Sunday 18 September 2011

သတို့သမီးရဲ့ ငိုရှိုက်သံ




ဟိုး...ဝေးဝေး
အတီတေကာလ
ပျူ၊ ပေါက္ကံ၊ အင်းဝ၊ အမရပူရ
ခေတ်အဆက်ဆက်မှသည်
မြန်ပြည်ရဲ့ ရင်သွေးတွေ
မချို့ငဲရအောင်
ကျွေးခဲ့ မွေးခဲ့ ပေးခဲ့တဲ့
အားလုံးရဲ့ အမိ ဧရာဝတီ ....။




မြန်ပြည်မြောက်ဖျား 
မေခနဲ့ မလိခ မြစ်ညီအမဆုံရာမှသည်တောတောင်အသွယ်သွယ်ဖြတ်လို့ မရပ်မနား
ဆန်စပါး တွေအတွက် မေတ္တာရေချိုတွေထုတ်ပေးခဲ့..
သားငါး တွေမြူးတူးဖို့အတွက် စုန်ချည်ဆန်ချည်စီးဆင်းခဲ့
မြစ်ရိုးတစ်လျှောက် ရောင်းဝယ်ဖောက်ကားဖို့ရာ
သူမရဲံ့ ရှည်လျားတဲ့ကျောကို ခင်းထားပေးခဲ့
ရာဇ၀င်များရဲ့ သတို့သမီး
လှပတဲ့ဧရာဝတီ......။

ခုတော့
ကြည့်လှည့် မြင်လှည့်
ကြမ်းတမ်းတဲ့လက်ဖ၀ါးတစ်စုံအောက်
ရွှေရောင်နေ့ရက်တို့ ပျောက်ဆုံး
ရင်ထဲမချိအောင် သောကတွေ ဖုံးခဲ့ပြီ။

ဧရာဝတီမရှိရင် မြန်မာပြည်မရှိ
မျိုးဆက်ဆိတ်သုဉ်း လူလုံးမလှ
ကန္တာရလိုသွေ့ခြောက်
ကျောက်ခေတ် ပြန်ရောက်မှာ...
နံရိုးပြိုင်းပြိုင်းနဲ့ ကလေးတွေအတွက်
ဝါညိုရောင် သစ်တောတွေအတွက်
မျက်တွင်းဟောက်ပက် ကမ်းပါးယံ တွေအတွက်
အတွက် ....အတွက်...အတွက်....
ရှိုက်သံ တိုးသဲ့ ငိုကြွေးနေခဲ့
ကျွန်မ နှလုံးသားနဲ့ ခံစားမိ
အိုဘယ့်အမိ ဧရာဝတီ...။


မိုးစက်ပွင့် ( ၂၂.၉.၀၉)

 ကျမက ဧရာဝတီမှာ ကြီးပြင်းခဲ့ရသလို၊ ဧရာဝတီရဲ့  ကျောကိုပိုးလို့ ခရီးရှည်တွေ အစုန်အဆန်သွားခဲ့ရသူပါ။  အများနည်းတူ သူ့ကိုချစ်တယ၊ သူ့အတွက်စိုးရိမ်မိတယ်။ ဘာလုပ်ပေးရမလဲဆိုတာ ခုထိသေချာမသိပေမဲ့ သူ့အတွက် တခုခုလုပ်ပေးချင်တယ်။  ဒါကြောင့်မို့ပဲ လွန်ခဲ့တဲ့ နှစ်နှစ်က ရေးခဲ့ဘူးတဲ့ ကဗျာငယ်လေးကို ပြန်ပြီး တူးဖေါ်လိုက်မိပါတယ်။ ဧရာဝတီရောဂါနဲ့ အမီလိုက်တယ်ပဲပြောရင်လည်း ခံပါမယ်။  ( ကျမချစ်မိ အပြစ်ရှိသည်)  လို့ပဲ ဆိုချင်ပါတယ်......။

1 comment:

  1. သတို့ သမီး၇ဲ့ ငိုရှိုက်သံလေးကို ရင်နင့်နင့်နဲ့  ဖတ်သွားပါတယ်။ ရင်ဘတ်ချင်းတူနေကြပါတယ်ဗျာ။

    ReplyDelete

ပဲ့တင်သံလေးတွေ .......