Thursday 26 August 2010

သူငယ်ချင်း(၂)


ကိုယ်သူ့ကို စသိတာက (၇)တန်း။
တနေ့မှာ စိတ်ကူးပေါက်ပေါက်နဲ့  ကိုယ့်ပုံကိုကိုယ် ပြန်ဆွဲထားတဲ့ မလှမပ ပန်းချီပုံကလေးက အတန်းထဲမှာ ကျပျောက်သွားတယ်။ စာအုပ်ထဲက လျှောကျသွားတာကို မသိလိုက်တာပဲ ဖြစ်မှာ။  ကိုယ်သိပ်ဖြစ်ချင်တဲ့ ဆရာဝန်မပုံလေးကို ဂျူတီကုတ်ဝတ်ပြီး လည်ပင်းမှာ နားကြပ်လေး ဆွဲထားတယ်။  အောက်မှာ ကိုယ့်နာမည်နဲ့   ဘွဲ့တွေ ရေးထားတယ်။  နောက်နေ့မှာ ကောက်ရတဲ့ အထဲက အစ အနောက်သန်တဲ့ ကျောင်းသားတွေက သင်ပုန်းကြီးမှာ ကိုယ့်ပုံကို ကပ်ထားပြီး ရယ်ပွဲဖွဲ့ကြတယ်။   ရှက်လိုက်တာ အရမ်းပါဘဲ။  ဆရာဝင်လာရင် ပိုတောင် ရှက်ရဦးမယ်ထင်ပါရဲ့။  ကိုယ်သွားခွာဖို့ကြိုးစားတယ်။ အတန်းထဲမှာ အသက်အငယ်ဆုံးလဲဖြစ်၊ နဂိုရ်က ခပ်ပုပု ကိုယ့်အရပ်နဲ့ မမီဘူးဖြစ်နေပြန်ရော။  ကျောင်းသားတွေ ပိုရယ်ကြတယ်။  စားပွဲပေါ်မှောက်ပြီး ငိုနေတုန်း -  “ဟေ့၊ဟေ့ ဘာလုပ်တာလဲကွ” လို့   ရယ်နေတဲ့ ကျောင်းသားတွေ  အော်တာမေးတာ ကြားရတော့ ကိုယ် မော့ကြည့်မိတယ်။  နင်ရယ်လေ။  သင်ပုန်းက အရုပ်ကို ခွာပြီး ပြူတင်းပေါက်ကနေ ပစ်ချလိုက်ပါရောလား။  အကျီစားသန်တဲ့ ကျောင်းသားကြီးတွေရဲ့ ပစ်မှတ်က နင်ဖြစ်သွားတယ်။  ဟေ့ကောင်  A မင်းက သူ့ကို ကြိုက်နေတာကိုး တဲ့။ နင်ကတော့ ခပ်တည်တည်ပဲ။ အတန်းဖေါ်  မိန်းကလေးတယောက်ရဲ့ အခက်အခဲကို ကူညီလိုက်ရတဲ့ အတွက် ဘာပြောပြော ဂရုမစိုက်ဖူးပေါ့။  ကျေးဇူးတင်လိုက်တာ A ရယ်။  နှုတ်က ထုတ်ဖေါ်ခွင့်မရပေမဲ့ ရင်ထဲကပဲပေါ့နော်။

၈တန်းမှာ ကိုယ်တို့  ပိုခင်လာကြတယ်။  နင်ကျောင်းပျက်ရင် တို့ဆီကပဲ စာအုပ်အမြဲငှားတာလေ။    ဒါပေမဲ့ ပါတ်ဝန်းကျင်ကို ကြောက်လွန်းလို့  သိပ်အခေါ်အပြောမလုပ်ရဲပါဘူးဟာ။  မှတ်မှတ်ရရ နင့်ခြေထောက်ကို သစ်ငုတ်စူးတော့ ထော့နဲ့နဲဖြစ်နေတဲ့ နင့်ကို သနားလိုက်တာ။  ဘေးနားက သူငယ်ချင်းက  “ပိုးမ၀င်စေနဲ့နော်၊ နို့မို့ဆို ခြေဖြတ်ပစ်ရမှာ” လို့   ညင်ညင်သာသာ ဖေးဖေးမမ အားပေးတော့ ရင်မှာ နင့်ကနဲဖြစ်ပြီး ကိုယ့်မျက်ရည် ပိုးပိုးပေါက်ပေါက်ကျခဲ့ရတာ ကိုယ့်ဖာသာတောင် နားမလည်နိုင်ဘူး။  ငယ်ဘ၀ သံယောဇဉ်ဟာ သူငယ်ချင်း ထက် စွန်းစွန်းလေးတော့ ပိုခဲ့မယ် ထင်ပါတယ်။ ညအတူတူအိပ်တဲ့ အစ်မ၀မ်းကွဲက “ဟဲ့ - နင်ညက ထ ယောင်သေးတယ် သိလား။ A ရယ်-  နင့် အမှတ်တွေနည်းလိုက်တာ တဲ့”။  အစ်မက နောက်တတ်တဲ့သူဆိုတော့ မယုံချင်ပါဘူးလေ။  ၈တန်း စာမေးပွဲ တွေဖြေခါနီးတော့   အတန်းပိုင်ဆရာမက နင့်ကိုခေါ်ပြီး ငါ့အပေါ် မောင်လို နှမလို သဘောထားဘို့ဆုံးမသေးတယ်လို့   နောက်မှ ပြန်ကြားရတယ်။ ဆရာမကို ငါ မတိုင်ရပါဘူး A ရယ်။  ဆရာမက သူများပြောစကားနဲ့  အထင်လွဲပြီး ကိုယ့်ရဲ့ ကိုယ့်ပညာရေးအပေါ် ပူပန်စိတ်ကို နားလည်နိုင်ပေမဲ့ နင်က ခပ်စိမ်းစိမ်းဖြစ်သွားတော့ ၀မ်းနည်းမိတာပေါ့။

ကိုးတန်းရောက်တော့ တို့တွေ မြို့ကျောင်းကို တူတူတက်ရပြီပေါ့။  ငါတို့   စက်ဘီးကိုယ်စီနဲ့   မြို့ကို ကျောင်းတူတူသွားကြတယ်လေ။  ငါတို့ မိန်းကလေး တွေရဲ့ နောက်မှာ နင်တို့  ယောက်ျားလေးတွေက ခပ်ခွာခွာနင်းရင်း စောင့်ရှောက်ကြတာပေါ့။  တကယ်ဆို မြို့ကျောင်းက လမ်းသရဲလိုလို ကောင်တွေကလည်း ထိခလုပ်ပါးခလုပ် လုပ်တတ်ကြလွန်းလို့လေ။  မြို့ကျောင်းမှာ   နင်က ကောင်ချောလေးတယောက်အဖြစ်နဲ့  မိန်းကလေးတွေရဲ့ စိတ်ဝင်စားခြင်းခံရသူဖြစ်လာတယ်။    နင့်ရဲ့ အခင်ဆုံးသူငယ်ချင်းဆိုတဲ့ ငါ့ကို တကူးတက အခန်းဝမှာ လာလာကြည့်ကြပြီး  သူတို့ထင်ထားတဲ့ စိတ်ဝင်စားစရာပုံစံမျိုး မဟုတ်ဘဲ သာမာန်ရွက်ကြမ်းရေကျို မိန်းကလေးပုံပဲဆိုတာ တွေ့တော့ အံ့သြသွားကြတယ်။  အဲဒီတုန်းက ငါတကယ်စိတ်ဝင်စားတာကလည်း ကျောင်းစာပဲ။  တဖြေးဖြေး   နင် တို့အဖွဲ့နဲ့ တူတူမပြန်ဘဲ နောက်ကျတတ်လာတယ်။  နင် ကျောင်းပြေးနေသလား၊ အပြင်မှာ ဘာတွေလုပ်နေသလဲ ငါမသိဘူး။ နင် စိတ်လေမှာ ငါတကယ်စိုးရိမ်ပါတယ်။   “ကျောင်းစာတွေ လွတ်ကုန်မယ်နော်” လို့   သတိပေးတော့ နင်က “စိတ်ပူလို့လား” တဲ့။   ဘာသဘောနဲ့ ပြောမှန်းမသိပေမဲ့  “မပူပါဘူး” လို့   မျက်နှာထားတင်းတင်းနဲ့  ပြန်ပြောမိသေးခဲ့တယ်လေ။   

ထင်တဲ့အတိုင်းပဲ နင်စာမေးပွဲကျတယ်။   ငါဆယ်တန်းတက်တော့ နင်က ကိုးတန်းပဲထပ်တက်ရတာပေါ့။  ရှက်စိတ်ကြောင့်လားမသိ- နင် ကျောင်းအတူတူ မသွားတော့။  ငါကလည်း သွားရအောင်လို့ မခေါ်ပါ။  နင့်ကို နောင်ကျဉ်စေချင်တယ်။  နောက်ပြီး ငါ့ကိုခင်ရင် ကြိုးစားရမှာပေါ့။    နင်က ကောင်မလေးတယောက်နဲ့  တွဲတယ်၊ နောက်တယောက် ပြောင်းသွားတယ်။  ငါစိတ်မကောင်းပေမဲ့ ပြောပိုင်ခွင့်မရှိပါဘူး။  ဟုတ်တယ်- တို့က သူငယ်ချင်းတွေလေ။  ပြီးတော့ နင့်လမ်းကို နင် ရွေးချယ်ခွင့်ရှိတယ်။  တို့တွေ ပိုလို့  ပိုလို့  ဝေးသွားခဲ့ပြီ။

ငါ ရန်ကုန်တက္ကသိုလ်တက်တော့ နင်ဆယ်တန်းကျပြန်တယ်။  နောက် ကျောင်းထွက်ပြီး မိဘ အလုပ်တွေ ၀င်ကူတယ်။ နှစ်တော်တော် ကြာတော့ အိမ်ထောင်ကျတယ်။ သတင်းသာကြားပေမဲ့ လူချင်းတခါမှ မဆုံဖြစ်တော့ပါ။  နင်အရင်လို ကြည့်ကောင်းတုန်းပဲလား။ ရင့်ရော်တဲ့ ယောက်ျားကြီး တယောက်ဖြစ်နေပြီလား။  တခါလောက်တော့ ပြန်ဆုံချင်သေးတယ် သူငယ်ချင်းရယ်။ ပြီးတော့ အသက်တွေလည်းရလာပြီဆိုတော့ ဘာခံစားချက်မှမရှိဘဲ  ရယ်ရယ်မောမောနဲ့ မေးချင်သေးတယ်။ သူငယ်ချင်းတွေ ပြောကြသလို ကွယ်ရာမှာ ငါ့ကို “ကျွန်တော့် မိုးမင်းသမီးလေး” လို့  နင်ခေါ်ခဲ့သေးသလား ဆိုတာကိုလေ.......။


မိုးစက်ပွင့်

7 comments:

  1. ကဲ... အကြောင်းအရာချင်း ဆင်နေပါရော့လား မမိုးစက်ပွင့်ရေ။ :) မက်ခီယာဗယ်လီကို အကြောင်းပြုပြီး ကံရာဇာကြီး/ငယ်ရော၊ နေအေးရော၊ လက်ရှိအနေအထားတွေကိုပါ ထည့်ပြီး ကျင့်ဝတ်ဝေဖန်ရေးဆောင်းပါးရေးသွားတာ လက်မနှစ်ဘက်လုံး ထောင်ပြလိုက်ပါတယ်ဗျ။ အမကြီးစာ ဖတ်ပြီးမှ စဉ်းစားစရာ၊ ရေးချင်စရာ အစတွေ ပိုထွက်လာတယ်။ ကျွန်တော် သဘောအကျဆုံး စာကြောင်းတွေကတော့ 'ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေအတွက် စိတ်ပိုင်းဆိုင်ရာ၊ ၀ိဥာဏ်ဆိုင်ရာ၊ သဘာဝပါတ်ဝန်းကျင်ဆိုင်ရာ ပေးဆပ်မှူတွေ သိပ်များနေခဲ့ပြီ။' ဆိုတာပဲ။ မှန်ကန်တဲ့ ရှုမြင်ချက်လို့လည်း မြင်မိတယ်။

    ReplyDelete
  2. စကြာဝဠာထဲက ဂြိုဟ်သားတယောက်က ကျွန်တော်တို့ ကမ္ဘာပေါ်က လူတွေကို သေချာ စောင်ကြည့်လေ့လာပြီး ကောက်ချက်ဆွဲတဲ့အခါ မက်ခီယာဗယ်လီရဲ့ စာအုပ်တွေမှာ တွေ့ရတဲ့ လူ့သဘာဝမျိုးရှိတဲ့ လူတွေကို အများစုအဖြစ်တွေ့ရမယ်ထင်ပါတယ်။ အများစုမှာတွေ့ရနိုင်တာမို့ ဒါကိုလူ့သဘာဝလို့တော့ မပြောချင်ပါဘူး။ ဒါပေမယ် လူဟာ ကောင်းကောင်းနေ ကောင်းကောင်းစားချင်တယ်။ ကိုယ်သက်သာနိုင်သမျှ သက်သာမဲ့နည်းလမ်းကိုပဲ ရှာကြံစဉ်းစားကြတယ်။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေဟာ ဒီလိုအင်ဆန္ဒကနေ ပေါ်ထွက်လာတာပဲ မဟုတ်လား။ လူသက်သာမဲ့ အမျိုးမျိုးသော စက်ကိရိယာတွေ (အ၀တ်လျှော်စက်၊ ပန်ကန်ဆေးစက်၊ မြက်ရိပ်စက် စုံနေတာပဲ။)ကို ထွင်ပြီး အကြီးအကျယ်ရောင်းနိုင်တာကိုသာကြည့်တော့။ တဘက်မှာ တာဝန်ယူချင်တဲ့စိတ်က အားနည်းပုံရတယ်။ တချို့ အတွေးအခေါ်သမားတွေက ဒီအချက်ကို အထူးအဆန်းမဟုတ်ဖူးလို့ သဘောထားပြီး သူတို့ရဲ့ ကျင့်ဝတ်သီအိုရီတွေကို လူရဲ့ ဒီသဘာဝနဲ့ ကိုက်တဲ့ သီအိုရီမျိုးကို ချပြတယ်၊ မက်ခီယာဗယ်လီက ကျင့်ဝတ်နဲ့ ပတ်သက်ပြီး ဘာမှ မပြောပဲ ပြောခဲ့တဲ့ လူ့ရဲ့ သဘာဝကို အခြေခံမှတ်ယူချက်တခုအဖြစ် သတ်မှတ်ပြီး အုပ်ချုပ်နည်းစာအုပ်ရေးတာလို့ ကျွန်တော်က သဘောပေါက်တယ်။ တခုရှိတာက ပြောခဲ့သလို လူဟာ ဇိမ်နဲ့နေချင်ပြီး တာဝန်မယူချင်တာဟာ လူတိုင်းမှာ တွေ့ရတတ်တဲ့ လူ့သဘာဝဆိုဦးတော့။ ဒါကို သဘောကျရမယ်၊ လက်ခံရမယ်လို့ အဓိပ္ပါယ်မထွက်ဖူး။ ဒါကိုလက်ခံခိုင်းတဲ့ ဖီလော်ဆော်ဖီတွေ (ဥပမာ ပြောခဲ့တဲ့ တကိုယ်တော်ဝါဒ) ဆိုတာမျိုးတွေဟာ ကျွန်တော့်အမြင်မှာတော့ တရားမျှတမှုရှိတဲ့၊ နေချင်စရာကောင်းတဲ့ လူ့အသိုက်အမြုံတခုကို ဖန်တီးပေးနိုင်မှာမဟုတ်ဖူး။ ဒီအကြောင်းကို ခေါင်းထဲစဉ်းစားပြီးသား၊ တချိန်မှာ ချရေးပစ်မယ်ထင်ပါတယ်။

    ReplyDelete
  3. နောက်တခါ 'တစ်ပိုင်တစ်နိုင်ရော၊ မူဝါဒဆိုင်ရာရော ၀ိုင်းဝန်းကြိုးပမ်းနိုင်မှ တော်ကာကျမယ်။' ဒါကိုလည်း လုံးဝ သဘောတူပါတယ်။ ဒီတချက်မတော့ ကျွန်တော်က ဘာသာရေး ကိုးကွယ်ယုံကြည်မှုတွေကို ပိုပြီး အထင်ကြီးမိတယ်။ ပလေတိုတို့ကနေ အထူးသဖြင့် ရီနေဆင့်ကာလမှာ ပေါ်ထွန်းခဲ့တဲ့ justice theory တွေဟာ လူ့အဖွဲ့အစည်းရဲ့ ဖွဲ့စည်းပုံ၊ တနည်းအားဖြင့် မူဝါဒပိုင်းကိုပဲ အာရုံစိုက်ကြတယ်။ ဥပမာ သူတို့ရဲ့ မေးခွန်းက What would be the just distribution of resources? ဆိုတာမျိုး။ ကျွန်တော့အမြင်မှာတော့ တရားမျှတမှုဆိုတာ ပြောခဲ့တဲ့ ပေါ်လစီတွေကနေတင် ရမှာမဟုတ်ဘဲ ကျွန်တော်တို့အားလုံး တယောက်ပေါ်တယောက်ထားတဲ့ attitude စိတ်ဓာတ်ဟာ တန်းတူအရေးကြီးတဲ့ အချက်တခုပါပဲ။ ဆက်ရေးရရင် ဆုံးမှမဟုတ်ဖူး။

    နောက်များမှ...

    ReplyDelete
  4. လူရဲ့ စိတ်ဓာတ်ကို attitude ကို ပေါ်လစီတွေက မပြင်နိုင်ဘဲ ဘာသာရေး ယုံကြည်ချက်ကသာ ပြင်နိုင်တယ်လို့ ထင်မိတယ်။ အဲ့ဒိအတွက်ကြောင့် ဘာသာရေး ယုံကြည်ချက်တွေကို (ဒီအပိုင်းမှာ) ပိုအထင်ကြီးမိတယ်လို့ ပြောတာပါ။

    နောက်တခုက စာကျန်သွားတယ်။ ပလေတိုကနေ ကနေ့ထိ ပညာရှင်တွေလို့ပြောရမှာ ကနေ့ထိ ဆိုတာကျကျန်သွားတယ်။

    ReplyDelete
  5. ကိုဝတုတ်ရေ .... ဒီလို သေသေချာချာ တုန့်ပြန်ပေးတာ ကျေးဇူးပါ။ ဟုတ်တယ်- ဘာသာရေး ယုံကြည်ချက်ကို ကျမ မေ့ကျန်သွားတယ်။ ဘာသာရေးအပြင် (လူမှုရေးဆိုင်ရာ) လောကနီတိကိုလည်း ဖြည့်ချင်ပါသေးတယ်။ နောက်ပြိးတော့ ပေါ်လစီ လို့ပြောရမလား system လို့ ပြောရမလား အဲဒါကိုလည်း လုံးလုံးကြီး မစွန့်ချင်သေးပါ။ တချို့ က ဘယ်လိုပဲ ဖြောင်းဖျစေကာမူ အသိမရှိတော့ စံနစ်တို့ တရားဥပဒေတို့ နဲ့ ထိမ်းချူပ်ပေးဖို့ လိုသေးတယ်မို့လား....။

    ReplyDelete
  6. OMG!! I just realized that I put my comments in the wrong post. Sorry, Ama.

    ReplyDelete
  7. ရပါတယ် .... အချင်းချင်းတွေပဲ :-)

    ReplyDelete

ပဲ့တင်သံလေးတွေ .......