တတိယနှစ်ကို ရောက်တဲ့အခါကျတော့မှ အစိုးရဆောင်မှာ နေခွင့်ရခဲ့ပါတယ်။
အရင်ကတော့ “ဘင်တန်ဟောလ်” လို့ အမည်ရခဲ့တဲ့ အခု သီရိဆောင် - တဲ့။ ဂျပ်ဆင်ကြီးရဲ့ နဘေးမှာ ကြက်သွေးရောင် ၀တ်စုံနဲ့ ထည်ထည်ခန့်ခန့်ကြီး ပေါ့။ ကိုယ်လဲ မောင့် သီရိမေ ဖြစ်ရပြီပေါ့။ ဘာပဲဖြစ်ဖြစ် ကံ့ကော်ပင် အကြီးကြီးတွေ ပါတ်လည်ဝိုင်းနေတဲ့ အဆောင်ကြီးကို ကြည့်ပြီး ပျော်သွားပါတယ်။
အရင်ကတော့ “ဘင်တန်ဟောလ်” လို့ အမည်ရခဲ့တဲ့ အခု သီရိဆောင် - တဲ့။ ဂျပ်ဆင်ကြီးရဲ့ နဘေးမှာ ကြက်သွေးရောင် ၀တ်စုံနဲ့ ထည်ထည်ခန့်ခန့်ကြီး ပေါ့။ ကိုယ်လဲ မောင့် သီရိမေ ဖြစ်ရပြီပေါ့။ ဘာပဲဖြစ်ဖြစ် ကံ့ကော်ပင် အကြီးကြီးတွေ ပါတ်လည်ဝိုင်းနေတဲ့ အဆောင်ကြီးကို ကြည့်ပြီး ပျော်သွားပါတယ်။
သီရိသူ အများစုက ဥပဒေ ကျောင်းသူတွေပါ။ အဆောင်မှူး မမကလည်း ဥပဒေဌာနကပါ။ အဆောင်မှူး နှင့် အဆောင်နည်းပြ (ဟောလ်ကျူတာ) တွေအားလုံးကို မည်သည့်အရွယ်ဖြစ်စေ “မမ” လို့ဘဲ ခေါ်ရတာကလည်း အဆောင်ယဉ်ကျေးမှု တစ်ရပ်ပါ။ မျက်လုံးလေး ပေကလပ်ပေကလပ်နဲ့ ရောက်လာတဲ့ကိုယ့်ကို ဆရာမကြီးက နေရာချထားပေးပါတယ်။ “ “သင်းကွဲ”လေးကို ဟောကျူတာခန်းမှာ နေရာပေးလိုက်” တဲ့။ သင်းကွဲ ဆိုတာ ဘာပါလိမ့်။ သြော်- ဥပဒေမေဂျာသူ အများစုနဲ့မတူတဲ့ ထူးထူးခြားခြား လူနည်းစု မေဂျာလေးမို့ထင်ရဲ့။
အတွင်းဆောင်နဲ့ အပြင်ဆောင်ရဲ့ ကွာဟချက်က တော်တော်ကြီးပါတယ်...။ အပြင်ဆောင်က ဘယ်လောက်ပဲ စည်းကမ်းကြပ်တယ်ပြောပြော၊ အတွင်းဆောင်ထက် ပိုလို့တော့ လွပ်လပ်တာ အမှန်။ အတွင်းဆောင်မှာက အချိန်နဲ့စား၊ အချိန်နဲ့ အဆောင်ပြန်ဝင်ရတာ၊ ညနေ ခြောက်နာရီ ရိုးကောလ် ထူးချိန်ပြန်မရောက်လို့တော့ အဆောင်မှူး အပျိုကြီးမမရဲ့ မိုးကြိုးသွားလို စူးရှတဲ့ အပြစ်ပေးမှုကို ခံရပြီသာမှတ်။ ဒါပေမဲ့ အတွင်းဆောင်မှာနေရတာက အဆပေါင်းများစွာ ပျော်စရာကောင်းသလို အမှတ်ရစရာတွေ ပိုများတာအမှန်ပါ။
အဆောင်သူလေးတွေအားလုံးက အသက်အရွယ်အားဖြင့်လည်း ငယ်ရွယ်နုနယ်ပြီး၊ လောကကြီးကို တောင်ပံဖြန့်ပြီး စူးစမ်းချင်တဲ့ အရွယ်တွေ မို့လား။ အဆောင်ဟာ အရောင်စုံ အသွေးစုံ ပန်းဥယျာဉ်ကြီးနဲ့တူတယ်။ အဆင်းလှပြီး အနံ့မွှေးတဲ့ ပန်းကလေးတွေ ရှိသလို၊ အဆင်းပဲလှတဲ့၊ အနံ့သာ မွှေးတဲ့ ပန်းကလေးတွေလည်း ရှိပါလေရဲ့။ အဲဒီလို ရာနဲ့ချီတဲ့ ပန်းကလေးတွေ လေဒဏ် မိုးဒဏ်မှာ နွမ်းကြွေမသွားအောင် ရေလောင်း၊ ပေါင်းသင်၊ အကိုင်းဖြတ်သင့်ဖြတ် လုပ်ပေးရမဲ့တာဝန်က အဆောင်မှူးမမ နဲ့ ဟောလ်ကျူတာမမ တွေမှာ ရှိနေတယ်လေ..။
ဂနာရီကနေ၉နာရီလောက်အထိက အဆောင်မှူးနှင့်တကွ လေးဦးသော ဟောကျူတာမမတွေ အစည်းအဝေးထိုင်ကြတယ်...။ နောက်တစ်နေ့ ဘာကျွေးရင်ကောင်းမလဲဆိုပြီး ခေါင်းချင်းရိုက်ကြတယ်။ အလှည့်ကျ တာဝန်ကျ ကျောင်းသူတွေနဲ့ ဆရာမတွေ ရှိပြီးသား မီနူးအစုံတွေထဲက ရွေးကြ၊ တွက်ကြ၊ ဘတ်ဂျက်ဝင်အောင်လည်း စဉ်းစားကြရတာပါ။ ခွင့်တိုင်တာ၊ ကွန်ပလိန့်တက်တာတွေ၊ စည်းကမ်းထိမ်းသိမ်းရေး တာဝန်တွေလုပ်ကြတယ်ပေါ့...။ အစည်းအဝေးဖြုတ်တာနဲ့ အဆောင်ခန်းတွေမှာ လှည့်လည်ပြီး စာကျက်နေသလား၊ ၀ိုင်းဖွဲ့ စကားများနေသလား၊ မဟုတ်တာလုပ်နေသလား နဲ့ ရှောင်တခင်စစ်ဆေးကြတာပါ။ ဒါပေမဲ့ ကျောင်းသူတွေမှာလည်း ကိုယ့်အချက်ပေးစံနစ်နဲ့ကိုယ် ရှိကြပါတယ်။ အဆောင်မှူးနဲ့ အဆောင်သူတွေကတော့ ကြောင်နဲ့ကြွက်လိုပါပဲ...။ လိုက်စစ်နေတဲ့အခြမ်းက မီးကိုရေနဲ့သတ်သလို ငြိမ်နေပြီး၊ ထွက်သွားလို့ ခပ်လှမ်းလှမ်းရောက်တာနဲ့ တစ်ဝုံးဝုံး တစ်ရုန်းရုန်း ဆူညံနေကြတာ သဘာဝ ပါပဲ...။ ကြောင်မရှိတာနဲ့ ကြွက်ထပြီပေါ့။ သိပ်မဆိုးရင်တော့ မမတွေက မသိချင်ယောင် ဆောင်ပေးပါတယ်။
အဆောင်သူတွေ ဘရုတ်ကျတာကတော့ စုံပါတယ်....။
ညကျရင် ၀ိုင်းဖွဲ့ စားသောက်ဖို့..အတွက် ထမင်းစားခန်းထဲမှာ မတ်ခွက်ထဲ ထမင်းခိုးထည့်လား ထည့်ရဲ့...။
ရေနွေးဂေါက်တံ တို့ ဟော့ပလိတ်တို့သုံးပြီး အခန်းထဲမှာ ချက်ပြုတ် စားသောက်ကြသေးရဲ့..။
သရဲမေး၊ နတ်မေး၊ ပြဇာတ်က၊ စုံစီနဖာ အခန်းထဲမှာ လုပ်တတ်ကြပါသေးရဲ့။
နှစ်ပေါင်းကြာပြီဖြစ်တဲ့ အဆောင်တိုင်းမှာ သရဲဇာတ်လမ်းတွေ ရှိကြပါတယ်။ ဒီလောက်ကြာမှတော့ အကြောင်းတစ်ခုခုနဲ့ သေဆုံးဖူးတဲ့ အဆောင်သူတွေရှိတာပေါ့။ တစ်ချို့နှစ်တွေမှာ ဖျားနာလို့၊ ရေနွေးဂေါက် ဓါတ်လိုက်လို့ ၊ ရှော့ခ်ဝင်လို့ စသဖြင့်တစ်နည်းနည်း ရှိတတ်ကြစမြဲပါ။ ဒါကိုပဲ အဆောင်သူတွေကြားမှာ လက်ဆင့်ကမ်း ပြောပြစရာ ဖွဲ့ဖွဲ့နွဲ့နွဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်လို့ နေတတ်ပါတယ်။ မကျွတ်သေးဘူးတဲ့..... ဆိုတာမျိုးတွေ တီးတိုးပြောတတ်ကြပါတယ်။ တစ္ဆေပုံပြင်တွေကလည်း များမှများ။ စိတ်ထင်လို့ပဲဖြစ်ဖြစ်၊ တိုက်ဆိုင်လို့ပဲဖြစ်ဖြစ် မည်းမည်းမြင်ရင် ရိပ်ခနဲမြင်ရင် အသံကုန် အော်ဟစ်တတ်တတ်တဲ့ အသည်းငယ်သူ အဆောင်သူတွေကလည်း ရှိတတ်ကြပါသေးတယ်။
စာမေးပွဲ နီးလာပြီဆိုရင်တော့ တရုန်းရုန်းအသံတွေ တိတ်ဆိတ်စပြုလာပါပြီ။ အခန်းပေါက်စေ့ အိမ်လည်တတ်တဲ့ ပေါက်ကျော်မကလေးတွေလည်း စာကြည့်စားပွဲရှေ့မှာ တကုပ်ကုပ်ဖြစ်လာကြပြီ။ ညနေခင်း ဧည့်တွေ့ချိန်မှာ မပြီးနိုင်မစီးနိုင် ချစ်တင်းသီဖွဲ့ကြတဲ့ အတွဲရှိသူတွေတောင် မြန်မြန်ထက်ထက် အဆောင်ပေါ်ပြန်တက်လာကြပြီ။ အဆောင်ကလည်း ကျွေးနေကျ မနက်စာညနေစာအပြင် ညဖက်မှာ မုန့်တစ်မျိုးမျိုးနဲ့ ကော်ဖီ၊ လက်ဖက်ရည်တွေကို ထပ်ဆောင်းကျွေးမွေးတတ်ပြန်တယ်။ ညဖက် ဂစ်တာတီးကြတဲ့ ကျောင်းသားတွေကိုလည်း အချိန်ပေးပြီး နားမထောင်နိုင်တော့သလို အရင်က နားဝင်ပီယံဖြစ်ခဲ့ရတဲ့ သူတို့သီချင်းသံတွေကို ဆူညံသံတွေအဖြစ် ပြောင်းလဲခံစားမိလာတော့တာ...။ သြော်- စာမေးပွဲနတ်ကလည်း ကြီးပါ့...။
အဆောင်ရှေ့ဂီတ ပညာရှင်တွေကတော့ .....“ -------- မြို့က ----- မေဂျာကျောင်းသူ မ---- အတွက်” “စာ ဖင်ထောင်ကျက်နေသော ဂုဏ်ထူးတန်းကျောင်းသူ မ-------”အတွက် ဆိုပြီး သီချ င်းတွေဟစ်ကောင်းတုန်း။ “ ကိုယ်ရည်ရွယ်ထားတာ တစ်ဆောင်လုံး ...... ဆရာမကြီးပါမကျန်ဘူး....” ဆိုတဲ့ သီချင်းမျိုးကိုတောင် မထိတထိ ကလိတိတိ ဆိုတတ်ကြသေးတယ် :D
စာသင်နှစ်တစ်နှစ်ကုန်ခါနီးတိုင်း ကျင်းပလေ့ရှိတဲ့ (အဆောင်ဒင်နာ) ကတော့ တစ်ဘာသာ လွမ်းစရာပါပဲ။ အဆောင်ထမင်းလခတွေထဲက ပိုလျှံငွေ၊ အဆောင်သူ ခွဲတမ်း နို့ဆီဘူးရောင်ရငွေတွေနဲ့ ကျင်းပတယ်လို့ဆိုရဲ့။ ဘာပဲပြောပြော ပျော်စရာကောင်းတာအမှန်ပါ။ ပျော်ပွဲရွှင်ပွဲလေးလို့ ဆိုနိုင်သလို Talent ရှိတဲ့သူတွေကို ပျိုးထောင်ပေးတဲ့ ပန်းခင်းကလေးတစ်ခုပါပဲ။ အဆောင်မှူး၊ အဆောင်နည်းပြတွေက တစ်နှစ်လုံး အကဲခတ်ပြီးသားမို့ ဘယ်သူက အဆိုရတယ်၊ ဘယ်သူက အက ပိုင်တယ်။ ဘယ်သူက အပြောပိုင်တယ်၊ ဘယ်သူက ဧည့်ခံကောင်းတယ် ဆိုတာ ရွေးပြီးသားပါ။ မိန်းကလေး ယောက်ျားလေး အဆောင်တိုင်းမှာ မောင်နှမဆောင် ရှိပါတယ်။ (ဥပမာ- အင်းလျား နဲ့ ရွှေဘို ( နှစ်တွေကြာပြီဆိုတော့ အမည်တွဲတာမှားချင်လည်း မှားပါမယ်။) သီရိဆောင် တစ်ဆောင်တည်း ပွဲတစ်ခုစီစဉ်ဖို့ မဖြစ်တာမို့ "မောင်နှမဆောင်" တော်စပ်ထားတဲ့ ပဲခူးဆောင် ရဲ့ အကူအညီကို ယူရပါတယ်။ ဂစ်တာတီးတာ၊ အခမ်းအနား ပြင်တာ စသဖြင့် စသဖြင့် ပေါ့လေ...။ အကြိုညမှာတော့ ညဥ့်နက်တဲ့အထိ ပြင်ဆင်ရတာဆိုတော့ အဆောင်မှူးက ကျောင်းသားတွေကို အဆောင်မှာ ပေးအိပ်ပါတယ်။ ဒါပေမဲ့ ဘုရားခန်းထဲမှာ သော့ခတ်ပြီး အိပ်ခိုင်းတာလေ ။ ကျောင်းသားတွေကတော့ “ ညက သီရိဆောင်မှာ အိပ်ခဲ့တယ်ကွ ”လို့ ပြုံးဖြီးဖြီးနဲ့ ကြွားစရာ ရသွားတာပေါ့... :D
ဘာ အနုပညာမှ မည်မည်ရရ မတတ်တဲ့ ကိုယ်ကတော့ နောက်ဆုံး ဂဠုန်ဆားချက်တဲ့အနေနဲ့ ကဗျာလေးတစ်ပုဒ် ၀င်ပြိုင်ခဲ့ပါသေးတယ်။ အမည်က "အမေ့စာ" တဲ့။ သမီးကို စာကြိုးစားဖို့လှမ်းမှာရှာတဲ့ အဝေးက လူကြုံနဲ့စာပို့လာတဲ့ မိခင်တစ်ယောက်အကြောင်းပါ။ အခုတော့ ကဗျာရဲ့အစ ပဲ မှတ်မိတော့တယ်..။ ဒုတိယလား တတိယလားမသိ ဆုရခဲ့ပေမဲ့ အဆောင်မှူးက အတူနေ ဟောလ်ကျူတာမမ ရေးပေးတာလို့ ထင်ပါသတဲ့။ ရှိပါစေတော့လေ..။
ကိုယ်ဖိတ်ချင်သူတွေအတွက် ဒင်နာလက်မှတ်တွေကိုတော့ သတ်မှတ်ဈေးနဲ့ ၀ယ်ရပါတယ်။ အဲဒီတုန်းက သူများအဆောင်က အဖိတ်ခံရတယ်ဆိုတာ တကယ်ဂုဏ်ယူစရာအဖြစ်တစ်ခုပါ။ တစ်ယောက်ကို နှစ်စောင်အထိ ၀ယ်လို့ရတယ်လေ။ ” ညည်းဘယ်သူ့ဖိတ်မှာလဲ” ”ထုံးစံအတိုင်း ချစ်ချစ်ကြီးပေါ့“ “ အပေါ်ထပ်က အင်ကြင်းမေက အပိုသုံးလေးစောင်ဝယ်ချင်လို့တဲ့၊ သူက အပေါင်းအသင်းများတယ်လေ“ “ဒါဆို ငါ့အခန်းဖေါ်နာမည်နဲ့ဝယ်လေ၊ သူက ဘယ်သူ့မှမဖိတ်ဘူးတဲ့” ဆိုတာတွေကတော့ ဒင်နာမတိုင်ခင်မှာ ကြားကြရမဲ့ ရေချိုးခန်း စကားဝိုင်း တွေရယ်ပါ..။
ဒင်နာနေ့မှာ အလှဆုံးဖြစ်အောင် ဘာဝတ်ရမလဲ ဆိုတာ စဉ်းစားရ၊ ကြံဖန်ရ၊ ၀တ်စုံအသစ်ပြေးချူပ်ရနဲ့ အဆောင်သူတွေ မအားနိုင် မနားနိုင်ကြဘူးပေါ့။ အတွဲရှိသူတွေကလည်း ချစ်သူလေးလာမှာဆိုတော့ တစ်ခြားမိန်းကလေးတွေထက် မသာတောင် နောက်မကျအောင် လှနေချင်တာလေ....။ အတွဲမရှိသေးသူတွေကလည်း၊ ညကျရင် သူငယ်ချင်းတွေ၊ သူငယ်ချင်းရဲ့ သူငယ်ချင်းတွေ၊ ဘာလိုလို ညာလိုလို နေကြာကွာစိတွေ လာမှာဆိုတော့ စိတ်လှုပ်ရှားစွာ၊ တက်ကြွမျှော်လင့်စွာ။
အဆောင်ကွက်လပ်မြက်ခင်းပြင်ပေါ်မှာ ထိုင်ခုံတွေ၊ စတိတ်စင်မြင့်တွေနဲ့ အကျအန။ အဆောင်မှူး ဆရာမကြီးကလည်း ပုဝါနှစ်စ အသာချလို့ ပုလဲပုတီးနဲ့ ယဉ်စစ၊ ဟောကျူတာ အဆောင်နည်းပြမမ တွေကလည်း ပိုး၊ ချိတ်တွေ၊ ဆံထုံးအလှတွေ၊ ဒေါက်ဖိနပ်မြင့်မြင့်တွေနဲ့ ထင်းကနဲမြင်သာအောင် လှလှပပ၊ အဆောင်သူတွေကတော့ ပန်းရောင်စုံလေးတွေ လိပ်ပြာရောင်စုံလေးတွေလို ဟိုသည်ကူးလို့ အလှချင်းပြိုင်နေကြ တော့တာ။ ဂီတသံ နောက်ခံမှာ စားကြ သောက်ကြ ရယ်ကြ ပျော်ကြ၊ တက္ကသိုလ် မောင်နှမတွေရဲ့ အနုပညာ ဖျော်ဖြေမှုကို ခံစား အားပေးရင်း သိပ်ကိုလှတဲ့ ညတစ်ည ဖြစ်ခဲ့ပါတယ်။
မိန်းကလေးဆောင်တွေမှာ ပြင်ပ အဆိုတော်တွေလည်း လာပြီးဆိုဖို့ ဖိတ်ကြားတတ်ပါတယ်။ သီရိဆောင်အတွက်ကတော့ ထွန်းအိနြာဗိုလ် တို့၊ ခိုင်ထူးတို့လို ဥပဒေကျောင်းထွက်တွေ လာတတ်ပါတယ်။ အပြင်က အဆိုတော်တွေ ဒင်နာမှာ မကြာခဏဆိုလေ့ရှိတာက ”ဆရာမ” သီချင်းပါ။ ”ငွေသော်တာရောင်ခြည်.......ထိန်လင်းတော့သည်.....” ဆိုပြီးစတာနဲ့ လက်ခုပ်သံတွေ သောသောညံနေတော့တာ။ နောက်ဆုံးမှာ ” .... သဒ္စါကပိုသည်.....ဆရာမကိုပဲ အသည်းစွဲအောင်...ချစ်မိသည်...” ဆိုတဲ့အပိုဒ်ရောက်ရင်တော့ အဆောင်နည်းပြဆရာမ မမတွေရဲ့ မျက်နှာလေးတွေ ရဲရဲနီအောင် ရှက်သွေးဖြန်းကြတော့တာလေ...။ အဲဒီလိုနဲ့ လှပ နွေးထွေး ရင်ခုန်စရာကောင်းတဲ့ ညလေးတစ်ညကို ကျော်ဖြတ်ခဲ့ကြပါတယ်။
လွမ်းမိတဲ့ အဆောင်သူဘ၀ တစ်ပိုင်းတစ်စရယ်ပါ...။
မိုးစက်ပွင့်
သတိရတယ်။ အဆောင်မနေဖူးပေမဲ့...
ReplyDeleteပျော်စရာကောင်းတဲ့ အချိန်လေးတွေပဲ...
ReplyDeleteသင်းကွဲလေးရဲ့ ဘဝကို ကြောင်ပုံနဲ့ သရုပ်ဖော်တာ သဘာဝကျတယ်...း)
ReplyDeleteဆုရကဗျာလေး ပျောက်သွားတာတော့ နှမျောစရာ...
းဝ)