Wednesday 14 July 2010

လွမ်းတော်မူဖို့ စာကိုစီ ( The Glass Palace)

အခုတလော အားနေလို့  စာတော်တော်များများ ဖတ်ဖြစ်ပါတယ်။  ဖတ်ပြီးသမျှကိုလည်း မေ့မသွားအောင်ရယ်၊ သူငယ်ချင်းတွေနဲ့ မျှဝေချင်တာရယ်နဲ့   ဇာတ်လမ်း အကျဉ်းချူပ်လေးတွေ ချရေးဖြစ်ပါတယ်။ 

Amitav Ghosh ရဲ့  The Glass Palace ပါ။  အရှေ့တိုင်းရဲ့ ဒေါက်တာဇီဗားဂိုးဝတ္တု လို့    Cover မှာ  The Independent သတင်းစာက တင်စားထားလေရဲ့။  သူများပြောသံကြားလို့  ဖတ်ဖူးချင်နေတာ ကြာပါပြီ။  မမျှော်လင့်တဲ့နေရာမှာ တွေ့လိုက်ရတော့ ၀မ်းသာမိပါတယ်။  သီပေါမင်း ပါတော်မူခေတ်နောက်ခံဆိုလို့    ငယ်ငယ်က ဆရာမြသန်းတင့် (ယွန်းခင်ခင်) လို့  ဘာသာပြန်ထားတဲ့ စာအုပ်လေးတော့ ဖတ်ဖူးတယ်။ အဲဒါက မန္တလေးနန်းတွင်းက ပြင်သစ် နန်းတွင်းသူတယောက်ရဲ့ အချစ်ဇာတ်လမ်း  ၀တ္တုလေးပါ။  အခု ( The Glass Palace) ၀တ္တုကတော့ ရတနာဂီရိကို လိုက်ပါသွားရတဲ့ တိုင်းရင်းသူ နန်းတွင်းသူကလေးရဲ့ သမိုင်းနောက်ခံ အချစ် ၀တ္တုပါ။  စာအုပ်က နည်းနည်းထူပြီး ကိုယ့်အတွက် စာဖတ်ရမဲ့နေ့တွေ ကုန်ဆုံးခါနီးလာပြီဆိုတော့ တက်သုတ်ရိုက် ဖတ်ရတော့တယ်။  


(ရာဂ်ျကူးမား) ဟာ စစ်တကောင်းဇာတိ၊ ကျောက်ဖြူမှာမွေးဖွားခဲ့တဲ့ အိန္ဒိယနွယ်ဖွား ကောင်ကလေး
တယောက်ပါ။  ကပ်ရောဂါမှာ မိဘမောင်နှမတွေအားလုံးသေကုန်ပြီး သူတယောက်ထဲကျန်လို့   မြစ်ကြောင်းတလျှောက် လှေထိုးလိုက်ရင်း မန္တလေးက မချိုဆိုတဲ့ အမျိုးသမီးရဲ့ ထမင်းဆိုင်ကလေးမှာ လက်တိုလက်တောင်းလုပ်ရင်း သောင်တင်နေပါတယ်။  အင်္ဂလိပ်မြန်မာ တတိယစစ်ဖြစ်တော့ နန်းတွင်းထဲအထိ အင်္ဂလိပ်တပ်တွေ ၀င်လာပါတယ်။  အဲဒီအချိန်က မန္တလေး နန်းတော်ကြီးဟာ အလွန်ခန်းနားလှပလွန်းပါသတဲ့။ အထူးသဖြင့် ရတနာမျိုးစုံခြယ်ထားတဲ့ တံခါးတွေ၊ သလွန်တော်တွေနဲ့အတူ၊ ကိုယ့်အရိပ်ကိုယ်မြင်ရအောင် ဖိတ်ဖိတ်လက်နေတဲ့ မှန်နန်းဆောင်ကြီးကိုလည်း "Glass Palace" လို့ ခေါ်ပါသတဲ့။ အင်္ဂလိပ်တပ်တွေက သမီးတော်နှစ်ပါးအပါအ၀င် သီပေါဘုရင်မိသားစုကို သူရိယ သင်္ဘောနဲ့ ခေါ်ဆောင်သွားချိန်မှာ အသက် ၁၀နှစ်အရွယ် တောင်ပေါ်တိုင်းရင်းသူ နန်းတွင်းသူကလေး ဒေါ်လီစိန် ပါသွားပါတယ်။  ဒေါ်လီကို မြင်မြင်ချင်း ချစ်ခင် စွဲလမ်းသွားတဲ့ ရာဂ်ျကူးမားက သင်္ဘောအတက်မှာ  အင်္ဂလိပ်စစ်သားတွေကြားကနေ ချိုချဉ်ထုပ်ကလေးကို မရအရ အပြေးလိုက်ပေးပါသေးတယ်။


နောက်တော့ ရတနာဂီရိရောက် ဘုရင်နဲ့ မိဘုရားတို့ရဲ့အခြေအနေကို အသေးစိတ် ရေးဖွဲ့ထားပါတယ်။ နန်းတော်ကအထွက်မှာ သောကရောက်နေတဲ့ ဘုရင်လက်ထဲကနေ သိမ်းပေးမယ်ဆိုပြီး ကာနယ်စလေဒင်က  ပတ္တမြားငမောက်အပါအ၀င် နန်းစဉ်ရတနာတွေကို မလိမ့်တပါတ်နဲ့  အပျောက်ရိုက်လိုက်ပုံ၊ ရတနာဂီရိမှာ နေရတဲ့ ဘုရင့်မိသားစုဟာ  အင်္ဂလိပ်တွေက ဂရုတစိုက်မရှိလို့  အနေအစားဆင်းရဲပုံ၊  ပါသမျှရတနာတွေ တတိတတိ ထုခွဲရောင်းချပြီး သုံးရလို့   နောက်ဆုံး ၀န်ထမ်းငှားဖို့ ခက်ခဲပုံ၊ အနီးတ၀ိုက်က လူတွေ ကပ်ရောဂါဖြစ်လာတော့ အိမ်တော်အမှုထမ်းတချို့ကို တဲထိုးပြီး အနီးအနားခေါ်ထားခဲ့ရာက စံအိမ်တော်က တဲပုတ်တွေရဲ့အလယ်မှာ အနံ့အသက်မကောင်းစွာ နေထိုင်ခဲ့ကြရပုံတွေ ပါဝင်ပါတယ်။  သမီးတော်လေးပါးစလုံး  ရတနာဂီရိ စံအိမ်တော်မှာ အထီးကျန်စွာ နေထိုင်ခဲ့ရပုံ၊ သီပေါမင်းကြီးကတော့ မင်းတုန်းမင်းအမွေ ရွှေနားကွပ် မှန်ပြောင်းတော်နဲ့  မြစ်ဝဖက်လှမ်းကာ သင်္ဘောအ၀င်အထွက်၊ လူအ၀င်အထွက်ရှုစားပြီး အချိန်ကုန်ဆုံးအောင်နေခဲ့ရပုံတွေ ရေးပြထားပါတယ်။ ဒီလိုနဲ့   ရတနာဂီရိမှာ နှစ်၂၀နီးပါး ကြာခဲ့လို့ သမီးတော် လေးပါးတောင် အပျို အရွယ်ရောက်နေကြပါပြီ။


ရတနာဂီရိကို အသစ်ရောက်လာတဲ့ အခွန်ဝန်က သဘောထားတင်းမာတဲ့ အိန္ဒိယနွယ်ဖွား အင်္ဂလိပ်အမှုထမ်းဖြစ်လို့   ဘုရင်မိသားစုနဲ့ အစေးမကပ်လှပေမဲ့ သူ့ရဲ့ဇနီးကတော့ ဖေါ်ရွေပြီး သဘောကောင်းတာမို့  မိသားစုလို ဖြစ်နေပါတယ်။  အခွန်ဝန်ကတော် အူမာ က ဒေါ်လီကို အထူးခင်မင်ပြီး သူမရှေ့ရေးကိုပါ ပူပင်နေခဲ့ပါတယ်။ တကယ်တော့ ဒေါ်လီက အိမ်တော်စောင့်လူယုံ မာရသီလူမျိုး နဲ့   ချစ်ကျွမ်းဝင်ခဲ့ပါသေးတယ်။  ဒေါ်လီဖက်က ချစ်ခွင့်မပိုင်လို့   ဝေးဝေးပြန်နေခဲ့ကြပေမဲ့ နောက်ဆုံးမှာ အိမ်တော်စောင့်နဲ့ ပထမသမီးတော် လက်ထပ်တဲ့အထိ ဆိုက်ရောက်ခဲ့ပါတယ်။  အံ့သြစရာကောင်းတာက စုဘုရားလတ်က ပြင်းပြင်းထန်ထန် မကန့်ကွက်ဘဲ သမီးတော်ဘက်က မားမားရပ်တည်ခဲ့ပါတယ်။ သူတို့ကို ခွဲပစ်ဖို့ တောင်းဆိုတဲ့ အခွန်ဝန်ကို ဝေဖန်ခဲ့ပါတယ်။


အူမာ ကလည်း အသက်သုံးဆယ်နီးပါးရှိလာပြီဖြစ်တဲ့ ဒေါ်လီအတွက် အိမ်တော်မှာ အမှုထမ်းရင်း မိသားစုဘ၀ ထူထောင်ခွင့် မရမှာကို စိုးရိမ်တဲ့အတွက် ဒေါ်လီနဲ့ လက်ထပ်ဖို့ သင့်တော်မဲ့သူကို စုံစမ်းရှာဖွေနေခဲ့ပါတယ်။  နောက်ဆုံး သူနဲ့ အဆက်အသွယ်ရလာသူက ဒေါ်လီကို တသသ သတိရနေတဲ့ ရာဂ်ျကူးမား ပါ။  ဆရာဖြစ်သူ သစ်ကုန်သည်ရဲ့ စောင့်ရှောက်မှုနဲ့    ကြိုးကြိုးစားစား လုပ်ကိုင်ရင်း ချမ်းသာလာခဲ့တဲ့ ရာဂ်ျကူးမားက ဒေါ်လီကို ရှာဖို့အတွက် ရတနာဂီရိကို ရောက်လာခဲ့ပါတယ်။  ဒေါ်လီက မဖြစ်နိုင်ဘူးလို့  အတန်တန်ငြင်းပေမဲ့ နောက်ဆုံးမှာ ဇွဲရှိတဲ့ ရာဂ်ျကူးမားအပေါ် ကရုဏာပိုလေသလား၊ ပြည်တော်ပြန်ချင်လို့ပေလားမသိ၊ နောက်ဆုံးမှာ ရာဂ်ျကူးမားရဲ့ လက်ထပ်ဖို့ သဘောတူခဲ့ပါတယ်။ ရာဂ်ျကူးမား လာခဲ့တဲ့သင်္ဘောနဲ့  ရန်ကုန်ကို  ပြန်လည် လိုက်ပါသွားပါတော့တယ်။  သူမ မပြန်ခင် တော်ဝင်မိသားစုကို နှုတ်ဆက်ဖို့ ကြိုးစားပေမဲ့ သခင်မ စုဘုရားလတ်က လုပ်ရက်လေခြင်းဆိုတဲ့စိတ်နဲ့   ဒေါ်လီကို သံယောဇဉ်ပိုသလောက် အမျက်သိုပြီး အတွေ့မခံခဲ့ပါဘူး။

တခါ ပထမကမ္ဘာစစ်မတိုင်ခင်ကလေးတင်မှာ ဒုတိယ သမီးတော်က မြန်မာပြည်ထဲက နန်းသွေးမပါတဲ့ အရပ်သားတဦးနဲ့   လိုက်ပြေးခဲ့ပြန်ပါတယ်။ သီပေါဘုရင်က သမီးတော်စိတ်နဲ့  ဆုံးတယ်ဆိုပြီး စုဘုရားလတ်က သမီးတော်ကို သေခန်းဖြတ်ခဲ့ပါတယ်။ သီပေါဘုရင်ကို မြန်မာပြည်ပြန်ပြီး သဂြိုလ်ချင်ပေမဲ့ အင်္ဂလိပ်တွေက ခွင့်မပေးတာကြောင့် ရတနာဂီရိမှာပဲ မြှုပ်နှံသဂြိုလ်ခဲ့ရပါတယ်။ အင်္ဂလိပ်အစိုးရက ပြန်ခွင့်ပေးခဲ့တာကြောင့် စစ်အပြီးမှာ စုဘုရားလတ်တို့ မိသားစု မြန်မာပြည်ပြန်လာခဲ့ပါတယ်။  ရန်ကုန်မှာ ဒေါ်လီရော၊ ဒုတိယသမီးတော်ရော နှစ်ယောက်လုံးက သွားရောက်ဖူးမြော်ပေမဲ့ မိဘုရားက အတွေ့မခံခဲ့ပါဘူး။


ငယ်ချစ် ဒေါ်လီကို ရာ့ဂ်ျကူးမားက တော်တော်လေး အလိုလိုက်ပါတယ်။  မုဆိုးမဖြစ်သွားတဲ့ အူမာကိုလည်း ကျေးဇူးဆပ်တဲ့အနေနဲ့  ရန်ကုန်ကို အလည်အပတ်ခေါ်ပြီး စိတ်ပြေလက်ပျောက် ဥရောပတပါတ် လှည့်လည်ဖို့   သင်္ဘောလက်မှတ် စီစဉ်ပေးခဲ့ပါတယ်။ သူတို့မှာ သားကလေး နှစ်ယောက် ထွန်းကားခဲ့ပါတယ်။  စီးပွားရေးကလည်း တရိပ်ရိပ်တက်လာခဲ့ပါတယ်။



နောက်ပိုင်းတော့ ဆရာစံအရေးတော်ပုံ၊  ဒုတိယကမ္ဘာစစ်၊ မြန်မာနဲ့ အိန္ဒိယ လွပ်လပ်ရေးလှုပ်ရှားမှူ၊ ကုလား-ဗမာအဓိကရုဏ်း၊ စသဖြင့် သမိုင်းနောက်ခံတွေကို ဒေါ်လီတို့ မိသားစုရဲ့ ဘ၀ အတက်အကျတွေ ကို မီးမောင်းထိုးပြီး ရေးပြထားပါတယ်။  သားအကြီးကလေးက အူမာရဲ့ တူမချောကလေးနဲ့  အိမ်ထောင်ကျပါတယ်။ ဓါတ်ပုံရိုက်ဝါသနာပါတဲ့ သားအငယ်ကလေးက မလေးရှားကို သွားရင်း စစ်ဖြစ်လို့ အဆက်အသွယ်ပြတ်သွားပါတယ်။    စစ်မီးပြင်းလာတော့ ရာဂ်ျကူးမားတို့ မိသားစု တောနယ်တွေမှာ စစ်ပြေးရင်း (သားအကြီး သစ်လုံးပိသေလို့ ) မုဆိုးမချွေးမရဲ့ မိဘမိသားစုရှိတဲ့ အိန္ဒိယအထိ ခြေကျင်စစ်ပြေးရပါတယ်။  လမ်းမှာ ချွေးမလည်း အားပြတ်ပြီးသေကျန်ခဲ့တော့ ဒေါ်လီတို့လင်မယား နှစ်ယောက် မြေးမလေးကို ရင်ခွင်ပိုက်ပြီး အိန္ဒိယအထိ ရောက်အောင် အားတင်းပြီး သွားခဲ့ပါတယ်။  


အိန္ဒိယမှာ နှစ်အနည်းငယ်ကြာတော့ ဒေါ်လီက သားအငယ်ကို ရှာဖို့ရော၊ သူဖြစ်ချင်တဲ့ စစ်ကိုင်းချောင်သီလရှင် ဘ၀ကို ခံယူဖို့ရော မြန်မာပြည်ကို ပြန်ခဲ့ပါတယ်။  အသက်ကြီးလှပြီလည်းဖြစ်၊ မြေးမလေးကို မခွဲနိုင်လည်းဖြစ်နေတဲ့ ရာ့ဂ်ျကူးမားကို စိတ်မကောင်းမှာစိုးလို့  လူကိုယ်တိုင် နှုတ်မဆက်ပဲ စာတိုလေးဘဲ ရေးထားခဲ့ပါတယ်။  သားအငယ်လေး ဒီနူး နဲ့ တွေ့ပြီးတော့ ရာသက်ပန် သီလရှင် ခံယူသွားပါတယ်။  ရာ့ဂ်ျကူးမားလဲ အိန္ဒိယမှာ ခေါင်းချသွားပါတယ်။


နောက်ဆုံးအခန်းမှာတော့  မြန်မာပြည်ရဲ့ ၈၈၀န်းကျင် အခြေအနေတွေကို ခပ်ပါးပါး ဖေါ်ပြထားပါတယ်။  ၉၀ လွန်နှစ်များမှာ သမိုင်းပညာရှင်ဖြစ်လာတဲ့ ဒေါ်လီရဲ့ မြေးမလေးက အိန္ဒိယကနေ  ဦးလေးဖြစ်သူ ဒီနူးကို ရန်ကုန်အထိ ပြန်လာရှာပါတယ်။ ဦးလေးက နာမည်ရတဲ့ ဓါတ်ပုံပညာရှင်တယောက်ဖြစ်နေပြီး၊ သူ့ဇနီး စာရေးဆရာမကတော့  နိုင်ငံရေးမှုနဲ့  ထောင်ထဲမှာ ရောဂါရပြီး သေဆုံးသွားခဲ့ပါတယ်။ အသက်၇၀ကျော် အဖိုးကြီးဖြစ်နေတဲ့  ဦးလေးရဲ့ အပတ်စဉ်လုပ်နေကျ ဓါတ်ပုံပညာသင်တန်းကို လာတက်တဲ့ လူငယ်တွေကို ကြည့်ပြီး  တူမဖြစ်သူက အံ့သြနေပါတယ်။ သူမကို ပိုပြီး အံ့သြစေတာက ဦးလေးရဲ့ ဓါတ်ပုံဆိုင်နာမည်ပါ။    "The Glass Palace" တဲ့..။


စာရေးသူက ငါးနှစ်လောက် research&interview လုပ်ပြီးရေးထားတာမို့  အကြောင်းအရာတွေက တော်တော်စုံပါတယ်။ သူ့ဖခင်က အင်္ဂလိပ်ခေတ် အိန္ဒိယစစ်မှုထမ်းမို့    အိန္ဒိယစစ်တပ်တွေ၊ တပ်တွင်းမကြေလည်မှုတွေ၊ ကမ္ဘာစစ်အကြောင်းတွေ စသဖြင့်  အကြောင်းအရာတော်တော်များများ လက်ဆင့်ကမ်းမှတ်သား ခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။ ၀တ္တုက ကိုယ့်အတွက် နည်းနည်းထူလို့    အိန္ဒိယတပ်တွေ၊ ဂျပန်တပ်တွေ စစ်ချီတဲ့အခန်းတွေ ကျော်ဖတ်လိုက်တယ်။  ၀တ္တုရဲ့ တချို့နေရာတွေမှာ မြန်မာလိုတွေ သုံးနှုံးထားတာကို တွေ့ရတယ်။  ဥပမာ ”ရှိခိုး” တို့၊  ”ဓါးမ”တို့၊ ”အဖေ” တို့  ”မင်း” ”မိဘုရား” “အပျိုတော်” စသဖြင့်ပေါ့။  အဲတော့ ဖတ်ရတာကြောင့် ဇာတ်ဆောင်တွေနဲ့  ဇာတ်လမ်းကို  စိတ်မှာ ရင်းရင်းနှီးနှီး ခံစားရတယ်။  ဒါပေမဲ့ တချို့နေရာလေးတွေကတော့ အသုံးနည်းနည်းလွဲတယ်လို့ ထင်ပါတယ်။ စာဖတ်သန်တဲ့ မြန်မာတယောက်ယောက် ပရုဖ် ဖတ်ပေးရင် မြန်မာ အခေါ်အဝေါ်လေးတွေ ဒါ့ထက် ပိုမှန်မလားလို့ ထင်ပါတယ်။ ဒါပေမဲ့ ကိုယ်မသိသေးတဲ့ ရှေးခေတ်ပြောဆိုပုံ တွေလည်း ဖြစ်နိုင်တာပါဘဲ..။


အချိန်ယူပြီး ဖတ်လို့ ကောင်းမဲ့ စာအုပ်ကလေးတအုပ်ပါဘဲ။  ၂၀၀၀ ခုနှစ်မှာ ပုံနှိပ်ပါတယ်။


မိုးစက်ပွင့်

6 comments:

  1. ကိုယ့်ဆီမှာ အဲဒီစာအုပ်ရှိတယ်၊ သီပေါမင်းပါတော်မူခန်းအထိပဲ ဖတ်ရသေးတယ်၊ နန်းတွင်းရတနာတွေကို ဓားတွေနဲ့ ကော်ယူကြတာ ဖတ်ရတယ်၊
    နောက်ပိုင်း မဖတ်ရသေးဘူး၊
    မိုးစက်ရဲ့ အနှစ်ချုပ်ကို လာဖတ်ပါအုံးမယ်။

    ReplyDelete
  2. အီးတီ14 July 2010 at 20:41

    စာအုပ်လေးကို စန္နီ ညွှန်လို့ ဖတ်ဖြစ်တယ်။ စဖတ်တော့ ဂျာမန်လို။
    ဖတ်ပြီးကတည်းက အမြဲတမ်းစိတ်ထဲေ၇ာက်ရောက်လာတဲ့ ၀တ္ထုလေးပါ။
    မိတ်ဆွေတဦးကပြောတော့ အင်္ဂလိပ်လိုရေးထားတာ ကပိုဖတ်လို့ အရသာရှိတယ်ဆိုတာနဲ့ မနှစ်က အိန္ဒိယ ကအပြန် ဘန်ကောက်မှာ အင်္ဂလိပ်လိုရေး ထားတာဝယ်ဖတ်ဖြစ်တယ်။ ရာဂ်ျကူးမား၊ ဒေါ်လီ၊ အိုမာ တို့ကိုကျမဆွေမျိုးများလို ပဲစိတ်ထဲမှာစွဲနေစေပါတယ်။

    ReplyDelete
  3. ဟယ်- အပြုံးပန်းနဲ့ မမအီးတီမှာ စာအုပ်ရှိတယ်ပေါ့။ ကောင်းလိုက်တာ။ ကျမလည်း ကြုံရင်ဝယ်ထားဦးမယ်။ အေးအေးဆေးဆေး ထပ်ဖတ်ချင်လို့လေ......

    ReplyDelete
  4. အရင်က ကြားပဲကြားဖူးတယ်။ စကားသင်တန်းက ဆရာမက လက်ဆောင်ပေးလို့သာ ဖတ်ဖြစ်သွားတာ။ အင်္ဂလိပ်လိုတော့ မဖတ်ဖူးသေးဘူး။

    ReplyDelete
  5. ကျနော့်မှာလည်း စာအုပ်ရှိပါတယ်။
    ဖတ်ချင်ရင်လည်း ငှားပါတယ်...

းဝ)

    ReplyDelete
  6. ရေကန်သာကြာတိုင်းအေး လို့ ဆရာ နေ၀င်းမြင့်က ဘာသာပြန်ပေးထားပါတယ်။
    ဇာတ်လမ်းကရှည်ပြီး ဇာတ်အိမ်ခိုင်ခိုင်နဲ့ ရေးဖွဲ့ထားတာမို့ သမိုင်းကိုရှာရင်း ခံစားချက်တွေကို ပေးစွမ်းနိုင်တဲ့ စာအုပ်တအုပ်ပါ

    ReplyDelete

ပဲ့တင်သံလေးတွေ .......