Thursday 4 November 2010

အသည်းကင်ဆာ နဲ့ ဆေးဝါး

အမေ့ အသည်းက ခွဲဖို့ ရက်ချိန်းယူပြီး တရက်အလိုကျမှ မခွဲဖြစ်တော့ပါဘူး။  ဖြစ်ပုံက ဒီလိုပါ။

မူလတတည်းက  အသည်းပါရဂူနဲ့ ခွဲစိတ်ပါရဂူ ဆရာကြီးနှစ်ဦးအနေနဲ့  အမေ့ စိတ်ဓါတ်၊ သွေးပေါင်ချိန်၊ နှလုံးနဲ့  ဆီးချိုကင်းတာတွေကိုကြည့်ပြီး နောက်တကြိမ်ခွဲဖို့  စိတ်အားထက်သန်နေကြပေမဲ့  ကျမတို့ သားသမီး တသိုက်ကတော့ ရတက်မအေးနိုင်ကြပါဘူး။ ပထမတကြိမ်ခွဲစိတ်တုန်းကလည်း အမေ့အသည်းက လေးပုံတပုံလောက် ဖြတ်ထုတ်ခံရပြီးပြီ၊ အခု အနာမကျက်ခင် ဒုတိယအကြိမ်ထပ်ပြီး ခွဲရဖြတ်ရ ဦးမယ် ဆိုတော့ အသက် ၇၀ ကျော် အမေအိုအတွက် အားလုံးရဲ့ ရင်က ခပ်လေးလေးရယ်။  ဒါနဲ့ပဲ  နောက်ထပ် ပါရဂူနှစ်ဦးနဲ့   သီးခြားစီ ထပ်တွေ့ခဲ့ကြပါတယ်။ 

ပထမတွေ့ခွင့်ရခဲ့တဲ့  ဆရာဝန်မကြီးက စီတီစကင်အဖြေ ဖလင်တွေချပ်ကို အလင်းရောင်ပိတ်ကားပေါ်မှာ ထပ်တင်လို့ ကျမတို့ကို အေးဆေး တည်ငြိမ်စွာနဲ့  ရှင်းပြပါတယ်။

  (၁) အမေ့အခြေအနေက အသည်းမှလွဲလို့  တခြား အစိတ်အပိုင်းများကို မပြန့်သေးတဲ့ primary  အဆင့် ၂ အသည်းကင်ဆာ ဖြစ်တယ်  (၂) နောက်တကြိမ် ထပ်ပြီး ခွဲစိတ် လှီးဖြတ်ရင်  လက်ကျန် အသည်းအရွယ်အစားက အလွန် သေးသွားမယ် (၃) ခွဲပြီးလို့  ကျန်နေတဲ့ အပိုင်းမှာလည်း ကင်ဆာအမြစ် ကျန်နေဖို့ များတယ်၊  အခုလိုပဲ နောက်ထပ် ပြန်ဖြစ်လာနိုင်တယ်  (၄) အခု ကင်ဆာကျိတ်ရှိနေတဲ့နေရာက အသည်းထဲက သွေးကြောကြီးနဲ့  အလွန်နီးတဲ့အတွက် ကင်ဆာဆဲလ်တွေတခြားကို  ပြန့်ဖို့  အထောက်အကူ အလွန် ဖြစ်နေတယ်၊  ပြန့်ပွားနှုန်း ပိုမြန်စေနိုင်တယ်   (၅) ဒါကြောင့် ခွဲစိတ်ခြင်းကို အားမပေးပါ  (၆) အကုန်အကျခံနိုင်ရင်တော့ နိုင်ငံခြားကို သွားကုကြည့်ပါ၊  ဒါမှမဟုတ်ရင်လည်း သက်တမ်းကို ဆွဲဆန့်နိုင်ဖို့    ကင်ဆာတန့်ဆေး တမျိုး သောက်နိုင်တယ်၊ အဲဒီဆေးက တရက် တသိန်းလောက်ကျမယ်တဲ့။ 

 ကြားရတာက မောစရာ တွေချည်းပါပဲ။ ဒါပေမဲ့ ဆရာမက အချိန် မိနစ် ၂၀ လောက်ပေးပြီး ရှင်းပြတဲ့အတွက် အထူး ကျေးဇူးတင်ရပါတယ်။ (အရင်ဆရာကြီးတွေတုန်းက ငါးမိနစ်၊ ဆယ်မိနစ် ထက် ပိုမရပါ)  သူမရဲ့ အကြံပြုချက်တွေက ကိုယ်တို့   အနေနဲ့  လူအား ငွေအား လိုက်မမီနိုင်တာပဲ ရှိပါတယ်။

နောက်တနေ့ သွားတွေ့တဲ့ ဆရာဝန်ကြီးက ကင်ဆာနဲ့ ခွဲစိတ်အထူးကုပါ။  အထူးပြု ဘာသာရပ်နှစ်ခုကို ကံကောင်းစွာ ပိုင်ဆိုင်ထားတဲ့ ဆရာဝန်ကြီးပေါ့။  ဘာသာရေးစာပေအများအပြားကို ရေးသား ပြုစုခဲ့သူ ကိုယ်တိုင်လဲ တရားရှိသူမို့လားမသိ၊  သူ့ မျက်နှာက မာနကင်းစင်ပြီး တည်ငြိမ်အေးဆေးလို့နေတယ်။  အမေ့ ၀မ်းဗိုက်ကို သေသေချာချာ စမ်းသပ်တယ်။  အနာအကျင်သက်သာအောင်အောင် ဆေးထိုးပေးတယ်။ ပြီးတော့ လူနာရှင်နဲ့ သီးသန့်  စကား ပြောတယ်။  ဒီဆရာဝန်ကြီးကလည်း ခွဲစိတ်မှုထက် အခြား ကုထုံးများကိုသာ အလေးသာ နေပြန်ပါတယ်။  သူ ညွှန်းလိုက်တဲ့ ဆေးက Sorafenib  (Nexavar) တဲ့ ။  အဲဒီဆေး ရက်၂၀ သောက်ပြီးရင် တခေါက်ပြန်ဆေးစစ်၊ ပြီးမှ ဘာဆက်လုပ်ရမယ်ဆိုတာ အကြံပေးပါမယ်တဲ့။

ဒါနဲ့ပဲ ဒုတိယအကြိမ် ခွဲစိတ်မှုကို ဖျက်သိမ်းလိုက်ပါတယ်။  (လူဆိုတာ မွေးလာရင် တနေ့ သေရမှာပဲ၊ အမေ မကြောက်ဖူး သိလား၊ သားတို့သမီးတို့  ကြို့က်သလိုကုပါ) လို့  ပုံအပ်ထားတဲ့ အမေက  ခွဲဖို့ စိတ်ဖို့ မလိုတော့လို့  ၀မ်းသာလိုက်တာ လို့  ပြောရှာပါသေးတယ်။  ကျမတို့ မျက်နှာတွေကတော့ မချိသွားဖြဲလေးတွေ ဖြစ်နေမယ်ထင်ပါရဲ့။


ပထမဆုံးလုပ်ရတဲ့ အလုပ်က  Sorafenib  (Nexavar) ဆေးကို လိုက်ရှာရတာပါဘဲ။  အာရှတော်ဝင်၊ မေတ္တာမွန်၊ အေးရိပ်သာ ၊ ဆင်းဘရားသား အပါအ၀င် ရွှေဘုံသာလမ်းတ၀ိုက်က ဘယ်ဆေးဆိုင် ကြီးကြီးတွေမှာမှ မတင်ပါဘူး။  ခြေတိုအောင် လျှောက်မေးကြပေမဲ့  ဘယ်မှာမှ ဆေးရဲ့အနံ့မရခဲ့ဘူး။  နောက်ဆုံးတော့ ဆင်းဘရားသားက အိန္ဒိယကို လှမ်းမှာပေးမယ်တဲ့။  တလစာ အလုံး၃၀က ၁၅သိန်းလောက် ကျနိုင်သတဲ့။  ကောက်ရိုးတမျှင်ကို ဆွဲမိတဲ့ ကိုယ်တို့ကလည်း မှာပေးပါ ပေါ့။   နောက်တရက်မှာတော့ သတင်းကောင်းရော သတင်းဆိုးပါ ရလာပါတယ်။  သတင်းကောင်းက Nexavar နဲ့ အလားတူတဲ့  ( generic)  ဆေးကို အိန္ဒိယက နံမည်ကြီး  Cipla ဆေးကုမ္မဏီက Soranib ဆိုတဲ့အမည်နဲ့    ထုတ်လုပ်ဖြန့်ဖြူး နေပါတယ်တဲ့။  ဆေးဘိုးက မူလဈေးရဲ့ ဆယ်ပုံတပုံလောက် ပဲရှိတော့မယ်တဲ့။  သတင်းဆိုးကတော့ အဲဒီဆေးက လူကြုံစောင့်ရမှာမို့  ၁၅ရက် လောက် ကြာဦးမတဲ့။  ဒီ့ထက် မမြန်နိုင်တော့ပါ တဲ့။ ရွေးချယ်စရာ တခြားနည်းလမ်း မရှိတာမို့  တလစာ မှာလိုက်ပါတယ်။   နောက်ပြီးမင်္ဂလာဈေးအပါအ၀င် ဆေးလက်ကား ဆိုင်တွေမှာ ထပ်စုံစမ်းလိုက်တော့မှ မူရင်းဆေး  ကို  လမ်းသုံးဆယ်က အိုအီးစီဆေးခန်းမှာ လိုသလောက် ရနိုင်ပါတယ် တဲ့။  အိုး- ပျော်စရာ ပါဘဲ။ Soranib ဆေးမရခင် သောက်ဖို့   ၁၅ရက်စာ ၀ယ်လာခဲ့တယ်။ လက်ရှိ အမေသောက်ရတာ တနေ့  ဆေးဆယ်မျိုးလောက် ရှိနေပြီ။  ကုလက်စရာ ဆရာဝန်ရဲ့ဆေး၊ ဆရာဝန်အသစ်ရဲ့ဆေး၊  တပင်တိုင်မြနန်း ဆေးပြား၊  လင်ဇီး၊  ပန်းဝတ်မှုန် စသည် စသည် စုံလို့ပါပဲ။ အခု တမျိုး တိုးလာပြီပေါ့။

အင်တာနက်ထဲမှာ လိုက်ရှာကြည့်မိတော့  Nexavar  က  အသည်းရဲ့ သွေးလည်ပတ်မှုကို ကန့်သတ် ထိန်းချူပ်ထားတဲ့အတွက် ကင်ဆာပြန့်ပွားနှုန်းကို လျော့ကျစေသတဲ့။ သုတေသနတွေအရ လူနာရဲ့ သက်တမ်းကို သုံးလ ထက်မနည်း ပိုရှည်စေသတဲ့။ Cipla ကို မူရင်းဆေးကုမ္မဏီ Bayer က patent violation နဲ့  တရားစွဲပေမဲ့ အိန္ဒိယ တရားရုံးချူပ်က ပယ်ချလိုက်လို့  ရှူံးသွားခဲ့တာကို ဒီမှာ ဖတ်ရပါတယ်။ ဆေးရဲ့  side effect က ဆံပင်ကျွတ်မယ်၊ ၀မ်းလျှောမယ်၊ သွေးတိုးမယ်၊ အရေပြား ခြောက်သွေ့ ယားယံမယ်တဲ့။ 

နောက် ဘလော့ဂါ ကိုကြီးကျောက်လည်း ဒီရောဂါဘဲ ဖြစ်လို့ ဒီ Nexavar ဆေးဘဲ သောက်နေရတယ်ဆိုတာ ဒီမှာ ဖတ်လိုက်ရ ပြန်ပါတယ်။  အဲဒီအထဲက သူ့ကိုချစ်သော မောင်နှမတွေ အကြံပြုထားတဲ့  green tea၊ အာလူးရည်၊ မုန်လာဥနီရည်နဲ့  ဒူးရင်းသြဇာရွက်  ဆေးညွှန်းတွေကို အိမ်ကို ဖုန်းဆက်ပြီး ပြောပြလိုက်တယ်။ မောင်ငယ်တယောက် ညွှန်းတဲ့ ရဲယိုသီး၊ ရဲယိုရွက် အပါအ၀င်ပေါ့။   ကိုယ်က အလုပ်ရှိရာ အမေနဲ့ အဝေးကို ပြန်ရောက်နေခဲ့ပြီမို့ ပါ။

 အသည်းကင်ဆာကို ကိုကြီးကျောက်က ဟာသနဲ့ တုန့်ပြန်တယ်။  အမေက တရားနဲ့ တုန့်ပြန်တယ်။  တူညီတာက သူတို့  နှစ်ယောက်စလုံးက positive-minded  ဖြစ်ကြပါတယ်။ သူတို့တတွေ တည်ငြိမ်လွန်းလို့   အံ့သြလို့တောင် ယူရပါတယ်။  လေးစားစရာကောင်းလှတဲ့  သူတို့ရဲ့ စိတ်ဓါတ်ခွန်အားတွေ၊ အစွမ်းထက်လှတဲ့ ဆေးဝါးတွေနဲ့  ကင်ဆာကို အနိုင်မတိုက်နိုင်ရင်တောင်မှ အကောင်းဆုံး ခုခံသွားနိုင်လိမ့်မယ်လို့  ယုံကြည် မျှော်လင့်မိပါတယ်။

Lifestyle ကြောင့်လားမသိ လူ့ပါတ်ဝန်းကျင်မှာ ကင်ဆာက ပိုပြန့်ပွား၊ ပို အဖြစ်များ လာသလို ထင်ရတယ်။ (ဒီအပါတ်ထုတ် Good Health ဂျာနယ် ထဲက ပါမောက္ခဦးစိုးအောင်ရဲ့ ဆောင်းပါးထဲ  မှာ ကမ္ဘာပေါ်မှာ လက်ရှိကာလအတွင်း တနှစ်ကို ကင်ဆာ ရောဂါသည်အသစ် ၁၀ သန်း ရှိနေပါသတဲ့) ကိုယ့် ပါတ်ဝန်းကျင် ကျဉ်းကျဉ်းကလေးမှာတင် ကင်ဆာ ဖြစ်သူတွေ တော်တော် များလှတယ်။  သူငယ်ချင်းထဲက လေးယောက် ထက်မနည်း ရင်သား ကင်ဆာ၊  အဒေါ်က သားအိမ်ကင်ဆာ၊ ဦးလေးက ဆီးကြိတ်ကင်ဆာ ခံစား ခဲ့ကြဘူးတယ်။  အခုဆို သူတို့အားလုံးဟာ  early diagnosis ရပြီး  ခွဲစိတ်မှုနဲ့  လူကောင်းပကတိ ပြန်ဖြစ်နေကြပါတယ်။  သူတို့လို အမေ ကံကောင်း နိုင်မလား၊ ကံကောင်းဦးမလား ဆိုတာ  ကိုယ့်စိတ်ကို ခပ်တင်းတင်းဆွဲထားတဲ့  မျှော်လင့်ချက်ကြိုးမျှင် ပါးပါးလေး တချောင်းရယ်သာ ......................။

ဖြည့်စွက်ချက် - 

 အိန္ဒိယ ဘုရားဖူးအဖွဲ့ကနေ တဆင့်မှာတဲ့ Cipla ဆေးကုမ္မဏီက Soranib က တလုံးကို ၄၀၀၀- ၅၀၀၀ လောက်သာကျတဲ့အတွက် အသက်ရှူချောင်ခဲ့ရပါတယ်။ အဲဒီဆေး ကို တနှစ်လောက် အမေသောက်ခဲ့ရပါတယ်။  ကင်ဆာပြန့်ပွားနှုန်းကို သိသိသာသာ ဟန့်တားနိုင်တဲ့အတွက် အမေ့ ရောဂါ အခြေအနေက တော်တော်ကြာကြာ တန့်နေသလိုပါဘဲ။   ဆေးရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့  အသားရောင်တွေ သိသိသာသာ   ဖြူဆွတ်လာတယ်။  အရေကြည်ဖုလေးတွေ လက်ချောင်းခြေချောင်းကြားမှာ ထွက်လို့  လိမ်းဆေးတွေ လိမ်းလိမ်းပေးရပါတယ်။

 ကင်ဆာဖြစ်ပြီး တနှစ်တိတိ ပြည့်တဲ့အချိန်မှာ အမေ ဆုံးသွားခဲ့ပါတယ်။  သူ မှန်မှန်သောက်ခဲ့တဲ့ ဆေးတွေကြောင့်လား၊ ရှေးကုသိုလ်ကြောင့်ပဲလားမသိ၊ ဆိုးဆိုးဝါးဝါးကြီး မခံစားသွားရပါဘူး။  အိမ်နားက ဈေးဆိုင်လေးမှာ အေးအေးလူလူ ထွက်ထိုင်နေရင်း ခေါင်းကလေး ငိုက်စိုက်နဲ့  (ဘယ်သူမှ မသိလိုက်ဘူး) ဆုံးသွားပါတယ်။ ထိုင်လျက်ကနေ လဲလည်း မကျပါဘူး။  အနီးကပ်နေတဲ့ သမီးတွေကတော့ အသက်မမီလိုက်တဲ့အတွက် ယူကြုံးမရ ဖြစ်ကြပါတယ်။ ကျမကတော့ အမေ ဝေဒနာ သက်သက်သာသာနဲ့ ဘ၀နိဂုံး သတ်နိုင်သွားတာကို ပိုလို့သဘောကျပါတယ်။  ဖြစ်နိုင်ရင် ကိုယ့်တောင် အဲဒီလို ညင်သာစွာ နိဂုံးချူပ် ချင်တာပါ။ 

တချို့ကတော့ ကင်ဆာဆေးက နှလုံးကို ထိခိုက်တတ်တာမို့  နှလုံးနဲ့ ဆုံးသွားတာ   ဖြစ်နိုင် တယ်လို့ ပြောကြပါတယ်။   ဘယ်သူမှ အတိအကျ မသိနိုင်ပါဘူး။  နယ်ထုံးစံမို့ အသေးစိတ် စစ်ဆေးနိုင်တဲ့သူ မရှိလို့ပါ။  အမေ့ခန္ဒာကိုယ်က   နောက်တနေ့ အထိ ပျော့ပြောင်းပြီး အသားရောင်က ကြည်လင်နေတယ်။  အမေ အသက်ရှိစဉ်က လူတိုင်းကို   မေတ္တာထား တတ်ပြီး လောဘဒေါသ နည်းတတ်တဲ့ သူမို့   ကောင်းရာသုဂတိမှာ ပြုံးပျော်နေလိမ့်မယ်လို့ ယုံကြည်နေမိပါတယ်..။


မိုးစက်ပွင့်

13 comments:

  1. မမိုး အမေ ကျမ်းမာစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ...။
    ကင်ဆာကို တည်တည်ငြိမ်ငြိမ် တုန့်ပြန်နိုင်ကြတာကို လေးစားမိပါတယ်..။
    ကိုယ်တွေသာဆို အတော်တုန်လှုပ်မိမှာဗျ...။

    ReplyDelete
  2. ပြန်လာတာဝမ်းသာတယ် ပို့စ်ဖတ်ပြီးတော့စိတ်မကောင်းဘူး
    ကုလို့ဖြစ်တဲ့ရောဂါတောင်မှ ပိုက်ဆံမရှိရင်ခက်တယ်နော်
    ကုနိုင်တဲ့သူဆိုရင်တော့ဘာပဲဖြစ်ဖြစ်တော်ပါသေးတယ်

    စူးနွယ်လေး

    ReplyDelete
  3. မိုးစံ စာဖတ်ပြီးစိတ်မကောင်းဖြစ်ရပါတယ်။
    အမေ့ကိုနှုတ်ဆက်ပေးပါ။

    ReplyDelete
  4. အရင်ပို့စ်တုန်းက ဖတ်ပြီး စိတ်မကောင်းဖြစ်ရတယ်
    ဘာပဲဖြစ်ဖြစ်လေ အမြန်ဆုံး ကျန်မာလာပါစေနော်
    မနေ့က လူတယောက်ပြောပြတယ် ဗေဒါရွက် ၊
    ဗေဒါပွင့်ကို ပြုတ်ပြီး သုပ်ကျွေးပါတဲ့ အသံအတွက်
    ကောင်းတယ်ဆိုတယ် ။ ဒူးရင်ဒသြဇာလည်း ကောင်းတယ်
    လို့ကြားတယ် ။မြန်မာပြည်မှာတော့ ရနိုင်တယ်မဟုတ်လားဟင်
    အစဉ်ပြေပါစေနော်

    Baby taster

    ReplyDelete
  5. အသဲ* ရေးတာပါ အပေါ်က

    Baby taster

    ReplyDelete
  6. ဆုတောင်းပေးတဲ့ မောင်လေးနဲ့ မမအီးတီ
    စူးနွယ်လေးနဲ့ ဆေးနည်းပေးတဲ့ baby taster တို့ကို ကျေးဇူးတင်ပါတယ် :)

    ReplyDelete
  7. ကင်ဆာက သိပ်ကြောက်ဖို့ကောင်းတာနော်။ ဆေးစွမ်းကောင်းနဲ့တွေ့ပြီး ရောဂါဝေဒနာ သက်သာပါစေလို့ ဆုတောင်းပေးပါတယ်။

    ReplyDelete
  8. ညီမရေ
    တရားနဲ့ တည်ငြိမ်စွာ ရင်ဆိုင်နိုင်တဲ့အတွက် ကာယကံရှင်လဲ ငြိမ်းချမ်း၊ ဘေးက မိသားစုလဲ အများကြီး မပူလောင်ဘူးပေါ့။ ညီမ အမေ အသည်းက ကင်ဆာဖြစ်နေပေမဲ့ သတ္တိရှိတဲ့နေရာမှာတော့ လောကဓံကို ရင်ဆိုင်တဲ့ အသည်းခွန်အားတော့ တကယ်ကောင်းတယ် ဆိုရမှာပါ။ ကိုကြီးကျောက်ရော ညီမ အမေကိုပါ ချီးကျူးမိပါတယ်။
    အမ ယောက္ခမလဲ ကင်ဆာပါပဲ။ ဒါပေမဲ့ အခု လုံးလုံး ပျောက်ပြီ။ မျှော်လင့်ချက်ထားတာ ကောင်းပါတယ်။ မျှော်လင့်သလိုလဲ ပျောက်ကင်းပါစေလို့ ဆုတောင်းပါတယ်နော်။

    ReplyDelete
  9. လသာည နဲ့ မမိုးချို၊ စာနာအားပေးမှုများနဲ့ ဆုတောင်းများအတွက် လှိုက်လှိုက်လှဲလှဲ ၀မ်းသာ ကြည်နူးမိပါတယ်။

    ReplyDelete
  10. အစ်မရေ ကျွန်မမှာလည်း အစ်ကိုတစ်ယောက် 36 နှစ် ဒီလိုဖြစ်နေလို့ အိုအီးစီဆေးခန်းမှ တဆင့် ဗဟိုရ်စည် ကိုရောက်နေတယ် ။ ငိုရတာလည်းမောနေဘီ။ ပိုက်ဆံကလည်း မတတ်နီုင်တော့ ဘယ်လိုလုပ်ရမှန်းမသိတော့ဘူး၊ အမေကလည်း သွေးကင်ဆာနဲ့ ရန်ကုန်မှာ နိုင်သလောက်နေနေတာ ခုမနိုင်တော့လို့ အိမ်ပြန်ခေါ်တော့မယ်။ အစ်ကိုမှာက ကလေးလေးက တစ်နှစ် နှစ်လ လေးပဲရှိသေးတယ် ။ စိတ်ညစ်တယ် အစ်မရယ်

    ReplyDelete
  11. dear ranong, I do understand how you will feel now and how bad this feeling is. please keep it up sis, I prayed for your family. By the way my mom passed away last year... so I add few paragraphs in the original post.

    ReplyDelete
  12. မမမိုးစံကင်ဆာပဲဖြစ်တာလားအသည်းဆရာဝန်နာမည်ကဘယ်သူလဲဟင်ရန်ကုန်ကလားကျနော့်အဖေကခံစားနေရလို့ပါ

    ReplyDelete
  13. If you’re just starting to learn English, Check this FREE site
    www.speaktomeenglish.com

    ReplyDelete

ပဲ့တင်သံလေးတွေ .......