Tuesday 1 June 2010

မြန်မာပြည်ရဲ့ အနောက်ဖျားက သူမ



ဟဲဟဲ နင်းဂျားတွေမှတ်ပြီး လန့်မသွားပါနဲ့  ..... အဲဒါက ကျမ အခုရောက်နေတဲ့ နေရာက အများစုသော ဒေသခံအမျိုးသမီးတွေပါ....။ ရိုဟင်ဂျာတွေလို့ သူတို့ကို ခေါ်တဲ့သူက ခေါ်ပါတယ်။ သူတို့ ၀တ်စားဆင်ယင်ပုံက တာလီဘန်ခေတ်က အာဖဂန်အမျိုးသမီးတွေနဲ့ ဆင်ပါတယ်။  အစွန်းရောက် မူဆလင်ဘာသာဝင်တွေပီပီ မိန်းကလေးတွေ အိမ်တွင်းပုန်းကြတာ များပါတယ်။  သူတို့ဟာ  ပညာကောင်းကောင်းသင်ခွင့်မရသလို ၁၀ နှစ် ၁၁နှစ်လောက်ကစပြီး အိမ်အပြင်ထွက်ခွင့်ကို ကန့်သတ်ခံရပါတော့တယ်။  အိမ်ထဲမှာပဲ ထမင်းချက်၊ ကလေးထိန်း၊ ငရုတ်သီးကြိတ်၊ မြေစိုက်အိမ်ဆိုရင် ကြမ်းခင်းကို ထမင်းရည်၊ ဖွဲပြာနဲ့ နယ်ပြီး အချောကိုင်တာမျိုးလုပ်နဲ့ပဲ တနေကုန်ကြရပါတယ်။ အများစုက မြန်မာစာမပြောနဲ့ မြန်မာစကားတောင် မပြောတတ်ကြပါဘူး။  မြို့ပေါ်နဲ့  ရွာကြီးတချို့က တချို့ သောပညာတတ် ငွေကြေးရှိတဲ့ လူတစ်ချို့ရဲ့ သမီးတွေ ဘာတွေကတော့ ကျောင်းနေခွင့်၊ ဘွဲ့တွေဘာတွေရပြီး အလုပ်လုပ်ခွင့် စသဖြင့် ရကြပါတယ်။  ဒါကလည်း အားလုံးနဲ့ယှဉ်ရင် ၁%ထက်တောင် နည်းပါလိမ့်မယ်။  အဲဒီလို အမျိုးသမီးတွေ အပြင်ထွက်ပြီး ပညာသင်တာ အလုပ်လုပ်တာကို  အစွန်းရောက်ဘာသာရေးခေါင်းဆောင် (မူလာ) ဆိုသူတွေက လုံးဝ သဘောမကျပါ။  ( ဟူး - အဲဒီမှာ လူအဖြစ်မမွေးခဲ့လို့ တော်သေးရဲ့။)  လွန်ခဲ့တဲ့ ဆယ်နှစ်လောက်အထိ နိုင်ငံရဲ့ တစ်နေရာမှာ သူတို့  တွေရှိနေတာကို ကျမ မသိခဲ့ပါဘူး။


သူတို့ အပြင်ထွက်တိုင်း ဘူရ်ဂါ လို့ခေါ်တဲ့ အဲဒီဝတ်ရုံနက် သို့မဟုတ် ၀တ်ရုံပြာကိုခြုံ ၊  နေရောင်ကာဖို့ထက် လူကြည့်တာကာဖို့  ထီးတစ်လက်နဲ့  အပြင်ထွက်ကြပါတယ်။  ၀တ်ရုံက မျက်နှာဖုံးပါတာလည်းရှိ၊ မပါတာလည်းရှိပါတယ်။ တချို့ဆိုရင် ခြေအိတ်တောင် စွပ်ထားကြပါတယ် (လက်အိတ်စွပ်တာတော့ မမြင်ဖူးသေးဘူး -ဟိ)။  သူတို့ အသားရောင်က ပင်ကိုယ်ညိုပေမဲ့ ဖျော့တော့နေပါတယ်။ အများစုက အနီးမီးယား (သွေးအားနည်း ရောဂါ) ရှိနေကြပါတယ်။  အိမ်ထောင်သည်အမျိုးသမီးတွေဆိုရင် တနှစ်ခြား၊ နှစ်နှစ်ခြား ကလေးမွေးကြရတာမို့    ပိုလို့   သွေးအားနည်း၊ သံဓါတ်အားနည်းတာတွေ ခံစားကြရပါတယ်။ သားဆက်ခြားတာကို နားမလည်တာရော၊ ဘာသာရေးက တားမြစ်လို့ရော၊ ဆင်းရဲသူတွေအတွက်  သားသမီးတစ်ယောက်ဟာ လုပ်အားတစ်ခု အင်အားတစ်ခု  ဖြစ်နေတာကြောင့်ရော ကလေး များများယူကြပါတယ်။ တွေ့ခဲ့ဖူးသလောက်  မိန်းမတစ်ယောက်က ပျမ်းမျှ ကလေး ၅ယောက်ကနေ ၉ယောက်လောက်အထိ မွေးကြပါတယ်။ အများဆုံးတွေ့ခဲံတာကတော့ အယောက် ၂၀ ပါ။


အောက်က ဘယ်အစွန်ပုံက နင်းဂျားမျက်နှာဖုံးစွပ်ထားလို့ အသက်မခန့်မှန်းနိုင်ပေမဲ့  ဟိုဖက်ကတစ်ယောက်ကတော့ ဆယ်ကျော်သက် ကလေးအမေလေးဆိုတာ သိသာပါတယ်။ သူတို့ဆီမှာ ၁၅ နှစ်လောက်ဆို အိမ်ထောင်ပြုတတ်ကြပါတယ်။  အခုတော့ အခြေအနေ အရပ်ရပ်ကြောင့် အိမ်ထောင်ပြုတဲ့ အသက်က ၁၆-၁၇ လောက် ဖြစ်လာနေပြီ။ ဟူး -မလွယ်ပါလား။  ဆိုင်းဘုတ်ချိတ်ထားမယ်။ (သတိ- ဗူးသီးနုနု မခူးရ ဆိုပြီးတော့)


သူတို့တွေရဲ့ ဘ၀ အသိ အမြင် နဲ့  ကျမ်းမာရေး လူမှုရေး တိုးတက်လာအောင် UN နဲ့  NGO အဖွဲ့တစ်ချို့က ကူညီ ဆောင်ရွက် ပေးနေကြတယ်။ တိုးတက်မှုကတော့ ခပ်ရေးရေး ပါဘဲ။

ဘာပဲပြောပြော ဘယ်နေရာပဲဖြစ်ဖြစ် ဘယ်လူမျိုးပဲဖြစ်ပါစေ ကလေးငယ်လေးတွေရဲ့အပြုံးကတော့ အမြဲတမ်း ချစ်စဖွယ် အပြစ်ကင်းလျက်ပါဘဲ။ ကင်မရာကိုမြင်ရင် သူ့ထက်ငါ ပြေးပြီး ဓါတ်ပုံအရိုက်ခံကြတာ သူတို့အကျင့်ပါ။




အဲဒီဒေသမှာ ရခိုင်၊ မြို၊ ခမွီ၊ မရမာကြီး၊ သက် နဲ့  ဒိုင်းနက် လူမျိုးတွေလည်း ရှိပါတယ်။ အပေါ်က ရိုဟင်ဂျာခေါ် ဘင်္ဂါလီလူမျိုးတွေပြီးရင် ဒေသခံရခိုင်တွေက အများစုပါ။  အောက်က ပန်းရောင်ပုဝါနဲ့   မိန်းကလေးတွေကတော့ တောင်ပေါ်ကလူမျိုးစုတစ်စုပါ (ညီမလေးတစ်ယောက်က “သက်” လူမျိုး လို့ ပြောပါတယ်)

အောက်ကပြထားတဲ့ပုံကလည်း တောင်ပေါ်တိုင်းရင်းသူကလေး တချို့ပါ။ (မြို သို့မဟုတ် ဒိုင်းနက် ထင်ပါရဲ့- ဒါလည်း မိုးစက်တို့ ထုံးစံအတိုင်း မသေချာ)။ အလွန်ဝေးလံ ခေါင်ဖျားတဲ့ ရွာငယ်ကလေး တစ်ခုကပါ။ မပြည့်စုံမှုတွေနဲ့  အထီးကျန်ဆန်သလိုဖြစ်နေတဲ့ အဲဒီနေရာလေးမှာ  အဲဒီကလေးမလေးတွေကတော့ ရိုးရာဓလေ့ကို ဖက်တွယ်ပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့  ပျော်ရွှင်သာယာနေမှာကတော့ သေချာပါတယ်။


အဲဒီမှာ လှပသာယာတဲ့ ရေတံခွန်ကြီးတစ်ခုလည်း ရှိလေရဲ့။ အဘတို့ကတော့ လျှပ်စစ်ထုတ်မယ်လို့ ပြောတာပဲ  :-(  

ဒီလို ပန်းလှလှကလေးတွေလည်း မြင်နိုင်ပါတယ်။  အပေါ်ကစာတွေဖတ်ပြီး မောသွားခဲ့တယ်ဆိုရင် အမောပြေပေါ့။


အနီးကပ်မြင်ရတဲ့ ပန်းကလေး။


နယ်စပ်နဲ့   “နတ်မြစ်”ဆိုတဲ့မြစ်ကလေးတစ်ခုသာခြားတော့တဲ့  မြန်မာပြည်ရဲ့ အနောက်ဖျားတစ်နေရာ ဘင်္ဂလားဒေ့ရှ် နယ်စပ်က မြင်ကွင်းလေးတွေ မျှဝေလိုက်ပါတယ်။ ( ကလေးလေးတွေပုံကလွဲရင် ကျန်တာတွေက လုပ်ငန်းဖေါ်မောင်ညီမလေးတွေ ရိုက်လာတာပါ။  သူတို့ကတော့ နာမည်မရေးလို့  စိတ်မဆိုးလောက်ပါဘူး..။  ပုံတွေက ရောသွားတော့ ဘယ်သူရိုက်မှန်းလဲ မသိတော့ဘူး။  )

သူငယ်ချင်းတို့အတွက် မျှဝေခြင်းတစ်ခုရယ်သာပါ....

ချစ်ခင်စွာဖြင့်-


မိုးစက်ပွင့်

2 comments:

  1. မိုးစက်ရေ

    စိတ်ဝင်စားစရာ ကောင်းတယ်။
    ဘင်္ဂါလီဆိုတာ ရိုအင်ဂျာကို ပြောတာကိုး။ ရန်ကုန်မှာလည်း ဘင်္ဂါလီတွေ ရှိတယ်။

    အိမ်တွင်းပုန်းရတာ မျက်နာ ဖုံးထားရတာ စောစောစီးစီး အိမ်ထောင် ချပေးတာသာ မဟုတ်တာ နယ်စပ် တိုင်းရင်းသားတွေလည်း စာမသင်ရ ကျောင်းမနေရ ဗမာစကား ဗမာစာ ရွာလုံးကျွတ် လုံးဝ မတတ်တာတွေ ရှိနေတယ်။

    လျှပ်စစ်မီးက ထုတ်ပြီး ဘင်္ဂလားဒေ့ခ်ျကို ရောင်းမှာတဲ့။ စာချုပ်တောင် လက်မှတ်ထိုးပြီး ဆိုပဲ။


    မအယ်

    ReplyDelete
  2. ကလေး အယောက် ၂၀ တောင်မွေးတဲ့လူ၇ှိတယ်...
    အများစုက သွေးအားနည်းရောဂါရှိနေတယ်ဆိုတာ မျိုးရိုးကြောင့်လား၊ ဒေသအစားအသောက် ကြောင့်များလား မသိဘူးနော်...

    ReplyDelete

ပဲ့တင်သံလေးတွေ .......