Sunday 27 June 2010

“ငါ” ပေါင်းများစွာ ရှိကြရာဝယ်

( ကြားဖူးနေကျ “လူအမျိုးမျိုး စိတ်အထွေထွေ” ဆိုတဲ့စကားအပြင် “လူတစ်ကိုယ် စိတ်အမျိုးမျိုး” ဆိုတဲ့စကားလေးကိုလည်း မိတ်ဆက်ရှင်းပြထားခြင်းပါ။ (စိတ်ပညာနဲ့ ဖီလော်ဆော်ဖီ တို့နဲ့ ထဲထဲဝင်ဝင် ရင်းနှီးတဲ့ ကိုဝတုတ်တို့ဆိုရင်တော့ ပိုပြီး ဆန်းစစ်နိုင်မှာပါ၊ ကိုယ်ကတော့ ကြက်တူရွေးစာအံခြင်းသာ )

စိတ်ပညာရှင်လည်းဖြစ်၊ နိုဘယ်ဆုရှင်လည်းဖြစ်တဲ့ Daniel Kahneman က စမ်းသပ်မှုတခုပြုလုပ်ခဲ့ပါတယ်။ ဒါကတော့ အလွန်နာကျင်တဲ့ သွားနုတ်မှုတခုရဲ့အဆုံးမှာ ပြင်းအားနည်းတဲ့ နာကျင်မှုတခုကို ထပ်ဆောင်းပေးလိုက်ခြင်းပါဘဲ။  အဲဒီလို အပိုဆုရရှိသွားတဲ့ လူနာတွေဟာ ရိုးရိုးပြီးဆုံးသွားတဲ့ လူနာတွေထက် နောက်ပိုင်းပြန်စဉ်းစားတိုင်း နာကျင်မှုကို လျော့ခံစားရတယ်လို့ အမှတ်ရလေ့ရှိပါသတဲ့။   ( မယုံရင် စမ်းကြည့်- ဟိ)

လူတယောက်ရဲ့ စိတ်သဏ္စာန်မှာ လူကောင်း၊လူဆိုး၊ လူပျင်း၊ လူကပ်၊ လူ့ခွစာ၊ လူသူတော် စသဖြင့် တစုတဝေးထဲ တည်ရှိနေပြီး အချိန်တခုမှာ တယောက်က လွှမ်းမိုးလေ့ရှိတယ် လို့  ဆိုပါတယ်။  စီးပွားရေးပညာရှင် Thomas Schelling က ဥပမာတခုထပ်ပေးပါတယ်။ အာတိတ်ဒေသကို ခရီးထွက်ဖို့  ပြင်းပြင်းပြပြ စိတ်ကူးနေတဲ့ လူကလေးတယောက်ဟာ အအေးဒဏ်ကို လေ့ကျင့်ဖို့  စောင်တွေမခြုံဘဲ အိပ်ကြည့်ဖို့ ဆုံးဖြတ်ခဲ့တယ်  (နွေးတဲ့ လူကလေး)။  ညလယ်လောက်မှာ အေးလွန်းလို့ နိုးလာတယ်။  ချမ်းလွန်းလို့ စောင်တောင် ထမယူနိုင်လောက်အောင် ကွေးအိပ်နေရချိန်မှာ နောက်နေ့ စောင်ခြုံအိပ်မယ် လို့ဆုံးဖြတ်လိုက်တယ်  ( အေးတဲ့ လူကလေး)။  နောက်တနေ့ညကျတော့ စောင်မခြုံဘဲအိပ်ကြည့်ဦးမယ်လို့  ထပ်ဆုံးဖြတ်မိပြန်ရော  (နွေးတဲ့လူကလေး)။  ဘ၀ထဲမှာ အဲဒီလိုဥပမာတွေ အများကြီးတွေ့ရတာ်။ ဥပမာ- ”မှားပါပြီ”လို့  ပြောတုန်းကပြောပြီး နောက်ထပ်ဆင်တူအမှားတွေနဲ့   ဆုံးဖြတ်ချက်ကို အကြိမ်ကြိမ် ချိုးဖေါက်ခဲ့ တာမျိုးပေါ့။  ပထမ အမှားလုပ်သူက တယောက်၊ ပြုပြင်ချင်သူက တယောက်၊  အမှားထပ်လုပ်သူက နောက်တယောက် ဖြစ်နေတတ်တာမျိုးကို ပြောချင်တာပါ။  အဲဒီလူအားလုံးဟာ လူတယောက်ထဲရဲ့ စိတ်အစဉ်မှာဘဲ ရှိနေတယ်။

လူတယောက်ဟာ နောင်အနှစ်နှစ်ဆယ်မှာ ဖြစ်လာမဲ့ သူ့ရဲ့ခန္ဒာကိုယ်ကို လူစိမ်း လူအို တယောက်လို့  မြင်ပါသတဲ့။ ဒါကြောင့် လူငယ် အများစုဟာ လက်ရှိအချိန်မှာ ခြစ်ခြုပ်သုံးစွဲပြီး အိုစာမင်းစာစုဖို့  မကြိုးစားပဲ လတ်တလော သုံးဖြုံးချင်ကြတာ ဖြစ်ပါတယ်တဲ့။  နောက်ဘ၀ နောက်ကိုယ်နဲ့  နောက်ခေါင်း လို့   ကျမတို့ လူမျိုးတွေ ပြောလေ့ရှိတာနဲ့   ဆင်ဆင်တူပါတယ်။

"Dissociative Identity Disorder" ဆိုတာကတော့ စိတ်ကွဲဝေဒနာ လို့  ခေါ်ရမလားမသိ။  တစ်ကိုယ်တည်း နှစ်စိတ်ဖြစ်နေပြီး တယောက်လုပ်တာ တယောက်မသိတဲ့ ရောဂါမျိုးပါ။ ၁၉၇၃မှာ  Sybil  ဆိုတဲ့ ၀တ္တုနဲ့  ၁၉၇၆မှာ သူ့ကို ရုပ်ရှင်ရိုက်အပြီး  ၁၉၈၀ ပြည့်လွန်နှစ်များမှာ အလွန်ခေတ်စားလာခဲ့ပါတယ်။  အဲဒီရုပ်ရှင်ထဲမှာ မင်းသမီး Sally Field က စိတ်ပေါင်း ၁၆ခုပိုင်ရှင်အဖြစ် သရုပ်ဆောင်ထားပါတယ်။

ဒီဆောင်းပါးထဲက ပြောချင်တာက အပေါ်ကရောဂါမျိုးမဟုတ်ဘဲ သာမာန်လူသားတွေမှာ ရှိနေတတ်တဲ့ စိတ်အမျိုးအစားတွေ တလှည့်စီ နေရာယူကြပုံကို ပြောတာဖြစ်ပါတယ်။ လူတွေဟာ ပါတ်ဝန်းကျင်အဖြေအနေကို လိုက်လို့ စိတ်တွေ ပြောင်းလဲကြတယ်။ စမ်းသပ်ချက်အရ အနံ့ကောင်းကောင်းလေးတွေ ( ဥပမာ- ပေါင်မုန့်လတ်လတ်ဆတ်ဆတ် အနံ့)ဟာ လူတွေကို ပိုပြီး ကြင်နာတတ် ကူညီတတ်လာစေတယ်။   ဆိုးရွားတဲ့အနံ့ (ဥပမာ- အီးနံ့ ကို စပရေးနဲ့ဖြန်းလိုက်ရင်)  လူတွေဟာ ဝေဖန်ရှုံ့ချချင်စိတ်တွေ ဖြစ်လာမယ်တဲ့။

တခါတလေ စိတ်နှစ်စိတ်က ကိုယ်တွင်းမှာ အားပြိုင်ကြတယ်။  ဥပမာ- ပိန်ချင်တဲ့စိတ်ရယ် ကိတ်မုန့်စားချင်တဲ့ စိတ်ရယ်။  ဒါကြောင့် ကိုယ့်မူလ ဆုံးဖြတ်ချက်ကို အလဲထိုးမဲ့သူတွေဟာ ကိုယ်တွင်းမှာပဲ ရှိနေတာပါ။ ဒါကြောင့် ကောင်းတဲ့ ဆုံးဖြတ်ချက်ကလေးကို မဲတင်းဖို့အတွက်  ကိုယ့်ကိုယ်ကိုယ် ဆုပေးဒဏ်ပေး စည်းကမ်း ချမှတ်ထားသင့်ပါတယ်တဲ့။ ဥပမာ- တကြိမ် ချိုးဖောက်တိုင်း ကိုယ်မုန်းတဲ့နေရာကို ငွေလှူဖို့   ( သမ္မတ ဘုရှ် စာကြည့်တိုက် ကို ဒေါ်လာ ၁၀၀လှူဖို့  လို့  ဥပမာပေးထားလေရဲ့) စသဖြင့်ပေါ့။  နောက်တစ်မျိုးကတော့ စိတ်ဆိုးလာရင် တစ်ကနေတစ်ဆယ်ကနေ ရေဖို့ဆိုတာလည်း အဲဒီလိုပဲ အကောင်းဖက်ကို ပြန်လှည့်ဖို့  မဲတင်းတဲ့သဘောပဲ ဖြစ်မှာပါ။

တခါတရံမှာ တခြား လူတယောက်လို ပြုမူပြောဆိုလိုက်တာဟာ ပျော်စရာကောင်းနေတတ်ပါတယ်။  ဒါကြောင့်အင်တာနက်တွေထဲမှာ ယောက်ျားက မိန်းမ ဟန်ဆောင်တာ၊ အပြင်မှာရှက်တတ်သူက အပျော်အပါးမက်ဟန်ဆောင်တာတွေ တွေ့ရတတ်ပါတယ်။  တသက်လုံး ငွေပဲဖိရှာနေသူက ကိုယ့်ကလေးနဲ့  ဆော့ဖို့အချိန်ပေးလိုက်တာ၊  ညစ်ညမ်းဗီဒိယိုကြိုက်တတ်သူက အဲဒီအစား လူမှုရေးအတွက် အချိန်ပေးဖို့  ဆုံးဖြတ်လုပ်ကိုင်ခဲ့တာ စသဖြင့် စရိုက်အပြောင်းအလဲလေးတွေ တွေ့ရတတ်ပါတယ်။

ခြုံပြောရရင် လူတွေမှာ သိသိသာသာမြင်နိုင်တဲ့ ဗီဇစိတ်အခံကလေးတွေရှိသလို တဒင်္ဂပေါ်လာတဲ့ စိတ်ကလေးတွေလည်း အများကြီးရှိနေပါတယ်။  လူသားအားလုံးဟာ နဂိုရ်စိတ်အခံရော၊ တဒင်္ဂစိတ်ထားလေးတွေအပေါ်မှာရော မျှမျှတတ အသုံးချသွားနိုင်ရင် အကျိုးရှိမှာပါ။  ကိုယ့်ခေါင်းထဲမှာ စိတ်ဆိုတဲ့ လူစုလူဝေးကြီး တစ်ခုရှိနေပြီး၊ သူတို့ကြားမှာ ဒီမိုကရေစီ တည်ဆောက်ဖို့ မလိုအပ်သလို ဗီဇစိတ်တစိတ်တည်းကပဲ အမြဲအုပ်ချူပ်နေဖို့ မသင့်တော်ပါဘူးလို့ စာရေးသူက အဆုံးသတ်ထားပါတယ်။




မိုးစက်ပွင့်

( Paul Bloom's "First Person Plural", The Atlantic, November 2008, New York )
(စကားချပ်- ဒါကြောင့် - တရားထိုင်တဲ့အခါ စိတ်တွေအများကြီး ၀င်မနှောင့်ယှက်ဘဲ ကောင်းမှုစိတ်ကလေး ”တစိတ်တည်းထားဖို့” ဆရာတော်တွေက သင်ပြကြတာ ထင်ပါရဲ့

4 comments:

  1. တို့လည်း လူတကိုယ် စိတ် ၁၆မျိုးလောက် ရှိနေတယ်...ဟီး

    ReplyDelete
  2. လာဖတ်သွားပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ ဆောင်းပါးလေးပါ။ တော်တော်များများ မှန်ပါတယ်။

    ဥပမာ- ပိန်ချင်တဲ့စိတ်ရယ် ကိတ်မုန့်စားချင်တဲ့ စိတ်ရယ်။

    ReplyDelete
  3. မင်္ဂလာပါရှင်...။
    Commentလေး Spam ထဲဝင်နေလို့ ဒီနေ့မှ နောက်ကျစွာတွေ့မိလို့ အလွန်အားနာမိရပါတယ်။ လူတစ်ကိုယ်စိတ်အမျိုးမျိုးပို့စ်လေးက လူတွေ ရဲ့ စိတ်ကို သေချာစိတ်ပိုင်းပြီးတင်ပြထားတာမို့ စိတ်ဝင်စားဖို့ကောင်းပါ တယ်။

    ကျွန်မဆိုက်ရဲ့ နောက်ခံအရောင်အတွက် အကြံပေးတာကျေးဇူးတင် ပါတယ်။ အနက်နဲ့ အနီတွဲဖက်တာ နှစ်သက်သူမို့ ဒီ Thamesလေး တစ်ခုပဲ စိတ်ကြိုက်တွေ့ခဲ့တာမို့ အနက်ရောင်Thames လေးကတော့ ပြင်ဖို့ ကြိုးစားကြည့်ပါဦးမယ်ရှင်။

    ReplyDelete

ပဲ့တင်သံလေးတွေ .......