ချင်းပြည်နယ်ကို ပထမဆုံးရောက်ခဲ့တဲ့ အကြောင်း ဒီမှာ ရေးခဲ့ပြီးပါပြီ။ အခု တတိယအကြိမ်သွားဖြစ်ခဲ့တော့ ချင်းပြည်နယ် ခရီးသွားပို့စ်တစ်ခု နောက်ထပ်ရေးချင်လာမိပါတယ်။



ညောင်ဦး- ဂန့်ဂေါ- ဟားခါး

ညောင်ဦးကနေ မနက်၆နာရီ ထွက်လာတော့ နေ့လည်၁နာရီကျော်မှာ ဂန့်ဂေါရောက်ပါတယ်။  မောင်းချိန် ၇နာရီကြာပါတယ်။  လမ်းတောက်လျောက်မှာ ပွင့်နေတဲ့ ၀ါးပင်တွေ တွေ့ခဲ့ရတယ်။  လဒငှက်ကြီးတကောင်လဲ တွေ့ခဲ့တယ်။ ဂန့်ဂေါမှာ ထမင်းစားပြီး သိပ်မနားနိုင်ပဲ ခရီးဆက်ကြရတယ်။  ဟားခါးကို နေ့ချင်းအမီ ရောက်ချင်တာကိုး။

တောပန်းကလေး(၂)တောပန်းကလေး(၁)ဂန့်ဂေါ ကနေ မိနစ်အနည်းငယ်မောင်းပြီးတာနဲ့   ချင်းပြည်နယ်မှ ကြိုဆိုပါ၏ ဆိုတဲ့ အောက်ချင်းငှက်နဲ့  ဆိုင်းဘုတ်ကို တွေ့ကြရတော့တယ်။  ဟားခါးသို့   (  --) မိုင်ဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ်ကလေးကိုလဲ စိုက်ထားတယ်။  ထူးခြားတာက အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ ရေးထားတာမှာ မိုင်အရှည်နှစ်ခုက  တမျိုးစီ ကွာခြားနေတာပါပဲ၊ ပေကြိုးမတူလို့  နေမှာပေါ့နော်  :-)

ဟားခါး တောင်ပေါ်လမ်းပိုင်းမှာတော့ တောအုပ်စိမ်းစိမ်းနဲ့ ချစ်စရာ တောပန်းလှလှလေးတွေကို မြင်ခဲ့ရပါသေးတယ်။ တခါတရံ ရေတံခွန် အသေးစားလေးတွေကိုလည်း တွေ့နိုင်ပါတယ်။ ၀ါဂွမ်းစိုင်လို တိမ်ဖြူဖြူတွေ၊ မီးခိုးရောင် သိုးမွေးချည်ပုံလို တိမ်စိုင် အလိပ်လိပ်တွေက တောင်တွေရဲ့ ခါးပန်းကို ရစ်သီဖွဲ့သိုင်းလို့။ တောင်ကိုပတ်ပြီး ဖေါက်ထားတဲ့ မြွေလိမ်မြွေကောက် လမ်းလေးမှာ ကိုယ်တို့ကားလေးက တရိပ်ရိပ်ပြေးလို့။ တစ်ဖက်ကတောင်၊ တစ်ဖက်က ချောက်ကမ်းပါး၊ ငုံ့ကြည့်ရင်အသည်းယားစရာ။ ကားလမ်း ကျဉ်းကျဉ်းလေးမှာ အကွေ့ကနေ ကားတို့ ဆိုင်ကယ်တို့ ဘွားကနဲ ပေါ်မလာတတ်လွန်းလို့   ယာဉ်တိုက်မှုမဖြစ်ရအောင် ကားဟွန်းကို တတီတီ ပေးလို့ မောင်းကြရတယ်။  ဒါပေမယ့် ရှူခင်းလှလှတွေရယ်၊ ကားပေါ်က ရောင်းရင်းတွေရဲ့  ဟာသ စကားတွေရယ်က ကြောက်ရမှန်း မသိအောင် ဖန်တိးပြီး ဒီခရီးမှာ ကိုယ်တို့အားလုံးကို အတိုင်းမသိ ပျော်ရွှင်စေခဲ့တယ်။


ကား လမ်းဘေးဝဲယာနဲ့ တောင်ခါးပန်းတွေမှာ အစီအရီ မေးတင်ပြီး ကပ်ဆောက်ထားတဲ့ ချင်းအိမ်ကလေးတွေ အများစုက အိမ်သေးသေးလေးတွေပါ။ ဆေးရောင် လှလှကလေးတွေ သုတ်ထားတာမို့   မှုန်မှိုင်းအေးမြတဲ့ ရာသီဥတုနဲ့ ပေါင်းစပ်လိုက်တော့ ဥရောပတခုခုကို ရောက်နေသလိုပဲ ထင်ရပါတယ်။ ဗမာ “ဆွစ်ဇာလန်“ဟေ့ ဆိုပြီး အချင်းချင်း နောက်ပြောင် ပြောခဲ့ကြပါသေးတယ်။


before hakha 2ထင်းရူးပင် ပေါများတဲ့ ဒေသမို့ အိမ်တွေကို ထင်းရူးသားနဲ့ ဆောက်ထားပါတယ်။ အိမ်အများစုက သွပ်ပြားမိုးထားကြပေမဲ့ တစ်ချို့အိမ်ကလေးတွေမှာ သင်ပုန်းကျောက်ကို မိုးထားတာလည်း ထူးထူးဆန်းဆန်း တွေ့ရပါသေးတယ်။ ငွေကြေးချမ်းသာပုံမရပေမယ့် အိမ်ကလေးအများစုက မှန်ပြူတင်းပေါက်ကလေးတွေ ခန်းဆီး အရောင်လွင်လွင် ကလေးတွေ တပ်ထားပြီး အိမ်ရှေ့မှာ ပန်းပင်တစ်မျိုးမျိုး ဒါမှမဟုတ် ပန်းမာလ်မျိုးစုံ စိုက်ထားတာတွေ့ရတော့ ချင်းလူမျိုးတို့ရဲ့  လူနေမှူစရိုက်ကို ချီးကျူးသဘောကျမိပါတယ်။ 

ရာသီဥတုနဲ့ ကိုက်ညီလို့ထင်ပါရဲ့။ ပန်းပင်တိုင်းကလည်း အရောင်အသွေးစိုလက်တဲ့ ပန်းမျိုးစုံကို ဖူးပွင့် ဝေဆာလို့ပါ။ လမ်းဘေးက တစ်ချို့သစ်ပင်မြင့်မြင့်တွေက သစ်ခွပန်းတွေ မခို့တရို့ ပန်ဆင်ထားကြတယ်။

ဟားခါး - ဖိုင်ဖား-ဆူရ်ခွားရွာ

မှိုပွင့်လေးတွေ
ဟားခါးမှာ တစ်ညအိပ်ပြီး မတူပီ ဘက်ကို ခရီးနှင်ခဲ့ကြပါတယ်။ လမ်းတစ်လျှောက်မှာတော့ ထင်းရူးပင်မြင့်မြင့်ကြီးတွေကို မြင်ရပါတယ်။ လမ်းခုလတ်ရောက်တော့ မြက်ခင်းစိမ်းစိမ်းပေါ်မှာ မှိုပွင့် ဖွေးဖွေးတွေကို ဟိုတစ်ခု ဒီတစ်ခု ပြန့်ကျဲပေါက်နေတာ မြင်ရတော့ ဓါတ်ပုံမရိုက်ဘဲ မနေနိုင်ပြန်ဘူး။ အဆိပ်ရှိမရှိ မသိတာရယ်၊ အလှပျက်သွားမှာ စိုးတာရယ်ကြောင့် မတို့မထိခဲ့ပါဘူး။ မှို မြင်ရတဲ့ မျက်နှာနဲ့ ကိုယ်တို့ ခရီးဆက်ခဲ့ကြပြန်တယ်။ လမ်းတစ်လျှောက်မှာ ပျော်စရာတွေချည်းရှိတာမဟုတ်ပါဘူး။ တစ်နေရာမှာ လူစီးကားကြီးတစ်စီး ရွှံ့မရုန်းနိုင်လို့ နစ်နေတာကို တွေ့ရပါတယ်။ လမ်းကျဉ်းကျဉ်းလေးက ကားတစ်စီးစာပဲရှိတာမို့ စောင့်ရုံပဲတတ်နိုင်ပါတယ်။ စောင့်ရင်းနဲ့ လမ်းဘေးက တောပန်းတွေ ဓါတ်ပုံရိုက်လိုရိုက်၊ ခရီးသည်ထဲက ကလေးလေးတွေကို မုန့်ကျွေး၊ ခရစ်ယာန်သီလရှင်လေးတွေနဲ့ စကားရော ဖေါရောလုပ်ရင်းနဲ့ အချိန်တော်တော်များများ ကုန်လွန်သွားပါတယ်။ ခရီးသည်တွေကတော့ အေးအေးလူလူပါဘဲ။ ဒီလိုအဖြစ်မျိုးတွေကြုံနေကျမို့ ရိုးနေပြီဆိုတဲ့သဘောထင်ပါရဲ့။ မွန်းတည့်ခါနီး ဖြစ်နေတာတောင် ဘာခံစားချက်မှမရှိတဲ့ပုံနဲ့ ထိုင်နေကြတုန်းပါ။ ကျွန်မကသာ နေ့လည်စာငတ်မှာကို ကြိတ်ပူနေတာ။ ဒီအတောအတွင်းမှာ ကိုယ်တို့အဖွဲ့က တောင်ပူစာ မြေကြီးကိုဖဲ့ပြီး ကားတက်မဲ့လမ်းကို ဖို့နေတဲ့သူတွေကို တပျော်တပါးဝိုင်းကူကြပါတယ်။ ကြိုးရှာပြီး ကားကားချင်း ဆွဲပေးပါတယ်။ ပထမတော့ ရုန်းတက်လိုက်၊ ပြန်ကျလိုက်၊ ရပ်သွားလိုက်နဲ့ တော်တော်ကြီးကြိုးစားရပါတယ်။ အင်ဂျင်မီးခိုး တထောင်းထောင်း ထအောင် ရုန်းပြီးတဲ့နောက် အဆုံးမတော့ ကားကြီးလဲ အောင်မြင်စွာ ရုန်းထွက်နိုင်သွားပါတယ်။ စုစုပေါင်း ၃နာရီလောက် ခရီးဖင့်သွားခဲ့ပါတယ်။ ဒါနဲ့ပဲ အနီးဆုံး ဒင်လိုပါး ဆိုတဲ့ရွာကလေးမှာ ထမင်းစားကြပါတယ်။ နေ့လည်စာစားတော့ မွန်းလွဲနှစ်နာရီ ။ ကားပိတ်မိကထဲက ဆိုင်ကယ်နဲ့လူလွှတ်ပြီး ကြိုစီစဉ်ထားတာမို့ ဟင်းတွေကတော့ စုံလှပါတယ်။ ကြက်ဥပြုတ်၊ ကြက်သား၊ အစိမ်းကြော် ၊ငါးသေတ္တာချက်၊ အရောင် နီနီရဲရဲ ချဉ်ပေါင်ရွက်ခြောက်ဟင်းချို။ အူတစ်ကြုတ်ကြုတ် မြည်အောင်ဗိုက်ဆာနေကြတာမို့ စားလို့လည်းကောင်းလှပါတယ်။ 

nwa-naukလမ်းခရီးမှာ ချင်းတို့ရဲ့ နာမည်ကျော်တဲ့ နွားနောက်ကိုလည်း မြင်ခဲ့ရပါသေးတယ်။ သူက ရိုးရိုးနွားအုပ်နဲ့ ရောပြီးနေပေမဲ့ ဦးချိုကားကား ထိပ်ပြားပြားနဲ့ တစ်ဘာသာကွဲနေပါတယ်။ ကျွန်မတို့အဖွဲ့က ကား ရပ်ပြီးဓါတ်ပုံရိုက်တော့လည်း လူအုပ်ကို မကြောက်မရွံ့စူးစူးရဲရဲကြည့်ပြီး ပို့စ်ပေးနေပါတယ်။ နွားနောက် တစ်ကောင်ကို ငါးသိန်းလောက်တန်ဖိုးရှိတယ်လို့လဲ သိရပါတယ်။  မင်္ဂလာဆောင်မှာ ခန်းဝင်ကြေးကို နွားနောက်တွေနဲ့ ပေးလေ့ရှိသလို ချင်းရိုးရာအခမ်းအနားတွေမှာ နွားနောက်သားက မပါမဖြစ် အရေးပါလှပါတယ်။
ရေတံခွန်သွယ်ဖြာစီးလှိုရယ်
ဟားခါးနဲ့ ဖိုင်ဖားက မိုင်၅၀ ဝေးပါတယ်။  လမ်းမှာ ထင်ရူးခင်းတွေ အများကြီးရှိတယ်။ ဖိုင်ဖားရွာကလေးကို ၀င်တဲ့ လမ်းမှာတော့ လှေခါးထစ်တောင်ယာတွေနဲ့ ပြောင်းဖူးခင်းတွေကို တွေ့ရပါတယ်။ လမ်းဘေးမှာ သစ်ပင် အမြင့်ကြီး တစ်ပင်လဲနေတာတွေ့ရပြီး သစ်ခွပင်တွေကပ်ပေါက်နေတာမို့ (အလဟသ မဖြစ်ရလေအောင်) ဆင်းခွာယူကြပါတယ်။ မိုးရွာထားလို့ လမ်းဘေးဝဲယာမှာ ထူထူထဲထဲပေါက်နေတဲ့ သစ်ပင်တွေက စိမ်းမြစိုစွတ် နေပါတယ်။ မြေလမ်းကလည်းချောနေတာမို့ သတိထားပြီးမောင်းရပါတယ်။ တစ်ခါတစ်ခါ ကိုယ့်ကားဘီးအောက်ကမြေက ပျော့အိနေပြီး ကမ္ဘားဘက်ခြမ်းကျနေရင်တော့ မျက်စေ့မှတ်ပြီး ဘုရားတနေခဲ့ရပါတယ်။ တောင်ဖက်ခြမ်းကျတဲ့ရောင်းရင်းက ကမ္ဘားဘက်ခြမ်းကျတဲ့ ရောင်းရင်းကို မကြောက် ကြောက်အောင် စ တတ်ကြပါသေးတယ် ( လမ်းက ကွေ့ကောက်နေတော့ တယောက်တလဲစီ ချောက်ကမ်းပါးဖက် ကျကြတာလေ)။ ဖိုင်ဖား ရွာအ၀င်မှာတော့ ၀ါးလုံးတွေကိုအထပ်ထပ်ချည်နှောင်ထားတဲ့ ရွာတံခါးကို ဆင်းဖွင့်ကြရပါတယ်။

ဖိုင်ဖားရွာကလေးရဲ့အစွန်က ထင်းရူးတောကလေးကိုဖြတ်ဖေါက်ထားတဲ့ လမ်းကလေးက လှပလွန်းပါတယ်။ အမှတ်တရ သချိုင်းကျောက်စာတွေ ကျောက်တုံးတွေ သင်ပုန်းကျောက်တွေ လမ်းဘေးဝဲယာမှာ ရှိနေပါတယ်။ မြင်ကွင်းက ဥရောပဆန်နေသလိုပါ။ ပစ်ကနစ် ထွက်ချင်စရာလေးလို့ တွေးနေမိပါတယ်။ ရွာမှာလုပ်စရာရှိတာ လုပ်ပြီးတဲ့ နောက် ညနေစာ ထမင်းစားကြပြန်ပါတယ်။ ဗိုက်မဆာပေမဲ့ စေတနာကောင်းလှတဲ့ ရွာသားတွေကို အားနာတာကြောင့်ပါ။ ထူးခြားတဲ့ ရိုးရာအစာကတော့ ကောက်ညှင်းလို ဆန်စေးစေးကို ကြက်သားပြုတ်ရည်နဲ့ ရောထောင်းထားတဲ့ ဟင်းပါ။ ညနေ ၅နာရီခွဲလောက်မှာ ခရီးဆက်ကြပြန်ပါတယ်။


ဖိုင်ဖားကနေ တစ်နာရီကျော်ကျော်လောက် မောင်းရတဲ့  ဆူခွားရ် ဆိုတဲ့ရွာကြီးကို ဆက်သွားကြပြီး အဲဒီက နှစ်ချင်းခရစ်ယာန်ကျောင်း မှာ ညအိပ်ကြပါတယ်။ ဆူခွားက တိုက်နယ်ဆေးရုံရော အထက်တန်းကျောင်း ပါရှိပြီး နှစ်တစ်ရာကျော်က ဘုရားကျောင်းတွေပါ ရှိပါတယ်။ ကက်သလစ်ရော ဘက်ပတစ် ဘုရားကျောင်း နှစ်မျိုးလုံးရှိပါတယ်။ အဲဒီရောက်တော့ မှောင်ရီပျိုးနေပါပြီ။ ရာသီဥတုက မအေးလွန်းမပူလွန်းအချိန်မို့ နေရထိုင်ရတာ အဆင်ပြေပါတယ်။ ညကို ဂွမ်းကပ်နှစ်ထပ်ခြုံရပါတယ်။ မနက်စောစောထပြီး ကြည့်တော့ မြူခိုးတွေဝေ လို့ ။  မျက်နှာလေးတင်ကွက်ပြီး ရေနွေးနဲ့ ရောပြီး မျက်နှာသစ်ကြပါတယ်။ ဘုရားကျောင်း မီးဖိုချောင်မှာ ယမ်ယမ်ခေါက်ဆွဲပြုတ်ကို မနက်စာအဖြစ်စားပြိးတာနဲ့ ရွာထဲက ချင်းစော်ဘွား (မျိုးနွယ်စုခေါင်းဆောင်) ပြတိုက်အိမ်ကို အမှတ်တရ ၀င်ကြည့်ကြပါတယ်။

အဆောင်တစ်ခုရဲ့မျက်နှာစာ
အဆောင်တစ်ခုရဲ့မျက်နှာစာ
 ပြတိုက်အိမ်ကြီးရဲ့ အ၀င်ဝက သစ်သားမုခ်ဦးကြီးရှိနေပြီး အဲဒီကနေ၀င်သွားရတဲ့ သစ်သားလျှောက်လမ်းက နှစ်ပေါင်းရာချီနေပြီမို့ ညွှတ်ချင်ချင်ြဖစ်နေလို့ ကျွံမကျအောင် တော်တော် သတိထားပြီးလျှောက်ရပါတယ်။ အိမ်ရဲ့ အဆောင်မျက်နှာစာနံရံမှာ လက်မှူပညာတွေ ထွင်းထားပြီး ကြမ်းခင်းကတော့ သစ်ပင်တစ်ပင်လုံးကို ပုဆိန်နဲ့ ထက်ခြမ်းရွေခုတ်ထားပြီး သစ်ခြမ်းကို ပက်လက်လှန် ခင်းထားတာမို့ ထူထဲခိုင်ခန့်လှပါတယ်။ သစ်ခြမ်းပြားက အချင်းတစ်ပေခွဲလောက်ရှိတာမို့ တော်တော်ကြီးတဲ့ သစ်ပင်ကြီး တွေသုံးထားတာ တွေံရပါတယ်။ မူလအိမ်ကို ခြုံ့ပြီး တစ်ဝက် လောက်အရွယ် ပြန်ဆောက်ထားတာလို့   ဒေသခံက ရှင်းပြပါတယ်။ 

စော်ဘွားအမည်က Boi Vankio ဖြစ်ပြီး ဆူခွားရ် တစ်ဝိုက်က ရွာပေါင်း ၂၀ လောက်က မျိုးနွယ်စုတွေကို အုပ်ချူပ်ပါသတဲ့။ နံရံတွေမှာ အဲဒီ ချင်းအကြီးအကဲရဲံ့ ဓါတ်ပုံ၊ မိသားစု ဓါတ်ပုံနဲ့ ဆုတံဆိပ်တွေကို ပြသထားပါတယ်။ ကျမမျက်စေ့ကို အဆွဲဆောင်ဆုံးကတော့ ခန်းမထဲမှာ လှလှပပ ချိတ်ဆွဲထားတဲ့ တိရိစ္ဆာန်ဦးချိုမျိုးစုံနဲ့ တိရိစ္ဆာန် ဦးခေါင်းခွံတွေပါ။ ပြောင်၊ ဆင်၊ နွားနောက်၊ ၀က်ဝံ စသဖြင့် ခေါင်းခွံတွေ ဦးချိုတွေ စုံလင်ပါတယ်။ စော်ဘွားရဲ့ အငယ်ဆုံးဇနီးက သက်ရှိထင်ရှားရှိနေဆဲပါ။  အသက် ၇၀လောက်လို့ မှန်းရပါတယ်။  သူမနဲ့  ဓါတ်ပုံအတူတူ ရိုက်ခဲ့သေးတယ်။

ဦးချိုများ
ဦးချိုများဦးချိုပိုင်ရှင် သားကောင်တွေက အကြီးအကဲကိုယ်တိုင်ပစ်တာရော ရွာသားတွေရဲ့ လက်ဆောင်ပဏ္စာတွေရော ပါဝင်တယ် လို့သိရပါတယ်။ အရင်က အခုရှိတာရဲ့ ဆယ်ဆ အဆ၂၀ လောက်ရှိပြီး မထိမ်းသိမ်းတတ်လို့ ပျက်စီးတာရော ရောင်းချခံရတာရောကြောင့် တော်တော်များများ ဆုံးရှူံးသွားခဲ့ပါသတဲ့။ ရှေးအမွေအနှစ်မို့ အတတ်နိုင်ဆုံးထိမ်းသိမ်းဖို့ သူတို့ကို အားပေး တိုက်တွန်းခဲ့ကြပါတယ်။ ကမ္ဘောဒီးယားစတဲ့ နိုင်ငံတွေမှာလို ရှေးဟောင်းပစ္စည်းတွေကို UNESCO လိုအဖွဲ့မျိုးနဲ့ချိတ်ဆက်ပြီး စံနစ်တကျထိမ်းသိမ်းနိုင်ရင် ကောင်းမှာပဲလို့ မချင့်မရဲ တွေးမိ ပြောမိကြတယ်။


စော်ဘွားများရဲ့ သက်ဦးဆံပိုင်ဓလေ့ကိုလည်း ရွာသားများထံက တစ်စွန်းတစ်စ သိရှိလေ့လာခဲ့ရပါသေးတယ်။ စော်ဘွားက ဇနီးအများအပြားယူလေ့ရှိပြီး ကျေးကျွန်အများအပြားလည်းပိုင်ဆိုင်ပါသတဲ့။ သူသေဆုံးရင် သူ့ရဲ့ ကျေးကျွန်တွေဟာ စားစရာအချို့ကို ယူဆောင်ပြီး စော်သွားရုပ်အလောင်းနဲ့အတူ ဂူသွင်းခံရပါတယ်။ မောင်းတစ်လုံးကိုလည်း တစ်ပါတည်းယူဆောင်သွားရပြီး မသေဆုံးခင်အထိ နေ့စဉ်တီးခတ်ရပါသတဲ့။ မောင်းသံမကြားတော့ရင် သူတို့ သေဆုံးပြီလို့ သိနိုင်ပါသတဲ့။ ဂူတစ်လုံးထဲမှာ စော်ဘွားမိသားစုအားလုံး ကွယ်လွန်တိုင်း သူ့နေရာနဲ့သူ အကန့်လိုက်မြှူပ်နှံရပါတယ်။ စော်ဘွားကြီးမြှူပ်နှံချိန်မှာ တခြား အသုံးအဆောင် တွေနဲ့အတူ အကောင်းစား ခေါင်အရက်ကို ထည့်ပေးလိုက်ရတာမို့ နောင် နှစ်တွေကြာလို့  မိသားစုဝင်တစ်ဦးဦးမြှူပ်နှံချိန်မှာ အဲဒီအရက်ဟာ အလွန့်အလွန်ကို အရသာရှိနေတာမို့ သုဘရာဇာများ အခြားတူးဖေါ်သူလူအများရဲ့ အကြိုက်ဖြစ်လို့နေပါသတဲ့။ ဒီလို ရိုးရာဓလေ့တွေကို စံနစ်တကျ ပညာရှင် ဆန်ဆန်လေ့လာပြုစုနိုင်ရင် သိပ်ကောင်းမှာပါ။ ကျမတို့ကတော့ အချိန်မရလို့ သင်္ချိုင်းကျောက်ဂူ အထိ သွားမကြည့်နိုင်ခဲ့ပါဘူး။

ဟားခါး-ဖလမ်း-တီးတိန်
တတိယနေ့   ဟားခါး-ဖလမ်းခရီးကတော့ အဆင်ချောလှပါတယ်။ ရမ်သလိုဆိုတဲ့ ရွာကလေးမှာ တထောက်နားကြပါတယ်။ ရွာမှာ ထမင်းစားကြတော့ ရှားရှားပါးပါး ငါးကြော်၊ ပြောင်းဖူးကြော်၊ ကြက်သား၊ အသီးအနှံစုံဟင်းရည်၊ ငါးပိထောင်းတို့နဲ့ တအားစားကောင်းကြပြန်ပါတယ်။ တမင်းစားတဲ့အိမ်မှာ ဒေသထွက် နတ်ဆေးဂမုန်း အမှုန့်နဲ့ ကျောက်တောင်ကထွက်တဲ့ ကျောက်သွေး ဆေးကို ရောင်းတာတွေ့ရလို့ စပ်စပ်စုစု ၀ိုင်းအားပေးခဲ့ကြပါသေးတယ်။

beautiful falamဖလမ်းကတော့ လှပတဲ့မြို့ကလေးတစ်မြို့ပါ။ မြို့လည်က church နဲ့ ဘေးနားက အဆောက်အဦတွေက ဥရောပဆန်လို့နေပါတယ်။ တောင်ပေါ်မှာတော့ ရွှေရောင်တ၀င်းဝင်းနဲ့စေတီကို ဖူးမြင်နိုင်ပါသေးတယ်။ ဖလမ်းကထွက်တော့ နေ့လည် ၁နာရီ။ တီးတိန်ကို ညနေမစောင်းခင်ရောက်အောင် အသော့နှင် ရပါတော့တယ်။ ဒါပေမယ့် လှပတဲ့ မဏိပူရမြစ်ကူ ဗားရ်တံတားကို အပေါ်စီးက မြင်ရတော့ ရပ်ပြီး ဓါတ်ပုံမရိုက်ဘဲ မနေနိုင်ပြန်ဘူး။  ဓါတ်ပုံတွေ ရိုက်လွန်းလို့  ပါလာတဲ့ ရောင်းရင်းက ကျမကို “တိကလုပ်“ လို့ နံမည်ပေးတယ်။  တတ်နိုင်ဘူးလေ။

ဗားရ်တံတား
ဗားရ်တံတားကို ကျော်လာတော့ မြူခိုးတွေပါတ်လည်ဝိုင်းတဲ့ ရွာကလေးတွေ အိမ်လှလှကလေးတွေကို မြင်ရပြန်တယ်။

မြူခိုးဝေေ၀ ကျမတို့ကားကလေးက မြွေလိမ်မြွေကောက်လမ်းကလေးမှာ တရိပ်ရိပ်ဆက်ပြေးနေတယ်။  ညနေ သုံးရာရီကျော်လာတော့ လမ်းပေါ်မှာ မြူခိုးတွေ ညိုမှောင် အုပ်ဆိုင်း လာပြန်ပါတယ်။ ရှေ့ ၃-၄ ကိုက်ထက် ပိုမမြင်ရတာမို့ ဖြေးဖြေး သတိထားပြီး မောင်းရပါတယ်။ ကားကို နှင်းခွဲမီး မတပ်ခဲ့မိတာကိုလည်း နောင်တ ရနေကြပါတယ်။  တနေရာမှာတော့ ကျောက်ခင်းပြီး လမ်းချဲ့နေတာကို တွေ့ရပါတယ်။  အမျိုးသမီးအပါအ၀င် လမ်းလုပ်သားတွေအများအပြားနဲ့  ညအိပ်တဲ့ မိုးကာဖျင်တဲ ကလေးတွေတွေ့ရပါတယ်။ သိပ်အေးတဲ့ဒီလိုတောင်စောင်းနေရာမှာ ဘယ်လိုများ အိပ်ကြလေတယ်မသိ။ မြင်ကွင်းက ၀ါးနေတာမို့  တိုက်မိမှာစိုးလို့  ကျမတို့  ကားကို ဖြေးဖြေးချင်း မောင်းကြပါတယ်။ ပါလာတဲ့ ချိုချဉ်တွေ ပေးခဲ့ပါတယ်။ ပြီးတော့ ကိုယ်တတ်တဲ့ နှစ်ခွန်းထဲသောချင်းစကား  နဒမ်မော (နေကောင်းလား) နဲ့   မန်းထာ ( နှုတ်ဆက်ပါတယ်)   တို့ကိုပြောကြည့်တော့  အပြုံး အကြီးကြီးတွေနဲ့  ပြန်နှုတ်ဆက်ကြတယ်။

တီးတိန်အ၀င်က ကနေဒီတောင်လို့ ခေါ်တဲ့နေရာရောက်တော့  ညီအကို မသိတသိ နေ၀င်ဖြိုးဖြ အချိန် ဖြစ်နေပြီပေါ့.






တီးတိန်နာရီစင်တီးတိန်မြို့လေးကိုမြင်ရတောည ညနေ ၅နာရီပါ။ တီးတိန်မြို့ရဲ့ ကျက်သရေဆောင် နာရီစင်ကြီးက ကျမတို့အဖွဲ့ကို ပြဲုးပြုံးကြီး ကြိုဆိုနေသလိုပါပဲ။ နာရီစင်နားက သန့်သန့်ပြန့်ပြန့်ရှိတဲ့ တည်းခိုခန်းလေးမှာ ညအိပ် တစ်ထောက်နားကြပြန်တယ်။

တီးတိန်- မဏိပူရ
နောက်တနေ့ သွားခဲ့ရတဲ့ တီးတိန်ကနေ နှစ်နာရီလောက်သွားရတဲ့ မဏိပူရကြိုးတံတားနားက ရွာကလေးတွေကတော့ မမေ့နိုင်စရာပါ။ ခရီးစဉ်တစ်လျောက်လုံးမှာ အကွေ့အကောက်အများဆုံးနဲ့ အကြမ်းတမ်းဆုံး လမ်းကလေးတွေပါ။ ပြီးခဲ့တဲ့ညနဲ့ မနက်စောစောက မို့းရွာထားတာမို့ လမ်းတွေက စိုစွတ် လိမ့်ချော်နေပါတယ်။ တချို့နေရာတွေမှာ လမ်းကကျဉ်းပြီး တတောင်ဆစ်ချိုးကွေ့နေတာမို့ ကျမတို့ ကားကလေးက ခက်ခက်ခဲခဲ ပတ်ဆင်းရပါတယ်။ ရွှံ့နစ်နေတဲ့ ဂျစ်ကားကလေးတွေလည်း တခါတရံတွေ့ခဲ့ပါသေးရဲ့။

ဒါပေမဲ့  တိမ်ဖြူဖြူတွေထဲက တစ်ပိုင်းတစ်စထိုးထွက်နေတဲ့ အပြာရင့်ရောင် တောင်ထိပ်ကလေးတွေက လှလွန်းလို့  ဓါတ်ပုံရိုက်ရင်း လမ်းကြမ်းတာ အန္တရာယ်များတာကိုတောင် မေ့သွားခဲ့ပါတယ်။ လမ်းမှာ တွေ့ရတဲ့ဝန်တင် မြင်းတွေက အထုပ်အပိုးတွေကို ကျောမှာ ပိုးလို့။ သူတို့ဟာ ချင်းဒေသအတွက် အရေးပါတဲ့ ကုန်တင်ယာဉ်တွေပါ။ 

 မဏိပူရကြိုးတံတားပေါ်မှာ အမှတ်တရ ဓါတ်ပုံရိုက်ကြပါတယ်။ မြစ်ကမ်းပါးမှာ တော်တော်လှတဲ့ ကျောက်စရစ်ခဲ ၀ိုင်းဝိုင်းလေးတွေ အရွယ်စုံရှိပါတယ်။ အမှတ်တရ ကောက်လာပြိးမှ သဘာဝကိုဖျက်ဆီးမိပြီလားရယ်လို့ စိတ်မကောင်းဖြစ်မိနေသေးတယ်။  

ကျမတို့ သွားတဲ့ရွာကလေးကိုအ၀င်မှာတော့ ခင်မင်တတ်တဲ့ တိုင်းရင်းသား မောင်နှမတွေက ဒီလို ရိုးရာဝတ်စုံကလေးတွေနဲ့ ဆီးကြိုနေကြတယ်။  တူမီးသေနတ်သံကြောင့် လန့်ဖြတ်သွားခဲ့ရပေမဲ့ ဒါဟာ သူတို့ရိုးရာ ဂုဏ်ပြုတာဆိုလို့  အလုံးကျသွားခဲ့ရပါတယ်။  လက်ဆွဲနှုတ်ဆက်တာက သူတို့ဓလေ့ထုံးစံပါ။  လူတန်းရှည်ကြီးကို တယောက်မကျန် လက်ဆွဲနှုတ်ဆက်ရတာမို့   လက်တွေတောင် ညောင်းချင်ချင်ရယ်ပါ။ ကျမတို့ကို ချင်းရိုးရာခြုံစောင်ကလေးတွေ လက်ဆောင်ပေးကြတာမို့  ပျော်တပြုံးပြုံးဖြစ်ခဲ့ရပါသေးတယ်။ အပြန်ကျတော့ နေပြန်ပူထားတာမို့ လမ်းက သိပ်မဆိုးတော့ပါ။ 

တီးတိန်- ကလေး

တီးတိန်မှာရောက်တုန်း နာမည်ကြီးတဲ့ ဒေသထွက်  pure ကော်ဖီမှုန့်နဲ့ စပျစ်ဝိုင် ၀ယ်ခဲ့ကြသေးတယ်။ တီးတိန်မှာ နှစ်ညအိပ်ပြီး ကလေးမြို့ကို ထွက်ခွာခဲ့ကြပါတယ်။ ကျွန်မတို့ရဲ့ အပြန်ခရီးပါ။ လမ်းတလျှောက် ကောင်းကင်ကြီးကပြာပြီး ရာသီဥတုက ဒီလိုသာယာနေပါတယ်။ 



တီးတိန်-ကလေး လမ်းမှာ အမှတ်တရရှိစေတာကတော့ လမ်းတစ်ဝက်က သိုင်းငင်း ဆိုတဲ့ရွာကလေးပါ။ အဲဒီရွာမှာ ကလေး-တီးတိန်-ဟားခါး လမ်းသုံးခုဆုံပါတယ်။ တီးတိန်နှဲုကလေးကြားက တစ်ဝက်တိတိ မိုင်၃၀နီးပါးအကွာမှာ တည်နေပါတယ်။ အဲဒီရွာက စားသောက်ဆိုင်လေးမှာတော့ ကြက် သို့မဟုတ် ၀က်စွပ်ပြုတ်ပူပူလေးကို သံပုရာရည်ညှစ်ပြီး မြိန်ယှက်စွာ သောက်သုံးနိုင်ပါတယ်။ 


ကလေးဘက်ကိုဦးတည်ခရီးဆက်လာကြရင်း တောင်တန်းတွေလည်းဆုံးရော မြေပြန်လွင်ပြင်ပေါ်လာပြီး ကလေးမြို့ကို ဘွားကနဲမြင်လိုက်ရပါတော့တာ်။ စစ်ကိုင်းတိုင်းထဲကို ချင်းနင်းခဲ့ပြီပေါ့။ ကလေးမှာတော့ အိန္ဒိယထွက်ပစ္စည်း ပါတိတ်၊ စတီး နဲ့ အမွှေးနံ့သာ အကုန်ရ၊ သွားတိုက်ဆေး နဲ့  အုန်းဆီမွှေးကအစ အကုန်ဈေးတန်လှတာမို့ ကျမတို့အဖွဲ့ အိတ်ကပ်ပြားအောင် ၀ယ်ကြပါတယ်။ 



မျှော်လင့်ခင်းများစွာချင်းမြေကို တစ်ပါတ်တာ သွားခဲ့ရတဲ့ခရီးစဉ်လေးကိုမျှဝေခြင်းပါ။ အခက်အခဲကြီးကြီးမားမားမကြုံတဲ့အပြင် လူညီတာမို့ ပျော်ခဲ့ရပါတယ်။ ဒါပေမယ့် ဖတ်မိတဲ့ သူငယ်ချင်းများအနေနဲ့ မရောက်ဖူးသေးခဲ့ရင် ချင်းပြည်ဟာ အစစပြည့်စုံလှပ အဆင်ပြေလှချည်ရဲ့လို့ အထင်မလွဲစေလိုပါဘူး။ 

ချင်းရဲ့ ကျေးရွာသူ ရွာသားများဘ၀ဟာ ခက်ခဲကြမ်းတမ်း လှတာကို မျက်မြင်ပါ။ တစ်နှစ်မှာ ၄-၅လစာပဲ အစာရေစာဖူလုံပြီး ကျန်တဲ့လတွေမှာ ဖြစ်သလို ကြံဖန်နေထိုင်ကြရတာပါ။ ဈေးသက်သာတဲံ့ စိုက်လို့ဖြစ်တဲ့ ပြောင်းဆန်ကို ထမင်းလုပ်စားရတာပါ။ ဆေးရုံဆေးခန်းနဲ့ ဝေးလွန်းလို့ မကုသနိုင်ဘဲ အသက်ဆုံးရှူံးရသူတွေ မနည်းပါ။ ပညာရေးကျတော့လည်း ထို့နည်းလည်းကောင်းမို့ တစ်ပြည်လုံး အောင်ချက်အနိမ့်ဆုံးပါ။ အထက ကျောင်းတစ်ကျောင်းဆိုရင် ကျောင်းသား ၄၀ လောက်ဆယ်တန်းဖြေရာမှာ နှစ်နှစ်ဆက်တိုက် တစ်ဦးစီသာ အောင်တယ်လို့ သိရပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ အဲဒီလို ဘ၀ အခြေအနေ ကနေ ရုန်းထွက်နိုင်ဘို့ ဒေသခံ အများစုက နိုင်ငံခြားကို ထွက်ဖို့သာ အမြဲကြိုးစားနေကြတာပါ။  မိမိသားချင်းတွေရှိရာ ရေမြေကို စွန့်ခွာပြီး ရေကြည်ရာ မြက်နုရာ သွားကြရတာပါ။ အများစုက လွယ်ကူတဲ့ အိန္ဒိယကို အချိန်ပိုင်း အလုပ်သွားလုပ် ကြပါတယ်။ အဲဒီလိုထွက်သွားလို့ ဘ၀အောင်မြင် လှပသွားသူများရှိသလို ရောဂါမျိုးစုံရ၊ ဘ၀နာပြီး နွမ်းလျအိမ်ပြန် လာသူများ လည်းရှိလို့နေပြန်ပါတယ်။

ချင်းပြည်နယ်က သားချင်းတို့ရဲ့ ဘ၀ ပိုမိုလှပအောင် တစ်တပ်တစ်အား လုပ်ဆောင်ပေးဖို့ တာဝန်ဟာ ကျမတို့အားလုံးမှာ ရှိနေပါလား၊ လုပ်စရာကလည်း အများကြီး ကျန်နေပါလားလို့ အတွေးနယ်ချဲ့ရင်း ချင်းမြေကို လက်ပြနှူတ်ဆက်ခဲ့မိပါတော့တယ်။


မိုးစက်ပွင့်