာအုပ်နီကလေးကို ကျောင်းသားတိုင်း အာဂုံဆောင်ရပါတယ်။ ဒီလိုနဲ့ Li Cunxin လေးလဲ စနစ်တခုထဲမှာ ကြီးပြင်းလာခဲ့ရပါတယ်။ သူမှတ်မိခဲ့တဲ့ အထဲမှာ Red Guard တွေက သူတို့ သံသယရှိသူများကို ဖောက်ပြန်သူတွေလို့ အမည်တပ်ပြီး လည်ပင်းမှာ သင်ပုန်းဆွဲ၊ စက္ကူဦးထုပ်ချွန် တွေဆောင်း၊ လူပုံလည်မှာ ၀န်ခံခိုင်းပြီး နှိပ်ကွပ်ကြပုံတွေကိုလည်း အမှတ်တရ ပြန်ရေးထားပါတယ်။ အဲဒီနှစ်တွေအတွင်းမှာ အစာအငတ်ဘေးဆိုက်ပြီး လူပေါင်း သိန်းချီသေဆုံးခဲ့ကြပါသေးတယ်။ ဒါပေမဲ့ မော်ရဲ့ဝါဒဖြန့်သူတွေကတော့ မော်ဟာ သာယာဝပြောတဲ့ ခေတ်သစ်ကို မကြာခင်ရောက်အောင် ဦးဆောင်နေတယ်လို့ ပြောမြဲပါ။
တနေ့မှာတော့ မြို့တော်က လူကြီးတွေ ရောက်လာပြီး မဒမ်မော်ရဲ့ Beijing Dance Academy မှာ ကျောင်းသားသစ်ကလေးတွေ စုဆောင်းဖို့ရောက်လာတော့ Li Cunxin ကလေးကလဲ ဆန်ခါတင်စာရင်းမှာ ပါခဲ့တယ်။ အဲဒီအခွင့်အရေးဟာ ဆင်းရဲတွင်းနက်ကြီးထဲက ရုန်းထွက်လို့ရမဲ့ ကြိုးကလေးတချောင်းဆိုတာ Li Cunxin ကလေး သဘောပေါက်ပါတယ်။ စမ်းသပ်မှုအမျိုးမျိုးကို အနာခံကျိတ်မှိတ်ပြီး ကြိုးစားပြီးတဲ့နောက်မှာ သူဟာ အကသင်တန်းသားလောင်းကလေးအဖြစ် ခေါ်ယူခြင်းခံခဲ့ရပါတယ်။
၁၁ နှစ်သားကလေး Li Cunxin အတွက် ဘေဂျင်းမြို့တော်ကြီးက ကြီးလွန်းကျယ်လွန်းလို့ အံ့သြစရာကောင်းလှပါတယ်။ အိမ်နဲ့ မိသားစုကို ခင်တွယ်တတ်သူမို့ မျက်ရည်စက်လက်နဲ့ ထွက်ခွာခဲ့ရပေမဲ့ အဖေရဲ့ လီမျိုးရိုးဂုဏ်ကို မနိမ့်ကျစေနဲ့ ဆိုတဲ့စကားကို အသည်းထဲစွဲနေအောင် မှတ်ထားခဲ့ပါတယ်။ အိပ်ယာဝင်တိုင်း အမေချူပ်ပေးလိုက်တဲ့ နေကထိုင်အခင်းစလေးကို ရင်မှာပိုက်ပြီး အိပ်ယာဝင်ညတိုင်း ကြိတ်ငိုခဲ့ရပါတယ်။ အိမ်မှာ မစားရတဲ့ အသားတွေငါးတွေ စားရတိုင်း ပိန်းဥခြောက်ကို ထမင်းလုပ်စားနေရတဲ့ မိသားစုကို ကျွေးချင်တဲ့စိတ်တွေ ကြီးစိုးခဲ့ရတယ်။ ဆရာတွေရဲ့ အငြိုးတကြီး အော်ငေါက် မောင်းမဲတာခံရတိုင်း မေတ္တာတရားကြီးမားတဲ့ မိခင်ကို ပိုလို့လွမ်းမိတယ်။ ပထမနှစ်မှာ အိမ်လွမ်းစိတ်နဲ့ စာထဲမှာ စိတ်မ၀င်စားနိုင်ပဲ သီသီကလေးပဲ အောင်ခဲ့ပါတယ်။ ကျောင်းပိတ်လို့ အိမ်ပြန်ချိန်မှာ အဖေက ရှိစုမဲ့စုနဲ့ ဖောင်တိန်ကလေးတလက်ဝယ်ပေးရင်း နောက်နှစ်မှာစာကြိုးစားဖို့ သတိပေးလိုက်တဲ့အခါ Li Cunxin ကလေးဟာ တုန်လှုပ်သွားပါတယ်။ သူဟာ မိသားစုရဲ့ တခုတည်းသော မျှော်လင့်ချက်ဆိုတာ ပိုပြီး နားလည်လာခဲ့ပါတယ်။
သူ့ကို အင်အားတွေပေးခဲ့သူကတော့ ဘဲလေးအကဆရာ Xiao ဖြစ်ပါတယ်။ သူက ကလေးရဲ့ အတွင်းစိတ်ဓါတ်ကို သေသေချာချာ မြင်ခဲ့သူဖြစ်ပြီး အားပေးတွဲခေါ်ခဲ့သူလည်းဖြစ်ပါတယ်။ တခြားဆရာတွေက Li Cunxin လေးကို ”ဦးနှောက်မရှိတဲ့ ခေါင်းကြီးကောင်လေး” လို့ လှောင်ပြောင် ခေါ်ဝေါ်တာကို မှားယွင်းကြောင်းသက်သေပြဖို့ ပုံတိုပတ်စတွေပြောပြီး စိတ်ဓါတ်မြှင့်တင် ပေးခဲ့ပါတယ်။ နောက်ဆုံးမှာ Li Cunxin ဟာ ကျောင်းသားကောင်းကလေး ဖြစ်လာပါတယ်။ ထူးချွန်ချင်လွန်းလို့ သူများတွေ ထမင်းစားနားချိန်၊ ညအိပ်ချိန်တွေမှာ တိတ်တိတ်လေးခိုးပြီး ခက်ခဲတဲ့ ဘဲလေးကကွက်တွေကို အဆစ်တွေ အကြောတွေ လွဲတဲ့အထိ မရ ရအောင် ပင်ပန်းစွာ လေ့ကျင့်ခဲ့ပါတယ်။ ဆရာXiao က သိပေမဲ့ သူ့ကို ကြိတ်ပြီး အားပေးခဲ့ပါတယ်။ ဆရာက သူ့ကို ပို ပိုပြီးမြင့်တဲ့ ခက်ခဲတဲ့ အဆင့်တွေကို လုပ်ဆောင်ခိုင်းခဲ့တယ်။ သင်တန်း ခြောက်နှစ်အပြီးမှာ Li Cunxin ဟာ အထူးချွန်ဆုံး အကသင်တန်းသားကလေးတစ်ယောက် ဖြစ်နေပါပြီ။ ဘေဂျင်းအကယ်ဒမီကျောင်းမှာလည်း အရေးပါတဲ့ ခေါင်းဆောင် လူငယ်ပါတီဝင်တစ်ဦး ဖြစ်နေခဲ့ပါပြီ။
Mao သေဆုံးပြီးနောက်ပိုင်းမှာ လေးဦးဂိုဏ်းအရှုပ်တော်ပုံတွေ ပေါ်လာခဲ့ပြီး နောက်ဆုံး Deng Xiao Ping တက်လာခဲ့ပါတယ်။ တရုတ်နဲ့ အမေရိကန် ဆက်ဆံရေး အကောင်းဖက်ကို ပြန်လည် ပုံဖေါ်လာခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ Li Cunxin နဲ့ နောက်ကျောင်းသားတစ်ဦးဟာ အမေရိကရဲ့ ဘဲလေးအကယ်ဒမီ Houstom Ballet မှာ အကသင်တန်းကို ခြောက်ပတ်တက်ခွင့်ရခဲ့ပါတယ်။
အမေရိကခရီးစဉ်ဟာ ၁၈ နှစ်သား Li Cunxin အတွက် မယုံနိုင်စရာတွေ ပြည့်လို့နေပါတယ်။ သူတစ်သက်လုံးမမှိတ်မသုန် ယုံကြည်ခဲ့တဲ့ ၀ါဒဖြန့်စကားတွေကို သံသယအတွေးတွေဝင်လာပါတယ်။ လူစိမ်းတိုင်းကို မယုံတဲ့အကြည့်နဲ့ ကြည့်ခဲ့ပါတယ်။ ဒါပေမဲ့ သူအရင်သိထားတဲ့ ကမ္ဘာပေါ်မှာ အမေရိကန်ဟာ အဆင်းရဲဆုံး နိုင်ငံ၊ လူတိုင်းက သေနတ်တွေကိုင်ပြီး ပစ်ခတ်နေကြတယ်၊ ညစ်ညမ်းတဲ့အရင်းရှင်တွေရှိတယ် စသဖြင့် သိခဲ့ရတဲ့အသိတွေဟာ ယိုင်နဲ့လာခဲ့ပါတယ်။ Houston ရဲ့ လတ်ဆတ်တဲ့လေ၊ ခမ်းနားသန့်ပြန့်တဲ့ နေရာနဲ့၊ နွေးထွေးတဲ့ လူပုဂ္ဂိုလ်ဆက်ဆံရေးတွေဟာ သူ့စိတ်ကို ရိုက်ခတ်ဖမ်းစား လာခဲ့ပါတယ်။ ဘာသာစကားမပေါက်ပေမဲ့ Houstom Ballet အကသင်တန်းကျောင်းမှာ Li Cunxin ဟာ ကောင်းကောင်း ပါဝင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် သင်တန်းကျောင်းက သူ့ကို နှစ်လအကြာမှာ နောက်ထပ် တစ်နှစ်ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ Li Cunxin ဟာ သူ ချက်ချင်းပြန်မလာနိုင်သေးကြောင်း၊ နောက်တစ်နှစ်တက်ပြီးမှ ပြန်လာမှာဖြစ်ကြောင်း သူ့မိဘတွေကို ဂုဏ်ယူစွာ သတင်းပို့ခဲ့ပါတယ်။ နောက်တခေါက် ပညာသင်ရမဲ့ အခွင့်အရေးဟာ သူအားကျတဲ့ ရုရှဘဲလေး ကချေသည် Baryshnikov လို အကပညာမှာ ထိပ်ဆုံးရောက်အောင် တွန်းပို့နိုင်လိမ့်မယ်လို့ Li Cunxin မျှော်လင့်ထားပါတယ်။
ကံကြမ္မာဟာ သူမျှော်လင့်ထားသလို ဖြစ်မလာပါဘူး။ Li Cunxinရဲ့ နောက်တကြိမ်ခရီးစဉ်ကို ငယ်သေးလို့ စိတ်မချ ဆိုတဲ့ အကြောင်းပြချက်နဲ့ ပညာရေးဝန်ကြီးက ပယ်ချခဲ့ပါတယ်။ မျှော်လင့်ချက်တွေ ကျိုးပဲ့ပျက်စီးခဲ့တဲ့ Li Cunxinလေးဟာ ၀န်ကြီးကို အသနားခံဖို့ အကြိမ်ကြိမ်ကြိုးစားပေမဲ့ အရာမထင်ခဲ့ပါဘူး။ သူ့ရဲ့ communist party အပေါ် ကိုးစားယုံကြည်မှုတွေ အစမ်းသပ်ခံရတဲ့ အချိန်တွေပါပဲ။ နောက်ဆုံး ၀န်ကြီးမရှိခိုက်မှာ အုပ်ချူပ်ရေးကော်မတီကို Beijing Academy ကဆရာဆရာမတွေအကူအညီနဲ့ နားသွင်းနိုင်ခဲ့ပြီး ဒုတိယအကြိမ် ပညာသင်ခရီးကို စတင်ခဲ့ရပါတယ်။ ဒီတခါတော့ သူဟာ ကျယ်ပြောတဲ့ လောကကြီးနဲ့ လွပ်လပ်မှုအရသာတွေကို ကောင်းကောင်းထိတွေ့ ခင်တွယ်တတ်နေပါပြီ။ အဆုံးအစမရှိတဲ့ အကပညာရပ်ကို အငမ်းမရ သင်ယူရင်း မိတ်ဆွေသစ်တွေ တိုးလာခဲ့ရပါတယ်။ သူ့ရဲ့ ထက်မြက်ထူးချွန်တဲ့ သတင်းကလည်း လေယူရာပျံ့တဲ့ ပန်းရနံ့လို သင်းနေပါတယ်။ သူ့ကို ခင်မင်ကြတဲ့သူတွေက သူ့ရဲ့ လက်ရှိအရည်အချင်းနဲ့ အမေရိကမှာ ဆက်လက်နေထိုင်ဖို့ green card ရတဲ့အထိ ဖြစ်နိုင်ကြောင်း ဖြောင်းဖျခဲ့ကြပါသေးတယ်။ လီကတော့ အိမ်ပြန်ဖို့နဲ့ မိဘတွေကို ပြန်ဆုံဖို့ ကို သာ တွင်တွင် ဆုပ်ကိုင်နေဆဲပါ။
သို့ပေမဲ့ ကံကြမ္မာတစ်ဆစ်ချိုးလို့ ဆိုရလေမလား။ အသက် ၁၉ နှစ်အရွယ် Li Cunxin လေးဟာ ၁၈နှစ်သမီး အကသင်တန်းသူလေး Elizabeth နဲ့ မေတ္တာမျှပြီး တိတ်တိတ် လက်ထပ်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ Elizabeth ဟာ Li ရဲ့ အချစ်ဦးပါ။ ပြည်တော်ပြန်ရမဲ့ အချိန်မှာတော့ Li ဟာ ဆုပ်လဲစူး စားလဲရူး ဖြစ်နေခဲ့ပါတော့တယ်။ ဒါကြောင့် မိတ်ဆွေ ရှေ့နေတွေနဲ့ တိုင်ပင်ပြီး ဇနီး၊ ရှေ့နေတွေနဲ့အတူ ဘေဂျင်းသံရုံးက သံမှူးထံ သွားရောက် အသနားခံ တင်ပြခဲ့ပါတယ်။ သံမှူးက Li Cunxinကို ဆုံးဖြတ်ချက်ပြောင်းဖို့တိုက်တွန်းပြီး ချက်ချင်းဘဲ အခန်းထဲမှာ ချူပ်လှောင်လိုက်ပါတယ်။ ပြီးတော့ ဘယ်သူတွေက သူ့ကို အားပေးခဲ့သလဲဆိုတာ မရပ်မနား စစ်မေး ပါတော့တယ်။ သူဟာ အချိန်မရွေး သတ်ပစ်ခံရနိုင်တယ်လို့ တွေးမိပေမဲ့ Li Cunxinက စိတ်ကို မပြောင်းခဲ့ပါဘူး။ အပြင်မှာElizabeth နဲ့ သူ့မိတ်ဆွေရှေ့နေတို့က မပြန်တမ်း ပေကပ် ထိုင်စောင့် နေကြပါတယ်။ အဲဒီ သတင်းဟာ အပြင်ကို တစစ ပေါက်ကြားသွားပြီး နောက်နေ့မနက်မှာ တော့ သတင်းစာ၊မီဒီယာကလူတွေနဲ့ အကပရိသတ်တွေဟာ သံရုံးရှေ့မှာ များသထက်များလာနေပါတော့တယ်။ နောက်ဆုံးမှာ သံရုံးကလူက Li Cunxin ကို နိုင်ငံကနေ စွန့်ပစ်လိုက်တဲ့လူတစ်ယောက်အဖြစ် သတ်မှတ်ပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။ ဒါပေမဲ့ Li Cunxin အနေနဲ့ အပြောအဆို အနေအထိုင်မှားရင် သူ့မိသားစုကို ထိခိုက်မှာဖြစ်ကြောင်း ခြိမ်းခြောက် သတိပေးခဲ့ပါတယ်။ အဲဒီအခန်းကတော့ ၀တ္တုတပုဒ်လုံးရဲ့ Climax လို့ ထင်မြင်မိပါတယ်။
နောက်ပိုင်း မှာတော့ Li Cunxin ရဲ့ ကြိုးစားအားထုတ်မှုတွေ၊ အကပညာမှာ တဖက်ကမ်းခတ်လာခဲ့ပြီး နံမည်ကျော်ပုဂ္ဂိုလ်တွေနဲ့ သိကျွမ်းရတာတွေ ပါဝင်ပါတယ်။ သူပညာသင်ခဲ့တဲ့ Houstom Ballet မှာ ပင်တိုင်ဘဲလေးကချေသည် ဖြစ်လာပါတယ်။ ပညာရပ်မှာ အောင်မြင်မှုရနေခဲ့ပေမဲ့ Li Cunxin ရဲ့စိတ်ထဲမှာ မိသားစုအတွက် လွမ်းဆွတ် ပူပန်မှုတွေက အရိပ်ထိုးနေခဲ့ပါတယ်။ ညတော်တော်များများမှာ သူ့ကို တရုတ်အစိုးရက အပြစ်ပေးတဲ့အနေနဲ့ ပစ်သတ်ခံရတယ်လို့ ခြောက်အိမ်မက်တွေ မက်နေဆဲပါ။ နောက်ပြီး Li နဲ့ Elizabeth ကြားက ယဉ်ကျေးမှု မတူတဲ့ ပဠိပက္ခတွေကို ပါးပါးလေး ရေးပြထားပါတယ်။ အာရှယောက်ျားတစ်ယောက်ပီပီ အလုပ်ကပြန်လာလို့ ထမင်းမချက်ဘဲ သူငယ်ချင်းတွေနဲ့ လည်ပတ်နေတဲ့ ဇနီးကို စိတ်ဆိုးသလို၊ လီကြောင့် အက ရည်မှန်းချက်တွေ ပျက်ပြားခဲ့ရတဲ့ Elizabeth ကလည်း သူ့အပေါ် စိတ်နာနေသူပါ။ လီက သူ့ရဲ့အကလုပ်ငန်းမှာ အချိန်တော်တော်ကုန်ဆုံးခဲ့တာမို့ လက်ထပ်ထားတဲ့ Elizabeth နဲ့ အဆင်မပြေမှုတွေ မကြာခဏဖြစ်ပြီး နောက်ဆုံး တစ်နှစ်ကျော်အကြာမှာ Elizabeth က အလုပ်အသစ်နဲ့အတူ သူ့ကို စွန့်ခွာခဲ့ပါတယ်။
နောက် (၇) နှစ်အကြာမှာတော့ Li Cunxin ဟာ သူ့မိဘ နှစ်ပါးကို အမေရိကကို အလည်ခေါ်နိုင်ခဲ့ပါတယ်။ သူတသက်လုံး မျှော်မှန်းခဲ့တဲ့ ဆန္ဒတွေ ပြည့်ဝခဲ့ပြီလို့ ဆိုနိုင်မှာပါ။ မိဘတွေကလည်း Li Cunxin ရဲ့ ဘ၀သစ်ကို တအံ့တသြ ၀မ်းသာ ကြည်နူးခဲ့ရပါတယ်။ Li Cunxin ဖြေဖျော်နေတဲ့ ကဇာတ်ရုံထဲကို မိဘနှစ်ပါး လေဆိပ်က ရောက်လာချိန်မှာ ပရိသတ်တွေအားလုံး လက်ခုပ်တီးကြတာကို ဖတ်ရတော့ မျက်ရည်လည်မိပါတယ်။
နောက်ပိုင်းကတော့ ဇာတ်လမ်းရဲ့ ခြေဆင်းပိုင်းတွေ ဖြစ်ပါတယ်။ အနေနဲ့ အရှေ့တိုင်းသဘာဝကို နားလည်တဲ့ သြစတေးလျနိုင်ငံသူ ဘဲလေးအကမယ် မေရီ နဲ့ လက်ထပ်ခဲ့တာ၊ နှစ်အနည်းငယ်ကြာတော့ မိဘ နှစ်ပါးနဲ့ ညီအကို၊ သူငယ်ချင်းတွေရှိရာ တရုပ်ပြည်ကို အလည်ပြန်နိုင်ခဲ့တာ၊ လီ ရဲံ ထောက်ပံ့မှုကြောင့် မိဘတွေ အေးအေးချမ်းချမ်း နေနိုင်ခဲ့တာ၊ တိန့်ရှောင်ဖိန်လက်ထက်မှာ သူ့ ညီအကိုတွေ စီးပွားရေး အခြေအနေတိုးတက်လာတာ၊ သူနဲ့ မေရီမှာ သားသမီးသုံးယောက်ထွန်းကားခဲ့တာ ၊ နောက်ဆုံး သြစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ အခြေချ နေထိုင်ခဲ့တာ၊ သူ့အဖေရဲ့ အသက်၈၀ပြည့် မွေးနေ့ကို တိတ်တိတ်ကလေး ပြန်သွားခဲ့တာ စသဖြင့် ဖတ်ခဲ့ရပါတယ်။
Mao's Last Dancer မှာ စာကြောင်းတိုင်းက ရိုးသားမှုအငွေ့အသက်တွေပါနေပြီး၊ ဖြစ်ရပ်မှန်လည်းဟုတ်၊ သမိုင်းကို ထင်ဟပ်ပေးနေတဲ့ ရသ၀တ္တုတစ်ပုဒ်လည်း ဟုတ်နေတာမို့ အစကနေအဆုံးတိုင် ဆွဲဆောင်မှုအပြည့်ရှိတဲ့ စာအုပ်တစ်အုပ်လို့ ညွှန်းလိုပါတယ်။
မိုးစက်ပွင့်
မိုးစက်ပွင့်
မိုးစက် ရေးပြတာကိုးက
ReplyDeleteတော်တော် ကောင်းနေပြီ။ ရှာ ဖတ်အုန်းမယ်။
မော်စီတုံးခေတ်က အကြောင်း ယဉ်ကျေးမှု တော်လှန်ရေး နောက်ခံတွေ ဆို တော်တော် စိတ်ဝင်စားစရာ ကောင်းတယ်။
ခြေထောက် စည်းတာကို တော်လှန်တဲ့ အကြောင်းရေးတဲ့ တအုပ်ဖတ်ဖူးသေးတယ်။ ဘာသာပြန်လေ။ နာမည် မေ့သွားပြီ။ ဘိုမကို မမြင်ဘူးတဲ့ တရုပ်ရွာသားတွေက စုံးမကြီးဆိုပြီး ခဲတွေနဲ့ ဝိုင်းပေါက်ကြတယ်တဲ့။
ပုရိ ဘုရင် ရုပ်ရှင်လည်း ကောင်းတယ်နော်။ ဟို ပေါက်စီ စားပြီ စာပိုးနင့်သွားတဲ့ တရုပ် ဆရာဝန်ကားကော ကြည့်ဖူးလား။ တော်တော်ကောင်းတယ်။
three daughters of china ကော ဖတ်ပြီးပြီလား။ အဲ့ဒီ စာအုပ်လည်း အရမ်း ကောင်းတယ်။ ကျောင်းသူကျောင်းသားတွေ လယ်သမားတွေကို ကူရမယ်ဆိုပြီး လယ်လိုက်စိုက်ရတယ် ရေးထားတာလေးလည်း ပါတယ်။
မအယ်တို့ ၆တန်းရောက်တော့ တကျောင်းလုံး ကျောင်းမတက်ဘဲ လယ်လိုက်စိုက်ရတယ်။ အဖြူ အစိမ်းတွေနဲ့ ဗွက်ထဲ ညှောင့်စူးတဲ့လူနဲ့ မိုးရေထဲတနေကုန်နေရလို့ ဖျားတဲ့သူနဲ့၊ မစိုက်ရင် စာမေးပွဲ ပေးမအောင်ဘူး ဆိုတယ်လေ။ jung chang စာအုပ် ဖတ်ပြီးမှပဲ ဗမာအစိုးရက တရုပ်အတိုင်း လိုက်လုပ်တာပါလားလို့ သိရတော့တာ။
ဟိုလူ့ ကွန်မြူနစ်ပြောလိုက် ဖမ်းလိုက်၊ ဗမာပြည်ပဲ ကွန်မြူနစ်တွေ ဝိုင်းနေသလို ပြောလိုက် ခြိမ်းခြောက်လိုက်နဲ့မလား။ ခုတော့ အဲ့တရုတ် ကွန်မြူနစ်တွေ အတိုင်း လိုက်လုပ်ပြီး ကွန်မြူနစ်ကို သူတို့ပဲ ထိုင် ရှစ်ခိုးနေတာ အံ့သြစရာပဲ။
မိုးစက်ရော စောစောစီးစီး လေရှည်မိတယ်။
မအယ်
မအယ်ရေ
ReplyDeleteအချိန်ယူပြီး ကော်မန့်အရှည်ကြီး ရေးပေးလို့ အရမ်းကျေးဇူးတင်ပါတယ်..။
မအယ်ပြောတဲ့ စာအုပ်တွေတော့ မဖတ်ဖူးသေးဘူး.... three daughters of china ဆိုတာကတော့ ရုပ်ရှင်ကြည့်ဘူးတဲ့ Soong Sisters ဆိုတဲ့ ကားများလားမသိဘူး..ညီအမသုံးယောက် ...တယောက်က ဒေါက်တာဆွန်ယက်ဆင်ရဲ့ ဇနီးလေ...
နောက် ယဉ်ကျေးမှုတော်လှန်ရေးနောက်ခံ ဖြစ်ရပ်မှန်ဝတ္တုတပုဒ် ဖတ်ဖူးတယ်... (အခု နာမည်တောင် မေ့သွားပြီ)... လုပ်ငန်းရှင် ပညာတတ် အမျိုးသမီးကြီးတယောက်က တဦးတည်းသော သူ့သမီး ရုပ်ရှင်မင်းသမီးလေးကို ကို cultural revolution အတွင်းမှာ မဒမ်မော်ရဲ့ အဖွဲ့သားတွေက သတ်ပြီး Suicide ဆိုပြီး အမှုပိတ်ခဲ့တာကို သူကိုယ်တိုင် လိုက်စုံစမ်းရင်း စီးပွားပျက် ထောင်ကျ၊ နောက်ဆုံးမှ လွတ်မြောက်ခဲ့ပြီး ထောင်တွင်းအတွေ့အကြုံတွေကို ပီပီပြင်ပြင်ရေးထားလိုက်တာ... ကွက်ကွက်ကွင်းကွင်း မုံ့တီဟင်း သို့ ပါဘဲ..။ အရမ်း အရမ်းကြိုက်တာ (၀တ္တုနာမည် ပြန်ရှာပေးမယ်နော်.. ပြီးတော့ မအယ်ဘလော့မှာ လာအော်ပေးမယ်)...
ဘဘတို့က အသက်ကြီးတော့ အမြဲတမ်း “တရားအားထုတ်” တယ်လေ.....
စာအုပ်အမည်က Nien Cheng ရဲ့ Life and Death in Shanghai တဲ့.....
ReplyDeleteကျေးဇူး မိုးစက်ရေ။
ReplyDeleteမအယ်ပြောတဲ့ သမီးသုံးယောက်က jung chang ရေးတဲ့ wild swans ပါ။
အမျိုးသမီး ၃ယောက် အဖွား အမေ သမီး နဲ့ သူတို့ ဖြတ်သန်းခဲ့တဲ့ ခေတ် စနစ်ပေါ့။
စိတ်ဝင်စားစရာ ကောင်းတယ်။
မအယ်