Saturday, 13 February 2010

ကလလရေကြည် မှသည်

လူပီပီ ကိုယ့်အကြောင်းကိုယ် အကောင်းပြောရရင် ကျမက အမေ့ရဲ့ သမီးလိမ္မာလေးပါ။
ဘာလို့လဲ သိလား။  အမေ ကျမကို ကိုယ်ဝန်ဆောင်တော့ ဂျူးဒိတ်က ဖေဖေါ်ဝါရီအလယ်လောက်ဆိုတာ သိတယ်။  အမေက အစိုးရုံးမှာ အလုပ်လုပ်နေတာဆိုတော့ ရုံးသွားရုံးပြန် ဗိုက်ဖုံးအကျီင်္တကားကားနဲ့    ( စကားမစပ် - ကျမဆိုးပုံများ ခြောက်နှစ်သမီးလောက်မှာ အမေက ဗိုက်ဖုံးအကျီင်္လှလှတွေ သူများကို ပေးပစ်တော့ “သမီးဖို့ချန်ထားဦး၊ သမီးဖို့ချန်ထားဦး“ နဲ့   နှုတ်ခမ်းစူပြီး ဂျီကျတတ်ခဲ့တာ-ဟိ) ။  မိတ်ဆွေအပေါင်းအသင်းတွေက “ဒီဗိုက်ကြီး ဘယ်တော့မွေးမှာလဲ” လို့  မေးကြတိုင်း အမေက ခပ်တည်တည်နဲ့  “ပြည်ထောင်စုနေ့”  လို့  ဖြေခဲ့ပါသတဲ့။  ကျမဆိုတဲ့ကျမကလဲ  အမေ့ကို ရိုသေလိုက်ပုံ - သဘာဝအတိုင်း ပြည်ထောင်စုနေ့ မှာ မွေးခဲ့ပါတယ်။

မမွေးခင်ကတော့ နည်းနည်း ဆိုးပါတယ် ( ကဲ- ဆိုးတာကျတော့ ဖော့ပြောတယ် တွေ့လား)
ဗိုက်ကြီးသည်တွေ ချင်ခြင်း အမျိုးမျိုး တပ်ကြတယ်လို့ ကြားဖူးတယ်။  ရွာတွေမှာ တော့  ဆေးလိပ်ပြာ စားချင်လေ့ရှိတာ မကြာမကြာ တွေ့ဖူးတယ်။  ကျမကိုယ်ဝန်နဲ့   အမေ ချင်ခြင်းတပ်လိုက်ပုံက သရက်သီး စားချင်တယ်တဲ့။  သရက်သီးကလဲ  နှစ်မိုင်ကျော်လောက် ဝေးတဲ့ရွာက ဘကြီးတ၀မ်းကွဲရဲ့ ခြံထဲက သရက်သီး ကိုမှ စားချင်တာပါတဲ့။  ကျမအဖေမှာ ဗိုက်မျက်နှာနဲ့   ချက်ခြင်း စက်ဘီးလေး တွန်းပြီး သရက်သီး သွားတောင်းခူးပေးရပါတယ်။  တော်သေးတာပေါ့  - ချင်းတောင်ပေါ်က ပန်းသီး မဟုတ်လို့...............

အဲဒီလိုနဲ့    ပြည်ထောင်စုနေ့ရဲ့ မနက်ခင်းကလေးတခုမှာ “မိုးစက်ပွင့်” ဆိုတဲ့ လူသားကလေး “အူဝဲ” တေးကိုဆိုလို့   ကမ္ဘာမြေကို နှုတ်ဆက် ၀င်ရောက်ခဲ့ပါတယ်.............


(မွေးနေ့ အမှတ်တရ ပို့စ်)

မိုးစက်ပွင့်

No comments:

Post a Comment

ပဲ့တင်သံလေးတွေ .......