Monday 30 August 2010

“အမွှေးတိုင် “ကို မုန်းသည်

တီဗွီခလုတ်ကို ဖွင့်လိုက်တာနဲ့   ဖန်သားပြင်ပေါ်မှာ မကြာမကြာတွေ့ရလေ့ရှိတဲ့  “လိုတရ” “ကံပွင့်”  “အောင်သိဒ္ဒိ” “ရွှေပြည့်ငွေလျှံ“ “၀င်းဝင်း“ ဆိုတဲ့ အမွှေးတိုင်၊ နံ့သာတိုင် ကြော်ငြာတွေ .............. .။ ကြော်ငြာ မင်းသမီး ချောချောလှလှလေးက ဧရာမ စိန်လက်စွပ် ပြူးပြူးကြီးဝတ်ထားတဲ့ သူ့လက်ချောင်း လှလှလေးတွေနဲ့    အခိုးအငွေ့ တလူလူထွက်နေတဲ့  အမွှေးတိုင်ချောင်းတွေကို ဘုရားမှာ ကပ်လှူပူဇော်နေဟန်၊  မစားရ ၀ခမန်း ကြော်ငြာစာသားတွေ၊ လိုအင်ဆန္ဒတွေ ပြည့်ဝလို့ ပြုံးပျော်နေပုံ ဟန်ပါပါ လှုပ်ခါယမ်းပြီး သရုပ်ဆောင်လိုက်တာများ  ကြည့်ရင်းနဲ့  အမွှေးတိုင်ထုပ်တွေ ဒါဇင်လိုက်ဝယ်ပြီး ဆုတောင်းပစ်ချင်စိတ် ပေါက်သွားစေရမယ်။
ဒီ လှပတဲ့ မြင်ကွင်းရဲ့နောက်မှာ မလှပတဲ့ အဖြစ်အပျက်ကလေးတွေ ရှိနေပါတယ်။ 
မြန်မာတပြည်လုံးအတွက် အမွှေးတိုင်တွေကို အဓိက ထုတ်လုပ်နေတာကတော့ ရေစကြိုမြို့နယ် ကပါ။  ရေစကြိုက နံမည်ကြီး ရှင်မတောင်သနပ်ခါးထွက်သလို ပါတ်ဝန်းကျင်ကရွာတွေမှာလည်း သနပ်ခါးခြံတွေ အများအပြားရှိကြပါတယ်။ သဘာဝပေါက်ပင်ဖြစ်တဲ့ သနပ်ခါးဟာ ပူပြင်း ခြောက်သွေ့တဲ့ ရာသီဥတု ကိုမှ အလွန်ပဲ နှစ်သက်ပါတယ်။ ရှင်မတောင်လို ကျောက်သားဆန်တဲ့မြေပေါ်မှာဆို ပိုကျစ်ပြီး ပိုမွှေးတော့တာဘဲ။  ( လွန်ခဲ့တဲ့ နှစ် ၂၀-၃၀ လောက်အထိ တခြားသီးနှံစိုက်ဖို့အတွက် သဘာဝပေါက်ပင်သနပ်ခါးကို တူးတောင်ထုတ်ပစ်ရပါသတဲ့။ အခုတော့ ၀င်ငွေကောင်းတဲ့ အပင်တမျိုးအဖြစ် စီးပွားဖြစ် စိုက်လာကြပါပြီ။)  မူလက အဲဒီ သနပ်ခါး ပင်စည်တွေရဲ့  ကြိတ်ဖတ်တွေကနေ အမွှေးတိုင် ထုတ်လုပ် လာခဲ့ကြတာပါ။  နောက်ပိုင်း တော့ သနပ်ခါးပင်တွေ ရှားပါးခဲ့ပြီမို့  မကျည်းသားကိုကြိတ်၊ အမွှေးနံ့ရောစပ်ပြီး လုပ်ကိုင် လာကြရာကနေ  အခုနောက်ဆုံး ရရာသစ်သားကိုကြိတ်ပြီး ပြုလုပ်လာကြပါပြီ။ အကျိုးဆက် အနေနဲ့   ပူပြင်းတဲ့ ဒီဒေသမှာ အပင်တွေ နည်းသထက်နည်းလာလို့  အပူရှိန်ပိုပြင်းလာ၊ မိုးတွေလည်း ပိုနည်းလာနေပါတယ်။

နောက် အမွှေးတိုင်လိပ်ဖို့အတွက် ၀ါးတွေကို ဂန့်ဂေါဒေသကနေ ၀ယ်ယူပါတယ်။  တပေလောက်ရှည်တဲ့ ဖြတ်ပြီးသား ၀ါးပိုင်းကလေးတွေကို အိတ်ထဲသွတ်ပြီး ရောင်းကြ၀ယ်ကြတာပါ။ အောက်ကလို ပီနံအိတ်တစ်အိတ်မှ တထောင်ပဲရပါတယ်။  ဒါတောင် အစိုအခြောက် စိတ်တိုင်းမကျရင် မ၀ယ်ပါဘူး။ မတန်တဆ ဈေးနှိမ်ထားမှန်းသိသိနဲ့  လည်း ရှောင်လွှဲလို့မရတဲ့ စားဝတ်နေရေးကြောင့်  တနေ့တနေ့   ၀ါးပင်ပေါင်းများစွာ ခုတ်လှဲနေကြပါတယ်။

လက်လုပ်လက်စားတွေက အဲဒီ ၀ါးဆစ်ပိုင်းကလေးတွေကို အမွှေးတိုင်ချောင်းအရွယ် အနေတော် အစိတ်သေးသေးကလေးတွေ ခွဲပြီး ကွန်ကရစ် သို့မဟုတ် ကတ္တရာလမ်းလို မျက်နှာပြင်ခပ်ကြမ်းကြမ်းမှာ ၀ါးစိတ်ရဲ့အနားစောင်းတွေ ချောသွားအောင် လှိမ့်ရပါတယ်။ ပြီးတော့ အစည်းကလေးတွေစည်းပြီး ကုမ္မ္မဏီကို သွင်းရပါတယ်။

အမွှေးတိုင်လက်ခစားလုပ်တဲ့ ကလေးမလေးများကျတော့ အမွှေးတိုင်ကုမ္မ္မဏီကပေးတဲ့  ကြိတ်သားအနှစ်တွေနဲ့   ၀ါးချောင်းစည်းကလေးတွေကို ယူပြီး အမွှေးတိုင် “လှိမ့်”ကြပါတယ်။  လက်ခအနေနဲ့  အချောင်း ၂၀၀ ပြီးရင် ၁၅၀ ကျပ်ရပါတယ်။  လက်မြန်ရင်မြန်သလို တနေ့လုံးကို အချောင်း ၆၀၀ ကနေ ၈၀၀ အထိ ပြီးအောင်လုပ်နိုင်ကြတာမို့  တနေ့ဝင်ငွေက ၅၀၀-၆၀၀ ကျပ်ပါ။ တနေကုန် ခါးချိအောင်လုပ်ရပေမဲ့ ၀င်ငွေက မြို့ပေါ်က ကလေးမုန့်ဖိုးလောက်ပဲ ရကြရှာတာပါ။  ဒါပေမဲ့ အလုပ်မရှိတဲ့ တောသူတောင်သား တွေအတွက် ကောက်ရိုးတမျှင်ပါဘဲ။  ရွာတွေမှာရှိတဲ့ အဲဒီလို အလုပ်မရှိကြတဲ့ ကလေးမလေးတွေအတွက် ဘယ်လိုဝင်ငွေရမဲ့လုပ်ငန်းတွေ ထူထောင်ပေးကြမလဲ ဆိုတာ  လူတိုင်း စဉ်းစားအဖြေရှာသင့်တဲ့ ပုစ္ဆာတပုဒ်ပါ။



ကဲ-  ကုမ္မ္မဏီကြီးများအနေနဲ့ကတော့ လုပ်ပြီးသား အမွှေးတိုင်ချောင်းတွေကို အဆင်သင့် လှလှပပ တံဆိပ်ရိုက်ထားတဲ့ အိတ်တွေထဲကိုသွတ်၊ ကားကြီးကားငယ် အသွယ်သွယ်နဲ့   အရပ်ရပ်ကို ဖြန့်ဖြူးရောင်းချရုံပါဘဲ။  သူတို့က လူကြားကောင်းအောင် သစ်ပင်ပြန်စိုက်တယ် ဆိုပြီး မြေတွေဝယ်၊ သနပ်ခါးခြံတွေ ချကြပါတယ်။  ဒါဟာလဲ သူတို့ကြွယ်ဝဖို့  နှစ်ရှည်ရင်းနှီးမြှုပ်နှံမှုတခုသာပါ။   ဟိုမှာဒီမှာ လှူကြတန်းကြတာတွေလဲ ကြားပါတယ်။  ဒီလောက်နဲ့  ပြည့်စုံပြီလို့  ဆိုနိုင်မလား။ တကယ်ဆို အများပိုင်မြေမှာ တမာ၊ ထနောင်း၊ ဇီး၊ ရှား တွေကိုရော စိုက်ပေးရမှာ မဟုတ်လား။


ရေစကြိုဟာ မြန်မာရနံ့သင်းနေတဲ့  လှပတဲ့ မြို့ကလေးပါ။ သူနဲ့မနီးမဝေး ပခန်းကြီးရွာကလေးက ကိုကြီးကျော် နံမည်ကြီးခဲ့တဲ့နေရာပါ။  ပုဂံနဲ့မရှေးမနှောင်း ရာဇ၀င်တွေ ရှိခဲ့သလို ရှေးဟောင်း  စေတီပုထိုး ဂူ ဘုရားတွေ အများကြီးပါ။ နံမည်ကြီး သရက္ခန် သီဟိုလ်ရှင်ဘုရားနဲ့    ရှေးဟောင်း ကျောင်းတော်ကြီးတခုလဲရှိပါတယ်။  မြို့ရိုးအပျက်နဲ့    မြို့တံခါးဟောင်းကြီးကို တွေ့ရပါတယ်။  ဆံရစ်ဝိုင်းနဲ့ ကလေးငယ်လေးတွေလဲ အများကြီး တွေ့ရဆဲပါ။ ကျမ မနှစ်က  ရေစကြိုမြို့နယ်ထဲက ရွာကလေးတချို့ကိုရောက်ခဲ့ပါတယ်။  ကျမကို မျက်ရည်ကျစေခဲ့တဲ့ ဆရာမခင်ခင်ထူးရဲ့ “၀တ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်” ဆိုတဲ့ ကိုကြီးကျော်နတ်ပွဲနောက်ခံ အချစ်ဝတ္တုကလေး ပူပူနွေးနွေး ဖတ်ပြီးခါမို့  တိုက်တိုက်ဆိုင်ဆိုင်ဘဲ ဆိုပါစို့ ။   အောက်ဖက်  ၀ဲအစွန်က ဘုရားကလေးရဲ့ ရွှေအစစ်တွေကို သူခိုးတွေခွာသွားတယ်လို့ သိရပါတယ်။  နောက် -  ရှေးဟောင်း ဘုရားရှေ့က ခြင်္သေ့ကြီးတွေက ရွာကမိန်းကလေးတွေရဲ့ အရပ်ထက် အဆပေါင်းများစွာ မြင့်မြင့်မားမား စီးလို့  မိုးလို့...။  အောက်ဆုံးကတော့ သနပ်ခါးပင်ကလေးရဲ့ ပုံပါ။ (အလယ်က အပင်ကြီးက နှစ်သောင်းမှ သုံးသောင်းအထိ တန်တယ်လို့ သိရပါတယ်)။
ီု
ဒီနေ့   ကြားရတဲ့ နိုင်ငံတကာ သတင်းထဲမှာ (ရေစကြို မြို့ကလေးမှာ နှစ်၇၀အတွင်း မကြုံစဖူး ရေကန်တွေခန်းခြောက်ပြီး အပင်တွေတောင် သေကုန်သသတဲ့လေ)** ။ အဲဒီမြို့ကလေး တစတစ မှိန်ဖျော့အားကုန်သွားမှာ တကယ်ပဲ စိုးရိမ်ပူပန်မိပါတယ်။  ဒီအမွှေးတိုင်လုပ်ငန်းနဲ့    သဘာဝ ပါတ်ဝန်းကျင် ယိုယွင်းလာတာဟာ အဆက်အစပ် ရှိကိုရှိမှာပါ။
-   တဖြေးဖြေး ပြုန်းတီးလာနေတဲ့ ၀ါးတောတွေ
-  တစတစ ကွယ်ပျောက်လာနေတဲ့ သစ်ပင်သစ်တောတွေ
-  ၀ါးစားမတတ် နေပူရှိန်နဲ့   ခြောက်ခန်းလာနေတဲ့ ရေအရင်းအမြစ်တွေ
-  မီးခိုးတလူလူနဲ့  ကွယ်ပျောက်သွားပြီး ပြာမှုန်တွေသာကျန်ခဲ့မဲ့ အမွှေးနံ့သာတိုင်တွေ
- ဘေးထွက်ဆိုးကျိုး အနေနဲ့    အသက်ရှူလမ်းကြောင်းရောဂါနဲ့   မီးဘေးအန္တရာယ်တွေ
- ........တွေ
- ........တွေ
- ........ တွေ
ကျမတို့ဟာ  “ပြည့်မှန်းမပြည့်မှန်း မသိတဲ့ ကိုယ့်ရဲ့အတ္တဆန်ဆန် ဆုတောင်းမှုလေးတခုအတွက်  ယိုယွင်းမှာသေချာတဲ့ သဘာဝပါတ်ဝန်းကျင်တရားကြီးကို နင်းချေဖျက်ဆီးသင့်သလား? ”

နှမ်းတလုံးနဲ့  ဆီမဖြစ်ပါဘူး လို့ ပြောလေ့ရှိကြတယ်။  လူအများက ဒါကိုလုပ်နေတော့ မကောင်းမှန်းသိလဲ တယောက်ထဲ ကွက်ပြီး ခြိုးခြံမနေချင်ကြတော့ဘူး။  ဒါဟာ လူ့သဘာဝ လို့ပဲပြောရလိမ့်မယ်။ ကုလားအုပ်ပေါ်က ကောက်ရိုးတမျှင်က ဘာမှ မဖြစ်လောက်ဘူးဆိုပေမဲ့ များလွန်းလာတဲ့အခါ ခါးရိုးကျိုးကျသွားရသလိုပါဘဲ....။  ကိုယ်ထွန်းတဲ့ အမွှေးတိုင်ကလေး တတိုင်ကလဲ နောက်ဆုံး ကောက်ရိုးမျှင်ကလေး  ဖြစ်နေနိုင်တာပဲ။

ကျမကတော့ ဘယ်တော့မှ အမွှေးတိုင်မထွန်းပါ.........
သူငယ်ချင်းတို့ကရော အမွှေးတိုင်ထွန်းကြဦးမှာလားဟင်......

မိုးစက်ပွင့်

 တွဲဖတ်ရန် **
(http://www.rfa.org/burmese/news/drought_affects_farmers_in_Magwe_region-08292010170406.html) 
http://www.mizzimaburmese.com/mizzima-tv.html?task=videodirectlink&id=251

11 comments:

  1. အားပေးတဲ့ထဲ တို့မပါ...
    အမွှေးတိုင်နံ့ကို မခံနိုင်ဘူး...တခါမှ မထွန်းခဲ့ဖူးဘူး...
    ခြင်ဆေးခွေနံ့လည်း မခံနိုင်ဘူး:P

    စူးနွယ်လေး

    ReplyDelete
  2. တခါသုံးဝါးတူတွေလဲ တရားခံစာရင်းထဲထည့်ရမယ်။ စားသောက်ဆိုင်တွေ၊ လုပ်ငန်းရှင်တွေကို လူထုက environmentally friendly ဖြစ်တဲ့ဆိုင်၊ ဆက်ဆံရေးကောင်းတဲ့ဆိုင်၊ သန့်ရှင်းတဲ့ဆိုင်၊ ကလေးလုပ်သားတွေကို ခန့်ပေမယ့်ကျောင်းထားပေးတဲ့ဆိုင် စသဖြင့်စသဖြင့် report card တွေထုတ်ပေးရင်ကောင်းမလားလို့။

    ဆက်ရေးပါ အမ။ zizawa-

    ReplyDelete
  3. အရမ်းကောင်းတဲ့ပို့စ်လေး
    မြန်မာပြည်က စီးပွါးရေးသောင်းကျန်းသူတွေ ပါဖတ်ရမှာ.


    မြတ်နိုး

    ReplyDelete
  4. မထွန်းတော့ဘူးမမရေ... အမွှေးတိုင်အရမ်းကြိုက်တာ. အရင်က အသစ်ထွက်တာနဲ့ဝယ်တာဘဲ။ အခုတော့ ဖုယောင်းတိုင်အမွှေးလေးနဲ့ဘဲ ကျေနပ်နေတယ်

    ReplyDelete
  5. အရမ်းကိုကောင်းတဲ့ပို့စ်လေးပါအရင်ကဘယ်သူကိုမှကွန်မက်မပေးဘူးပါ.ဖော်ဝပ်မေးလ်လေးပို့ခွင့်ပြုပါ

    ReplyDelete
  6. Like it.
    cheer!

    ဒါပေမဲ့ ရေခန်းတယ်လို့တော့ မကြားမိဘူး အစ်မ။
    ရေကိစ္စဖြစ်တုန်းက မေးကြည့်မိတယ်။ အိမ်က ခန်းနေကျ ရေတင်ခက်တဲ့ ရေတွင်းတောင် ဒီနှစ် ဘာမှ မဖြစ်ခဲ့ဘူး။

    ဒီကိစ္စကို အကြီးအကျယ် တွေးဖူးပေမယ့် intentionally မရေးခဲ့တာ။ (ကိန်းဂဏန်း အချက်အလက်တွေကို မလေ့လာနိုင်ကလည်း တကဏ္ဍပေါ့။ သူများရေးမှပဲ မြှောက်ပေးမိတော့မယ်)

    အမွှေးတိုင်ကတော့ ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက် သိပ်မရှိဘဲကို မကြိုက်တာ။ (ဘုရားစင် ရှုပ်ပြီး အဓိပ္ပါယ် မရှိဘူးထင်လို့)

    အမွှေးတိုင်မကြိုက်တာ မှန်ပေမယ့်၊ အဲဒီလုပ်ငန်းကြောင့် သစ်ပင် (သနပ်ခါးမဟုတ် - သနပ်ခါးနဲ့သာ အမွှေးတိုင်လုပ်ရင် ရွှေနဲ့ဆက် ဝယ်ရမယ်) ပြုန်းတီးတာ မှန်ပေမယ့် အကြီးကြီးသော အဓိက အကြောင်းကတော့... အဲ... အဓိက ကတော့ အဓိကပါပဲ။ မပြောတော့ဘူး။

    သူ့အရပ်နဲ့ သူ့ဇာတ်မို့ရှိနေတာမှန်ပေမယ့် အမွှေးတိုင်လုပ်ငန်းကို အဓိပ္ပါယ်ရှိတဲ့လုပ်ငန်းလို့တော့ မထင်ဘူး။ ဒါပေမဲ့လည်း ဖယ်ရှားပစ်ရမယ့် လုပ်ငန်းဟုတ်မဟုတ်ထိတော့ သေချာ မစေ့င ကြည့်မိဘူး။

    ဒါပေမဲ့ သစ်ပင် သစ်တော ရာသီဥတုအကြောင်းပြောရရင်တော့ အမွှေးတိုင်က စရမှာ မဟုတ်ဘူး အစ်မ။ အဓိကက အဓိက ဖြစ်နေလို့ပါ။

    ReplyDelete
  7. စူးနွယ်.. တို့လည်းအစတည်းက မကြိုက်တာ.. အခုတော့ ပိုဆိုး..
    ဇီဇ၀ါ ... ၀ါးတူလဲ ဆိုးတာ အသေအချာပေါ့..တရုတ်ပြည်မှာတောင် အော်နေပြီလေ .... certificate စိတ်ကူးလေးကောင်းပေမဲ့ ဝေးနေဦးမှာပါ ...
    မြတ်နိုး ... သူတိုဖတ်ပြီးရင် တို့ကိုချောင်းရိုက်မှာ အဟိ
    စန္ဒကူး ... ညီမလေးအမည်ကိုတည်းက မွှေးပြီးသားပဲနော့
    အနောနိမတ် ... သင့်သလိုသာ စီမံပါ
    ရီတာရေ .... နည်းနည်း ရှည်ရှည် ရေးလိုက်မယ်။ ရေခန်းတာတော့ အမှန်ပဲ။ မိုးဆက်တိုက်ခေါင်တာ ၃နှစ်ရှိပြီလေ။ ဒါပေမဲ့ တနေရာနဲ့ တနေရာတော့ မတူဘူး။ မြို့နဲ့ ရွာလဲမတူဘူး။ ချောက်မြို့နယ်ဆို ဟိုဖက်ရွာနဲ့ ဒီဖက်ရွာတောင် မတူဘူးဖြစ်နေတယ်။ သစ်ပင်နည်းတဲ့အပိုင်းက ပိုမိုးခေါင်တယ်တဲ့။ အမွှေးတိုင်က အရင်တုန်းက သနပ်ခါးအရိုး၊ အမြစ်တွေကြိတ်ထည့်တယ်၊ နောက်ပိုင်း မကျည်းသားကိုကြိတ်တယ်၊ အခု ရရာသစ်ကိုကြိတ်တယ်။ သစ်မှုန်ဖြစ်ရင်ပြီးရော ဆိုတဲ့သဘောပေါ့။ ရာသီဥတုဖောက်ပြန်ခြင်းရဲ့ “အဓိက”ကို တို့လည်း ရီတာနဲ့ထပ်တူ သဘောရပါတယ်။ ဒါပေမဲ့ တခန်းလုံးလင်းဖို့ အားမရှိတော့ ဆီမီးတတိုင်ပဲ ထွန်းလိုက်တာပါ။ (ကြောက်တယ်လို့ ၀န်မခံဘူး-ကွ)

    ReplyDelete
  8. အမွေးတိုင်ထွန်းရင် တဟပ်ဟပ်တချိုးချိုးနဲ့ နှာချေလွန်းလို့ မုန်းမှမုန်းပဲ။
    mm

    ReplyDelete
  9. ဒီပိုစ့်လေးကို ကျယ်ကျယ်ပြန့်ပြန့် လူတွေကြားထဲ ရောက်စေချင်မိတယ်..
    ပညာပေးပိုစ့်လေးတစ်ပုဒ်ပါဘဲ..
    အမွှေးတိုင်လေးအတွက်နဲ့ ပတ်ဝန်းကျင်ပျက်စီးရတယ်ဆိုရင် မတန်တာတော့ အမှန်ဘဲ..
    အမွှေးတိုင်ရဲ့ ကောင်းကျိုးက ဘာများရှိလို့လဲ.......

    ReplyDelete
  10. ရေစကြို သူဖြစ်တယ်ဆိုတော့ ကမ်းလှမ်းဘိတ်ခေါ်ပါရစေ။ Htanyeiknyonyo Yesagyo သို့မဟုတ် yesagyo.com@gmailနဲ့ဖြစ်ဖြစ် face book မှာဝင်ရေးပေးစေချင်ပါတယ်။ဒါမှမဟုတ် yesagyo@googlemail.com မှာဝင်ပြီးရေးပေးစေချင်ပါတယ်။ရေစကြိုချစ်သူများဆိုစုပြီးဖွင့်ထားတာပါ။
့hsw.yso@gmail.com ကပါ။

    ReplyDelete

ပဲ့တင်သံလေးတွေ .......