ကလင်....ကလင်..ကလင်...
ခေါင်းရင်းက နာရီ နှိုးစက်သံက မပိတ်မချင်း ဒုက္ခပေးတော့မှာမို့ အိမ်သားတွေ နိုးသွားမှာ အားနာလို့ ကမန်းကတန်း စမ်းပိတ်လိုက်သည်။ ခြောက်နာရီခွဲပေမဲ့ မျက်လုံးက မဖွင့် နိုင်သေး။ ဒါပေသိ လူးလဲထပြီးတာနဲ့ အဆင်သင့်ရှိနေတဲ့ သွားတိုက်ဆေး၊ ဆပ်ပြာ၊ သွားပွတ်တံ အပါအ၀င် ရေချိုးခြင်းတောင်းကလေးကို ဆွဲပြီး ရေကန်ရှိရာ သွားလိုက်သည်။ အိမ်သာတက်ခြင်း၊ ရေချိုးခြင်း၊ မျက်နှာသစ်ခြင်း အားလုံးကို တဆက်တည်း လုပ်တတ်တာ ကိုယ့်အကျင့်။ အချိန်ကုန်သက်သာအောင် ရည်ရွယ်ခြင်းဖြစ်သည်။ ထုံးစံအတိုင်း ရေကို ၁၀ခွက်၊ ၁၅ခွက်လောက်နှင့် အပြီးချိုးသည်။ ကမ္ဘာကြီးမှာ ရေချိုရေသန့်တွေ ရှားပါးနေသည်လေ။ သနပ်ခါး လိမ်းတာက ၁၀မိနစ်၊ အ၀တ်လဲတာနှင့်ပေါင်းရင် ၁၅ မိနစ်။ စုစုပေါင်း နာရီဝက်ပျော့ပျော့မှာ အိမ်ကနေ ထွက်လာနိုင်ခဲ့သည်။ အိမ်နှင့် ရုံးက ၁၅မိနစ်လောက် လမ်းလျှောက်ရုံသာဝေးတာမို့ သိပ်ဝေးလှတာမဟုတ်၊ ရုံးကိုရောက်တော့ ၇နာရီမခွဲသေးချေ။ မနက်စာကို ရုံးမှာပဲ စားမယ်လို့ စိတ်ကူးပေမဲ့ နေ့တိုင်းစားနေကျ အစားအသောက်တွေကြည့်ပြီး စိတ်မပါတာနဲ့ မစားတော့ပါဘူး။ အလုပ်လုပ်မယ်လို့ ကွန်ပြူတာလေး ဖွင့်လိုက်ပြီးမှ “ ဟယ်- ရုံးမှာလဲ ဘယ်သူမှ မရောက်သေးဘူး။ လမ်းပေါ်ခဏတက်ဦးမှ“ ဆိုပြီး အညောင်းပြေ အညာပြေ အပြင်ကို လမ်းထွက်လျှောက်မိသည်။
စ ထွက်ထွက်ချင်းတွေ့တာက ဘကြီးလွဏ်းဆွေ ။ ဟေ့ စပ်စုမ တူမကြီး- ဘယ်များလဲကွဲ့။ သြော်- ဟိုနားဒီနားပါ ဘကြီး။ အေး - သတိလေးတော့ ထားသွားဦး ရာသီဥတုက မကောင်းဘူး။ ပဲခူးမှာ ရေကြီးနေသတဲ့။ အညာမှာတော့ မိုးခေါင်နေတယ်တဲ့။ ဟိုစပ်စပ် ဒီစပ်စပ် တော်တော်ဗဟုသုတ စုံတဲ့ဘကြီး။ သူပြောသမျှ ဟို- ဒေ၀ါလီသတင်းစာက ဘာရေးတာ၊ မျက်စိပြူးဂျာနယ်က ဘယ်လို အင်တာဗျူးထားတာ၊ အသံပျောက် ဂျာနယ်က ဘာပြောတာ စသဖြင့် လေတော်တော်ဖြတ်မရတာနဲ့ နာရီဝက် ကျော်ကျော် လောက်ကြာသွားသည်။ “သြော်- သွားလိုက်ဦးမယ်နော် ဘကြီး”.......“အေး၊ အေး၊ မနက်ဖြန်လဲ လာခဲ့ဦး၊ သတင်းတွေ စုထားလိုက်မယ် သိလား“ သြော် - ပီတိစားပြီး အားရှိနေတဲ့ သူ့ဝါသနာ၊ ၀ါသနာ၊ ၀ါသနာ ..............
စကားပြောကောင်းတဲ့ ကိုဇော် တို့အိမ်ဝင်မိတော့ နောက်ထပ် နာရီဝက်လောက်ကြာပြန်ရော....
စကားပြောကောင်းတဲ့ ကိုဇော် တို့အိမ်ဝင်မိတော့ နောက်ထပ် နာရီဝက်လောက်ကြာပြန်ရော....
အံမယ်- ဟိုဘက်အိမ်မှာ ကိုပေါ ကြီးပါလား၊ ဘယ်သူတွေနဲ့ များ ဒေါကြီးမောကြီး ရန်ဖြစ်နေသတုန်း အောက်မေ့တယ်။ အရှေ့ဖက်ရပ်ကွက်က စွမ်းအားသေ အဖွဲ့သားတွေနဲ့ပါလား။ ကိုယ်ပါ ရောပြီး အမှူပါတ်နေဦးမယ် မြန်မြန် ဆက်လျှောက်မှ။
မနက်စာကလည်း ဘာမှ မစားရသေးတော့ လမ်းလျောက်ရင်း ဗိုက်ဆာလာသည်။ ဘယ်အိမ်မှာ ဖရီးကြိတ်ရင် ကောင်းမလဲလို့ ရပ်စဉ်းစားလိုက်သည်။ ပထမဆုံးတွေ့တဲ့ မခင်ဦးမေအိမ်ကိုတော့ ခပ်သုတ်သုတ် ကျော်လျှောက်ခဲ့သည်။ သူ့ဆီမှာ ဘာမှ စားစရာ မရှိတာ သေချာသည်။ တော်ကြာ ကိုယ်တောင် အမြင်မတော် အိမ်ကူရှင်းပေးနေရလိမ့်မည်။ စင်္ကာပူက ပြန်လာခါစဆိုရင်တော့ ပါလာတဲ့ လက်ဆောင် ကလေးတွေ ခွဲတမ်းရလိုရငြား ၀င် နှုတ်ဆက်ရရဲ့။
တလှမ်းနှစ်လမ်းလျှောက်လိုက်တော့ အလိုလို ကံဇာတာ တက်လာသည်ထင့်။ “ညီမလေးရေ မုန့်လက်ဆောင်း လာသောက်ပါဦး“ ဟယ်- မမ ရှင်လေး ကြီးတော့-။ ဒီလို ဖိတ်ခေါ်ချက်မျိုးကို အမိုက်ခံပြီး ဘယ်ငြင်းလိမ့်မလဲ၊ တဘရိတ်တည်း နှစ်ခွက်ဆင့်သောက် ပစ်လိုက်တယ် သိလား။ ဒါပေမဲ့ အရည်တွေဆိုတော့ ဗိုက်က မ၀သေးဘူးပေါ့။ မမရှင်လေးနဲ့ အိမ်ချင်းကပ်လျက်က စူးနွယ်လေး တို့အိမ် ၀င်ကြည့်ဦးမှ။ သူက ဟင်းချက် တအားကောင်းတာလေ။ ခါတိုင်းဆို ကိုယ်မမြင်ဖူးတဲ့ အသုပ်မျိုးစုံ၊ အကင်မျိုးစုံကို သူ့ဆီမှာအားမနာတမ်း သွားသွား စားနေကျလေ။ “ဟယ်- မိုးစက်ရယ် ဒီနေ့တော့ဆောရီးပဲ သိလား၊ တို့ မောလ်ထဲမှာ ဖက်ရှင် အသစ်တွေ သွားသွားဝယ်နေရတာနဲ့ ဟင်းမချက်အားဘူး၊ တို့တောင် ဘာလချောင်ကြော်ကို ထမင်းနဲ့ နယ်စားနေတာ လေးရက်ရှိပြီ“ တဲ့။ ဟိုက်- သေပြီဆရာ။ ကိုအင်ဒီတို့ အိမ်ရှေ့ရောက်တော့လဲ ရွှေညောင်ပင် ကြက်သားသုပ်ကလေး ဘာလေး ခေါ်ကျွေးမလားလို့ စောင်းငန်းစောင်းငန်းနဲ့ ကြည့်လိုက်တော့ တကုန်းကုန်းနဲ့ ကလေးအနှီးတွေ လျှော်နေတာဘဲ တွေ့ရသည်။ ဒါပေမဲ့ အားမငယ်ပါဘူး။ အစိမ်းရောင် လွင်ပြင်ထဲမှာ တဲထိုးနေတဲ့ မချော ဆီပဲ သွားစားတော့မယ်။ သူက တိုင်းရင်းသား အစားအစာတွေ ချက်တာ ပြုတ်တာ အရမ်း ကျွမ်းကျင်တာလေ။ မချော စာရေးတာ သိပ်ကောင်းတာဘဲ ဘာညာနဲ့ စကားရော ဖောရော လုပ်ပြီး ငါးထမင်းနယ်တပွဲ ကြိတ်ခဲ့ရသည်။ အဟောဝတ ကောင်းလေစွ။
မချောရဲ့ တအိမ်ကျော်က “အပြုံးပန်း“ကတော့ အိုဗာဆီးသွားနေသည် လို့ အိမ်ရှေ့မှာ စာချိတ်ထားတာတွေ့ရဲ့။ စဉ်းစားကြည့်တော့ အှိုဗာဆီးသွားတယ်ဆိုတာ ဆီးအလွန်အကျွံသွားနေတယ်လို့ ပြောတာဖြစ်မှာ။ အပြုံးပန်းကတော့လုပ်ပြီ။ ကိုယ့်ကျမ်းမာရေးအခြေအနေကိုများ လူသိခံရတယ်လို့။
ခြေမညောင်းမချင်း ဆက်လျှောက်လာတော့ လမ်းမှာ ကိုဝတုတ်နဲ့ ဇီဇ၀ါ စုံတွဲကို တွေ့ပါရောလား။ ဇီဇ၀ါ့ကိုကြည့်ရတာ ဘာတွေ မကြေမချမ်း ဖြစ်လာတယ်မသိ။ “ယူ အဲဒီလို လူမုန်းများတဲ့ ဖီလော်ဆော်ဖီတွေ ဆက်ရေးနေမယ်ဆိုရင် အိုင့်ဘလော့အကောင့်ကို ပေးမသုံးတော့ဘူး“ လို့တော့ နားစွန်နားဖျား ကြားလိုက်ရသည်။ မမြင်ချင်ယောင်ဆောင်ပြီး ဆက်လျောက်လိုက်မယ်၊ တော်ကြာ ဇီဇ၀ါ့ဒေါသတွေ ကိုယ့်ဖက် လှည့်လာမှာ ကြောက်ရသည်။
မကေ၊ မမေငြိမ်း၊ မတူးတူးသာ၊ အိမ့်ချမ်းမြေ့၊ ပန်ဒိုရာ တို့အိမ်ကိုတော့ မြန်မြန်လေးပဲ ကျော်ခဲ့သည်။ သူတို့ က အေးရာအေးကြောင်း ဥပုသ်စောင့် နေတာ များတော့ ကိုယ့်ကို ဧည့်မခံနိုင်တာ များလေသည်။
ဟော- ကိုလူထွေး၊ မအယ်ဇီ နဲ့ မမိုးချိုသင်း တို့ပါလား။ မျက်နှာလည်း မကောင်းဘူး။ “ဘာဖြစ်လာကြတာလဲဟင်“ ။ “သူတို့ နှစ်ယောက်ပေါ့၊ ကာတွန်း လက်သရမ်းကြတာလေ၊ အခုတော့ အဆိုတော် အရိုးက သူ့သီချင်း မူပိုင်ခွင့်နဲ့ တရားစွဲထားလို့ ပေါ့“ မအယ်ဇီက ကျန်လူနှစ်ယောက်ကို လက်ညှိုး ထိုးပြီး ပြောတော့ ကိုလူထွေးကလဲ “ မအယ်ကလဲ၊ ချီးကျူးခံတုန်းကအတူတူပဲဟာ၊ တရားရုံးသွားတော့လဲ တူတူပဲပေါ့ဗျ- ဟဲဟဲ“ ဟု ထုံးစံအတိုင်း တစက်ကလေးမှ မညှိုးနွမ်းသော မျက်နှာနှင့်ပြောသည်။ “အေးလေ- ဘာဖြစ်လဲ၊ ရုံးခဏခဏ တက်တော့ ၀ိတ်ကျမယ်၊ နောက်ပြီး တရားခွင် အတွေ့အကြုံများ ဆိုပြီး အခန်းဆက် ပို့စ်တခုလောက် ရေးတင်လိုက်စမ်းဘာ“ ဟု မချိုသင်းက ခပ်ပြုံးပြုံး ၀င်အားပေးတော့ မအယ်ဇီက သူမကို အပြုံးတ၀က်နဲ့ မျက်စောင်းလေးထိုးပြီး ပုတ်လုံးကလေးလို လိမ့်လိမ့် လိမ့်လိမ့်နှင့် ထွက်ခွာသွားတော့သည်။ ကိုယ်လဲ အင်း ၊ မူပိုင်ခွင့်၊ မူပိုင်ခွင့် သတိထားမှ ဟု ရေရွတ်ရင်း ကျန်ခဲ့ပြန်၏။
လမ်းမှာ မရွှေစင်ဦးကို ကရောသောပါး သုတ်သီးသုတ်ပြာ လမ်းလျှောက်လာတာတွေ့လို့ နှုတ်ဆက် လိုက်ရပြန်သည်။ “တို့ဘော်ဒါ ကိုကြီးကျောက် အသည်းခွဲမယ်ကြားလို့ ကွန်ပြူတာဆိုင်ပိတ်ပြီး လူမမာ သွားမေးမလို့” လို့ ပြောသည်။ ”သြော်- ကိုကြီးကျောက်ဆိုတာ သူစွံကြောင်း အမျိုးမျိုးကြွားတတ်တဲ့ ဘလော့ဂါကြီးလား၊ ဒီလောက်စွံနေမှတော့ သူ့အသည်းက အိုဗာဝိတ်ဖြစ်သွားတာ နေမယ်“ လို့ ကိုယ်က မှတ်ချက်ချလိုက်သေးသည်။ “ ဒါပေမဲ့ အဲဒီဘလော့ဂါကြီးက ခင်စရာကောင်းပါတယ်၊ ကျမ ဆုတောင်းပေးတယ် ပြောလိုက်ဦးနော် အစ်မ“ လို့ လူကြုံပါးရတာဝါသနာပါသော ဗမာပီပီ အထုပ်မဟုတ်တောင် စကားလေးတော့ လူကြုံပါးလိုက်သေးသည်။
အင်း - မိတ်ဆွေတွေက အများကြီးကျန်သေးတယ်။ ဘယ်သူ့ အိမ်ဝင် နှုတ်ဆက်ရင်ကောင်းမလဲလို့ စဉ်းစားနေတုန်း.......................................
..................................
..................................
..................................
.................................
“ဘယ် သဝေထိုးနေတာတုန်း”
ဆိုတဲ့ မိုးခြိမ်းသံတမျှ ကျယ်လောင်သော အသံကြီးကို ကြားလိုက်ရလေသည်။မော့ကြည့်လိုက်တော့ ခါးကို လက်နှစ်ဖက်နဲ့ စုံထောက် ( အစုံလိုက်ထောက်ထားခြင်း) ထားတဲ့ ကိုယ့် ဘော့စ်ကို မြင်လိုက်ရသည်။ သူ့မျက်လုံးတွေက မီးတ၀င်းဝင်းတောက်နေသည်။
“ ဘယ်မှာ လဲ ရီပို့ ၊ ဒီနေ့ ဒက်လိုင်း လေ”
အမ်၊ သူများမသထာရေစာ လေးတွေ စားထားသမျှ ပြန် အန်ချင်သွားသည်။ ဟုတ်ပါ့- မေ့နေလိုက်တာ။ လကုန်ရက်ဆိုတာ လခထုတ်ဖို့အတွက်သာ ကောင်းတာ၊ ရီပို့ထ်ရေးဖို့ဆိုတဲ့ တာဝန်ကြီးကိုတော့ မုန်းလှ ကြောက်လှပါသည်။ ဒါပေမဲ့ “မရဲသော်၊ ပြေးခဲစေ၊ မပြေးသော်၊ကန်ရာရှိ” (ဟိုက်- ရောကုန်ပြီ)၊ “သူ့ဆန်စား၊ရဲစေ” “မချစ်သော်၊ အောင်ကာနမ်း၊ မနမ်းသော်၊ ပင့်သက်ရှူ” ဆိုတဲ့စကားအတိုင်း ( ဘလော်ဂါ ဇောင်း ရဲ့ ကျေးဇူးတွေပေါ့) အသက်တချက် ၀၀ ရှုလိုက်ပြီး “ဒီနေ့၊ ဒီနေ့ ၊ ရ ရ ပါစေ့မယ် ဘော့စ်စ်စ်စ် ရယ်.......” လို့ သူကြာခိုတာ လူမိသွားတဲ့ မယားကြောက်လင် လေသံလေးနဲ့ ပြောလိုက်ရတော့တယ်။ “ အချိန်မီ မပြီးရင်တော့ ....................ဟွင်း ” သူက ဆက်မပြောပေမဲ့ ကိုယ် အလိုလို နားလည်နေမိသည်။ ဆက်မပြောပါနဲ့တော့ ဘော့စ်ရယ်၊ ကိုယ့်မှာ ရင်ဆိုင်စရာ စွမ်းအားမရှိတော့လို့ပါ။ “သူ့ မှာလဲ အကြွေးတွေနဲ့၊ ကျမ မှာလဲ ကလေးတွေနဲ့ ” မို့ ..........................................
ကိုယ်လဲ အချိန်မဆိုင်းဘဲ လေးညှို့မှလွှတ်သော မျှားတစင်းပမာ ဘလော့လမ်းကြားကလေးဆီက အလုပ်ရှိရာဆီ သုတ်ခြေတင်ပြီး ပြေးထွက်ခဲ့ရလေတော့သည်။
“ဒီနေ့ ကံမကောင်းပါလား”
*****************
အားလုံး ပျော်ရွှင်ပါစေ.............
မိုးစက်ပွင့်
အမှတ်မထင် အိမ်လည်ထွက်လိုက်တဲ့ မမိုးစက်ပွင့်ရဲ့ ပိုစ့်လေးက
ReplyDeleteဒီနေ့က နိုင်ငံတစ်ကာ Blog Day ဆိုတော့
ဒီပိုစ့်လေးက ဘလော့ဂါနာမည်တွေနဲ့ တန်ဆာဆင်ထားတာကြောင့် တစ်ကယ့်ကို အမှတ်တရလေးဖြစ်သွားတယ်ဗျာ
ကျေးဇူးတင်၏
ZaunG
www.blogday.org :)
ReplyDeleteဟွန်းနော်၊ သူများကို၊
ReplyDeleteအခုတလော မအားလို့နော်၊
ဟိ..သိပ်ရေးတတ်တဲ့ မိုးစက်...
ReplyDeleteမှန်တယ်..ခုတလော ကစားမိနေတယ်..
ဟင်းမချက်တော့တာက တင်ပြီးသားဟင်းမျိုးတွေပဲ ဖြစ်နေလို့ပါ...ချက်တတ်သလောက်က ကုန်ပြီလေ
စူးနွယ်လေး
အတော်ဟုတ်. နောက်ဆိုဝင်ခဲ့ပါ. မချက်ပေမဲ့ ဝယ်ထားတာတွေအများကြီးရှိတယ်။ ကိုကာကိုလာတို့ ပေါင်မုန့်.့ ကွတ်ကီး ဘီစကစ်. ပန်းသီး.လက်ဘက်။ နွားနို့.. ရှိတာ အားလုံးကျွေးပါ့မယ်။ ဥအာလဲ ချက်ကျွေးပါ့မယ်။ အာလူးနဲ့ ကြက်ဥချဉ်ရည်ရောချက်တာ တစ်ခါတစ်လေ ပုဇွန်ပါါထည့်ချက်လိုက်သေးတယ်။ လာပါ အမိရယ်။
ReplyDelete