Thursday 20 August 2009

World Humanitarian Day



ကမ္ဘာ့အထိမ်းအမှတ်နေ့တွေဟာ ပြက္ခဒိန်မှာ တစ်ရက်ပြီးတစ်ရက် တိုးလာလိုက်တာ နေရာလွတ် မကျန်တော့ပါဘူး။ ဒါပေမဲ့ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုရမယ်၊ အဲဒါဟာ မင်္ဂလာတစ်ပါး မဟုတ်ပါလား။ အဲဒီလိုနဲ့ မကြာသေးခင်ကမှ ဂုဏ်ပြုသတ်မှတ်လိုက်တဲ့ နေ့ကတော့ ဒီနေ့ သြဂုတ်လ ၁၉ရက်နေ့ ” World Humanitarian Day ” ဖြစ်လာပါတယ်။


သြဂုတ်လ ၁၉ရက်နေ့ကို ရွေးချယ်ရခြင်းအကြောင်းကတော့ လွန်ခဲ့တဲ့ခြောက်နှစ် ၂၀၀၃ခုနှစ် သြဂုတ်လ ၁၉ရက်နေ့မှာ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့မှာ ထရပ်ကားတစ်စီးနဲ့ဗုံးတွေတင်လာပြီး ပေါက်ကွဲစေခဲ့လို့ ကုလသမဂ္ဂရုံးစိုက်တဲ့ Canal Hotel အဆောက်အဦကြီး ပြိုကျပျက်စီးတာနဲ့အတူ လူ ၂၂ဦး သေဆုံးခဲ့တာကြောင့်ပါ။ အဲဒီအထဲက တစ်ယောက်ကတော့ High Commissioner for Human Right and Special Representative of Secretary General for Iraq ဖြစ်တဲ့ Mr. Sergio Viera de Mello ပါ။ တစ်ကမ္ဘာလုံးသိမ့်သိမ့်တုန်ခါသွားစေတဲ့ အဲဒီဖြစ်ရပ်ဟာ Humanitarian Worker တွေရဲ့ နေ့တစ်ဓူဝ ရင်ဆိုင်နေရတဲ့ အသက်အန္တရာယ်ဘေးတွေကို ကိုယ်စားပြု မီးမောင်းထိုးပြနေပါတယ်။ ဒါကြောင့်မို့ ကုလသမဂ္ဂအထွေထွေညီလာခံက resolution A/RES/63/139 ကို ၂၀၀၈ခုနှစ် ဒီဇင်ဘာလမှာ ထုတ်ပြန်ပြီး သြဂုတ်လ ၁၉ရက်နေ့ကို ” World Humanitarian Day ” အနေနဲ့ သတ်မှတ်ခဲ့တာပါ။ Key mesage ထဲမှာလဲ "............ the dedication of the many thousands of aid workers who have devoted their lives to humanitarian work, matching idealism with action, and principles with practice. Their selfless and non-political endeavours are vital for the necessary acceptance by all concerned that assistance to the needy should be provided impartially and neutrally, without reference to religion, gender, or race." လို့ဖေါ်ပြထားပါတယ်။






ရည်ရွယ်ချက်တွေကတော့ (၁) ကမ္ဘာတစ်ဝှမ်းလုံးက လူသားချင်းစာနာမှူဆိုင်ရာ လိုအပ်ချက်တွေကို အားလုံး သတိပြုလာနိုင်ရေး (၂) လက်ရှိ လူသားချင်းစာနာမှူဆိုင်ရာလုပ်ငန်းတွေကို စွမ်းစွမ်းတမံ လုပ်ဆောင်နေကြသူတွေအပေါ် အသိအမှတ်ပြုရေး နဲ့ (၃) အဲဒီလို လုပ်ငန်းဆောင်ရွက်နေရင်း အသက်ပေးသွားရသူတွေကို ဂုဏ်ပြုရေး .... တို့ပဲဖြစ်ပါတယ်။ ဦးတည်အုပ်စုကတော့ ကမ္ဘာ့လူထုတစ်ရပ်လုံးနဲ့ အလှူရှင်နိုင်ငံ၊ အလှူလက်ခံနိုင်ငံ တွေ ပါဝင်ပါတယ်။


၂၀၀၉ သြဂုတ်လ ၁၉ရက်ကတော့ ပထမဆုံးအကြိမ် Humanitarian Day ကို ကျင်းပတာဖြစ်ပါတယ်။ ဒီနေ့ကစပြီး နောက်နှစ် နောက်နှစ် များမှာလည်း ဒေသစံတော်ချိန် မနက် ၁၀နာရီ မိနစ်၂၀ (ဗုံးပေါက်ကွဲခဲ့တဲ့အချိန်)မှာ တစ်မိနစ် မတ်တတ်ရပ်အလေးပြုဆုတောင်းခြင်းအပါအ၀င်၊ အကြီးအကဲရဲ့ မိန့်ခွန်း၊ မှတ်တမ်းတင် ဗီဒီယို တွေပြသခြင်း စသဖြင့် ကျင်းပ ဂုဏ်ပြုကြမှာဖြစ်ပါတယ်။


Humanitarian Day ကို ဘယ် အဖွဲ့အစည်းတစ်ခုကမှ မူပိုင်လုပ်လို့မရပါဘူး။ ဘယ်ဒေသ ဘယ်နေရာက လူသားကောင်းကျိုးပြု လူ၊အဖွဲ့အစည်းမဆို အကြုံးဝင်လို့နေပါတယ်။ မာသာထရီဇာ၊ ဒေါက်တာ နော်မန်ဗက်သွန်း၊ ဖလော်ရင့်နိုက်တင်ဂေးလ်၊ ဟင်နရီဒူးနန့်မှသည် ဒီကနေ့ခေတ်ရဲ့ ဒေါက်တာ စင်သီယာမောင်တို့အထိ အကြုံးဝင်လိမ့်မယ်ထင်ပါတယ်။ မိမိသက်တမ်းအတွင်းမှာ အများအကျိုး ကိုရည်ရွယ်ပြီး ကိုယ်ကျိုးစွန့်ခဲ့ကြသူတွေပါပဲ။ ကိုယ်မိသားစုအရေး၊ ကိုယ့်ကျမ်းမာရေး၊ ကိုယ့်ဘ၀ ကိုယ့်အသက် ဘာကိုမှမငဲ့ကွက်ခဲ့သူတွေပါ။ နောက်ပြီးသူတို့ဟာ nationalism ဆိုတဲ့ အမျိုးသားရေးစိတ်ဓါတ်ထက် globalism ဆိုတဲ့ ကမ္ဘာ့ရွာသားစိတ်ဓါတ်နဲ့ လူသားတိုင်းအပေါ် ညီတူညီမျှ ချစ်ခင်နိုင်ကြသူတွေပါပဲ။


သူတို့ကိုအထူးလိုအပ်နေတဲ့နေရာတွေကလည်း ဆင်းရဲမွဲတေတဲ့၊ ရောဂါဘယ ကပ်ဆိုက်နေတဲံ၊ အစာရေစာခေါင်းပါးတဲ့၊ သဘာဝဘေးအန္တရာယ်နဲ့ စစ်မက်ထူပြောတဲ့ ဒေသတွေပဲဖြစ်လို့နေပါတယ်။ လက်နက်ကိုင်ဆောင်ခွင့်မရှိတဲ့ သူတို့ဟာ အကြမ်းဖက်သူတို့ရဲ့  လွယ်လွယ်ရနိုင်တဲ့ပစ်မှတ် soft target ဖြစ်နေပြန်ပါတယ်။ ၂၀၀၈ခုနှစ် တစ်နှစ်ထဲမှာတင် နိုင်ငံတကာ အကူအညီပေးရေးဝန်ထမ်း ၁၂၂ယောက် သေဆုံးခဲ့ရပါပြီ။ သူတို့ရဲ့သွေးနဲ့ သမိုင်းရေးခဲ့ကြပါပြီ။


စုန်းပြူးဆိုတာ နေရာတိုင်းမှာရှိစမြဲမို့ ငွေတစ်မျက်နှာပဲကြည့်တဲ့ လူသားမဆန်တဲ့ အတ္တဖက်တဲ့ သူတွေလဲ Humanitarian Worker အသိုက်အ၀န်း ထဲမှာ ပါဝင်နိုင်ပါတယ်။ ဒါပေမဲ့ ကောင်းတဲ့သူတွေ မွန်မြတ်တဲ့သူတွေကို သမိုင်းက မှတ်ကျောက်တင်သွားမှာဖြစ်ပြီး မကောင်းသူတွေကလည်း သမိုင်းစာအုပ်ဘေးက မြောင်းထဲကို အလိုလိုရောက်သွားကြမှာပါ။ ကျွန်မကတော့ ဂျာနယ်ကျော်မမလေးရဲ့ ”သူ” ၀တ္တုထဲက ဒေါက်တာ ကိုမြင့်မောင်လိုလူမျိုးကို လေးစားမိသလို ဆရာဇော်ဂျီရဲ့ ”သင်သေသွားသော်” ဆိုတဲ့ ကဗျာထဲက ခံယူချက်မျိုးတွေကို အားကျမိနေသူပါ။ ဘယ်လောက်အထိလုပ်နိုင်မလဲ ဘာတွေလုပ်ပြီးပြီလဲ ဆိုတာတော့ သူ့အကန့်အသတ်ဘောင်ထဲက အဖြစ်နိုင်ဆုံးအနေအထားအထိ လို့ပဲ အာပတ်လွတ် ဖြေရလိမ့်မယ် ထင်ပါတယ်။ လောလောဆယ်အားဖြင့်တော့ အသက်ပေးသွားကြတဲ့ အများအကျိုးဆောင် Aid Worker တွေကို စိတ်ထဲက လေးလေးနက်နက် ဦးညွှတ် ဂါရ၀ပြုလိုက်ပါတယ်။


မိုးစက်ပွင့်

No comments:

Post a Comment

ပဲ့တင်သံလေးတွေ .......