Sunday 8 August 2010

အညာမြင်ကွင်း

 ကျွန်မခရီးသွားတိုင်း လမ်းကလေးတွေကို ခံစားကြည့်မိပါတယ်။
ရှမ်းပြည်က ကွေ့ကွေ့ကောက်ကောက် တောင်ပတ်လမ်းကလေးတွေ၊ ချင်းတောင်က မတ်စောက်မြင့်မားတဲ့ ချောက်ကမ်းပါးက ထင်းရူးနဲ့ ချယ်ရီ စီသောလမ်းကလေးတွေ ကို စွဲလမ်းမိသလို  ဒီအညာမြေရဲ့ ဖြောင့်ဖြောင့်တန်းတန်း အရိပ်ဝေသော အစိမ်းရောင်လမ်းကလေးတွေကို ချစ်ခင်နှစ်သက်မိပါတယ်။
ဒီလမ်းကလေးက ( ရန်ကုန်-နေပြည်တော်လမ်းမဖေါက်ခင်အထိ) မြန်မာပြည်မှာ တဆက်တည်း အဖြောင့်တန်းဆုံးလမ်းကလေး ဖြစ်ခဲ့တယ်တဲ့။  လမ်းဘေးမှာ ကျမကြိုက်တဲ့ ညောင်မုတ်ဆိတ် ပင်ကြီးတွေရှိတယ်။ အသက် ရာကျော်နေပြီလို့ ထင်ရတယ်။ ဘယ်သူကများ စိတ်ကူး ကောင်းကောင်းနဲ့စိုက်ခဲ့ပါလိမ့်နော်။  တချို့နေရာမှာ ညောင်မုတ်ဆိတ်ပင်တွေ လမ်းဝဲယာမှာ အကိုင်းချင်းယှက်မိုးနေလိုက်တာ နေပြောက်မထိုးနိုင်တဲ့ မြစိမ်းရောင်လှိုဏ်ဂူကလေး လိုဖြစ်နေတယ်။

 တခေါက်က ရေထားတာ ညောင်ဦးကနေ ရေနံချောင်း အထိ ၁၂၈ ပင်ရှိတယ်။  တခါတလေ မိုးကြိုးပစ်လို့ ဒါမှမဟုတ် အိုလွန်းလို့ လဲကျသေနေတဲ့ ညောင်မုတ်ဆိတ်ပင်တွေကိုတွေ့ရရင် စိတ်မကောင်းဖြစ်မိတယ်။ 

အပေါ်ပုံတွေက ဘုရားဟောတဲ့ အနိစ္စတရားကို သရုပ်ပြနေသလိုပဲနော်.....သြော် “အိုခြင်း၊နာခြင်း၊ သေခြင်း”  ဒီလမ်းကလေးမှာ ရှုတတ်ရင် တရားရတာပ....။

 ဒါကတော့ ကျောက်ပန်းတောင်းနားက ဂွေးချိုဆိုတဲ့ရွာကလေးရဲ့ ရှုခင်းပါ။  ကျော်ဟိန်းနဲ့  မင်းသမီး သိဂီင်္ထွန်း တို့  “ပန်းမြိုင်လယ်က ဥယျာဉ်မှူး” ရုပ်ရှင်ရိုက်ခဲ့တဲ့ ရိုက်ကွင်းနေရာ လို့ ဆိုပါတယ်။ ရေနည်းချိန်မို့  ရွှံ့ရောင်ထ နေပေမဲ့ မိုးတွင်းအလယ်ဆို ရေပြင်ဖွေးဖွေးနဲ့ သိပ်လှပါတယ်။


အားလုံးကြားဖူးကြမဲ့   “နွေဦးကာလ၊  မြူထသောခါ....... ” အစချီ ၀န်ကြီးပဒေသရာဇာရဲ့ ထန်းတက်သမားဖွဲ့ ကဗျာလေးကို   မြင်ယောင်မိစေပါတယ်။  သူကအဲဒီလိုအပင်မျိုးတနေ့ကို ၂၀ ကနေ အစိတ် တက်ရပါသတဲ့။
ဟော- သူ ထန်းသီးတွေဆီ ရောက်သွားပြီ။

ဇနီးက ဒီလို မြူအိုးတွေကို ပြင်ဆင်ရပါတယ်။
 “တဆေး” နည်းနည်းစီထည့်မှ ထန်းရည်ကောင်းကောင်းဖြစ်လာမယ်။  လတ်လတ်ဆတ်ဆတ် ပုဇွန်ဆိတ်ခုန်နေတဲ့ ပင်ကျရည်လေး တလီတာလောက် ပေးပါနော်.........။

အညာမြင်ကွင်းကို တူရွင်းတောင်ပေါ်ကမြင်ရတဲ့  မြကန်အလှနဲ့   အဆုံးသတ်ပါရစေ....

မိုးစက်ပွင့်

6 comments:

  1. အီးတီ8 August 2010 at 21:22

    အညာမြေကိုလိုက်လည်တယ်ငယ်ချင်းလေး။
    ကျေးဇူးပါ။ တခေါက်တော့ အေးအေးဆေးဆေး လျှောက်လည်ချင်သား။

    ReplyDelete
  2. မျှဝေမှု့ အတွက်ကျေးဇူးပါ ဒို့များ အညာ ဘယ်ကလောက် လှလိုက်သလည်း

    ထန်းရေ လေးတောင် သတိရတယ်

    ရွှေစင်ဦး

    ReplyDelete
  3. အညာရှုခင်းလေးတွေလည်း တမျိုးလှတယ်နော်...အဲလိုအပင်ယှက် အရိပ်ဝေနေတဲ့လမ်း လေးတွေသဘောကျတယ်
    ထန်းလျက်ချက်တာလည်း ကြည့်ဖူးတယ်

    ReplyDelete
  4. ရှုခင်းလှသလို ထန်းရည်လေးက ချိုမဲ့ပုံဘဲ..
    ဟီး သတိရလိုက်တာ.......

    ReplyDelete
  5. ပန်းမြိုင်လယ်က ဥယျာဉ်မှူးက ကျော်ဟိန်းနဲ့ သိင်္ဂီထွန်းပါခင်ဗျာ

    ReplyDelete
  6. သူငယ်ချင်းအားလုံး မင်္ဂလာပါ
    ကိုရွာသားရေ ကျေးဇူးပါ။ ၀ါဝါအောင် ထင်လို့။ ပြင်လိုက်ပါပြီ.....

    ReplyDelete

ပဲ့တင်သံလေးတွေ .......