စာအုပ်အမည် သင်နှင့်တကွ အပေါင်းအသင်းများသိသာရန်
စာရေးဆရာ နေနော်
ထုတ်ဝေချိန် ၂၀၀၉ခုနှစ် ဧပြီလ
စာမျက်နှာ ၁၂၀သာရှိတဲ့ ဒီစာအုပ်လေးက ဆရာနေနော်ရဲ့ အသက်၄၀ပြည့်မွေးနေ့အတွက် အမှတ်တရထုတ်ဝေတဲ့ ၀တ္တုတိုစုစည်းမှုပါ။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် (တော်တော်ကြီးမား တဲ့အကြောင်းဖြစ်လိမ့်မယ်လို့ ထင်ပါတယ်) အသက်၄၂နှစ်ပြည့်မှ ထွက်လာရပါတယ်တဲ့။ မဂ္ခဇင်း ၀တ္တုတို ၁၃ပုဒ် စုစည်းမှူပါ။ နေနော်ဆိုတာ အချိန်ယူပြီး quality စာများကိုသာရေးသားလေ့ရှိတဲ့ စာရေးဆရာပါ။ ”အက်စစ်ချို” တို့ အတွင်းကြေ”တို့ဆိုရင် ရင်မှာအလွန် ထိရှခံစားရပါတယ်။ ဆရာ့ဝတ္တုအများစုကို ဗီဒီယိုရိုက်ကြတယ်လို့သိရပါတယ်။ အခုဖတ်လိုက်ရတဲ့ သူ့လက်ရွေးစင်ဝတ္တုတိုစုစည်းမှူ တွေထဲက မှတ်မှတ်ရရလေးတွေကို မှတ်တမ်းတို့ထားချင်ပါတယ်။
(((သင်နှင့်တကွ အပေါင်းအသင်းများသိသာရန်))) ဆိုတဲ့ ၀တ္တုလေးနဲ့ဖွင့်ထားပါတယ်။ မိုးနဲ့မြေလို ရည်ရွယ်ချက် ချင်း ကွာခြားပြီး၊ သုံးနဲ့လေးလို ခံယူချက် လုံးဝမတူညီတဲ့ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်အကြောင်းပါ။ ဇာတ်ကြောင်းပြောသူ အမျိုးသားက သူနဲ့တစ်ချိန်က နီးနီးစပ်စပ်ရှိခဲ့တဲ့ အဲဒီအမျိုးသမီးကို ထက်မြက်ပြီး ပညာတတ်လွန်းတဲ့သူ၊ ရည်ရွယ်ချက်ကြီးလွန်းတဲ့သူ၊ ပညာနဲ့အရာရာကို တိုင်းတာတတ်သူ၊ လူမှုဘ၀မှာတော့ လက်တွေ့ကျကျမစွန့်စားရဲဘဲ တစ်ကိုယ်တည်း နေဖို့ရွေးချယ်ခဲ့သူအဖြစ် ရှုမြင်သုံးသပ်ထားပါတယ်။ ခြောက်နှစ်လောက်အကြာ ပြန်တွေ့ချိန်နဲ့ဇာတ်လမ်းကိုဖွင့်ထားပြီး အဲဒီအချိန် မှာတောင် သူမဟာ မရင့်ကျက်သေးဘဲ သူလက်ထပ်ထားတဲ့မိန်းကလေးအပေါ် မနာလိုစိတ်တော့ ရှိနေသေးတယ်လို့ဆိုပါတယ်။ တကယ်တော့ သူတို့နှစ်ယောက်က ဘယ်တုန်းကမှ ချစ်သူတွေမဖြစ်ခဲ့ကြပါဘူး။ (((သူဟာ ကျွန်တော့်အတွက် စိတ်ဝင်တစား လှန်ကြည့်ချင်စရာ ကောင်းပေမယ့် ဘယ်တုန်းကမှ အပိုင်ဝယ်သိမ်းချင်စရာကောင်းလောက်အောင် မဆွဲဆောင်နိုင်ခဲ့တဲ့ စာအုပ်တစ်အုပ်နဲ့တူတယ်………. ဒီလိုစာအုပ်မျိုးဟာ ဧည့်ခန်းမှာ တကူးတက နေရာပေး စင်ရိုက်ပြီး တင်ထားရမယ့်စာအုပ်မျိုးလို့ သတ်မှတ်ခဲ့မိတာ မဟုတ်လား။))))) လိုအပ်တာထက် ပညာကိုရှေ့တန်းတင်လွန်းတယ်ဆိုတဲ့ စွဲချက်တွေနဲ့ သူမကို နောက်ထပ်ပေးတဲ့ဥပမာတစ်ခုက တန်ဖိုးကြီးကားတစ်စင်းပါ။ ((( ကျွန်တော့်အမြင်တော့ ထက်မြက်ပြီး ပညာတတ်လွန်းတဲ့ မိန်းမတွေဟာ ကာဒီလက် တံခါးခြောက်ပေါက်ကားကြီးတွေလိုပဲ…….. အပိုဆာဒါးတွေနဲ့ မလိုအပ်ဘဲ လေးလံနေတယ်လို့ထင်တာပဲ၊ ကားတစ်စီးဟာ ပေါ့ပေါ့ပါးပါး မောင်းနှင်လို့ရမယ်၊ သက်တောင့်သက်သာ မောင်းနှင်လို့ရမယ် ဆိုတော်ပြီပေါ့၊ ဘာလို့အကျယ်ချဲ့နေမှာလဲ)))) လို့ သူက ပြောပါတယ်။ နောက်ဆုံးရိုက်ချက်က ပိုပြင်းပါတယ် ((( ကိုယ်ထင်တယ်လေ၊ လူ့မျိုးနွယ် မိသားစုတစ်စုကို ဦးဆောင်မယ့်သူဟာ အပျိုကြီး လူပျိုကြီးများဖြစ်လို့ကတော့ အဲဒီမိသားစုဟာ အပြည့်အ၀တိုးတက်မှူကို ဘယ်တော့မှ မရနိုင်ဘူး))) တဲ့။ အမျိုးသမီးက (((ကျွန်မမယုံဘူး ))) လို့ တုန့်ပြန်ပါတယ်။ ဇာတ်လိုက်ရဲ့အတွေးအခေါ်တွေကို ကျမကိုယ်တိုင်လဲ အပြည့်အ၀ လက်ခံနိုင်ခြင်းမရှိပါဘူး။ ဒါပေမဲ့ ခြုံကြည့်ရင် ဖတ်ကောင်းတဲ့ တွေးစရာဝတ္တုလေးပါ။
နောက်တစ်ပုဒ်က (((မိုးမိသွားတဲ့ အိမ်မက်))) ပါ။ စိတ်လှူပ်ရှားစရာနဲ့အစချီထားတဲ့ ပထမ၀တ္တုနဲ့ ဆန့်ကျင်စွာ ဒီဝတ္တုက စ စ ဖတ်ချင်း ပျင်းစရာနဲနဲကောင်းပါတယ်။ စီးပွားရေးအဆင်မပြေတဲ့ စာရေးဆရာတစ်ယောက်ရဲ့ ဘ၀အခြေအနေနဲ့ စိတ်ခံစားမှူ အကြောင်းတွေ သုံးမျက်နှာလောက် ခင်းကျင်းပြီးမှ သူဟာ မိုးရေချိုးလို့မရဘဲ မိုးရေအလာဂျီရှိသူတစ်ယောက်ဆိုတာကို စပြီးချပြလာပါတယ်။ အိမ်ဘေးက လူငယ်လေးက မိုးရေချိုးနိုင်အောင်လုပ်ဖို့ ကုထုံးတစ်ခုပေးပါတယ်။ အဲဒါကတော့ မိုးရေချိုးရင်း မိုးရေတွေကို ပါးစပ်ဟပြီးမျိုချပေးဖို့ပါ။ ဒါမှ မိုးရေနဲ့ကိုယ်ကထွက်တဲ့ တုန့်ပြန်မှု ပဋ္ဋိဇီဝ သဟဇာတဖြစ်ပြီး နောက်ထပ်အလာဂျီမဖြစ်တော့မှာ လို့ရှင်းပြပါသတဲ့။ (ကျမတောင် တကယ်လား ထင်သွားမိသေးတယ်) စာရေးဆရာက ကြိုးစားကြည့်ဖို့ဆုံးဖြတ်ပြီး မိုးရေထဲကို တွန့်ဆုတ်ဆုတ်နဲ့ထွက်လာခဲ့တယ်။ မိုးရေကို ချိုးလဲချိုး မြို လဲမြိုကြည့်ပါတယ်။ အဲဒီမှာတင် မိုးရေဟာ အလွန်ခါးတဲ့အကြောင်း၊ တစ်ဖြည်းဖြည်း တစ်ကိုယ်လုံးတုန်ယင်လာလို့ တံစက်မြိတ်အောက်ပြန်ပြေးဝင်တာတောင် ချက်ခြင်းအရုပ်ကြိုးပြတ်မေ့လဲသွားတဲ့အကြောင်း ရေးထားပါတယ်။ အဲဒီတော့မှ ကျွန်မ ဘတ်သီးလင်းသွားပါတယ်။ မိုးခါးရေမသောက်သူ ……ဲ …… သောက်ဖို့ကြိုးစား ပေမယ့် ဘယ်လိုမှမရပုံ …… စသဖြင့် စသဖြင့်။ ထိထိမိမိ ခံစားရတဲ့ ၀တ္တုတိုတစ်ပုဒ်ဖြစ်လို့ တော်တော်ကြိုက်ပါတယ်။
နောက်တစ်ပုဒ် (((လက်နှိပ်စက်)))ကတော့ ကန်ထရိုက်တိုက်ကိုအသစ်ပြောင်းလာသူက ညနှစ်နာရီလောက်အထိ အပေါ်ထပ်က လူရဲ့ ခြေသံ၊ လက်နှိပ်စက်သံတွေကြောင့် မအိပ်နိုင်ပဲ သောကပွားနေရတာကို အစချီပြီး လူမှုရေးထောက်ထားလို့ သွားမပြောဖြစ်တာတွေ နောက်ဆုံး ကြာလာတော့ လက်နှိပ်စက်သံ တစ်ဂျောင်းဂျောင်းနဲ့အသားကျပြီး အိပ်နိုင်သွားတာတွေ ရေးထားပါတယ်။ အဲဒီလောက်ထိမထူးဆန်းသေးပါဘူး။ ထူးဆန်းတာက လက်နှိပ်စက်သံနဲ့ ခြေသံမကြားရတော့တဲ့ ညတွေမှာ သူ အိပ်မပျော်တော့တာပါ။ အလုပ်ခွင်မှာ ထစ်ငေါ့ပြီး ခေါင်းတွေ တစစ်စစ်ကိုက်နေတော့တယ်။ တိုက်ပိုင်ရှင်ကို မေးကြည့်တောမှ အဲဒီလူက စာတမ်းပြုစုဖို့ ၆လ ငှားပြီး အခုအခန်းကိုပြန်အပ်သွားကြောင်း သိရတော့တယ်။ သူဘာလုပ်တယ်ထင်ပါသလဲ။ အဲဒီအခန်းကိုဆက်ငှားပြီး အပေါစားလက်နှိပ်စက်တစ်လုံးဝယ်၊ နေစရာမရှိတဲ့ သူတောင်းစားအဖိုးကြီးတစ်ယောက်ကို အခန်းပေါ်ခေါ်တင်ပြီး ညတိုင်ကျရင် သူ့အတွက် လက်နှိပ်စက်သံ တစ်ဂျောင်းဂျောင်းရိုက်စေပါတယ်။ အစွဲအလမ်းဖြစ်တတ်တဲ့ လူ့သဘာဝကို ထိထိမိမိရေးထားတာပါ။
(((ဂျိုကာ))) ဆိုတဲ့ ၀တ္တုကတော့ သိပ်သိသိပ်တတ်လွန်တဲ့ (အဲဒီလိုလဲ သူ့ကိုယ်သူထင်နေတဲ့) အိမ်ထောင်ရှင် ယောက်ျားတစ်ယောက်အကြောင်းပါ။ မိန်းမက ”ရှင်ဟာ ကျွန်မအတွက် ဂျိုကာကြီးပဲ” လို့ ခဏခဏပြောလေ့ရှိသတဲ့။ သူက ဈေးဝယ်၊အိမ်ရှင်း၊ ထမင်းချက်၊ အ၀တ်လျှော် အ၀တ်အစား အစုတ်အပြဲဖာတာ ခြံထဲကပန်းပင်ပြုစုတာ ကအစ ၀င်ပါ ၀င်လုပ်နေတာပါ။ ယုတ်စွအဆုံး ၀မ်းချူပ်လို့ ၀မ်းနှုတ်ဆေးစားရင်တောင် ဘယ်နှစ်လုံးစားရမလဲဆိုတာ သူ့မိန်းမကို အကြံပေးတတ်ပါတယ်။ အားရင်အားသလို စည်းကမ်းနဲ့နေဖို့ ထားဖို့ မိန်းမကို သြ၀ါဒတွေနင်းကန်ပေး၊ မိန်းမရဲ့ဧည့်သည်လာရင်တောင် အလိုက်ကန်းဆိုးမသိ ၀င်ထိုင်ဧည့်ခံတော့တာ။ အိမ်ထောင်သက် အနှစ်နှစ်ဆယ်ကျော်လာတော့ မိန်းမက ကလေးသုံးယောက်နဲ့အတူ နယ်က အဒေါ်တစ်ယောက်အိမ်သွားလိုက်တာ တော်တော်နဲ့ပြန်မလာတော့ဘူး။ ဘာလို့ပြန်မလာသေးတာလဲလို့ အဒေါ်ကို မေးကြည့်တော့ (((စိတ်ပြေလက်ပျောက်)))တဲ့။ ဇာတ်လိုက် ကိုတတ်ပကြီးကတော့ ဂျိုကာလို အသုံးတည့်တဲ့ သူလိုလူနဲ့နေရတာကို ဘာကြောင့်များ သူမိန်းမ မပျော်နိုင်တာလဲဆိုတာ တွေးလို့ကို မရပါဘူးတဲ့ -လေ။
(((လက်ယာဖက် အပေါ်အံသွား))) ဆိုတဲ့ ၀တ္တုလေးကတော့ အသက်ငယ်ငယ် မိန်းမလှလှကိုယူထားပြီး အဆင်မပြေတိုင်း သွားကိုက်တယ်လို့ စိတ်ကထင်နေတဲ့ ဝေဒနာသည်တွေနဲ့ အဖြစ်ချင်း တစ်ထပ်တည်းတူတဲ့ သွားဆရာဝန် တစ်ဦးအကြောင်းပါ။ လူတွေက ကိုက်နေတဲ့ သွားတွေတစ်ချောင်းပြီး တစ်ချောင်း လာလာနုတ်ကြတယ်။ သွားဆရာဝန်ကိုယ်တိုင်လည်း သူ့ပါးစပ်ထဲမှာ နောက်ထပ်နုတ်စရာ သွားကုန်နေပြီ။ ဒါပေမဲ့ အရေးအကြီးဆုံးသွားတစ်ချောင်း (အိမ်ကမိန်းမ) ကိုတော့ ဘယ်တော့မှ မဖယ်ရှားဖြစ်ပါဘူးတဲ့။
နောက်တစ်ပုဒ် (((လက်ထိဘော))) ကတော့ ယတြာအရမ်းယုံတဲ့ လူတစ်ယောက်နဲ့ ယတြာကို နောက်ထပ်မကြားချင်လောက်အောင် ခါးသည်းမုန်းတီးသွားရတဲ့ သူ့မိန်းမတို့ အကြောင်းပါ။ အဲဒီလူက ဘောလုံးဝါသနာကလည်းအရမ်းကြီးတော့ ဘောပွဲနိုင်ဖို့ရာ ဗေဒင်ဆရာပေးတဲ့ ယတြာပေါင်းစုံလုပ်ရာကနေ နောက်ဆုံးလုပ်ရမယ့် ယတြာက အပျိုလေးခေါင်းကပန်းကို သူမသိအောင်ယူရမယ် တဲ့။ အဲဒါနဲ့ ရွာထဲကပန်းကြိုက်တဲ့အပျိုလေး အိပ်ယာဝင်ပြီးခိုးလိုက်တာ (မည်ကဲ့သို့ဖြစ်သွားသည်မသိ) ရပ်ကျော်ရွာကျော် လူမိပြီး မိန်းမနောက်တစ်ယောက် ထပ်ယူလိုက်ရတဲ့အကြောင်းပါပဲ။
နောက်ထပ် ဒဿနပါတဲ့ ၀တ္တုတစ်ပုဒ်ကတော့ (((ဂမ္ဘီရဆပ်ကပ်))) ပါ။ ဆပ်ကပ်ထဲမှာ မိန်းမချောလေးတစ်ယောက်ကို ခေါင်းဖြတ်စက်နဲ့ဖြတ်ပြီးပြန်ဆက်ပြတဲ့ နောက်ဆုံးပြကွက်ကို လူတွေကြိုက်လွန်းလို့။ လူနှစ်ယောက်က အိပ်မပျော်နိုင်အောင် စဉ်းစားနေကြသတဲ့။ တစ်ယောက်က မိန်းကလေဟာ မတော်တဆ တကယ်ပြတ်ရင်ပြတ်သွားနိုင်တဲ့ ဒီခေါင်းဖြတ်စက်ကြီးထဲကို ဘယ်လိုသတ္တိမျိုးနဲ့လည်စင်းပေးပါလိမ့်လို့ပေါ့။ နောက်တစ်ယောက်ကတော့ ဆပ်ကပ်ဆရာဟာာ ဘယ်လိုသတ္တိမျိုးနဲ့ ခလုပ်ဆွဲရဲပါလိမ့် ဆိုပြီးတော့ပေါ့။ သူတို့နှစ်ယောက်လုံး ညကြီးအချိန်မတော် ခေါင်းဖြတ်စက်ဆီထသွားပြီး ကိုယ်တိုင်လုပ်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။ အမှောင်ထဲမှာဆိုတော့ တစ်ယောက်တစ်ယောက်လဲသဲသဲကွဲကွဲမမြင်ရပါဘူးတဲ့။ နောက်တော့ ….အီး ဆက်ပြောတော့ဘူး ကြောက်တယ်။ စိတ်ကူးယဉ်ဝတ္တူဆိုပေမယ့် ဆန့်တွေးရင် တွေးနိုင်သလောက် ဒဿနတွေထွက်လာမယ်ထင်ပါတယ်။
ဆယ့်သုံးပုဒ်လုံးမဟုတ်ဘဲ အကြိုက်ဆုံးတွေပဲ ရွေးပြောလိုက်ပါတယ်။ ကြုံရင်ဖတ်ကြည့်ပါအုံးနော့။ အကြိုက်ချင်းတူမတူ ဆွေးနွေးရအောင်။
မိုးစက်ပွင့်

No comments:
Post a Comment
ပဲ့တင်သံလေးတွေ .......