Saturday, 29 August 2009
မင်းဂံရွာသူလေးရဲ့ပုံပြင်
(၁)
ကျွန်မ က ရေမရောတဲ့ အညာသူစစ်စစ်ပါ။ ကျွန်မကို အညာမြေက မကွေးတိုင်း ချောက်မြို့နယ် မင်းဂံရွာကလေးမှာ မွေးပါတယ်။ မကွေးတိုင်းနဲ့ မန္တလေးတိုင်းရဲ့ နယ်စပ် ညောင်ဦး-မကွေး လမ်းမကြီးရဲ့ မနီးမဝေးမှာ ရှိပါတယ်။ တစ်ချို့ကတော့ မကွေးတိုင်းက အညာမဟုတ်ပါဘူး..... မြေလတ် လို့လည်း ပြောကြပါသရှင့်။ ကျွန်မလဲ စာမသင်ခဲ့ရတဲ့ တောသူဆိုတော့ သိပ်တော့ ခွဲခွဲခြားခြား မပြောတတ်ပါဘူးရှင်။ အညာဘဲပြောပြော မြေလတ်ဘဲဆိုဆို ကျွန်မဇာတိ ချောက်မြို့နယ်ဒေသကတော့ အတော့်ကို ပူပြင်းချောက်သွေ့တာပါရှင်။ ရေဆိုတာလည်း ရှားမှရှားပဲရှင့်။ ပညတ်သွားရာ ဓါတ်သက်ပါ ဆိုသလိုများဖြစ်နေရော့သလားလို့ ထင်မိပါတယ်။ သြော် - ”ရေကြည်သောက်ရင် .... မြင်ရမလောက်ပင်... လည်တိုင်သေးကျဉ်.... နဘေးကြည့်ကသာလို့ယဉ်.....” ဆိုတဲ့သီချင်းထဲက မန္တလေးနယ်တစ်ဝိုက်က မင်းဂံဘုတ်ရွာ မဟုတ်ရပေါင်ရှင်။ အဲဒီ မင်းဂံဘုတ်နဲ့ ကွဲပြားအောင်ဆိုပြီး ကျွန်မတို့ရွာကို မင်းဂံစု လို့လည်း ခေါ်ပါသေးတယ်။
(၂)
ကျွန်မက အဖေအမေတို့ရဲ့ သားသမီးအရင်းတော့ မဟုတ်ခဲ့ပါဘူး။ ကျွန်မမှတ်မိတတ်စအရွယ်မှာ ရွာနဲ့မနီးမဝေးက မင်းဂံတောင်ပေါ်မှာ အလုပ်လုပ်ရင်း အဖေက တွေ့ပြီး ခေါ်ယူခဲ့တာပါ။ ကျွန်မအဖေရဲ့ ပခုံးပေါ်က ညွှတ်ပဲ့ပဲ့ ဆိုင်းထမ်းထဲမှာ လိုက်ပါလာရာကနေ ကျွန်မ အမေ့အိမ်ကို ရောက်ခဲ့ပါတယ်။ အမေ့လက်ထဲကို စရောက်ချိန်မှာတော့ ကျွန်မဟာ ပုံမကျ ပန်းမကျ ရုပ်ဆိုးမလေးတစ်ယောက်သာ ဖြစ်နေဆဲပါ။ အမေ့ရဲ့ နူးညံ့သိမ်မွေ့ ကျွမ်းကျင်တဲ့ လက်အောက်မှာ ပြုပြင်သွန်သင်မှုကိုခံယူရင်း ကျွန်မဟာ အချိန်နဲ့အမျှ သိမ်မွေ့ လှပ လာခဲ့တယ်။ ကျွန်မရဲ့ဘေးမှာလည်း မမကြီး မမလတ် မမငယ်တွေ ၀ိုင်းနေတာပါပဲ။ မွေးလဲ မွေးနိုင်တဲ့ အဖေနဲ့အမေပါ။ တစ်ညနေမှာတော့ အမေက သူ့လက် ကြမ်းကြမ်း နွေးနွေး ထွေးထွေးလေးနဲ့ ကျွန်မတို့ညီအမ တစ်တွေကို တစ်ယောက်စီ ပွတ်သပ်တယ်။ ပွေ့ပိုက်တယ်။ နှုတ်ကလည်း တစ်ဖွဖွပြောနေလေရဲ့။ ကဲ ငါ့သမီးတို့ကို အဖေနဲ့အမေက မချစ်လို့မဟုတ်ပါဘူးကွယ်။ အမေတို့ တစ်နေ့လုပ်မှ တစ်နေ့စားရတာ သိတယ်မဟုတ်လား။ တို့နဲ့နေလို့ နင်တို့လဲဘာမှဖြစ်လာမှာမဟုတ်ဘူး ။ ငါ့သမီးတို့ လောကကောင်းကျိုးကို တတ်နိုင်သမျှ သယ်ပိုးကြတော့လို့ ပြောရင်း အဖေ့လက်ထဲကို မမသုံးယောက် ထည့်လိုက်တယ်။ ကျွန်မနဲ့ ညီမထွေးလေးကို အမေက ပိုက်ပြီး ရွာစွန်က အိမ်ကြီးကြီးကို သွားကြတယ်။ ရေနံဝနေတဲ့ သစ်သားအိမ်အကြီးကြီးရဲ့ ၀ရံတာမှာ ပြောင်းဖူးဖက်ဆေးလိပ်ကြီးကိုဖွာနေတဲ့ မိန်းမ၀၀ကြီးက အမေ့ကို လှမ်းနှုတ်ဆက်တယ်။ မိစိန်တို့ လာကြပြီလား- နောက်ကျလိုက်တာအေ လို့ အသံမာမာနဲ့ နှူတ်ဆက်ပါတယ်။ အမေက ဟုတ်ကဲ့ မမကြည်၊ ကိုငွေ တောင်ပေါ်ကပြန်လာတာ နဲနဲနောက်ကျသွားလို့ ဆိုပြီး အမေက လေပြေထိုးပါတယ်။ အဲဒီတော့မှ အဒေါ်၀၀က စိတ်ပြေသွားပြီး ကျွန်မတို့ဘက်ကိုလှည့်ကြည့်ပါတယ်။ သူတို့အတွက်ရတဲ့ငွေကို အကြွေးစာရင်းထဲက နှုတ်လိုက်မယ်နော်လို့ ပြောလဲပြော၊ စာရင်းမှတ်လဲမှတ်ပါတယ်။ ပြီးတော့ အမေ့လက်ထဲကို ဆန်ထုပ်သေးသေးတစ်ခု၊ ဆီ၊ဆား၊ကြက်သွန် တစ်ချို့ပေးပါတယ်။ ပြီးတော့ အဖေတောင်ပေါ်တက်ရင် မပါမဖြစ်တဲ့ ၀ါဆို ဖယောင်းတိုင်ထုပ်။ ဟဲ့ ကျောက်ကျင်းဆင်းတာ မိုးရိပ်လေရိပ်ကြည့်အုံးနော်- ဖိုးငွေ၊ ဟိုတစ်လောက သံချောင်းကိစ္စ ငါ့ဖြင့် ခုထိစိတ်မကောင်းဘူး၊ ကောင်လေးနှယ် ရှင်တောင်မပြုရသေးဘူးတဲ့။ အဖေက ဟုတ်ကဲ့ ကျွန်တော်လဲ သတိပေးပါတယ်။ သူ့ကျင်းက အတောင်၁၀၀လောက် နက်နေပြီ။ ကျောက်တွေကလည်း ခပ်မွမွဆိုတော့....။ အဖေက စိတ်မကောင်းဟန်နဲ့ စကား ဆက်မပြောတော့ပါဘူး။ သူ့အကြွေးတွေ အဒေါ်၀၀ဆီမှာ များများလာတာကိုလည်း သိချင်ကြားချင်ပုံမပေါ်ပါဘူး။ ကျွန်မတို့ ညီအစ်မကိုတစ်ချက်စောင်းကြည့်ပြီး အိမ်ပေါ်ကဆင်းသွားပါတယ်။ အဖေနဲ့အမေ ညစာ မချက်ရသေးတာ ကျွန်မတို့သိပါတယ်။ ညစာနဲ့ အဖေ တောင်ပေါ်မတက်ခင်စားဖို့ မနက်ထမင်းကြမ်းကို ပေါင်းချက်လေ့ရှိပါတယ်။ အဖေအမေတို့မှာ နာမည်မှာသာ စိန်တွေ ငွေတွေ ပါနေပေမယ့် စားဖို့ ၀တ်ဖို့တောင် အနိုင်နိုင်ရယ်ပါ။ တစ်ရွာလုံးမှာ ဒေါ်ဒေါ်ကြည်တို့လို ပြေလည်တာ ၄-၅ဦးသာရှိပြီး အများစုက ကျွန်မတို့မိဘတွေလို မင်းဂန်တောင်ရိုးကို မှီခိုစားသောက်ရတဲ့ ကျောက်လုပ်သားတွေချည်းပါပဲ။
ကျွန်မတို့ညီအစ်မကိုတော့ အဲဒီပွဲစား အဒေါ်၀၀က မှောင်မဲတဲ့ အိမ်ခန်းထဲ သွင်းလိုက်ပါတယ်။ အထဲမှာ ကျွန်မတို့လို ဘ၀တူတွေ အများကြီးပါရှင်။ ကျွန်မတို့ ညီအစ်မလဲ တစ်ယောက်ကို တစ်ယောက် တိုးတိုး တိုးတိုးနဲ့ စကားပြောပြီး ကြောက်စိတ်ဖြေကြရတယ်။ အိမ်ကို လွမ်းလို့ငိုနေတဲ့ အထွေးဆုံးညီမလေးကို လည်း ၀ိုင်းချော့ကြရပါသေးတယ်။ နောက်နေ့ အမေနဲ့အဖေ အိမ်ရှေ့မှာ ပွဲစားအဒေါ်နဲ့တွေ့ပြီး ရောင်းကြ ၀ယ်ကြ ဆန်ယူ ဆီယူတာကြားနေရပေမယ့် ကျွန်မတို့ကို အခန်းထဲမှာ သော့ခတ်ထားတာမို့ ထွက်မတွေ့ရပါဘူး။ ညီမထွေးလေးက ရှိုက်နေတာကို အဖေနဲ့အမေ မကြားအောင် ပါးစပ်ပိတ်ထားမိပါတယ်။ သူတို့လဲ စိတ်မကောင်းရုံအပြင် ဘာမှ တတ်နိုင်တာမှ မဟုတ်ဘဲလေ။ တစ်ခြားရွာသားတွေလဲ ရောက်ရောက်လာပြီး ကျွန်မတို့နဲ့ ဘ၀တူတွေ တိုးတိုးလာပါတယ်။ ကျွန်မတို့နေရတာလဲ အရမ်းလှောင်ပိတ်လာတာပါဘဲရှင်။
(၃)
၎-၅ရက်လောက်ကြာတော့ ပွဲစားအဒေါ်အိမ်ကို ကားစုတ်ကြီးတစ်စီးနဲအတူ လူစိမ်းနှစ်ယောက် ရောက်လာပါတယ်။ အဒေါ်က ဖေါ်ဖေါ်ရွေရွေ နှုတ်ဆက်ပါတယ်။
” မောင်မှန်ရောင် တို့လာကြဟေ့။ မင်းတို့အတွက် အသစ်ကလေးတွေ များလွန်းလို့ အခန်းတောင်မဆံ့တော့ဘူး”
ကျွန်မတို့ကို ပြောနေတာပါလား။ ကျွန်မတို့အားလုံး ရင်ထိတ်နေကြတယ်။ မှောင်မဲတဲ့ ဒီအခန်းထဲက ရုန်းထွက်ချင်သလောက် ထွက်ရမှာကျတော့ ကြောက်နေကြပြန်ရော။ ဟိုလူကပြန်ပြောပါတယ်။
”....... ကြီးကြီးနဲ့ ငယ်ငယ်တွေထားဦးဗျာ ဒီတစ်ခေါက် အရွယ်လတ်တွေ ရသလောက် လိုချင်တယ် ”.......တဲ့။
ဒီလိုနဲ့ ကျွန်မအပါအ၀င် ရွယ်တူတော်တော်များများ၊ ကားပေါ်ကို တွန်းတွန်းထိုးထိုး အပို့ခံရပြန်တယ်။ မမကြီးနဲ့ ညီမလေးကို မခွဲချင်ပေမဲ့ အဒေါ်၀၀ရဲ့ သြဇာကို ကျွန်မ မလွန်ဆန်ရဲခဲ့ပါဘူး။ ရွယ်တူတော်တော်များများလည်း ကားပေါ်မှာ ကြပ်ကြပ်ညပ်ညပ် ပါလာကြပါတယ်။ ငွေအထပ်လိုက်ကိုင်ပြီး ပျော်နေတဲ့ အဲဒီ အဒေါ်၀၀ကိုတော့ နည်းနည်းမှ မလွမ်းပါဘူး။
(၄)
ကျွန်မတို့ တစ်သိုက် ဟိုလူ ရုပ်ဆိုးဆိုးရဲ့ မြို့လည်က ဆိုင်မှာ နေရပါတယ်။ ပွဲစားအဒေါ်အိမ်ထက်စာရင်တော့ သူ့ဆိုင်မှာ အလင်းရောင်၀၀ အသက်ရှု၀၀ နေရပါတယ်။ လမ်းမပေါ်က ကားတွေ ကိုကိုမမ လှလှတွေ၊ ဈေးရောင်းဈေးဝယ်တွေကို မျက်စေ့ တစ်ညောင်း ငေးလို့ရပါတယ်။ ကျွန်မတို့အဖွဲ့နဲ့ပါလာသူ တွေ တစ်ဖြုတ်ဖြုတ်လျော့သွားပါတယ်။ ဆိုင်ကိုရောက်လာသမျှ ယောက်ျား၊ မိန်းမ အားလုံးက ကျွန်မတို့ကို ဟိုဟိုဒီဒီ ပွတ်သပ်ကိုင်တွယ်ပြီး စိတ်ကြိုက်ရွေးပါတယ်။ ကြိုက်ရင်တော့ အပိုင်ခေါ်သွားပါတယ်။ တစ်ချို့က ဆိုင်၊ တစ်ချို့က အိမ်၊ တစ်ချို့က ဟော်တယ်၊ အစုံပါပဲ။ ကျရာနေရာမှာ အသုံးတော်ခံကြရမှာပါ။ ကျွန်မကတော့ ကြည့်မဲ့သူတွေလာတိုင်း ကြောက်လွန်းလို့ အဖေါ်တွေရဲ့နောက်မှာ ခေါင်းလေးပုပုပြီး ပုန်းနေမိပါတယ်။ တစ်နေ့တော့ သားသားနားနား အဒေါ်တစ်ယောက်ဆိုင်ထဲ ၀င်လာပါတယ်။ ဆိုင်ရှင်နဲ့လည်းခင်ပုံရပါတယ်။ ဘုရားပွဲကပြန်လာတာဆိုလား၊ သူ့သမီးလေးအတွက် ကျွန်မတို့ထဲကတစ်ယောက်ကို ခေါ်သွားချင်တယ် တဲ့။ ကျွန်မလေ မညာဘူး သူနဲ့ပဲ လိုက်သွားချင်မိတယ်။ ငါ့ကို ခေါ်ပါစေ ခေါ်ပါစေ လို့ စိတ်ထဲက အကြိမ်ကြိမ် ရေရွတ်မိတယ်။ အဒေါ်က အားလုံးကို စေ့စေ့စပ်စပ်ကြည့်နေတာကိုး။ သူလေးက မျက်နှာဝိုင်းဝိုင်းလေး၊ အသားအရေလဲညက်တယ်၊ သမီးသဘောကျမယ်ထင်တယ်၊ သူ့ကိုဘဲခေါ်သွားတော့မယ် ဆိုပြီး ကျွန်မကို ရွေးချယ်လိုက်တဲ့အချိန်မှာတော့ ပျော်လွန်းလို့ ရင်တွေ တစ်ဒိတ်ဒိတ်ခုန်နေတယ်ရှင့်။ တစ်ခုဘဲရှိတယ်။ ဆိုင်ရှင် ကိုရုပ်ဆိုးကို အဲဒီအဒေါ် ပေးလိုက်တဲ့ငွေက အဖေတို့အမေတို့ရတဲ့ ငွေထက် အဆမတန် များပြားနေတာပါပဲ။ သခင်မအသစ်ရဲ့ ကားကလေးပေါ်ကို ရောက်တော့ ကျန်ခဲ့တဲ့သူတွေအပေါ် သွေးကြီးမွေးကြီး စိတ်ဖြစ်မိတာတော့ အမှန်ပါဘဲရှင်။
(၅)
အိမ်ကို ကားရောက်ရောက်ချင်း ကျွန်မကိုမြင်တော့ ခုန်ဆွခုန်ဆွ ပျော်နေတဲ့ ၈နှစ်အရွယ် ကလေးမလေးကို မြင်မြင်ချင်းချစ်မိတာပါပဲ။ မမလေး လို့ ချစ်စနိုးခေါ်မိတယ်။ မမလေးနဲ့ ကျွန်မ တစ်ခန်းထဲနေရပါတယ်။ ကျွန်မရဲ့ အဓိကတာဝန်က မမလေး လိမ်းဖို့ သနပ်ခါး သွေးပေးရတာပါ။ မမလေးက သနပ်ခါးကြိုက်တယ်။ မျက်နှာတင်မက ခြေတွေလက်တွေပါ ဖွေးနေအောင် လိမ်းတတ်တာ။ သူက စက်သွေးခဲလဲမကြိုက်ဘူး။ ရှင်မတောင် သနပ်ခါးစစ်စစ်ကိုမှ မက်မက်မောမော လိမ်းတတ်တာရှင့်။ ကျွန်မကို ခေါ်လာတဲ့ မေမေကြီးကတော့ တစ်ခါတစ်ခါ မျက်နှာအေးအောင်ဆိုပြီး သနပ်ခါး လိမ်းတတ်ပါတယ်။ ကျွန်မစိတ်အညစ်ဆုံးက ဖွားဖွားကြီးပါ။ အသက်၆၀ ကျော်နေပြီ။ တစ်ကိုယ်လုံးအနှံ့ တောင်တန်ကြီး၊ ကရမက်၊ အကျော် စတဲ့ အမွှေးနံ့သာတွေ အမြဲလိမ်းချင်သူပါ။ ကျွန်မက စူးရှတဲ့ အဲဒီအမွှေးနံ့တွေကို မကြိုက်ဘူး။ ဒါပေမယ့် သနပ်ခါးသွေးပေးဖို့က ကျွန်မတာဝန်ဘဲလေ။ မမလေး သနပ်ခါးလိမ်းခါနီးရင်သာ အဲဒီအမွှေးနံ့တွေရော မပါအောင် ရေအထပ်ထပ်ဆေးကြော ထားတတ်စမြဲပါ။ ကျွန်မက တစ်အိမ်လုံးမှာ မမလေးကိုဘဲ အချစ်ဆုံးပါ။ မမလေး ဆိုတဲ့ သီချင်းသံ စာစာလေးတွေက ကျွန်မဘ၀ကို ပျော်ရွှင်ချမ်းမြေ့စေတယ်။ မမလေးပါးပြင် ၀ါဝါဖေါင်းဖေါင်းလေးပေါ်မှာ သနပ်ခါး ပါးကွက်ကြားလေး မခြောက်တစ်ခြောက် ရှိနေချိန်ဆိုရင်လေး မျက်တောင်မခတ် ငေးနေမိတယ်။
(၆)
ကျွန်မ မမလေးအိမ်ရောက်လို့ နှစ်တော်တော်ကြာလာတော့ ဖွားဖွားကြီးလဲဆုံးသွားတယ်။ သူလိမ်းနေကျ အမွှေးခဲလေးတွေ ခေါင်းတလားထဲထည့်ပေးလိုက်ပါတယ်။ ကိုယ့်ဘာသာဘဲ သွေးတော့ ဖွားဖွားကြီးရေ လို့ တိုးတိုးလေးပြောလိုက်တယ်။ မေမေကြီးလဲ သနပ်ခါး လိမ်းတာ ပိုကျဲလာတယ်။ ကျွန်မရဲ့မမလေးကတော့ သနပ်ခါးကို မက်မက်စက်စက်ကြိုက်ဆဲပါ။ ဒီလိုနဲ့ မမလေးက လှပတဲ့ အပျိုမလေးဖြစ်လာတယ်။ တစ်ဦးတည်းသောသမီးဆိုတော့ သူ့မှာတိုင်ပင်စရာ ညီအစ်မလဲမရှိဘူး။ ဒါကြောင့် မမလေးက ညအိပ်ယာဝင်တိုင်း သူ့ရဲ့ အချစ်ပုံပြင်လေးအကြောင်း ကျွန်မကို ရင်ဖွင့်လေ့ရှိတယ်။ အပြန်အလှန်ပေးတဲ့ ချစ်စာလွှာလေးတွေကိုလည်း ကျွန်မအိပ်ယာဘေးက သစ်သားအံဆွဲလေးထဲမှာ သိမ်းထားတယ်။ တစ်ခါတစ်လေ မမလေးက စာလေးတွေကို ထုတ်ပြီး အသံထွက်ဖတ်ပြတယ်။ ကျွန်မက စာမှမတတ်တာ။ မမလေးကလေ စာလေးတွေကို ဖတ်လိုက် ရီလိုက် ပြုံးလိုက်နဲ့ ချစ်စရာကောင်းတဲ့ အရူးမလေးလိုပါပဲ။ မမလေးချစ်သူက မမလေးတို့ ဆီစက်ထဲက မန်နေဂျာလေးတဲ့။ အလုပ်ကြိုးစားပေမဲ့ မိသားစုများတော့ မပြေလည်ဘူးတဲ့။ ကလေးဘ၀ထဲက သူမြင်နေကျ မမလေးကိုတော့ သိပ်ချစ်တယ်တဲ့။ ကျွန်မလား မမလေးပြောသမျှ တလေးတစားနားထောင်နေကျ။ မေမေကြီးသိရင် ဆူမှာလေ။ ဘယ်တော့မှ ပြန်မပြောဘူး စိတ်ချ။ ဒါပေမဲ့ မေမေကြီးက မျက်စေ့ကြီး နားကြီးမဟုတ်လား။ ဖေဖေကြီး မသိခင်ဘဲ သူကအရင် သတင်းရသွားခဲ့ပါတယ်။ အို တစ်အိမ်လုံး ဆူညံနေတာပါပဲရှင်။ မေမေကြီး ဒေါသအကြီးအကျယ်ထွက်တာ မမလေးကို ဆူပူကြိမ်းမောင်းတာ ငိုတာယိုတာ ပထမဆုံးမြင်ရတာပါပဲ။ မမလေးလဲ ငိုတယ်။ ကျွန်မကတော့ ကြောက်လွန်းလို့ ချောင်ကုပ်နေတာပေါ့ရှင်။ ညညဆို မမလေးက မအိပ်ဘဲ ငို ငိုနေတာ။ သနပ်ခါးလဲမလိမ်းတော့ဘူး။ ကျွန်မ စိတ်မကောင်းလိုက်တာရှင်။ ချော့လဲမချော့တတ် အားလဲမပေးတတ် ဘာမှလဲလုပ်မပေးတတ်တဲ့ ကိုယ့်ဘ၀ကို ကိုယ်မုန်းလိုက်တာ မပြောပါနဲ့။ မမလေးရဲ့ သောကတွေ ငါယူထားပေးလို့ရရင်ကောင်းမှာပဲလို့ မဖြစ်နိုင်တာကိုပဲ မျှော်လင့်ဆုတောင်း နေမိတယ်။ တစ်ပါတ် နှစ်ပါတ် လောက်ကြာတော့ မမလေးက ပြန်ထူထောင်လာတယ်။ တစ်အိမ်လုံးနဲ့ စကားတွေ အများကြီးပြောတယ်။ သီချင်းဆိုတယ်။ သနပ်ခါးလဲ လိမ်းချင်လာတယ်။ ကျွန်မပျော်လိုက်တာရှင်။ မမလေးလိမ်းဘို့ ပိုပြီး များများ ပျစ်ပျစ်သွေးပေးမိတယ်။ အဲဒီတုန်းက မမလေးကို သွေးပေးရတာ နောက်ဆုံးဘဲလို့ ဘယ်သိပါ့မလဲ။ တစ်ရက်တော့ အပြင်မသွားခင် မမလေးက ကျွန်မကို အကြာကြီးစိုက်ကြည့်တယ်။ ကျွန်မပါးပြင်ကို ဖွဖွလေးကိုင်တယ်။ ဘာမှလည်း ထူးထူးထွေထွေမပြောဘူး။ အဲဒီတုန်းက ကျွန်မလဲမရိပ်မိဘူး။ ညနေစောင်းလို့ တစ်အိမ်လုံးဆူပွက်ခါမှ မမလေးချစ်သူနောက်လိုက်သွားမှန်းသိတာ။ ကျွန်မလေ ပျော်လဲပျော်ပါတယ်၊ ၀မ်းလဲနည်းတယ်၊ ဘယ်လိုပြောရမှန်းမသိပါဘူး။ ဖေဖေကြီးနဲ့ ဒရိုင်ဘာက အိမ်က ကားတစ်စီးနဲ့ မမလေးတို့ကို လိုက်ရှာနေတယ်။ တွေ့မယ့်တွေ့တော့ အဖြစ်ဆိုးနဲ့ပါလားရှင်။ မမလေးတို့ ထွက်ပြေးတဲ့ကားက အရှိန်လွန်ပြီး သစ်ပင်ကိုဝင်ဆောင့်သတဲ့။ မမလေးက ဆေးရုံမရောက်ခင်ဆုံးသတဲ့၊ မမလေးချစ်သူက ဆေးရုံကြီးအရေးပေါ်မှာ။ အို နားထဲကို မိုးကြိုးသွား ခ သလိုပါဘဲရှင်။ သွားပြီလေ၊ ကျွန်မသိပ်ချစ်တဲ့ သခင်မလေး မမလေး သူချစ်တဲ့ ချစ်သူ၊ မိသားစုနဲ့ လောကကြီးတစ်ခုလုံးကို စွန့်ခွာသွားပြီပေါ့။ ကျွန်မ ကျွန်မ သူ့ကိုဘယ်တော့မှ ပြန်မတွေ့ရတော့ဘူးပေါ့။ ရင်ထဲအသည်းထဲမှာ ဆောက်နဲ့ထွင်းသလို နာကျင်လှပါတယ်။
(၇)
အခုတော့လဲ အိမ်မှာ ကျွန်မဟာ မေ့လျော့ခံတစ်ယောက်ဖြစ်နေပါပြီ။ ကျွန်မအတွက် နေ့တာတွေဟာ ရှည်လွန်းလှတယ်။ မေမေကြီးကလဲ စိတ်ပုတီးတစ်ချောက်ချောက်နဲ့ ကျွန်မကို ယောင်လို့မှ သနပ်ခါးမသွေးခိုင်းတော့ပါဘူး။ မမလေးရဲ့ အခန်းထဲမှာ ဆက်လက်နေထိုင်ခွင့်ပေးတာရယ်၊ ကျွန်မကို အိမ်က စွန့်ပစ်နှင်ထုတ် မလုပ်တာရယ်ကိုပဲ မေမေကြီးကို ကျေးဇူးတင်လှပါပြီ။ အရွယ်လေးရလာလို့ ကျွန်မရဲ့ ပါးပြင်နှစ်ဖက်လဲ ချိုင့်ဝင်နေပါပြီ။ ကျွန်မရဲ့ အဖြစ်ချင်ဆုံးဆုတောင်းတစ်ခုကတော့ မမလေးရဲ့အခန်းထဲမှာ ကျွန်မ တစ်သက်လုံးနေချင်တယ်။ ငယ်ငယ်ကလို အင်အားမရှိတော့ရင်တောင် ကျီးစောင့် ကြက်နှင်ပဲဖြစ်ဖြစ် မေမေကြီးတို့ ကျေးဇူးကို သစ္စာရှိရှိ ပေးဆပ်ချင်ပါတယ်။ မေမေကြီး နေထိုင်မကောင်းလို့ ဆေးမြစ်တွေ ဆေးသနပ်ခါးတွေ လိမ်းချင်ရင်လည်းကျွန်မသွေးပေးဦးမှာပါ။ ကျွန်မ ကို အသက်ထက်ဆုံး မိသားစုဝင်အဖြစ် လက်ခံပေးပါ- လို့။
သြော် မေ့နေလို့။ ပြောပြရဦးမယ်။ ကျွန်မနာမည်က မကျောက်ပျဉ် ပါတဲ့ရှင်။
စာကြွင်း- မင်းဂံတောင်တန်းကြီးက သဲကျောက်တောင်ကြီးပါ။ အဲဒီကျောက်တွေကိုသုံးပြီး ရွာရှိ အိမ်ကုန် ကျောက်ပျဉ်နဲ့ ကျောက်ငရုပ်ဆုံ ကျောက်မီးဖို လုပ်ငန်းကို လုပ်ကိုင်ကြပါတယ်။ ရွာကလေးက တစ်နှစ်ကို ကျောက်ပျဉ် အချပ်သုံးသိန်းလောက်ထွက်ပါတယ်။ ကျောက်ပျဉ်တစ်ချပ်ကို အရွယ်လိုက်လို့ ၇၀၀ ကျပ်မှ ၁၀၀ ကျပ်အထိ ပွဲစားဆီမှာ သွင်းပြီး တစ်ရက်စာအစားအစာကို ပွဲစားဖြတ်တဲ့ဈေးနဲ့ ဖလှယ်ယူရပါတယ်။ နေမကောင်းလို့ အလုပ်မလုပ်နိုင်ရင် အကြွေးသံသရာ လည်ကြရပါတော့တယ်။ ကျောက်တူးတာ၊ ကျောက်တုန်းသယ်တာ၊ ထွင်းထုတာတွေ အားလုံးက ပင်ပန်းဆင်းရဲသလောက် စားရရုံဘ၀က မတက်တဲ့ သူတို့ဘ၀ကို အလွန်သနားမိခဲ့ပါတယ်။ မိရိုးဖလာအလုပ်ကို မစွန့်ရက်ပဲ တစ်ပြည်လုံးက ကျောက်ပျဉ် ငြုပ်ဆုံ လိုအပ်ချက်တွေရဲ့ တစ်ဝက်ကျော်ကို မနားမနေဖြည့်ဆည်းပေးနေတဲ့ မင်းဂံ(စု)ရွာက ကျောက်ထုလုပ်သား၊ လုပ်သမ များကို ဒီစာစုနဲ့ ဂုဏ်ပြုအပ်ပါတယ်။
Labels:
ဝတ္တုတို
Subscribe to:
Post Comments (Atom)
ကျနော့်ဘလော့ဂ်ကွန်မင့်ကဏ္ဍမှာ ကွန်မင့်တွေ့ရာကနေ လာဖတ်တာပါ။
ReplyDeleteရေးထားတာ တကယ်ပိရိပါတယ်။ ပထမတော့ လူကုန်ကူးသူအကြောင်းရေးပြနေတာလား၊ နောက်တော့ ကလေးလုပ်သားတွေအကြောင်း ရေးပြချင်တာလားနဲ့။ နောက်ဆုံး ကျောက်ပျဉ်ဆိုတော့မှ လူမဟုတ်မှန်း သိတော့တယ်။ အကင်းပါးပုံက။
အဲသည်လို လူမဟုတ်တဲ့ အရာဝတ္ထုကို လူအဖြစ်ဖန်တီးပြီး “ကြွေရက်ကယ်စော…” ဆိုတဲ့ပို့စ်မှာ ကျနော်ကိုယ်တိုင်လည်း ရေးဖူးခဲ့ပါလျက် ဒီတချီမှာတော့ လုံးဝ မရိပ်မိလိုက်ဘဲ စာရေးသူရဲ့ အရေးအသားမှာ မျောသွားပါတယ်။
ဖတ်သွားတယ်။
ReplyDeleteရှင့်လက်ရာလေးမှာမျောသွားတယ်။
အီတီ
ဘလော့ဂ်ဖတ်တဲ့ ညီမလေးတယောက် ညွှန်းလို့ လာဖတ်ဖြစ်တယ်။ စာရေးသိပ်ကောင်းတယ်။ ဘာကို ရည်ညွှန်းတယ်ဆိုတာ အဆုံးရောက်မှပဲ သိတော့တယ်။
ReplyDeleteဇာတ်သိမ်းခန်းက ထူးခြားမယ်ဆိုတာတော့ မျှော်လင့်ထားပြီးသားပါ...
ReplyDeleteဒါပေမယ့် ကျောက်ပျဉ်ဖြစ်လိမ့်မယ်လို့ ဘယ်လိုမှ ထင် မထားမိပါဘူး...
စာရေးသူရဲ့ အရေးအသားအောက်မှာ အမှတ်မထင် မျောပါသွားပါတယ်...
အရေးအသားလေးက တကယ်ကောင်းပါတယ် စဖတ်လိုက်ပြီးကတည်းက မရပ်ချင်တော့ဘူး အဆုံးကိုသိချင်ဇောနဲ့ ပြီးအောင်ဖတ်လိုက်တော့ မြှုပ်ကွက်လေးနဲ့ ရေးထားတာပဲဆိုတာကို သိရတယ်ဗျာ...တော်ပါပေတယ်...
ReplyDelete