အမေ့ အသည်းက ခွဲဖို့ ရက်ချိန်းယူပြီး တရက်အလိုကျမှ မခွဲဖြစ်တော့ပါဘူး။ ဖြစ်ပုံက ဒီလိုပါ။
မူလတတည်းက အသည်းပါရဂူနဲ့ ခွဲစိတ်ပါရဂူ ဆရာကြီးနှစ်ဦးအနေနဲ့ အမေ့ စိတ်ဓါတ်၊ သွေးပေါင်ချိန်၊ နှလုံးနဲ့ ဆီးချိုကင်းတာတွေကိုကြည့်ပြီး နောက်တကြိမ်ခွဲဖို့ စိတ်အားထက်သန်နေကြပေမဲ့ ကျမတို့ သားသမီး တသိုက်ကတော့ ရတက်မအေးနိုင်ကြပါဘူး။ ပထမတကြိမ်ခွဲစိတ်တုန်းကလည်း အမေ့အသည်းက လေးပုံတပုံလောက် ဖြတ်ထုတ်ခံရပြီးပြီ၊ အခု အနာမကျက်ခင် ဒုတိယအကြိမ်ထပ်ပြီး ခွဲရဖြတ်ရ ဦးမယ် ဆိုတော့ အသက် ၇၀ ကျော် အမေအိုအတွက် အားလုံးရဲ့ ရင်က ခပ်လေးလေးရယ်။ ဒါနဲ့ပဲ နောက်ထပ် ပါရဂူနှစ်ဦးနဲ့ သီးခြားစီ ထပ်တွေ့ခဲ့ကြပါတယ်။
ပထမတွေ့ခွင့်ရခဲ့တဲ့ ဆရာဝန်မကြီးက စီတီစကင်အဖြေ ဖလင်တွေချပ်ကို အလင်းရောင်ပိတ်ကားပေါ်မှာ ထပ်တင်လို့ ကျမတို့ကို အေးဆေး တည်ငြိမ်စွာနဲ့ ရှင်းပြပါတယ်။(၁) အမေ့အခြေအနေက အသည်းမှလွဲလို့ တခြား အစိတ်အပိုင်းများကို မပြန့်သေးတဲ့ primary အဆင့် ၂ အသည်းကင်ဆာ ဖြစ်တယ် (၂) နောက်တကြိမ် ထပ်ပြီး ခွဲစိတ် လှီးဖြတ်ရင် လက်ကျန် အသည်းအရွယ်အစားက အလွန် သေးသွားမယ် (၃) ခွဲပြီးလို့ ကျန်နေတဲ့ အပိုင်းမှာလည်း ကင်ဆာအမြစ် ကျန်နေဖို့ များတယ်၊ အခုလိုပဲ နောက်ထပ် ပြန်ဖြစ်လာနိုင်တယ် (၄) အခု ကင်ဆာကျိတ်ရှိနေတဲ့နေရာက အသည်းထဲက သွေးကြောကြီးနဲ့ အလွန်နီးတဲ့အတွက် ကင်ဆာဆဲလ်တွေတခြားကို ပြန့်ဖို့ အထောက်အကူ အလွန် ဖြစ်နေတယ်၊ ပြန့်ပွားနှုန်း ပိုမြန်စေနိုင်တယ် (၅) ဒါကြောင့် ခွဲစိတ်ခြင်းကို အားမပေးပါ (၆) အကုန်အကျခံနိုင်ရင်တော့ နိုင်ငံခြားကို သွားကုကြည့်ပါ၊ ဒါမှမဟုတ်ရင်လည်း သက်တမ်းကို ဆွဲဆန့်နိုင်ဖို့ ကင်ဆာတန့်ဆေး တမျိုး သောက်နိုင်တယ်၊ အဲဒီဆေးက တရက် တသိန်းလောက်ကျမယ်တဲ့။
ကြားရတာက မောစရာ တွေချည်းပါပဲ။ ဒါပေမဲ့ ဆရာမက အချိန် မိနစ် ၂၀ လောက်ပေးပြီး ရှင်းပြတဲ့အတွက် အထူး ကျေးဇူးတင်ရပါတယ်။ (အရင်ဆရာကြီးတွေတုန်းက ငါးမိနစ်၊ ဆယ်မိနစ် ထက် ပိုမရပါ) သူမရဲ့ အကြံပြုချက်တွေက ကိုယ်တို့ အနေနဲ့ လူအား ငွေအား လိုက်မမီနိုင်တာပဲ ရှိပါတယ်။
နောက်တနေ့ သွားတွေ့တဲ့ ဆရာဝန်ကြီးက ကင်ဆာနဲ့ ခွဲစိတ်အထူးကုပါ။ အထူးပြု ဘာသာရပ်နှစ်ခုကို ကံကောင်းစွာ ပိုင်ဆိုင်ထားတဲ့ ဆရာဝန်ကြီးပေါ့။ ဘာသာရေးစာပေအများအပြားကို ရေးသား ပြုစုခဲ့သူ ကိုယ်တိုင်လဲ တရားရှိသူမို့လားမသိ၊ သူ့ မျက်နှာက မာနကင်းစင်ပြီး တည်ငြိမ်အေးဆေးလို့နေတယ်။ အမေ့ ၀မ်းဗိုက်ကို သေသေချာချာ စမ်းသပ်တယ်။ အနာအကျင်သက်သာအောင်အောင် ဆေးထိုးပေးတယ်။ ပြီးတော့ လူနာရှင်နဲ့ သီးသန့် စကား ပြောတယ်။ ဒီဆရာဝန်ကြီးကလည်း ခွဲစိတ်မှုထက် အခြား ကုထုံးများကိုသာ အလေးသာ နေပြန်ပါတယ်။ သူ ညွှန်းလိုက်တဲ့ ဆေးက Sorafenib (Nexavar) တဲ့ ။ အဲဒီဆေး ရက်၂၀ သောက်ပြီးရင် တခေါက်ပြန်ဆေးစစ်၊ ပြီးမှ ဘာဆက်လုပ်ရမယ်ဆိုတာ အကြံပေးပါမယ်တဲ့။
ဒါနဲ့ပဲ ဒုတိယအကြိမ် ခွဲစိတ်မှုကို ဖျက်သိမ်းလိုက်ပါတယ်။ (လူဆိုတာ မွေးလာရင် တနေ့ သေရမှာပဲ၊ အမေ မကြောက်ဖူး သိလား၊ သားတို့သမီးတို့ ကြို့က်သလိုကုပါ) လို့ ပုံအပ်ထားတဲ့ အမေက ခွဲဖို့ စိတ်ဖို့ မလိုတော့လို့ ၀မ်းသာလိုက်တာ လို့ ပြောရှာပါသေးတယ်။ ကျမတို့ မျက်နှာတွေကတော့ မချိသွားဖြဲလေးတွေ ဖြစ်နေမယ်ထင်ပါရဲ့။

