စာရေးဆရာ နုနုရည်(အင်းဝ)
ထုတ်ဝေ ခုနှစ် ၂၀၀၇ မေ (ဒုတိယအကြိမ်)
ဆရာမနုနုရည် (အင်းဝ)ရဲ့ ”ြံပုံး၍လည်း …..” စာအုပ်လေးကို စာအုပ်အငှားဆိုင်လေးမှာ အမှတ်မထင် ငှားဖတ်မိခဲ့တာပါ။ နေ့ဘက်ရုံးတက်ရပြီး ညဖက်မှာ မီးမလာတာများနေတာမို့ စာဖတ်စရာ အချိန်ရှားပါးလွန်းလို့ စာဖတ်ကျဲနေတဲ့ကိုယ့်ကို ဒီစာအုပ်လေးက ကောင်းကောင်း ဆွဲဆောင်နိုင်ခဲ့ပါတယ်။

ဒေစီဂျိန်းက အသက်၅၀ကျော် နံမည်ကြီး နတ်ကတော်။ တစ်ခေါတ်တစ်ခါက နတ်ကတော်လောကမှာ လျှမ်းလျှမ်းတောက်ခဲ့သလို လက်ရှိမှာလည်း အဲဒီအရှိန်အ၀ါကို ထိမ်းသိမ်းထားနိုင်ဆဲ။ သူ့ထက်အသက်အများကြီးငယ်တဲ့ ကောင်လေး မင်းမင်းကို လွန်ခဲ့တဲ့ ၇နှစ် (မင်းမင်း ၁၆ နှစ်)မှာ မိဘများထံက ငွေကြေးပေးပြီး အပိုင်ခေါ်ခဲ့တာ။ သူ့စကားနဲ့ပြောရရင် ”၀ယ်”ခဲ့တာပေါ့။ နတ်ပွဲမှာကူဖို့ လက်တိုလက်တောင်းဆိုပေမယ့် တကယ်ကတော့ ”ကောက်စား”လိုက်တာပါ။
တောင်ပြုန်းပွဲရက်တွေကတော့ ဒေစီဂျိန်းတို့ လက်ဖျားမှာ ရွှေတွေငွေတွေ သီးနေတဲ့ ရာသီချိန်တွေပဲပေါ့။ လင်ပူ သားပူ စီးပွားရေးအပူတွေ လောဘဇောတွေနဲ့ ယုံကြည်စွာဆုတောင်း လာကြသူတွေ၊ မနှစ်က ကတိအတိုင်းအကျိုးပေးလို့ လှူရတန်းရအောင် လာတဲ့သူတွေဆီက ရသလောက် ချိုင်ရ ချူရ နဲ့မအားရပါဘူး။

character အားလုံးက သနားစရာကောင်းပါတယ်။ ဒေစီဂျိန်းကလည်း ငရဲအိုးပတ်ပြေးပြီး လင်ငယ်ငယ်လေးစားဖို့ရှာနေရတဲ့၊ သူငါ့ကိုဘယ်နေ့ပစ်သွားမလဲ ပူနေရတဲ့ ဒုက္ခသည်။ မင်းမင်းကလည်း ကျေးဇူးရှိတဲ့ ဒေစီဂျိန်းကို တစ်ဖက်ကသနားသလို၊ မချစ်သူနဲ့နေရတဲ့ဒုကွ၊ ချစ်ရတဲ့ ပန်းညိုနဲ့ မပေါင်းနိုင်တဲ့ ဒုက္ခခံနေရသူ၊ ပန်းညိုကတော့ နဂိုရ်ဘ၀ပေး ကုသိုလ်မကောင်းရတဲ့အထဲမှာ မချစ်သင့်သူကို ချစ်မိတဲ့ သောကအပူသည်၊ အားလုံးဟာ သမုဒယသားကောင်တွေပါ။
ဆရာမနုနုရည်က မန္တလေး မတ္တရာ ကားလမ်းနဲ့ မနီးမဝေးက နှစ်စဉ်ခြိမ့်ခြိမ့်သဲကျင်းပမြဲဖြစ်တဲ့ တောင်ပြုန်းပွဲကို စာဖတ်သူမျက်စေ့ထဲမြင်လာအောင် အနုစိတ်ရေးဖွဲ့ထားပါတယ်။ ၀ါခေါင်လဆန်း၈ရက်နေ့ကစလို့ ကန်တော့ခံ၂ရက်၊ညညီလာခံ၊ချိုးရေတော်သုံး ၊ နန်းတက်ပွဲ၊ယုန်ထိုး၊ထိန်ခုတ် နဲ့ ရွှေဘုံဆင်းဆိုပြီး အဆင့်ဆင့်ကျင်းပပုံတွေကို ရေးပြထားသလို ပွဲတော်လာ ပရိသတ်တွေထဲက နှစ်စဉ်လာနေကျ ကျေးတောသူအဖွားကြီး၊ ယောက်ျားက မယားငယ်ယူလို့ သောကပွေနေတဲ့ အရာရှိကတော်ကြီး ဒေါ်တင်မြဟန် နဲ့ ခါးပိုက်နှိုက် စိုးလွင်တို့ရဲ့ snapshot ရုပ်ပုံလွှာ တွေကိုလည်း ရေးပြထားပါတယ်။ ဒါ့အပြင် တောင်ပြုန်းက မိန်းမလျာတွေရဲံ့ ဘ၀အထွေထွေ ရဲနဲ့ လိုက်တမ်းပြေးတမ်း အတွေ့အကြုံ ဇာတ်လမ်းစုံတွေ ကိုလည်း အစုံခင်းကျင်းပြထားတာမို့ မဖတ်ရသေးဘူးဆိုရင် ဖတ်ကြည့်ကြဖို့ လက်တို့ပါရစေ။
အဓိကဇာတ်ကြောင်းပြောသူ ဒေစီဂျိန်းရဲ့ စကားပြောဟန်ဆိုရင် နတ်ကတော်တစ်ယောက်ရဲ့ ”လေ”ကို ၀တ္တုတစ်ပုဒ်လုံး အပိုအလိုမရှိ ကွက်တိသရုပ်ဖေါ်နိုင်ခဲ့ပါတယ်။ စာရေးဆရာမက တောင်ပြုန်းပွဲကို သုံးနှစ်တောင် research လုပ်ပြီး ရေးထားတာဆိုတော့ ကောင်းတော့မှာပေါ့။ ဒီဝတ္တုကို မကြာခင်ရုပ်ရှင်ရိုက်ဦးမယ် လို့လဲကြားတယ်။ ပေါ်လစီနဲ့ ငြိတယ်လို့လဲ တစ်စွန်းတစ်စ ကြားမိရဲ့….ဘယ်စကားတွေမှန်မလဲတော့မသိ။ ဘယ်မင်းသားတွေနဲ့ရိုက်မှာလဲ လို့လဲစိတ်ဝင်စားတယ်။ ရုပ်ရှင်ရိုက်လို့ကတော့ တို့များက ကြည့်…ဦး……..မှာ။
( ဓါတ်ပုံ source : Flickr)
မိုးစက်ပွင့်
ကြိုက်ပါတယ်
ReplyDeleteဆရာမဟာစာအရေးအသားအရမ်းကိုပြောင်မြောက်သူတယောက်ပါ
ထမီလေးတထည်ဆိုရင်လဲကြိုက်တယ်