အင်ကြင်းမြိုင်စာပေ
၁၉၈၇ စက်တင်ဘာလ
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ကျော်ကစာအုပ်ကလေး၊ ပထမဆုံးထုတ်ဝေတဲ့ အချိန် ကျောင်းသူဘ၀က ဖတ်ပြီး သိပ်ကြိုက်ခဲ့ ခံစားခဲ့ မျက်ရည်ကျခဲ့ရသလို အခု လုပ်ငန်းခွင်ထဲမှာ အနေကြာပြီး ရင့်ကျက်နေတဲ့အရွယ်မှာ ပြန်ဖတ်တော့လဲ ထိထိခိုက်ခိုက် ခံစားရဆဲ မျက်ရည်ကျရဆဲပင်။ ကိုယ်ကိုယ်တိုင်က သိပ်ကို အရေပြားပါးလွန်းတာလားလို့ အပြစ်တင်ချင်စရာပေ….။
စာအုပ်ကပါးပါးသေးသေးလေး။ ဇာတ်လမ်းက ဘာမှထူးထူးခြားခြားမရှိ။ စုစုထွေးဆိုသော ဆေးကျောင်းသူလေးနဲ့ သူ့ချစ်သူ ဆေးကျောင်းသား”မောင်” တို့ရဲ့ ကြေကွဲဇာတ်လမ်း။ မန္တလေးဆေးတက္ကသိုလ်နောက်ခံမြင်ကွင်းမှာ ရုပ်ရည်သိပ်မလှတဲ့ ဆေးကျောင်းသူမလေးနဲ့ သှူုမရဲ့မောင်တို့ စတင်ဆုံစည်းခဲ့ကြသည်။ မောင့်ရဲ့မြို့မှာ လှပတဲ့ ငယ်ချစ်မိန်းကလေး တစ်ယောက် ကျန်နေခဲ့တာ မသိပါဘဲ ရူးရူးမူးမူးချစ်ခဲ့မိသည်။ နောက်ပိုင်း တဆင့်စကားနဲ့သိလာရချိန်မှာ တော့ သူမနှလုံးသားက မောင့်ကို ဖယ်ထုတ်မရအောင် စွဲလမ်းနေမိခဲ့ပြီ။
မောင့်ကို ဖွင့်မမေးရက်အောင် ဖြစ်နေရတာက ”ဟုတ်တယ်”ဆိုတဲ့အဖြေကို နားနဲ့ဆတ်ဆတ် မကြားရဲတဲ့အပြင် မောင် လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်အောင်လို့ ဆိုသည်။ နောက်ဆုံးတော့ စားသောက်ဆိုင်တစ်ခုမှာ မောင်တို့နှစ်ယောက်သားနဲ့ စုစုထွေး အမှတ်မထင်ဆုံကြ၊ စုစုထွေးက သူတို့ဇာတ်လမ်းကိုသိထားသူ သူငယ်ချင်းတစ်ယောက် လို ရီရီမောမော စ နောက်ပြီး ကောင်မလေးနံမည်တို့ဘာတို့ ပြောနေလို့ တစ်ဖက်ကောင်မလေးက ရှက်နေချိန်မှာ မောင်ကတော့ စုစုထွေးရဲ့မြိုသိပ်ထားတဲ့ လျို့ဝှက်ချက်ကို အံ့သြ ထိတ်လန့် မယုံနိုင်စွာ (ကျွန်မအကြိုက်ဆုံးအခန်းပါ)၊ အဲဒီ ပေါက်ကွဲမှူအမြင့်ဆုံးမှသည် အိမ်မှာ တစ်ယောက်ထဲ ကြေကွဲရူးသွပ်နေတဲ့ စုစုထွေးကို မောင်က ဘာဖြစ်စေချင်လဲ မောင်ဘာလုပ်ပေးရမလဲ လို့ လမ်းဖွင့်ပေးတာကိုတောင် ဘာမှအကြပ်မကိုင်ဘဲ မလိုအပ်ပါဘူးကွယ် လို့ နားလည်စွာ ငြင်းပယ်ခဲ့သူပါ။ (သဘောကျမိပါရဲ့ ကျွန်မဆိုလည်း အဲလိုပဲပြောမိမယ်ထင်တယ် -ကြော်ငြာဝင်တယ်မထင်ပါနဲ့ အဟဲ) မောင်လက်ထပ်သွားလို့ အသည်းကွဲကျန်ခဲ့တဲ့ ဆေးကျောင်းသူလေး စုစုထွေး။ သုံးနှစ်ကြာလို့ တက္ကသိုလ်မြေကို တစ်ခေါက်ပြန်လာချိန်မှာ ဒေါက်တာ စုစုထွေးတစ်ယောက် အကြောင်းမသိတဲ့ပါတ်ဝန်းကျင်ရဲ့ စပ်စုမှူဒဏ်ကို ခံရဆဲ။ စာကြည့်တိုက်မှာ အမှတ်မထင် ရန်ကုန်ကပြန်လာတဲ့ မောင်နဲ့ပြန်ဆုံချိန်မှာ ကိုယ့်ကိုယ်ကို တည်ငြိမ်အောင်ကြိုးစားရင်းကပဲ လှူပ်လှူပ်ခတ်ခတ် ခံစားရပြန်သည်။ စုစုထွေးရဲ့ နက်ရှိုင်းတဲ့ နှလုံးသားဒဏ်ရာကို မောင် ရိပ်မိသိရှိသွားတဲ့အခါမှာတော့ ကရုဏာလှိုင်းတို့ တစ်ရိပ်ရိပ်မြင့်တက်လာခဲ့။ အစကတည်းက မချစ်ခဲ့လို့မဟုတ်ပါဘဲ စုစုထွေးရဲ့ တော်တဲ့ ထက်တဲ့ မာနကြီးတဲ့ဒဏ်ကိုမခံနိုင်လို့ ယောက်ျားတို့ရဲ့အတ္တကို အလံတစ်လွင့်လွင့်ထူချင်လို့ ငယ်ချစ်ဆီ ယိမ်းခဲ့သူ မောင် မို့ပေ။ စုစုထွေးက သူ မောင့်ကိုအခုထိချစ်မိနေတာ တစ်နေ့နေ့ပြန်ဆုံနိုးနိုး မျှော်လင့်ချက်နဲ့မဟုတ်ဘဲ သူ့နှလုံးသားကို သူပြန်မညာချင်လို့ အရှိအတိုင်းထားခဲ့တာဖြစ်သည်။ … ကိုယ့်လမ်းကို ကိုယ် အသေအချာ ဆုံးဖြတ် ရွေးချယ်ခဲ့တဲ့ မောင့်ကိုတော့ သူမ ဘယ်တော့မှ ပြန်လက်မခံနိုင်ပါ …. ((ကမ္ဘာပေါ်မှာ ယောကျာ်းဆိုလို့ နင်တစ်ယောက်ထဲ ကျန်နေရင်တောင်မှ မယူဘူး))) လို့ ပြတ်ပြတ်သားသားဆိုသည်။
ဇာတ်လမ်းက ဒီမျှသာပဲ ဆိုပေမယ့် ရင်ထဲမှာ ပြည့်နေအောင် စကားလုံးထိထိမိမိ အတွေးအခေါ်လှလှတွေနဲ့ တန်ဆာဆင်ထားသည်။ တကယ်ဆို အဲဒီ ပထမဆုံး ၀တ္တုကနေ ဆရာမဂျူးရဲ့ ထွက်သမျှဝတ္တုတိုင်းကို မလွတ်တမ်းဖတ်ဖြစ်အောင် တွန်းပို့ခဲ့တဲ့ အားတစ်ရပ်က သွက်လက်ထက်မြက်တဲ့ မိန်းမသားဇာတ်ဆောင်စရိုက်တွေ ဖန်တီးနိုင်လို့ပါ။ ဒေါက်တာ စုစုထွေးဟာလည်း တော်တဲ့မိန်းမတစ်ယောက် ၊ဦးနှောက်ရှိတဲ့ မိန်းမတစ်ယောက်၊ ဒါပေမဲ့ တစ်ချိန်တည်းမှာ သိပ်ချစ်တတ်တဲ့ မိန်းမတစ်ယောက်၊ ဒါကြောင့်လဲ တစ်ခါတစ်ရံ မိုက်မဲစွာ ပြုမူတတ်သေးသည်။ နောက်ဆုံးတော့ ဆင်ခြင်တုံတရားနဲ့ပဲ မောင့်ကို စွန့်လွှတ်ခဲ့ပြန်သည်။ ဖြစ်တတ်တဲ့ သဘာဝကို ထင်ထင်ရှားရှားကြီး ပြထားသလိုမြင်နေရသည်။
…. ကျွန်မကြောင့် မောင် တွေဝေမနေရပါ၊ မောင့်ဆုံးဖြတ်ချက်သည် ကျွန်မကြောင့် မှားယွင်းမှူမရှိစေရပါ။ မောင်တစ်ခုခုမှားသည် ဆိုလျှင်လည်း ထိုအမှားသည် မောင်ကိုယ်တိုင် ဖန်တီးပြုလုပ်ခဲ့သောအမှားသာဖြစ်စေရမည်…မောင်လဲ ပညာတတ်ယောက်ျားတစ်ယောက်ဘဲ၊ သိပ်ချစ်တတ်တဲ့လူငယ်တစ်ယောက်ပဲ၊ မောင့်နှလုံးသားနဲ့ မောင့်ဦးနှောက်ကို မည်သူ့အကျပ်ကိုင်မှူ မျက်ရည်ခံထိုးမှူ တို့ကြောင့်မှ မဟုတ်ဘဲ လွပ်လပ်စွာ မောင်ဆုံးဖြတ်ပါစေ…….” ဟု သူမက မောင့်ဇာတ်လမ်းဟောင်း ကို ဖွင့်မမေးခဲ့တာ သူမကိုရွေးချယ်ဖို့ မတောင်းပန်ခဲ့တာတွေကို အကြောင်းပြသည်။ အဲဒါကိုပဲ မှားယွင်းသော လိုက်လျောမှူများနှင့် လောင်းကြေးများလွန်းသောကစားပွဲတစ်ခုပမာ အရှူံးကိုစောင့်မျှော်ရသော ကျွန်မဘ၀ ဟု ဆိုခဲ့သည်။ { ….မောင်က လိုက်ခဲ့ပါဆိုပြန်တော့လည်း မောင့်ဘေးမှာ ကျွန်မပါသည်။ မောင်က နေရစ်ခဲ့ဆိုပြန်တော့လည်း မောင် စိတ်အနှောင့်အယှက်ဖြစ်မည့် စာတစ်စောင် စကားတစ်ခွန်း မောင်မကြားစေရဘဲ ကျွန်မငြိမ်သက်စွာ နေရစ်ခဲ့တာအမှန်ပါဘဲ။ အဲသည်လောက်အထိ ကျွန်မ မောင့်ကို ချစ်မြတ်နိုးခဲ့ပါသည်မောင်..” ဆိုသည့်အရေးအသားများကို ငယ်ငယ်ကနေ အခုထိအလွန်နှစ်သက်စွဲလမ်းခဲ့ပါသည်။ ၀တ္တုအဆုံးမှာတော့….. မောင်သည်လည်း ကျွန်မအတွက် အိမ်မက်ကလေးတစ်ခုသာဖြစ်ခဲ့သည်။ အိမ်မက်ကလေးလှပခဲ့သောကြောင့် မောင့်ကို ကျမအမြဲကျေးဇူးတင်နေရတော့မှာပါမောင်..”လို့ လှလှပပရေးပြ အဆုံးသတ်သွားခဲ့သည်။ ကောလိပ်ဂျင်နေ၀င်း၊ကြည်ကြည်ဌေးတို့ပါဝင်တဲ့ (ပန်းပန်လျက်ပါ) ရုပ်ရှင်ထဲကထဲက အငြိမ့်မင်းသမီးမဗေဒါကို သူဌေးသားတက္ကသိုလ်ကျောင်းသားက လက်မထပ်မှန်းသိရက်နဲ့ ဘာလို့ချစ်ခဲ့သလဲလို့ မင်းသားသူငယ်ချင်းကမေးတဲ့အခါ ((မဗေဒါလဲ လူပဲရှင်..အသည်းနှလုံးရှိတော့ ချစ်ချင်သေးတာပေါ့)) လို့ပြန်ဖြေတာကိုလည်းသတိရမိသည်။ ချစ်ခြင်းသည် ချစ်ခြင်းအတွက်သာဖြစ်ပြီး တခြားအနှောင်အဖွဲ့များနှင့် သီးခြားကင်းလွတ်သည် ဆိုတဲ့ ၀ါဒကို ရဲရဲဝံ့ဝံ့ချပြထားခြင်းပင်ဖြစ်သည်။ ((ချစ်တဲ့သူနဲ့ လက်ထပ်တဲ့သူ တစ်ယောက်တည်း ဖြစ်စေရမယ်)) ဆိုတဲ့ဝါဒကို တစ်စိုက်မတ်မတ် နှစ်သက်ကြွေးကြော်ခဲ့တဲ့ ကျွန်မကိုယ်တိုင် သည်ပင် တုန်လှုပ်တွေဝေသွားခဲ့ရပါသည်။
ဆရာမ ဂျူးရဲ့ လှပတဲ့ ပွဲဦးထွက်ဝတ္တုရှည် အမှတ်တရ ဟာ အောင်မြင်ခဲ့သလို အဝေဖန်ခံရဆုံးဝတ္တုတစ်ပုဒ်လည်းဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မောင်နဲ့စုစုထွေးမှာ ကိုယ်ပိုင်အဆောင်ခန်းအပြင် နှစ်ယောက်တည်းသီးသန့်နေထိုင်တွေ့ဆုံတဲ့ ကျူံးနဘေးက ချစ်ဂေဟာလေး ရှိနေလို့ပါ။ အဲဒီအိမ်ငယ်လေးမှာ သူတို့နှစ်ယောက် စာအတူတူကျက်ကြတယ်၊ ဂစ်တာတီးပြီးသီချင်းဆိုတယ်၊ စားစရာတွေအတူတူစားကြတယ်၊ ညအိပ်ညနေ ပင်နေလေ့ရှိတယ်။ နောက်ဆုံးပြန်တွေ့ချိန်မှာတောင် အဲဒီမှာ စုစုထွေးက ခဏနေတာမို့ အပြန်လိုက်ပို့ရင်း မောင် ရောက်ခဲ့ပါသေးတယ်။ ဝေဖန်သူတော်တော်များများက စာရေးသူဟာ အနောက်တိုင်းက living together အယူအဆကို တင်သွင်းလာသူအဖြစ် ကျယ်ကျယ်လောင်လောင် အပြစ်တင်ခံခဲ့ရပါတယ်။ ဆရာမဂျူးကတော့ အထူးတလည် မဖြေရှင်းပါဘူး- ”….ကျွန်မ၀တ္တုများကို ဝေဖန်ရေးအတွက် ကော်ဖီနှင့်စိမ်သောက်ရန် ရေးသားခဲ့ခြင်းမဟုတ်၊ အနုပညာအတွက်-ပြည်သူအတွက် ကြွေးကြော်သံဖြင့်ရေးခဲ့ခြင်းမဟုတ်။ အလိုလျောက်ရေးချင်သည့်စိတ်က စေစားသဖြင့် ရေးခဲ့ခြင်းပါ...(ဆိုသည့်သဘော စကားလုံးအတိအကျမဟုတ်)..” ဟု ပြတ်ပြတ်ပင်ဖြေကြားသည်။ ဇာတ်ဆောင်နှစ်ယောက် အဲဒီလောက် နီးနီးကပ်ကပ်နေကြပေမယ့် ချစ်သူထက်ပိုတဲ့ ပါတ်သက် ငြိစွန်းမှူ၊ စည်းကျော်မှူမရှိကြောင်း သူမ၀တ္တုထဲမှာ ရေးသားဖေါ်ပြထားတဲ့အတွက် (ဖြစ်နိုင် မဖြစ်နိုင် ကျွန်မ စုံကန်မငြင်းချင်ပါ) သိပ်မဆိုးပါဘူး၊ ဆရာကြီးဒဂုန်တာရာရဲ့ မေ၀တ္တုဆိုရင် ဒါ့ထက်အများကြီးရမ်းခဲ့တာပဲ လို့ ကျွန်မကတော့ သတ်မှတ်ပါသည်။
ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ ပရိသတ်က ဆရာမဂျူးကို ရွေးချယ်ပါသည်။ ပတ္တမြားမှန်သဖြင့် နွံမနစ်ခဲ့ပါ။ ထွက်သမျှဝတ္တုတိုင်းနီးပါး ဘက်ဆဲလား ၀င်သည်ဟု ဆိုရပါမည်။ အမှတ်တရ ၀တ္တုနောက်ပိုင်း စာရေးဆရာတော်တော်များများအတွင်းမှာ မောင်၊ ကျွန်မ၊ ဘုရားရေ၊ ဆိုသောအသုံးအနှူံးတွေ ပိုလို့များပြားခေတ်စားလာတာသတိထားမိသည်။ ဂျူး အရေးအသားနှင့်ဆင်ဆင်တူသော ၀တ္တုတွေများလို့လာသည်။ ကိုယ်ပိုင် စတိုင်တစ်မျိုးကို ခွဲထွက်နိုင်သည်ဟု ဆရာမဂျူး ဂုဏ်ယူစေချင်မိပါသည်။ အမှတ်တရ သည် အချိန်ကာလတည်းဟူသော မှတ်ကျောက်အောက်တွင် တိုက်စားပျောက်ပျက်ရိုးအီသွားမည့် ၀တ္တုတစ်ပုဒ်မဟုတ်ဟု အတိအကျဆိုချင်ပါသည်။
မိုးစက်ပွင့်
I read that 3 times.still want to read it again.
ReplyDelete