မိုးလင်းလင်းချင်း သတိရတယ်။ ဒီနေ့အာဇာနည်နေ့။ ဘာမှတော့ ထွေထွေထူးထူး မလုပ်ဖြစ်ဖူး။ ကြားရမှာမဟုတ်တဲ့ ဥသြသံကိုလည်း မမျှော်တော့ဘူး။ (အသံပျောက်တဲ့ ပထမဦးဆုံး နှစ်ကသာ အံ့သြတစ်ကြီးဖြစ်မိတာ) ၁၀နာရီ၃၇မှာတော့ ကိုယ့်အခန်းထဲမှာ တစ်ယောက်ထဲ အလေးပြုမိတယ်။ တစ်မိနစ် ပေါ့။ မေလှမြိုင်သီချင်းလေးကိုလည်း စိတ်အာရုံမှာကြားမိတယ်။
ကျမငယ်ငယ်ကတော့ နှစ်တိုင်းဥသြသံကိုစောင့်ပြီး အလေးပြုနေကြ။ လွတ်သွားခဲ့ရင် တယ်လဲ ပေါ့လျော့တဲ့ ကျေးဇူးမသိတဲ့ငါပါလားဆိုပြီး ကိုယ့်ကိုယ်ကိုအပြစ်တင်မဆုံးတော့။ မှတ်မှတ်ရရ ၁၉၈၇ရဲ့ အာဇာနည်နေ့မှာ ကိုယ်က ပဲခူးမြို့ရဲ့ တစ်နေရာ လမ်းမပေါ်မှာ။ ဥသြသံတွေ ရုတ်တရက်ပေါ်လာတော့ ရောက်တဲ့နေရာမှာရပ်ပြီး အလေးပြုခဲ့တယ်။ တစ်ချို့လဲ ရပ်ကြတယ်ထင်ပါရဲ့။ ကောင်းကောင်းမမှတ်မိတော့ဘူး။ အာဇာနည်တွေကို လူမြင်သူမြင် အရိုအသေပေးတာဟာ ရှက်စရာလို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။ မေလှမြိုင်ရဲ့ နှစ် လ ရာသီ……ခါရာသီရွေ့ပေမယ့်…ဆိုတဲ့သီချင်းလေးကိုကြားရရင် မျက်ရည်ဝဲရစမြဲ။ ည ည ဆို ဗိုလ်ချူပ်မိန့်ခွန်းက်ု ရေဒီယိုမှာ နားထောင်လို့မ၀နိုင်ခဲ့။ ဘယ်နှစ်ခါပဲကြားကြား မရိုးနိုင်တဲ့ မိန့်ခွန်းတွေပါပဲ။
အခုတော့ အပြင်လောကကြီးတစ်ခုလုံး သူနဲ့မဆိုင်သလို တိတ်ဆိတ်လို့။ ခြံရှေ့က သစ်ရွက်ကလေးတွေကတောင် နေမင်းစူးစူးကိုမလွန်ဆိုင်နိုင်လို့္ဘရွက်နုလေးတွေအောက်စိုက်ပြီး မျက်လွှာချနေသလားလို့ ထင်ရတယ်။ အငြိမ်မနေတတ်တဲ့ ကိုယ်က ကမ္ဘာ့ရွာကြီးထဲလှည့်ပတ်ကြည့်လိုက်တော့ …ရွာထဲက ညီအစ်ကို မောင်နှမတွေ အာဇာနည်နေ့ကို သိုက်သိုက်ဝန်းဝန်း ဆုတောင်းဂုဏ်ပြုနေတာတွေတွေ့ရလေရဲ့။ ၀မ်းသာကြေနပ်စရာပါ။ မမေငြိမ်းရဲ့ အာဇာနည်နေ့အတွက် ရည်ရွယ်သီကုံးထားတဲ့ တိုရှင်းထိမိတဲ့ အရေးအသားလေး ကူးယူ မျှဝေပါရစေ။
(ရေးသူ- မေငြိမ်း)
အဲဒီ ဇူလိုင် ၁၉မှာ မြန်မာနိုင်ငံရဲ့ သူရဲကောင်း ပုဂ္ဂိုလ်မွန်တွေ ကျဆုံးတယ်။
အဲဒါဟာ… လင်းပတော့မယ့် အနာဂတ်နိမိတ်မိုးသောက်ကြယ်ကြီး လွင့်ကြွေတာလည်းဖြစ်တယ်။
အဲဒါဟာ… ဗိုလ်ချုပ် ဦးဆောင်မယ့် ထိပ်တန်းနိုင်ငံတခု ပြိုလဲသွားတာ..။
အဲဒါဟာ… ဦးဘ၀င်း ဦးဆောင်မယ့် ယဉ်ကျေးလိမ်မာတဲ့ လူ့အဖွဲ့အစည်းတခု ယိုင်လဲတာ…။
အဲဒါဟာ… မန်းဘခိုင် ဦးဆောင်မယ့် ကရင်ဗမာသွေးစည်းရေးကို တွန်းလှဲလိုက်တာ..။
အဲဒါဟာ… မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း ဦးဆောင်မယ့် တိုးတက်ထွန်းကားမယ့် တောင်ပေါ်ဒေသကြီးကို အက်ကြောင်းထင်စေခဲ့တာ…။
အဲဒါဟာ… ဦးရာဇတ် ဦးဆောင်မယ့် နိုင်ငံတကာအဆင့်မီ တတ်သိလိမ်မာစေမယ့် ပညာရေးစနစ်တခုကို ရိုက်ချိုး ဖျက်ဆီးလိုက်တာ…။
အဲဒါဟာ… ဒီးဒုတ်ဦးဘချို ဦးဆောင်မယ့် စာပေ ဂီတအနုပညာကောင်းတွေနဲ့ ဖွဲ့စည်းတဲ့ ကမ္ဘာ့သမိုင်းဝင် နိုင်ငံတော်ကြီးရဲ့ အဆင့်အတန်းကို တိုးတိမ် မှိန်ဖျော့သွား စေခဲ့တာ..။
အဲဒါဟာ… သခင်မြ ဦးဆောင်မယ့် သိမ်မွေ့လိမ်မာပြီး ပြတ်သားထက်မြက်တဲ့ သူတွေနဲ့ ဖွဲ့စည်းတဲ့ နိုင်ငံရေး လောက တခု အချေမှုန်းခံရတာ…။
အဲဒါဟာ… ဦးအုန်းမောင် ဦးဆောင်မယ့် တိုင်းပြည်ကောင်းစားရေး လိုလားတဲ့ ဦးဆောင်သူတွေနဲ့ ဖွဲ့စည်းမယ့် အုပ်ချုပ်ရေး အသိုင်းဝိုင်း တခု အဖြိုဖျက်ခံရတာ…။
အဲဒါဟာ ရဲဘော်ကိုထွေး ဦးဆောင်မယ့် ခေါင်းဆောင်ကောင်းတွေကို အသက်ပေး စောင့်ရှောက်တတ်တဲ့ စစ်သည်ရဲဘော်တွေရဲ့ အခန်းကဏ္ဍကို ပျောက်ကွယ်သွားစေခဲ့တာ..။
အဲဒါဟာ… မြန်မာနိုင်ငံရဲ့ လှပတော့မယ့် အနာဂတ်ကို ပစ်ချခံလိုက်ရတာလည်းဖြစ်တယ်။
အဲဒါဟာ…ခုချိန်ထိအောင် ၆၂နှစ်တိုင်တိုင် အရုဏ် မတက်နိုင်ဘဲ ရှိဆဲ…။ ဘယ်တော့ လင်းမလဲ.. စောင့်ဆဲ..။
အာဇာနည်ကြီးများအား အစဉ်အမြဲ ဦးညွှတ် အလေးပြုပါ၏..။

No comments:
Post a Comment
ပဲ့တင်သံလေးတွေ .......