အပြင်ဆောင်ရော အတွင်းဆောင်ပါ တ၀ကြီးနေဘူးခဲ့တာမို့ အတွေ့အကြုံတွေက များလှပေမဲ့ စာရေးမကောင်းသူမို့ ရုပ်လုံးကြွအောင်လည်း ရေးနိုင်မယ်တော့မထင်ပါ။ ဒီတော့လဲ အဆောင်သူဘ၀ “ကောက်ကြောင်း” လောက်ပဲပေါ့ သူငယ်ချင်းတို့ရေ....။
မှတ်မိသလောက် ရပ်ဝေးမှာ ပညာသင်ကြားစေခြင်းဟာ အောက်ပါအကျိုးကျေးဇူးတွေ ရရှိတယ်လို့ ဆိုပါတယ်။ ၁) အမျိုးအနွယ် မာန် ကျစေခြင်း။ ၂) ဥစ္စာမာန် ကျစေခြင်း။ ၃) ဗဟုသုတ နှင့် အပေါင်းအသင်းတိုးတက်များပြားခြင်း။ - တဲ့။
ကျမကတော့ နဂိုရ်ကမှ ဘာမာန်တက်စရာမှမရှိတဲ့ နယ်မြို့လေးက ဆယ်တန်းအောင်ခါစ ကောင်မလေးတစ်ယောက် ရယ်သာ။ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေမှာ ကျောင်းစတက်တော့ အပြင်ဆောင် နေရပါတယ်။ အတွင်းဆောင်ရဖို့ကလည်း တော်တော်မလွယ်ပါဘူးတဲ့။ တန်းစီဇယားကလည်း အမှတ်နဲ့ စီလိုစီ၊ အကပ်နဲ့ စီလိုစီ ပေါ့နော်။ ဒါနဲ့ပဲ ကျောင်းတက်တက်ချင်း အတွင်းဆောင် မရခဲ့ဘူး။ အဲဒီတုန်းက ကျောင်းသွားတိုင်း မြင်နေရတဲ့ “ကံ့ကော်“ “အင်ကြင်း” “နှင်းဆီ” ဆောင်က ကျောင်းသူတွေကို မြင်ရင် ကိုယ့်ကိုယ်ကို အရမ်းသိမ်ငယ်သလို ခံစားနေခဲ့ရသေးတယ်။
သမိုင်းထီးကိုးလက်ဝင်းနားက အပြင်ဆောင်လေးတစ်ခုမှာ နေရာရခဲ့ပါတယ်။ အခန်းဖေါ်က မေဂျာတူ။ သူကတော့ ရန်ကုန်တိုင်းအတွင်း မြို့နယ်တစ်ခုကမို့ ဘယ်သောအခါမှ အဆောင်ရစရာ လမ်းမရှိသူပါ။ သူက သိပ်မလှပေမဲ့ ချစ်စရာကောင်းပါတယ်။ ညိုညို၀၀ ပါးချိုင့်ကလေးနဲ့မို့ မြင်မြင်ချင်းခင်သွားပါတယ်။ တခါမှ မမြင်ဖူးလောက်တောင် စာအလွန်ကြိုးစားသူပါ။ မျက်နှာနဲ့ စာအုပ်ကို မခွာဘဲ စာကျက် ကျက်နေတတ်တယ်လို့ မှတ်မိနေပါတယ်။ ကျမတို့ အခန်းကလေးက တော်တော်ကျဉ်းပါတယ်။ ကုတင်နှစ်လုံးကြားမှာ လူနှစ်ယောက် ရှောင်စာရုံလောက် နေရာရှိတာမို့ ကုတင်ပေါ်မှာပဲ အိပ်၊ ကုတင်ပေါ်မှာဘဲစား၊ ကုတင်ပေါ်မှာဘဲ စာဖတ်ကြရတာပါ။ မနက်အစောကြီး ထ ထ စာဖတ်တတ်တဲ့ သူမက ကျမကို အားနာလို့ မီးအလင်းရောင်ကြောင့် ကျမ အနေမခက်ရအောင် နှစ်ယောက်ကြားမှာ လိုက်ကြာအထူကြီးတခု တပ်ထားခဲ့ပါတယ်။
သမိုင်းထီးကိုးလက်ဝင်းနားက အပြင်ဆောင်လေးတစ်ခုမှာ နေရာရခဲ့ပါတယ်။ အခန်းဖေါ်က မေဂျာတူ။ သူကတော့ ရန်ကုန်တိုင်းအတွင်း မြို့နယ်တစ်ခုကမို့ ဘယ်သောအခါမှ အဆောင်ရစရာ လမ်းမရှိသူပါ။ သူက သိပ်မလှပေမဲ့ ချစ်စရာကောင်းပါတယ်။ ညိုညို၀၀ ပါးချိုင့်ကလေးနဲ့မို့ မြင်မြင်ချင်းခင်သွားပါတယ်။ တခါမှ မမြင်ဖူးလောက်တောင် စာအလွန်ကြိုးစားသူပါ။ မျက်နှာနဲ့ စာအုပ်ကို မခွာဘဲ စာကျက် ကျက်နေတတ်တယ်လို့ မှတ်မိနေပါတယ်။ ကျမတို့ အခန်းကလေးက တော်တော်ကျဉ်းပါတယ်။ ကုတင်နှစ်လုံးကြားမှာ လူနှစ်ယောက် ရှောင်စာရုံလောက် နေရာရှိတာမို့ ကုတင်ပေါ်မှာပဲ အိပ်၊ ကုတင်ပေါ်မှာဘဲစား၊ ကုတင်ပေါ်မှာဘဲ စာဖတ်ကြရတာပါ။ မနက်အစောကြီး ထ ထ စာဖတ်တတ်တဲ့ သူမက ကျမကို အားနာလို့ မီးအလင်းရောင်ကြောင့် ကျမ အနေမခက်ရအောင် နှစ်ယောက်ကြားမှာ လိုက်ကြာအထူကြီးတခု တပ်ထားခဲ့ပါတယ်။
နောက်ပိုင်းမှာ အဆောင်ကို လူတွေ တဖွဲဖွဲ ထပ်ရောက်လာပါတယ်။ အဟောင်းနဲ့အသစ်တွေ မိတ်ဖွဲ့ကြ၊ မသိမသာလေး အကဲခတ်ကြ ၊ ဒီဇိုင်းတူရင်တော့ တွဲလိုက်ကြ ပေါ့။ အဆောင်သူတွေထဲမှာ အတောက်ပဆုံးကတော့ မြိတ် (ဘိတ်) မြို့နယ်ရဲမှူးသမီးဆိုတဲ့ မသန္တာပါ။ သူကတော့ အ၀တ်အစားကအစ အသုံးအဆောင်တွေအလည်၊ အစားအသောက်တွေအဆုံး အကောင်းစားတွေသာ များပါတယ်။ ဒါပေမဲ့ စကားပြောချိုသာပြီး မာနမကြီးတတ်သလို ကျွန်မတို့နဲ့လည်း တကူးတက လာလာပြီး ပြောဆိုနှုတ်ဆက် တတ်ပါတယ်။ “စောင်”ကို “ပုဆိုး”၊ “ဆပ်ပြာ”ကို “သူပုန်”လို့ ခေါ်တတ်တဲ့ ရခိုင်သံဝဲ၀ဲနဲ့ ဖြူဖြူခိုင် အပါအ၀င် ရခိုင်မကလေး သုံးလေးယောက်လည်း ရှိပါလေရဲ့။ကျွန်မတို့အားလုံးဟာ အသက် ၁၆နှစ်နဲ့ ၁၈နှစ် အတွင်းပဲ ရှိကြသေးတာပါ။ ကလေးဘ၀ကလည်း မကျွတ်မလွတ် လူကြီးဘ၀ကလည်း မ၀င်မဆံ့သေးတဲ့ ပိုးတုံးလုံးကလေးတွေပေါ့...။
ည ည ကောင်ကလေးတွေ သီချင်းဆိုကြတဲ့ အချိန်ကတော့ ပျော်စရာကောင်းလှပါတယ်။ မွန်းအောင်ရဲ့ “ ရိုးရိုးလေးသာ ၀တ်ခဲ့ပါကွယ် အေးမြသူ.......” တို့ တူးတူးရဲ့ “ ဖြူဖြူစင်စင် ပုလဲလေးတွေကိုမှ ချစ်တယ်လို့ သူက ဆိုလာစဉ်......” တို့ ခင်မောင်ထူးရဲ့ “ ပန်းခရမ်းပြာ ဗေဒါလေးကမ်းစပ်နဘေးမှာ....” အလွန် နားထောင်ကောင်းခဲ့တာပါ။ သူတို့ ကြူနေတဲ့ ကောင်မလေးတွေကိုလည်း ပြူတင်းပေါက်က ပုံရိပ်ကလေးတွေ မှန်းဆပြီး သီဆိုနေကြရဲ့။ မှောင်ထဲက သူတို့မျက်နှာတွေကိုလည်း ယမ်းမီးခြစ်ဆံတွေ ခြစ်ပြီး ထွန်းညှိ ပြလားပြရဲ့။ အထဲက မိန်းကလေး တွေကလည်း “ဟဲ့ အဲဒါ ဘယ်အဖွဲ့မဟုတ်လား၊ ဘယ်မြို့က ကောင်လေ ”နဲ့ တီးတိုးတီးတိုး။
မသန္တာရဲ့အခန်းဖေါ် စုစုရဲ့အစ်ကိုက မသန္တာကို သဘောကျနေတာကလား။ စုစုဆီလာလည်ရင်း အတူတူ သွားကြ စားကြရင် ဘယ်အချိန် ပရိုပို့စ်လုပ်လိုက်မှန်းမသိဘူး။ ဒါမျိုးက ထိပ်တန်းလျို့ဝှက်မို့လား။ တစ်နေ့တော့ မသန္တာက မြို့ထဲသွားပါတယ်။ စုစုကို အဒေါ်အိမ်က ဖုန်းလာရင် ပြောပေးဖို့ ဘာညာ မှာခဲ့တာပေါ့။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့က မသန္တာရဲ့ဖုန်းကို စုစုကိုင်ရပါတယ်။ “ဟဲလို” ထူးထူးခြင်း တဖက်က “သန္တာလား” တဲ့။ ဒီအသံကြားဘူးပါတယ်လို့ စုစုက တွေးနေတုန်း၊ သကောင့်သားက အဖြေတောင်းပါတယ်။ အန်- သူ အသံရှင်ကို ကောင်းကောင်းမှတ်မိပါပြီ။ ဒီလောက်ဖြစ်နေတာ သင်းကို ကောင်းကောင်း ပညာပေးရမယ် လို့ ဆုံးဖြတ်လိုက်တယ်။ သူက “မနက်ဖြန် ဘုရားမှာ တွေ့ရအောင်လေ” ပြောလာတော့ “ဟင့်အင်း”။ စုစုဖြေသံက မပွင့်တပွင့် အင်းလိုလို အွန်းလိုလိုဆိုတော့ တဖက်ကလည်း သူ့ဇောနဲ့သူ မခွဲခြားနိုင်ခဲ့ဘူး။ “ဘာဖြစ်လို့လဲ” တစ်ခုခု ပြောတော့ ပြောရပါလိမ့်မယ်။ အလိမ်ပေါ်မှာစိုးလို့ အတိုဆုံးပဲ ပြောလိုက်တယ် “ရှက်လို့” ။ “ဟာ သန္တာကလည်း ဘာရှက်စရာရှိလဲ၊ ဘုရားဖူးရုံ၊ မုန့်စားရုံပဲ၊ လာခဲ့ကွာ နော် နော် မနက်ကိုးနာရီလောက် ရလား” “အင်း အင်း” လို့ ပြောပြီး ဖုန်းချတဲ့အထိ သူလုံးဝ သိမသွားရှာပါဘူး။ ကိုယ့်ညီမကို ကိုယ် ရည်းစားစကား ပြောနေမိတာကိုပေါ့။ မသန္တာ ပြန်လာတော့ စုစုက သူမသိရကောင်းလားလို့ ဦးအောင်အပြစ်တင်ပြီး အကြောင်းစုံကို ဇာတ်ခင်းပါတယ်။ မသန္တာက ရှက်လည်းရှက်၊ ယောက်မလောင်းလည်း ဖြစ်နေတော့ မပြောသာဘဲ မျက်နှာငယ်ငယ်လေးနဲ့ ပြုံးလို့သာ နေပါတယ်။ နောက်နေ့တော့ ဘုရားကိုလည်းသွားပါတယ်၊ သူတို့လည်း အတွဲဖြစ်သွားလေသတည်းပေါ့။ စုစုအကိုကတော့ တော်တော်လေး မျက်နှာပူသွားပါတယ်။ “ငါ ထင်တော့ထင်သား အသံကြီးက တမျိုးပဲ” လို့ ပြောပါသေးတယ်။ ဒါကတော့ အဆောင်သူတွေရဲ့ ဘရုတ်ကျနည်းပေါင်းစုံထဲက တစ်ခုပါ။
အဆောင်ပိုင်ရှင် အန်တီကြီးက ကျွန်မတို့ အခန်းဖေါ်နှစ်ယောက်ကို ဘာသဘောကျမှန်းမသိ တော်တော်သဘောကျတာပါ။ “ သမီးတို့က အေးလွန်းလို့ ချစ်တာ” လို့ ပြောပြောပြီး ဟင်းခွက်လေးတွေ ကြိတ်ကြိတ် ပေးလေ့ရှိပါတယ်။ ကျွန်မတို့ကလည်း သူ့ကိုအားနာလို့ ယူယူ ထားပေမဲ့ ကျန်တဲ့ အဆောင်သူတွေကိုလည်း မျက်နှာပူနေမိပါတယ်။ လခ အတူတူ ပေးနေကြတဲ့ သူတွေ မဟုတ်လား။
ကျွန်မ အခန်းဖေါ်လေးက ငွေကို စံနစ်တကျသုံးသူပါ။ တစ်နေ့ချင်း အသုံးစရိတ်ကို တပြားမကျန်မှတ်ပြီး တစ်လကုန်ရင် စာရင်းချူပ်တတ်ပါတယ်။ နည်းနည်းကလေး ကွာတာနဲ့ အခေါက်ခေါက်အခါခါ ပြန်တွက်လေ့ရှိပါတယ်။ မနေနိုင်လွန်းလို့ “ကဲပါကွာ- မမှတ်မိသောအသုံးစရိတ်ဆိုပြီး ပေါင်းထည့်လိုက်” လို့ ဒေ၀ဒတ်ဥာဏ်နဲ့ အခါပေးမိပါတယ်။ သူက “မဟုတ်ဘူး- ကွာကို မကွာရဘူး- ကွာနေတာ မကြိုက်လို့” ဆိုပြီး ဆက်စာရင်းစစ်ပါတယ်။ နောက်ဆုံး “တွေ့ပြီ တွေ့ပြီ၊ အင်းစိန်သွားတဲ့ ဘတ်စ်ကားခ” လို့ အောင်မြင်စွာ ကြွေးကြော်ချိန်မှာတော့ သူနဲ့အတူ ရောယောင်ပြီး ပျော်သွားခဲ့ရပါတယ်။ ဒီလိုသူငယ်ချင်းနဲ့နေတော့ ကျွန်မလည်း နဂိုရ်က လိမ္မာသူပီပီ (အဟဲ) အတော်ကလေး စည်းကမ်းကျန ခဲ့ပါတယ်။ ကျွန်မတို့ စုထားဆောင်းထားသမျှဟာ အဆောင်နေ ၀မ်းကွဲအစ်ကိုများရဲ့ လက်ချက်နဲ့ တက်တက် ပြောင်သွားလေ့ရှိပါတယ်။ သူတို့ လာလိုက်မှဖြင့် ဖုတ်ပူမီးတိုက် ချည်းပဲ။ “စားစရာ လုံးဝမရှိတော့ဘူး” တို့ အဆောင်လခ သွင်းစရာ မရှိတော့ဘူးတို့ စုံနေတာပါဘဲ။ အိမ်က မိဘတွေကတော့ အားကိုးတစ်ကြီး အပ်လိုက်ကြပါတယ်။ မင်းနှမလေး ကူညီပါ၊ စောင့်ရှောက်ပါ - တဲ့။ အခုကတော့ ငါးဖယ်လန်က ပြောင်းပြန် ဖြစ်နေပြီအမေရေ့ လို့ ပြောရတော့မလိုပါဘဲ။
အဆောင်သူဘ၀ဟာ လူကို အများကြီး ရင့်ကျက်စေတာတော့ အမှန်ပါဘဲ။ မိတစ်ရာသား ဖတစ်ရာသမီးတွေနဲ့ သင့်တင့်မျှတအောင်နေတတ်မှ ရှင်သန်နိုင်မှာပါ။ အဆောင်မှာ လုံချည်လှန်းတာ၊ မီးသုံးတာ၊ ရေချိုးခန်းသုံးတာကအစ တစ်ကိုယ်ကောင်းစိတ်ရှိသူဟာ အများနဲ့ ပြဿနာဖြစ်ကြရတာပါဘဲ။ ရေအိမ်သုံးပြီး ရေမဆွဲတဲ့သူ၊ မိမိပစ္စည်းကို ရိုသေရကောင်းမှန်းမသိဘဲ ဖွာလန်ကြဲထားတတ်သူ၊ မိမိဥစ္စာကို တစ်ပြားက နှစ်ပြား အပွန်းပဲ့မခံချင်သူ၊ ဗိုလ်ကျချင်သူ၊ စသဖြင့် အစုံတွေ့ရတတ်ပါရဲ့။ အဲဒီအထဲမှာ စကားရောင်းစကားဝယ် စကားသယ် စကားပို့ လုပ်တတ်သူပါလို့ကတော့ တဂျိန်းဂျိန်း ရန်ဖြစ်တာတွေ တွေ့ရတတ်ပါတယ် အသက်အရွယ်လေးနဲ့မလိုက် ဘုရားတရားကြည်ညိုသူ၊ ကူညီရိုင်းပင်းတတ်သူ၊ တွေလည်း အများကြီးပါ။ အဲဒီအားလုံးသော အဆောင်သူတွေထဲမှာ ရင့်ကျက်တည်ငြိမ်ပြီး သူတပါးကို လမ်းညွှန်ဦးဆောင်နိုင်သူနဲ့ ဟာသတွေအများကြီး ပြောတတ်တဲ့သူတွေဟာ လူကြိုက်အများဆုံးပဲ.....။ မေဂျာ ကွင်း (အလှဘုရင်မ) တွေကတော့ လူစိတ်ဝင်စားတာ တော်တော်ခံရပါတယ်။ ကျောင်းသူချောချောလှလှ များတဲ့အဆောင်ကို ဆိုရင် ညညတိုင် လာဖျော်ဖြေတဲ့ အဆောင်ရှေ့ ဂီတလုလင်အဖွဲ့တွေလည်း ပိုများတတ်ပါတယ်။ ဟိုတုန်းကတော့ အတော်ကလေး စည်းကမ်းရှိတာပါ။ ဘယ်နှစ်ဖွဲ့လာလာ ၊ တစ်ယောက်တစ်လှည့်ပဲ။ သူဆိုရင် ကိုယ်နား၊ ကိုယ်ဆို သူနားပေါ့။ ရန်ဖြစ်တယ်လို့ သိပ်မရှိလှဘူး...။
အပျော်အပါးအနေနဲ့ ယောက်ျားလေးဆောင်တွေက ဖဲ နဲ့မကင်းသလို မိန်းကလေးဆောင်တွေက သရဲ နဲ့ မကင်းပါဘူး။ “၀ိညာဉ်” လောကကို စပ်စုကြတာပေါ့လေ။ အများဆုံးကတော့ “ဖျာလိပ်နတ် မအောင်ဖြူ“ နဲ့ “မတ်စေ့သရဲ” တွေပါ။ ဖျာလိပ်နတ်ဆိုရင် ဖျာလိပ်ကြီးကို သနပ်ခါးလိမ်း၊ ပန်းပန်၊ ထဘီ အကျီင်္ ၀တ်ပေးပြီး လူလေးငါးယောက်က လက်နဲ့ မ ထားရပါတယ်။ မအောင်ဖြူက အရှက်ကြီးပါတယ်။ ယောက်ျားလေး မပါရပါဘူး တဲ့။ လည်လည်ပတ်ပတ် ရှိသူတစ်ယောက်က ပါးစပ်တစ်တွတ်တွတ်နဲ့ အမေ မအောင်ဖြူကို ပင့်ဖိတ်ပါတယ်။ ဖျာလိပ်ကြီး လှုပ်လာရင်တော့ နတ်ဝင်ပါပြီ။ “စာမေးပွဲအောင်မလား” “ဂုဏ်ထူးပါမလား” က စပြီး၊ “ဘယ်သူ အရင် ချစ်သူရမလဲ၊ အိမ်ထောင်ကျမလဲ” “ ရည်းစားက ချောမလား” အစုံပါ ပါတယ်။ ပေါက်ကရလေးဆယ်က ပိုများသလောက် ဖျာလိပ်ကြီးက ပတ်ချာယမ်းပြီး သက်ဆိုင်ရာမိန်းကလေးရဲ့ ခေါင်းကို တစ်ဘုန်းဘုန်းနဲ့ ရိုက်ပါတယ်။ မယုံတဲ့လူတွေက ကိုယ်တိုင်ဝင်ကိုင်ပြီး “ဟုတ်တယ်ဟ သူ့ဟာသူ ယမ်းနေတာ၊ ထိမ်းမရဘူး” လို့ ပြောကြပါတယ်။ တစ်ခုခုတော့ တစ်ခုခုဘဲပေါ့နော်။ ကျွန်မလည်း ဘေးက ၀င်မေးဘူးပါတယ်။ မေးလို့ဝရင် ရွတ်ဖတ်ပြီး လေးလေးစားစား ပြန်ထွက်ခိုင်းရပါတယ်။ မတ်စေ့သရဲလေးက ကျတော့ အေကနေ ဇက်အထိရေးထားတဲ့ အကွက်ကလေးရယ်။ Yes No ရေးထားတဲ့အကွက်ကလေးရယ်။ အိမ်တစ်လုံးပုံရယ် စက္ကူပေါ်မှာဆွဲထားရပါတယ်။ မတ်စေ့လေးကို အိမ် ပုံပေါ်တင်ပြီး လူနှစ်ယောက်ရဲ့ လက်ညှိုးနှစ်ချောင်းနဲ့ ခပ်ဖွဖွလေးဖိထောက်ထားရပါတယ်။ ထုံးစံအတိုင်း spirit , spirit, come, come ဆိုပြီး ပင့်ဖိတ်လိုက်တဲ့အခါ မတ်စေ့လေးက စပြီး ရွေ့ လာပါတယ်။ သူက မေးသမျှကို အင်္ဂလိပ်စာလုံး ပေါင်းပြီး ဖြေပေးပါတယ်။ Yes No ဆိုလဲ Yes No ပေါ့။ သရဲ့ရဲ့အကြောင်းကိုလည်း ပြန်မေးလို့ရပါတယ်။ ကျွန်မတို့ မေးကြတုန်းကတော့ သရဲက သူဟာအရင်တုန်းကတက္ကသိုလ်ကျောင်းသား၊ ကားတိုက်မှုနဲ့ အစိမ်းသေ ထားတာလို့ ပြောပါတယ်။ ဒီနေရာမှာ ၀ိညာဉ်လောကကို ယုံတယ်မယုံဘူးဆိုတာတွေထက် တက္ကသိုလ်ကျောင်းသား ကျောင်းသူတို့ရဲစပ်စုတတ်တဲ့ သဘာဝ၊ နည်းမျိုးစုံနဲ့ ဘရုတ်ကျတတ်တဲ့ ဥာဉ်ကလေးတွေကို ပြောချင်တာ ဖြစ်ပါကြောင်း အမှတ်တရ ကောက်ကြောင်းဆွဲလိုက်ရပါတယ်။
(ဆက်ရန်)
မိုးစက်ပွင့်
photo credit: flickr.com
ဒေဝဒတ်ဥာဏ်နဲ့လို့ သုံးနှုန်းပုံချင်းတူတယ်.....:P
ReplyDelete၀ိညာဉ်လောက....လို့သုံးချင်တာထင်တယ်..
ReplyDeleteတို့လည်း လျှောက်မေးဖူးတယ်အဆောင်မှာ..ဖျာလိပ်နတ်မှာ အနည်းဆုံး တို့မယိမ်းပေးတာတော့ သေချာတယ်
မတ်စေ့ကျတော့လည်း သူငယ်ချင်းရဲ့လက်နဲ့ ကိုယ့်ရဲ့လက်မှာ ကိုယ့်လက်က လုံးဝ ရွေ့မပေးတာတော့ သေချာတယ်..
ယုံတယ်လည်း မဟုတ်ဘူး..မေးပြီးရင် မေ့သွားရော..ဗေဒင်ဆိုလည်း ၀ါသနာပါတဲ့ သူငယ်ချင်းတွေမေးရင် လိုက်သွားမေးတယ် ငယ်သေးတာကိုး..အနာဂတ်ကို သိချင်စိတ်များတယ်လေ..ယတြာချေခိုင်းရင် ဘယ်တော့မှ မချေဘူး...ဘာဖြစ်ဖြစ် ဖြစ်ချင်ရာဖြစ်ဆိုပြီးတော့
အဆက်မျှော်နေတယ်
ReplyDeleteစူးနွယ်ရေ... တို့လည်း ၀ိညာဉ်၊ ဗေဒင် အားမသန်ပါ။ လာဖတ်အားပေးတဲ့အတွက်ရော စာလုံးပေါင်းပြင်ပေးတဲ့အတွက်ရော ကျေးဇူး။ နောက်တစ်ပိုင်းအတွက် ခေါင်းထဲမှာ စာစီပြီးနေပြီ။ အခု ခရီး စသွားတော့မှာမို့ ခရီးကပြန်လာမှ ရေးပေးတော့မယ်နော် :)
ReplyDeleteမိုးစက်... အမေကပြောဖူးတယ်။ အဆောင်နေမှ တက္ကသိုလ်ကျောင်းသူပီသ
ReplyDeleteတယ်တဲ့။ ကျမတော့ မနေခဲ့ဖူးဘူး။
မျှော်နေမယ်။
sprit sprit come come လို့ ခေါ်မှ လာတာလား...
ReplyDeleteအင်္ဂလိပ်လိုမတတ်တဲ့ သရဲဆို ဘီလိုလုပ်မှာလဲ...
းဝ)