Thursday 30 September 2010

ယဉ်ကျေးမှုရယ်၊ ဓလေ့ထုံးစံရယ်၊ အယူအစွဲရယ်၊ အင်နားရှားရယ်


ကျမ အိမ်နီးချင်း အဒေါ်ကြီးရဲ့အမည်က ဒေါ်သိန်းနုတဲ့။  သူက မုဆိုးမ ပါ။ သူ့သမီးက ပူတူးမ။  အသက် ၂၅ နှစ်လောက် ကိုယ့်ညီမ အထွေးဆုံးလေး အရွယ်။  ပူတူးမ ခင်ပွန်းက အဝေးမှာ အလုပ်ထွက်လုပ်နေတယ်။  ပူတူးမ သမီးအကြီးလေးက ၃ နှစ်။  ပူတူးမှာ ဒုတိယကိုယ်ဝန်ကြီး မပေါ့မပါးနဲ့။  မွေးခါနီးပြီ ထင်ရဲ့။

 မနေ့ကတော့  ဒေါ်သိန်းနုကြီး ပြာယာခပ်နေတာတွေ့လို့   အကျိုးအကြောင်း မေးကြည့်မိတယ်။  “ ပူတူးမ မွေးပြီလေ။  ဆေးရုံမှာ။  ရေမြွှာပေါက်တာ ၂၄နာရီကျော်တဲ့အထိ ဗိုက်မနာလို့   ဆေးထိုးမွေးရတယ်။  ဆရာမတွေက လာတာ နောက်ကျလို့  ဆူသေးတယ်။  ကျမလဲ ရပ်ကွက်ထဲက သားဖွား ဆရာမနဲ့ အပ်ထားတာပဲ။  သူက သုံးရက်အထိ စောင့်လို့ရတယ် ပြောလို့။  ”    “တော်သေးတာပေါ့” လို့  ကျမ သက်ပြင်းချမိပါတယ်။  လက်ရှိ ကလေးလေးနဲ့  ကလေးအမေ ကျမ်းမာရေး မေးတော့  “ ပူတူးကတော့ နေကောင်းပါတယ်၊ ဒါပေမဲ့ နို့ ကောင်းကောင်း မထွက်ဘူး”  ”ကလေးလေးကတော့ အသားဝါဖြစ်လို့    အထူးခန်းမှာ ထားရတယ်၊  တခြားကလေး တွေလဲ အများကြီးပဲ” တဲ့။  ကလေးက အလေးချိန် ငါးပေါင်တောင် မပြည့်ကြောင်း၊  ကိုယ်ဝန်ဆောင် ကာလမှာ မျှစ်နဲ့ ငရုပ်သီး စားတာ များလို့   ခေါင်းမွေး ကျဲပါးကြောင်းလည်း ဆက်ပြောပါတယ်။  “အင်း- ဘဲဥများ စားမိရင် ကတုံးတောင် ပြောင်ချင် ပြောင်နေမှာ” လို့   လွှတ်ကနဲ ပြောမိတော့မလို့။     ကလေးလေးက  အိမ်မက်အရ ကွယ်လွန်ဆုံးပါးခဲ့တာ (၈) နှစ်ကျော်ပြီဖြစ်တဲ့ သူ့ခင်ပွန်း ပြန်ဝင်စားတာ ဖြစ်ကြောင်း လည်း ပြောပြနေပါသေးတယ်။  ဒါကြောင့်လဲ အမေ နို့စို့မှာမဟုတ်ဘူးလို့  ဗေဒင်က ပြောထားကြောင်း ထပ်လောင်း သက်သေထူ နေပါသေးတယ်။  နားထောင်နေရင်း  ခေါင်းထဲမှာ ပေါ်လာတဲ့ အတွေးလေး တွေကတော့.....    ကျမ်းမာရေးအသိနည်းတာနဲ့      အယူသည်းတာက  မျိုးဆက်အလိုက် လက်ဆင့်ကမ်းလာတဲ့  နာတာရှည်ရောဂါတွေဘဲ လို့။  

 တဆက်တည်း သမီးအကြီးလေး ပုံ့ပုံ့အကြောင်း စပ်စုမိတော့ - “ ပုံ့ပုံ့က ခုတလော နေမကောင်းဘူး ရယ်။  လူ ပြုစားတာလေ။  ဗူးသွင်းထားတာလို့   ဆေးဆရာက ပြောတယ်။ ကလေးက  မျက်ကြောကြီး စင်းပြီး၊ မျက်လုံးကြီး တချက်တချက်လှန်ကြည့်နေတာ။  အဲဒါ ပူတူးမ ဆေးရုံဆင်းမှ ဆက်ကုရမယ်” တဲ့။  “ဟုတ်ပါ့မလား အဒေါ်ရယ်၊ ဒီလို ကလေး သေးသေးလေးကို” ကို မရဲတရဲ ကန့်ကွက်မိတော့ သူက အခိုင်အမာ ဆက်ပြောနေပြန်သည်။  အင်း- ဒီကလေးကို မုံ့ကျွေးမိတဲ့အထဲမှာ ကိုယ်လဲ ပါတယ်ဆိုတော့ မတော်တဆ စွပ်စွဲခံရမဲ့ အရေး ကျောတောင် ချမ်းလာ သလိုလိုပဲ။  “ဒါဆို ပယောဂဆရာနဲ့  ပြတာလဲပြ၊   တဖက်ကလည်း ဆရာဝန်နဲ့  ပြပြီး ကု ပေါ့နော်၊ နှစ်ဖက်လုံး ဆိုတော့ စိတ်ချရတာပေါ့”  လို့    ပြောကြည့်တော့ စိတ်မပါတပါနဲ့   ခေါင်းညိတ် ပြသည်။  ကျမ တော်တော်လေးတော့ ရင်လေးမိပါသည်။  ဖြူစင်တဲ့ ပန်းကလေးတပွင့်  နွမ်းကြွေမှာ စိုးမိသည်။ 


++++++++++++++++++++++

ဒေါ်သိန်းနုနဲ့   တွေ့ပြီးမှ နောက်ထပ် ဆင့်ပွား တွေးစရာတွေ ရလာပြန်သည်။  ကျမတို့ ငယ်ငယ်က သင်ခဲ့ရတဲ့ “အင်နားရှား” အကြောင်း။  ရပ်နေတဲ့ အရာတခုခု စရွေ့ဖို့ဘဲ ဖြစ်ဖြစ်၊   ရွေ့နေတဲ့အရာတခု ရုတ်တရက် ရပ်လိုက်ရင်ပဲဖြစ်ဖြစ် ခက်ခဲတဲ့အကြောင်း။  “အင်နားရှား” ကို “နေမြဲ နေလိုမှု၊ သွားမြဲသွားလိုမှု” လို့  ဆရာမက  အဓိပ္မါယ် ဖွင့်ခဲ့သည် ထင်သည်။  ဥပမာကတော့ - ရပ်နေတဲ့ ရထားထွက်ချင်မှာ တုန့်ကနဲ နောက်ပြန်ဆွဲတာ၊   သွားနေတဲ့ကား ရပ်ချိန်မှာ လူတွေ ရှေ့ကို ငိုက်ကနဲ ဖြစ်သွားတာ။  အဲဒီဥပမာနဲ့ စဉ်းစားတော့  “အင်း- တို့လူမျိုးတွေ တော်တော် အင်နားရှား ကြီးတာပဲ” လို့    မှတ်ချက်ချမိပြန်သည်။ 

ဘာကြောင့်လဲ ဆိုတာ နည်းနည်း ပြောပါမည်။  ကျမတို့ လူမျိုး အများစုက ဘိုးစဉ်ဘောင်ဆက် ဘွားလက်ထက်က ပြောလာခဲ့သမျှ  ဆိုရင် အကုန် လက်သင့်ခံတတ်ကြသည်။  ကိုယ့်ကလေးကို ပြန်ပြီး လက်ဆင့်ကမ်း တတ်ကြသည်။ တခါတလေ ချဲ့ကား လာတာတွေလည်း ရှိနိုင်သည်။  “ စလောင်းဖုံး နှစ်ချပ်မတီးနဲ့   ကျားကြီး ကိုက်လိမ့်မယ်”  ဆိုတာကအစ၊   “ညနေရီတရော ခေါင်းလျှော်ပြီးစ ဆံပင်ဖားလျားချရင် စုံးကပ်လိမ့်မယ်“ ဆိုတာတွေအလယ်၊  “ မီးဖိုချောင်ထဲ ဆားဖြူးရင် ဧည့်သည်ပြန်သတဲ့”  ဆိုတာတွေအဆုံး၊ အကုန် ပြုစုရမည်ဆိုလျှင် စာအုပ်ထူထူ တအုပ်လောက် ရလိမ့်မည်ထင်သည်။  (စလောင်းဖုံးနှစ်ချပ်တီးရင် ကွဲတတ်တယ်)  ( ညနေခင်း ခေါင်းလျှော်ရင် အအေးမိ တတ်တယ်)  ( ရက်ရှည်ဆွဲတဲ့ ဧည့်သည် ပြန်စေချင်ရင် ဟင်းအိုးထဲ ဆား အဆုပ်လိုက် များများ ထည့်ချက်ပါ)  တို့  ပြန်ပြင် ပြောသင့်သည် ထင်သည်။

ငယ်ငယ်က ညနေရီတရောမှာ “တောထုတ်” တဲ့ အလေ့အထလေးကို မှတ်မိနေသေးသည်။  ဘယ်အိမ်က စ လိုက်မှန်းမသိ။  ၀ုန်းဝုန်းဒိုင်းဒိုင်း ကြားတာနဲ့   နီးရာ စကောနဲ့  ယောင်းမယူပြီး တဗျန်းဗျန်း ရိုက်လိုက်ရတာ နောက်ဆုံး ခပ်ဟောင်းဟောင်း စကောပါ ပေါက်ထွက် သွားခဲ့ရသည်။  မကောင်းဆိုးဝါးတွေ ထိတ်လန့်ပြီး ထွက်ပြေးအောင် ဆိုဘဲ။ များသောအားဖြင့်  ကိုယ့်အိမ်ထဲ ၀င်လာမှာ စိုးလို့ တအိမ်မကျန် ရိုက်ကြသည်။ ကျမတို့  မောင်နှမကတော့ ပျော်လို့   လိုက်ရိုက်ကြတာ ဖြစ်သည်။  “ဟော- တွေ့ပြီဟေ့၊ ဟိုမှာ (ယောင်) ကလေးနဲ့  ၊ ပုဆိုးခါးတောင်းကြိုက်ကလေးနဲ့  ဆရာရေ ၊ ပြေးလိုက်တာ တန်းလို့” စသဖြင့် နောက်ကြသည်။  အခုတော့ အဲဒီ အလေ့အထမျိုး သိပ်မကြားမိတော့ပါ။  တအိမ်အိမ်က ကလေး နေမကောင်းရင်လဲ  စကောထဲ  စားစရာတွေထည့်ပြီး ရွာစပ်မှာ “ခေါစာပစ်” ကြပါသေးရဲ့။  တစ္ဆေသရဲက ခေါစာစား ဗိုက်ဝသွားပြီး ကလေးကို မနှောင့်ယှက် အောင်တဲ့ လေ။  များသောအားဖြင့် အဲဒါတွေကို ကောက်စားသွားကြတာက အရက်မူး သမားတွေ ဘဲ  ဖြစ်သည်။  တခါတရံ  လေပြင်းတွေ ဘာတွေ တိုက်ရင်လဲ  လေလာရာဖက်ကို ဓါးမထောင်ပြီး “လေကြောဖြတ်” ကြသေးသတဲ့။ နာဂစ်တုန်းက အဲဒီနည်းတွေ သုံးခဲ့သေးသလားတော့ မသိ။

ကြုံလို့   ကျမ်းမာရေးနဲ့ မကိုက်ညီတဲ့ အယူသည်း အလေ့အထလေးတချို့ကို ပြောပြချင်ပါတယ်။  တောရွာ တွေမှာ အဖြစ်များပါတယ်။  တချို့လဲ ကြုံဖူးကြမှာပါ။  ၀က်သက်ဖြစ်ရင် ၀က်ချေးရည် တိုက်ရသတဲ့။  ဒီလောက် ညစ်ပတ် ပေတူးနေတဲ့ ၀က်ရဲ့ မစင်ကို ဖျော်တိုက်လို့   ဘယ်လို ကျမ်းမာရေး ကောင်းကျိုး ရနိုင်မလဲ။  ဒါပေမဲ့ မိဘ တော်တော်များများကတော့  ဆေးပမာ “၀က်ချေးရည်ဖျော်” တခွက်လောက်  သူတို့ကလေးကို လိမ်ညာလို့  တိုက်ကြသည်။  ကျမကတော့ ကံကောင်းသည် ဆိုရမလားမသိ။  ဆယ်တန်း ရောက်မှ ၀က်သက် ပေါက်သမို့    သိတတ်နေခဲ့ပြီ။ (ဆရာဝန်က ကျမကို  မြင်မြင်ချင်း   ” ကြီးမှ ၀က်သက်ပေါက်ရင် ၀က်ရူး” ဆိုတဲ့ သီချင်းကို ဆိုပြဖူးသည်) ။ သမီး ၀က်ချေးရည် လုံးဝ မသောက်နိုင်ပါ လို့   မိဘတွေကို အပြတ် ကြေငြာ ထားသည်။  မြို့မကျ တောမကျ နေရာလေးမို့   ရင်းနှီးနေတဲ့ အိမ်နီးချင်းတွေက ကောင်းစေချင်တဲ့ (သူတို့အထင်ပေါ့လေ) စေတနာနဲ့   ၀က်ချေးရည် တိုက်ဖို့   လာလာ အကြံပေးကြတာကို စိတ်ဆိုးမာန်ဆိုး ငြင်းဆန်ခဲ့သည်။  

ကျမအသက် ဆယ်နှစ်လောက်က ဒေါ်လေး ကလေးမွေးတာ သွားစပ်စုဖူးသည်။  သားဦးလေးကို အသက်ကြီးမှ မွေးရတာမို့  သူ့မှာ ခက်ခဲနေတော့ လူတွေက ဝေဖန်ကြသည်။  မဆိုင်လိုက်ပုံများ။ အဲဒါ အရင်တုန်းက  သူ့ယောက်ျားကို နိုင့်ထက်စီးနင်း ပြောဖူးလို့တဲ့။   “ခြေဆေးရေတိုက်၊ ခြေဆေးရေတိုက်”  လို့  ပြောကြတယ်။  သူ့ယောကျာ်းရဲ့  ခြေကိုဆေးပြီး  မီးဖွားရခက်တဲ့ မိန်းမကို တိုက်ခိုင်းတာပါ။     ကျမ အဒေါ် ကလည်း သူတို့  ပြောတာ နားစွန်နားဖျား ကြားလိုက်ပုံရပါတယ်။  ဇွတ် အတင်း တိုက်မှာစိုးလို့   သွားကို တင်းတင်းစေ့ပြီး ၊  (ရိုးရိုးရေပါ- လို့  ပြောတာတောင်)  ဘာရေမှ မသောက် တော့ပါ။

ရှေးရိုးစွဲ အယူသည်းတာတွေကတော့ အစုံပါဘဲ။  ဗမာမှ မဟုတ်ဘဲ၊ တိုင်းရင်းသားတွေမှာလည်း ရှိတာပါဘဲ။  နိုင်ငံခြားသားတွေ လည်း အယူသည်းတာတွေ ရှိတာပါဘဲ။  မရှင်လေးရေးတဲ့ ”ဂျာမန်တွေ အယူသည်း ကြပုံများ”  ဖတ်ကြည့်စေချင်ပါတယ်။  တကယ်တော့ ဗုဒ္မက  ကာလာမသုတ်မှာ ဟောခဲ့သလို ဘယ်အရာကိုမှ လွယ်လွယ်မယုံဘဲ ဆန်းစစ်ကြဖို့     လိုပါတယ်။  အကြောင်းအရာတခုဆိုတာလည်း အချိန်အခါ၊ နေရာဒေသ အလိုက် မှန်ချင်မှ မှန်တာမျိုးမို့    အရင်တုန်းက လက်ခံထားလို့   အခုလက်ခံရမယ် ဆိုတာမျိုး ကတော့  ကောင်းကျိုးမပေးနိုင်တဲ့ အင်နားရှား တမျိုး လို့ဘဲ ထင်ပါတယ်။  ကောင်းတာတွေ ယူပြီး၊ လက်တွေ့ မကျတာတွေ ပယ်မှ ဖွံ့ဖြိုးတိုးတက် စည်ပင်လာမှာပါ။   ဒါက လူတိုင်းနီးပါး လက်ခံနိုင်တဲ့  အယူအစွဲ နဲ့  ပါတ်သက်တဲ့  အဆိုပြုချက်ပါ။

ယဉ်ကျေးမှု ၊ ဓလေ့ထုံးစံကို  အလားတူ မှတ်ချက်မျိုး ပြောလိုက်ရင်တော့ ကြားရပါတော့မယ် ဝေဖန်သံတွေ။  ဟိုက သည်က ပလုံစီလို့  ။  ဒါပေမဲ့ ကျမကတော့(((((အင်နားရှား)))ကို မထောက်ခံပါ။  လူမှုအဖွဲ့အစည်းနဲ့   လိုက်လျောညီထွေ မဖြစ်တဲ့ ဓလေ့တွေကို ပြုပြင် ပြောင်းလဲပစ်ဖို့    အမှန်ပင် လိုအပ်ပါသည်။

ငါတို့ ယဉ်ကျေးမှကမှ အလွန်ကောင်း၊ ကောင်းမှကောင်း၊ ကမ္ဘာပေါ်မှာ အကောင်းဆုံး၊ ဆိုတာမျိုးကတော့ ရယ်ချင်စရာ ကောင်းနေတတ်သည်။    ဘယ်ယဉ်ကျေးမှူမှ ရပ်တံ့မနေပါ။  ကိုယ့်ယဉ်ကျေးမှုကို ချစ်တာ ချစ်ပါ။  အရာရာ အကန်းလို ဖက်တွယ်ပြီး ဖားသူငယ်လို ရေတွင်းထဲက တစာစာ အော်မနေဖို့ဘဲ လိုပါသည်။  “တန်ဆေး၊ လွန်ဘေး” ဆိုတဲ့စကားက အခြေအနေ တော်တော်များများမှာ အသုံးတည့် လှပါသည်။

ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ ကဗျာတပုဒ်ခေါင်းစဉ်က “လမင်းလေးအတွက် အကျီင်္တထည်” တဲ့။   အချိန်ကာလနဲ့လိုက်ပြီး  ပြောင်းလဲနေတဲ့ ပုံသဏ္ထာန်တခုအတွက်  အမြဲတိုင်း အံဝင်ခွင်ကျ  ဖြစ်နေမဲ့ ၀တ်စုံမရှိတဲ့အကြောင်း ခပ်ဝါးဝါး မှတ်မိနေသည်။ ဒိုင်နိုဆောကြီးတွေ မျိုးတုံးသွားတာကလည်း ကာလဒေသနဲ့   လိုက်ညီတဲ့ flexibility  မရှိလို့  ဆိုတာ မှတ်သားဖူးသည်။

သေချာတာတော့ ဒိုင်နိုဆောကြီးတွေရဲ့ အင်နားရှားက သိပ်ကြီးခဲ့ပုံရသည်။


မိုးစက်ပွင့်
++++++++++++++++++++++


(ကိုယ်စိတ်စွဲရာ တေးသွားတပုဒ် ဖွဲ့သီ တာကို  ဗေသိုဗင်အလိုက် တီးစမ်းနေတယ်လို့  မသတ်မှတ်စေချင်ဘူး။ ကိုယ်တတ်တဲ့ ကဗျာလွတ် တကွက်နှစ်ကွက်  ကကွက်ချီတာကို  စိန်အောင်မင်းကိုမမီဘူးလို့  မပြော စေချင်ပါဘူး။ အခု ရေးထား တာတွေက တခုမှ အသစ်တော့လည်း မဟုတ်ဘူး။ Secondhand idea တွေ ဖြစ်ချင်လည်း ဖြစ်နေပါမယ်။ ဒီကိစ္စက  ရှေ့က လူတွေလည်း ပြောခဲ့ကြပြီ၊ အခုလဲ ပြောနေကြဆဲ၊ နောင်လည်း ပြောနေကြဦးမှာဘဲ၊ လူတွေကလဲ ရှေ့ဆက် ငြင်းခုံ နေကြဦးမှာဘဲ။   ဘယ်သူဘယ်ဝါ နဲ့မှလည်း အငြင်း မပွားချင်မိ။  ကိုယ့် ပါတ်ဝန်းကျင်မှာ မြင်နေရတာတွေ၊ ကိုယ်တိုင်ခံစားမိ၊  တွေးမိ နေတာတွေကို စာမျက်နှာလေးတွေပေါ်ကို လွတ်လွတ် လပ်လပ် အန်ချခြင်းသာဖြစ်ပါတယ်ရှင်။ )


3 comments:

  1. ဟဲဟဲ...သူ့ကို အငြင်းသန်တယ် ပြောမှာစိုးလို့ ဖြေရှင်းချက် ထုတ်နေလားမိုးစက်ရေ....တို့ရေးတဲ့ မရှိမကောင်းရှိမကောင်းထဲမပါဘူးလို့ ပြောသွားတာ ယုံပါတယ်။ ပြီးတော့ ကိုယ့်အယူအဆကိုယ် လွတ်လွတ်လပ်လပ် ရေးခွင့်ရှိ၊ ပြောခွင့်ရှိပါတယ်။ တို့အယူအဆနဲ့တိုက်ဆိုင်ရင်တော့ တို့က ထောက်ခံပြီး မန့်လိုက်တာပဲ။ မတိုက်ဆိုင်ရင်တော့ သေချာတောင် ဖတ်မနေပဲ ကျော်သွားလိုက်တာ။ မတိုက်ဆိုင်ဘူးရယ်လို့လည်း အသည်းအသန် လိုက်ငြင်းမနေပါဘူး။ ခုတော့ တိုက်ဆိုင်လို့ မန့်လိုက်တယ်နော်။ တို့လည်း အဲဒါမျိုးတွေ ပြောချင်နေတာ ကြာပြီ။
    ငယ်ငယ်က အဖွားက အိမ်ထဲမှာ လက်သည်းမညှပ်ရဘူတဲ့။ ဘာလို့လဲလို့ မေးတော့ လက်သည်းတွေ ကြမ်းကြားထဲကျရင် ကြောက်စရာအကောင်ကြီးလာလိမ့်မယ် ဆိုလား ပြောဖူးတယ်။ ကြီးမှသိတယ် အဲဒါ ညစ်ပတ်မှာစိုးလို့ ဆိုတာကို။ ကလေးတွေက မေးရင် အမှန်အတိုင်း ပြောသင့်တယ်။ မိုးစက်ရေးတာတွေတော့ သိပ်မကြားဖူးဘူး။ အမေက သိပ်အယူမသည်းလို့ ဖြစ်မယ်။ အဒေါ်ဆီက ကြားဖူးတာကတော့ ဗုဒ္ဓဟူးနေ့ခေါင်းလျှော်ရင် လာဘ်တိတ်တယ် ဆိုပဲ...ပြီးတော့ အောင်စံဖြိုးရေချိုး ဆိုပြီး ရေချိုးတဲ့ရက်တောင် ရွေးသေးတယ် စံပဲ။ တို့ကတော့ လျှော်တာပဲ။ ဘာရက်မှ ရွေးမနေဘူး။ အဒေါ်က အဲဒါမျိုးတွေ နည်းနည်းယုံတယ်။ အဖွားရှေ့မှာဆို မပြောရဲဘူး အဖွားမကြိုက်လို့လေ။ အခုလည်း တို့မှာ အဲလိုတို့မကြားဖူးတာတွေ ပြောပြီး ယုံနေတတ်တဲ့ သူငယ်ချင်း တယောက် ရှိတယ်။ ထမင်းအိုးထဲကို ထမင်းခပ်တဲ့ဇွန်း မထည့်ထားရဘူးတဲ့။ သူ့အိမ်မှာ တို့က ထမင်းချက်ပြီးသားကို ပန်းကန်ထဲကူခပ်ပေးပြီး ဖွန်းကို အိုးထဲ အလွယ်ပြန်ထည့်လိုက်တာ တခါတည်း မျက်နှာပျက်သွားတာပဲ။ သတ္တုနဲ့လုပ်တဲ့ဇွန်းမို့လို့ အပူနဲ့ထိလို့ ဓါတ်ပြုမှာစိုးလို့ လို့ပြောရင် ဟုတ်သေးတယ်။ ဘာလို့လည်းလို့ မေးတော့ အဲလိုလုပ်ရင် ကလေးမွေးရင် ခက်တတ်တယ်လို့ သူ့အမေက ပြောတယ်တဲ့လေ။ အဲဒီဇွန်းကလည်း ဖိုက်ဘာဇွန်းပါ။ ထမင်းအိုးကလည်း နွေးနွေးလေးပါ။ ပန်းကန်တွေသိမ်းတော့လည်း ပန်းကန်တွေ ကြီးစဉ်ငယ်လိုက်မထပ်တာလားဘာလားမသိ(ဒါကတော့ သူ့ယောက်ျားလုပ်တာ)အဲလိုလုပ်ရင် ဘာဖြစ်တတ်တယ်ဆိုလား ပြောနေတာ သေချာတော့ မကြားလိုက်ဘူး။ ခက်တယ် ဒီခေတ်ထဲအထိ ဒါတွေရှိနေတာ။
    တို့ ကတော့ profile မှာ ရေးထားတဲ့အတိုင်း ပုဂ္ဂလိက လွတ်လပ်မှုကို လိုလားသူ၊ ရှေးရိုးအစွဲများကို လက်မခံသူ ပါ။ မိုးစက်ရေးတဲ့.....ငါတို့ ယဉ်ကျေးမှကမှ အလွန်ကောင်း၊ ကောင်းမှကောင်း၊ ကမ္ဘာပေါ်မှာ အကောင်းဆုံး၊ ဆိုတာမျိုးကတော့ ရယ်ချင်စရာ ကောင်းနေတတ်သည်....ဆိုတာ သဘောကျမိတယ်။ ထောက်ခံတယ်။ ဒီပို့စ်လေးဖတ်ရတာ ကြိုက်တယ်။

    စူးနွယ်

    ReplyDelete
  2. အံမယ်လေး...အနောနိမတ်ဆိုပြီး ကော်မန့် အရှည်ကြီးတွေ့လိုက်တော့ ရုတ်တရက် လန့်သွားထှာ.... တော်ပါသေးရဲ့ ..ဖတ်လိုက်တော့မှ ကိုယ့်သယ်ရင်းလေးကိုး .... ဖြည့်စွက်ဆွေးနွေးသွားတာရော အချိန်ယူပြီး မှတ်မှတ်ရရ ရေးပေးသွားလို့ ကျေးဇူးပါ စူးနွယ်ရေ :)

    ReplyDelete
  3. မိုးစံ...ကျမတောင်တခါတခါ ယောင်္ကျားကိုပြောဖြစ်တယ်။
    သူတောင်တော်တော်များများ ဥပဒေသတွေ သိနေပြီ။
    ...၀က်သက်အကြောင်းတော့ မပြောပြရသေးဘူး။
    တနေ့ တော့ တောင်ငူကင်တီးက အန်တီမြဆိုင်မှာ...
    ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး လေပစ်ချင်သေးသား။

    ReplyDelete

ပဲ့တင်သံလေးတွေ .......