Wednesday 7 July 2010

သစ်သီးအလှ ပန်းအလှ

မနေ့က  အလုပ်မရှိ အလုပ်ရှာပြီး ရာသီပေါ်သစ်သီးလေးတွေကို စိတ်ကူးရသလိုအလှဆင်ပြီး ဓါတ်ပုံရိုက်ခဲ့ပါတယ်။ (အီကေဘားနား) က ပန်းအလှပြင်ဆိုတော့ အခုဟာက ( အီကေဖရုတို) လို့ ခေါ်ရင် ကောင်းမလား ??? ပုံလေးကို "Me and my friends" လို့ အမည်ပေးထားတယ်........
နောက်ထပ် တမျိုးပြောင်းပြီး ရိုက်လိုက်ပါတယ်...။ နံမည်လေးက  "Me and my family" တဲ့.....။




တလက်စတည်း သတိရသွားတာနဲ့  သူ့အရင်စောစော တပါတ်က ရိုက်ထားတဲ့ အောက်ကပုံကလေးပါ ဖြည့်တင် ပေးလိုက်ပါတယ်...။ နံမည်တော့ မပေးတတ်တော့ဘူး။ 


အဲဒီလိုလေး ကိုယ့်မျက်စေ့ထဲမှာ ကြည့်လို့လှနေရင် တော်တော်နဲ့  ယူမစားဖြစ်ဖူး။ အလှပျက်သွားမှာ စိုးလို့..ပါ။  ဂျပန်ရိုးရာ အီကေဘားနား ပန်းအလှပြင်ပညာကို ငယ်ငယ်က တော်တော်လေး စိတ်ဝင်စားခဲ့ပါတယ်။  အရင်တုန်းက YMCA မှာ သင်ပေးပါတယ်။ ကြံရွယ်ခဲ့ပေမဲ့ ဘ၀အခြေအနေ မပေးတာကြောင့်  မသင်ဖြစ်ခဲ့ဘူး။  သူများ ပြင်ထားတာလေးတွေ ဓါတ်ပုံရိုက်ထားရင်တော့ သိပ်ကြိုက်ပါတယ်။ အခြေခံအနေနဲ့   (ကောင်းကင်၊ လူသား၊ မြေကြီး) ဆိုပြီး အကိုင်းသုံးကိုင်းကို စောင်းစောင်းလေးစိုက်ပြီး ပန်းပွင့်လေး၊ သစ်ရွက်လေးတွေ ဝေနေအောင် ဖြည့်စိုက်ကြတာတော့ မှတ်သားဖူးပါတယ်။  နောင်အခွင့်ကြုံရင် ပန်းအလှပြင်သင်တန်းတက် ပါဦးမယ်။  ပညာလို အိုသည်မရှိ ပေါ့...လေ။ ကျည်ပွေ့ အတက်ပေါက်တယ်လို့   ဂုဏ်ယူစွာ ပြောခွင့်ရရင်လည်း ပြောပါဦးမယ်။


နောက်ပြီး အိမ်ရှေ့မှာ တွေ့တဲ့ နေရောင်အောက်က တောက်တောက်ပပ အရောင်လှတဲ့ ပန်းကလေးကိုလည်း မှတ်တမ်းတင်လိုက်ပါတယ်......။  ပန်းအမည်တော့ မသိပါဘူး..။
အောက်က ဒီနေ့ ရိုက်ခဲ့တဲ့ အဲဒီ ပန်းကလေးပုံပါ။  သခါင်္ရတရားကြောင့် သူ့ရဲ့  စိုပြေ၀င့်ကြွားတဲ့အလှတွေ မရှိတော့ပေမဲ့ သူ့ရဲ့ ရဲရင့်တဲ့ အသွေးအရောင်ကို မစွန့်ခဲ့ပါဘူး။  ဒါလဲ ကိုယ် ရောက်တတ်ရာရာ တွေးကြည့်မိတာပါလေ...။
 ဒါက ညီမလေး လက်ရာ ထမင်းကြော် စားစရာလေးပါ။  ကြက်ဥကို ပြားပြားလေးဖြစ်အောင် ခေါက်ကြော်ပြီး လေးဒေါင့်ကွက်လေးတွေညှပ်ထည့်ထားပါတယ်။  အရောင် စိမ်းစိမ်းလေးတွေက ပဲသီးလေးတွေ ပါးပါးလှီးထည့်ထားတာပါ။  နှမ်းအနက်စေ့လေးတွေလည်း ဖြူးထားသေးတယ်။  မျက်စေ့ပသာဓပေါ့။ (နာနတ်သီးရှိရင် နာနတ်သီးစိတ်ပါ ထည့်ကြော်ပါတယ်)..။  အရောင်ကတော့ ပဲငံပြာရည်မပါလို့  နည်းနည်းဖြူနေသလိုပဲနော်...။

 ကဲ - နောက်ဆုံးအနေနဲ့    မျှဝေချင်တာက သီးစုံဖျော်ရည် (ပန့်ခ်ျ လို့ ခေါ်မလားမသိ)  ပါ.......။  ပန်းသီး၊ ငှက်ပြောသီး၊ လိမ္မော်သီး၊ နောက်ပြီး ရပ်စ်ဘယ်ရီသီး ထည့်ထားပါတယ် ..။ တခြား အဆာပလာကတော့  (ညီမလေး အပြောအရ) သကြားရယ် ၊ ၀ိုင်နည်းနည်းရယ်၊ သံပုရာရည်ရယ်၊ ရောပြီးတော့ နာရီနည်းနည်းလောက် အအေးခံထားလိုက်တယ်တဲ့။ လိုင်ချီးသီး မပါလို့   မပြည့်စုံသလိုတော့ ရှိပါတယ်။  လိုင်ချီးသီးဘူးကတော့ လတ်လတ်ဆတ်ဆတ်လဲမဟုတ် ဈေးလဲကြီးလို့ မထည့်တော့ဘူး တဲ့။  မြည်းကြည့်တော့ အရသာက ချိုမြမြ ရှတတလေးမို့  ကြိုက်ပါတယ်..........။ ကြိုက်ရင် မြည်းသွားနော်......






အသီးတွေ၊ ပန်းတွေ၊ အစားအစာတွေ အဆက်အစပ်လည်းမရှိဘူး၊ ဘာမှလည်း မဆိုင်ဘူး လို့တော့မပြောပါနဲ့နော်....ဒီလိုပဲ  ရှိတာလေးတွေ စုပေါင်းစပ်ပေါင်းပေါ့....။


မိုးစက်ပွင့်

6 comments:

  1. ကောင်းလိုက်တာ။ ပန်းပြင်သင်တန်းတက်ပြီး၇င်ပြောနော်။

    ReplyDelete
  2. Me & My friends လို့ ပေးလိုက်ပါ၊
    အီကေဘားနားသင်တန်းကို ၉၈ လောက်တုန်းက ရန်ကုန် ၀ိုင်အမ်စီအေမှာ တက်ဖူးတယ်၊
    သီးစုံပန့်ခ်ျကို ကြိုက်တယ်။

    ReplyDelete
  3. အောက်က အသီးတွေ စားချင်လိုက်တာ တကယ်ပါဘဲ
    ဘယ်ရီသီးလေးတွေက ချစ်စရာ..

    ReplyDelete
  4. Y.M.C.A အခြေခံပန်းအလှပြင်သင်တန်း ၊ ၃၀-၆-၂၀၁၄ မှ ၄.၇.၁၄ ထိ ၊ အချိန် မွန်းလွဲ ၁ နာရီမှ ၃ နာရီထိ ၊ လိပ်စာ YWCA ဗိုလ်ကလေးဈေးလမ်း ဗိုလ်တထောင်မြို့နယ် ရန်ကုန် ။ ဖုန်း ၀၁-၂၄၅၈၆၉ . ၀၁-၃၉၂၄၇၀ ။ လတိုင်းတန်းခွဲသစ်ရှိပါတယ်။ အစ်မကတော့ အခြေခံတက်ပြီးသွားပြီ ။ ညီမလေးလည်းအချိန်ရရင်တက်ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။

    ReplyDelete
    Replies
    1. မှားရေးလိုက်လို့ပါ YMCA မဟုတ် ၊ YWCA ကအမှန်ဖြစ်ပါတယ် ။

      Delete
    2. ဟုတ်ကဲ့ ကျေးဇူးပါရှင်

      Delete

ပဲ့တင်သံလေးတွေ .......