Tuesday 21 July 2009

မက်ခီယာဗယ်လီ၊ ကံရာဇာငယ် နှင့် သုစရိတစက်ဝန်း

298567405_4a2bb377cc_mpower politics လို့ခေါ်တဲ့ အာဏာပါဝါ နိုင်ငံရေး အတွေးအခေါ်နယ်ပယ်မှာ မသိသူမရှိသလောက် ကျော်ကြားသူကတော့ အီတလီ နိုင်ငံရေးတွေးခေါ်ရှင် မက်ခီယာဗယ်လီ (Niccolo Machiavelli- 1469-1527) ပါပဲ။ ၁၆ရာစုအစောပိုင်းမှာ ကျော်ကြားခဲ့တဲ့ သှူုရဲ့ "The Prince" ဆိုတဲ့ နိုင်ငံရေးကျမ်းစာအုပ်မှာ "The End justifies the Means" လို့ ဖေါ်ပြခဲ့ပါတယ်။ အောင်မြင်ဖို့ ကိုယ်လိုချင်တာရဖို့ ဘယ်နည်းလမ်းမဆို တရားတယ်လို့ အများစုကအနက်ဖွင့်ကြပါတယ်။
အဲဒီအဆိုဟာ ကိုယ်ကျင့်ဆိုင်ရာ ပြဌာန်းချက် ကိုအလေးထားသူတွေအတွက် ရာစုနှစ် အဆက်ဆက် ဝေဖန်စရာ မေးခွန်းထုတ်စရာ ဖြစ်နေခဲ့ပါတယ်။ ဘာပဲပြောပြော အဲဒီ ဆောင်ပုဒ်ကို အင်အားကြီးသူအဆက်ဆက်က ပြိုင်ဖက်အပေါ် နည်းမျိုးစုံနဲ့အနိုင်ယူရာမှာ ကိုယ့်ကိုယ်ကိုယ်အားပေးခဲ့တဲ့ ကြွေးကြော်သံ၊ ဆောင်ပုဒ်တစ်ခု ဖြစ်နေခဲ့ပါတယ်။ 


Machiavelli ရဲ့ အဲဒီအဆိုနဲ့ပါတ်သက်ပြီးတော့ ပညာရှင် ဒေါက်တာ မော်တီမာ အက်ဒလာကတော့ လူတွေက ဖြစ်စဉ်တစ်ခုလုံးကို သေချာမစေ့ငုဘဲ ဒီအဆိုကို လိုရာဆွဲပြောနေတာလို့ဆိုပါတယ်။ (ရလာဒ်ကောင်း) ထွက်တဲ့ ဆိုးဆိုးကောင်းကောင်းလုပ်ရပ်တိုင်းဟာ (မှန်တယ်) လို့ ပြောတဲ့နေရာမှာ (ရလာဒ်ကောင်း)ဆိုတာကို (အောင်မြင်မှူ သို့မဟုတ် အောင်နိုင်မှူ) နဲ့ ထပ်တူပြုပြီးစဉ်းစားနေကြတယ်။ တကယ်တော့ အောင်မြင်မှုဆိုတာ လုပ်ရပ်တစ်ခုရဲ့ (ထိရောက်မှူ)ကိုသာ တိုင်းတာချက်တစ်ရပ်ဖြစ်ပြီး (တော်တည့်မှန်ကန်တဲ့ ရလာဒ်ကောင်း)လို့ မဆိုနိုင်ပါဘူးတဲ့။ ဆိုလိုချင်တာက (ရလာဒ်ကောင်း)တိုင်းဟာ မှန်တယ်။ ဒါပေမဲ့ (အောင်မြင်မှူ)တိုင်းဟာ (ရလာဒ်ကောင်း)မဟုတ်တဲ့အတွက် မှန်ချင်မှမှန်ပေလိမ့်မယ်။ တစ်ချို့ပညာရှင်တွေကလည်း မက်ခီယာဗယ်လီကို လူတွေက အထင်အမြင်လွဲနေကြတာပါလို့ ခုခံချေပကြတယ်။ ထားပါတော့။ လိုရင်းက "The End justifies the Means" ဆိုတဲ့ အကြောင်းကိုပြောချင်တာ။ ရေဘူးပေါက်လို့ လက်ခုပ်နဲ့သယ်သယ်၊ သူများရေပုလင်းထဲကပဲ သွန်ယူယူ၊ ခွက်ထဲမှာ ရေရှိရင်ရပြီ ဆိုတဲ့ အတွေးအခေါ်တစ်ခုအကြောင်းပါ။

2682811271_969724c38c_mမြန်မာ့သမိုင်းရဲ့ တကောင်းရာဇ၀င်မှာလည်း ကံရာဇာငယ်ဆိုတဲ့ ဘုရင်တစ်ပါးပေါ်ထွန်းခဲ့ဘူးပါတယ်။ ဖခင်ဖြစ်သူက ထီးနန်းလွှဲဖို့အတွက် ညီအကိုနှစ်ယောက်ကို ဘုရားအပြိုင်တည်ခိုင်းပြီး အရင်ပြီးတဲ့ ညီငယ်ကို ပေးခဲ့တာပါ။ နည်းရိုးလမ်းရိုးနဲ့ ဘုရားတည်တဲ့အစ်ကို ကံရာဇာကြီးထက် စေတီပုံ ၀ါးငြမ်ဆင် ရွှေပြားကပ်ပြီး အမြင်လှရုံဘုရားတည်ခဲ့တဲ့ ညီငယ်က အရင်ပြီးခဲ့လို့ပါပဲ။ ငယ်ငယ်ကတော့ အော် ဘုရင်ကြီးနှယ် မျက်စေ့များမှုန်နေလို့ အတုအစစ်မခွဲနိုင်ရော့သလား၊ ကြီးလာတော့ အော် ဘုရင်သာဆိုတယ် အလုပ်တစ်ခုအတွက် တိကျတဲ့ spec နဲ့ BQ မပေးခဲ့ဘဲကိုး လို့ တွေးမိခဲ့ပါတယ်။ ထားပါတော့ အဖေဖြစ်သူက ရိုးအတဲ့ အစ်ကိုကြီးကို မပေးချင်လို့ အစတည်းက သားအငယ်နဲ့ လက်ဝါးချင်းရိုက်ထားတာလဲဖြစ်နိုင်တာပဲ။ ပြောချင်တာက (ကံရာဇာငယ်ရဲ့ လုပ်နည်းလုပ်ဟန်) ဆိုပြီး လူမှုအသိုင်းအ၀ိုင်းမှာ ပြောစမှတ်တစ်ခုတွင်လာတာပါပဲ။
တစ်ချို့ကတော့ (အင် ထု)တဲ့သဘော မရိုးမသားလုပ်တဲ့သဘော ဝေဖန်ကြပြီး တစ်ချိုူ့ကတော့ ဒါကိုပဲ ဖြတ်ထိုးဥာဏ်ကောင်းတယ် ကွက်ကျော်မြင်တယ် စသဖြင့် အားကျချီးမွမ်းတဲ့သဘော အမျိုးမျိုးပြောကြတာပါပဲ။ ကျမကတော့ ကံရာဇာငယ်ရဲ့ လုပ်ရပ်ကို ဘယ်လိုမှ မနှစ်မြို့နိုင်ပါ။ ကျမအမြဲတမ်းတွေးမိနေတာက တို့နိုင်ငံမှာ မက်ခီယာဗယ်လီဝါဒတွေ သိပ်ထွန်းကားနေရင် ကံရာဇာငယ်တွေ သိပ်ပေါနေရင် တိုင်းပြည်ရဲ့ အနာဂတ် ဘယ်ကိုဦးတည်သွားမလဲဆိုတာပါ။ ရိုးရိုးကျင့် မြင့်မြင့်ကြံ ဆိုတဲ့ဆောင်ပုဒ်ကို ချောင်မှာထိုးပြီး လူနပ်ချမ်းသာ ဂျင်ပေါ်ကထုံး သူများမျက်ခုံးပေါ်စင်္ကြံလျှောက်သူတွေ အရမ်းပေါများလာခဲ့ရင် ......နေအေးအငယ်စားလေးတွေ နေရာအနှံ့ပြန့်လာခဲ့ရင်....... လောကပါလတရားတွေ ခေါင်းပါးလာခဲ့ရင်......ဘယ်သူ့မှာတာဝန်ရှိပါသလဲ။

ကျောင်းသားလေးတစ်ယောက်ကပြောတယ်။ ဒီနေ့ စာမေးပွဲစောင့်တဲ့ ဆရာမ ကသဘောကောင်းတယ်...ခိုးချခွင့်ပေးတယ်တဲ့ ကျမဘုရားတမိပါတယ်။ နေ့တိုင်းစာကျက်တဲ့ကလေး (ကံရာဇာကြီး) ထက် ခိုးနည်းအဖုံဖုံသုံးနေတဲ့ ကလေး (ကံရာဇာငယ်)က အခွင့်အရေး ပိုရလေမလား။ ပါတ်ဝန်းကျင်မှာ မကြာခဏကြားကြားနေရတဲ့ ဘယ်သူကတော့ ဘယ်လို (ခွင်)ဖန်လိုက်တာ ....... ဘယ်စာမေးပွဲမှာ ဘယ်အမှတ်ရအောင် ဘယ်လိုလုပ်လိုက်တာ ...... ဘယ်သူကတော့ ဘယ်ဝါမို့လို့ ဘာလုပ်နိုင်တာ ...... စသဖြင့် သတင်းတွေဟာ နားနဲ့မဆန့်အောင် ကြားနေရပါပြီ။ ဈေးသည်က ကုန်ပစ္စည်းကို မမှန်မကန်ရောနှောပြီးအမြတ်ကြီးစားတာ၊ တံတားဆောက်တဲ့စီမံကိန်းက ဆောက်လုပ်ရေးပစ္စည်းတွေ ယိုစီးလာတာ စသဖြင့် ဖြတ်လမ်းနည်းနဲ့ အောင်မြင်တာ မသမာမှူနဲ့ အပေါ်စီးနေနိုင်တာတွေကို လုပ်သူတွေကိုယ်တိုင် ရှက်ရကြောက်ရမှန်းမသိတော့ဘဲ (ဂုဏ်)တစ်ခုလို ဖေါ်ပြပြောဆိုနေကြတာဟာ အလွန်ကို စိုးရိမ်ပူပန်စရာကောင်းလှပါတယ်။ ကျမတို့ရဲ့ ကလေးငယ်လေးတွေရဲ့ ဦးနှောက်နဲ့ နှလုံးသားနုနုလေးတွေမှာ မတရားမှူကို အားကျပိုက်ထွေးတတ်တဲ့ ဥာဉ်လေးတွေ ဖျက်မရအောင် စွဲသွားခဲ့ပြီဆိုရင် ..... ဆက်မတွေးရဲလောက်အောင်ပါဘဲ။

1144_1_25_2008  စာရေးဆရာ ကိုတာရဲ့ မကြာသေးခင်ကမှ (ဇွန် ၂၀၀၉) မုံရွေးစာပေတိုက်ထုတ်(သုစရိတ စက်ဝန်း) စာအုပ်ကိုဖတ်မိခဲ့ပါတယ်။ သုစရိတစက်ဝန်းဆိုတာ ကောင်းသောအလေ့အထရှိသူများရဲ့ အသိုက်အ၀န်းလို့ စာရေးသူက ဆိုပါတယ်။ အင်္ဂလိပ်စကားတစ်ခွန်း ကို ပိုပြည့်စုံအောင် သိုင်းဝိုင်းပြီးအနက်ဖွင့်ထားပါသတဲ့။ စာအုပ်ထဲမှာ ဆရာ ကိုတာက အသိနဲ့ဥာဏ်ပညာပေါင်းစပ်ထားတဲ့ နေပျော်တဲ့ လူမှူနယ်ပယ်လေးတွေဖြစ်လာအောင် ဘယ်လို နေထိုင်ပုံ (၀ါ) life style နဲ့နေသင့်သလဲဆိုတာ ပေါ့ပေါ့ပါးပါး မြူးမြူးသွက်သွက်လေးတင်ပြထားပါတယ်။ တစ်ကိုယ်တော်ဝါဒ ( Individualism) နဲ့ ဈေးရောင်းရရေးဝါဒ ( Consumerism ) ဟာ လူတွေကိုကောင်းကျိုးထက် ဆိုးကျိုးတွေ (ဥပမာ- မိသားစုပြိုကွဲတာ၊ ရာသီဥတုနဲ့ ပါတ်ဝန်းကျင်သဘာဝပျက်ပြားတာ၊ လုံခြုံမှူကင်းမဲ့တာ၊ စသဖြင့်) ကိုဖြစ်ပေါ်စေတယ် လို့ဆိုပါတယ်။ အဲဒါတွေကိုကာကွယ်ဖို့ ဆောင်ရန်နီတိများအဖြစ် ရိုးရိုးရှင်းရှင်းနေထိုင်စားသောက်ဖို့၊ ဘ၀နဲ့လိုက်လျောညီထွေ နေထိုင်ကျင့်ကြံဖို့၊ ဥပမာအသွယ်သွယ်နဲ့ရေးထားပါတယ်။ လူ့အဖွဲ့အစည်းတစ်ရပ်မှာ လူအများက အဲဒီလို ကောင်းသောအကျင့်တွေနဲ့ မျှတစွာနေထိုင်ပြုမူနေပြီဆိုရင် သုစရိတစက်ဝန်းလေး တစ်ခုဖြစ်ပေါ်လာပါတယ်။ စက်ဝန်းတွေများလာရင် ကမ္ဘာကြီးက ပိုလှပတင့်တယ်လာမှာပဲ။

အားလုံးကိုခြုံကြည့်ရင်-
- လူတွေဟာ ပိုလို့ပိုလို့ တစ်ကိုယ်တော်ဝါဒ ( Individualism) နဲ့ ဈေးရောင်းရရေးဝါဒ ( Consumerism ) ကိုသွားနေကြပြီ။ တစ်ချိန်ထဲမှာ (ethical values ) တွေက မျက်နှာပန်းမလှတော့။
- ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေအတွက် စိတ်ပိုင်းဆိုင်ရာ၊ ၀ိဥာဏ်ဆိုင်ရာ၊ သဘာဝပါတ်ဝန်းကျင်ဆိုင်ရာ ပေးဆပ်မှူတွေ သိပ်များနေခဲ့ပြီ။
- တိုးတက်တဲ့နေရာက တိုးတက်လို့ ပေးဆပ်ရသလို၊ မတိုးတက်တဲ့ ဆင်းရဲနိမ့်ကျတဲ့နေရာကလည်း အဲဒါကြောင့်ပဲ ပျက်စီးနေရတယ်၊ ပေးဆပ်နေရတယ်။
- ကမ္ဘာကြီးက အချက်ပေးခေါင်းလောင်း ( Alarm) မြည်နေပါပြီ။ တစ်ပိုင်တစ်နိုင်ရော၊ မူဝါဒဆိုင်ရာရော ၀ိုင်းဝန်းကြိုးပမ်းနိုင်မှ တော်ကာကျမယ်။

ဥပမာပြောရရင်- ရေသန့်ဘူးယဉ်ကျေးမှူ။ သောက်တာသောက်ပါ။ Recycle ဆိုတာမသိ၊ လောကနီတိကိုမလိုက်နာဘဲ တွေ့ရာနေရာမှာ ပစ်ချ အမှိုက်ပွ လုပ်နေကြတာဟာ ရေရှည်မစဉ်းစားပဲ လတ်တလောကိုယ်အဆင်ပြေရေးကိုသာ ကြည့်လာကြတာဖြစ်ပါတယ်။ ဆရာကိုတာရဲ့စာအုပ်ထဲမှာလို ကိုယ့်အပင်ပိုးနဲနဲစားလို့ ကိုယ့်ဝင်ငွေနည်းနည်းထိခိုက်တာကိုသည်းမခံနိုင်ပဲ စားသုံးသူတွေ ကျမ်းမာရေးထိခိုက်တာတော့ (မသိလို့ပဲဖြစ်ဖြစ်) ဂရုမစိုက်ပဲ ပိုးသတ်ဆေးတွေ အလွန်အကျွန်သုံးစွဲလာကြတာ။ မင်းသေတာ ငါပေါင်ကျိုးသလောက်မနာဘူး ဆိုတာမျိုး။
ကိုယ်တစ်ယောက်တည်းအတွက်၊ ကိုယ်ပါတ်ဝန်းကျင် ကွက်ကွက်လေးအတွက်ဘဲ ကောင်းရင်ပြီးရော၊ ဘယ်သူတွေ ဘယ်အချိန်မှာ ဘာပဲဖြစ်ဖြစ် ဆိုတာမျိုး တွေးနေကြမယ်ဆိုရင်တော့ ကိုတာရဲ့ သုစရိတစက်ဝန်းကို တည်ဆောက်နိုင်မယ်မဟုတ်ပါဘူး။ နောင်လာမဲ့ မျိုးဆက်တွေအတွက်ကိုလည်း စဉ်းစားကြရဦးမှာပါ။ မြန်မာစကားက သိပ်ကို တာသွားတာပါဘဲ။ မြင့်မြတ်တယ်ဆိုတာ မြင့်တာနဲ့မြတ်တာကို ပေါင်းစပ်ထားတာပါ။ မြင့်တိုင်းလဲ မမြတ်ပါဘူး။ ကြီးမြင့်တာနဲ့ ကြီးမြတ်တာ မတူပါ။ ကြီးမြတ်သောလူမျိုးဖြစ်အောင် ကျွန်မတို့ ကိုယ်တိုင်ကြိုးစား၊ ကလေးတွေကိုလည်း သင်ကြားပေးရမှာပါ။ မက်ခီယာဗယ်လီဝါဒ၊ ကံရာဇာငယ်ဝါဒတွေကို လျော့နည်းပပျောက်သွားအောင်လုပ်မှ သုစရိတစက်ဝန်းတွေများများထွန်းလာပြီး ကြီးမြတ်သောနိုင်ငံ၊ ကြီးမြတ်သောလူမျိုး၊ ဒီမှတဆင့် ကြီးမြတ်သော ကမ္ဘာကြီးဖြစ်လာမှာပါ။
1144_2_25_2008ကြားဖူးတဲ့ပုံပြင်တစ်ခုထဲမှာ ညမှောင်မှောင်အချိန် ရာဝင်အိုးထဲ နို့တစ်အိုးစီလောင်းခိုင်းတော့ ငါတစ်ယောက်ထဲ ရေရောလို့ကတော့ ဘယ်သူမှမသိလောက်ဘူးဆိုပြီး တစ်ရွာလုံးဝိုင်းလောင်းလိုက်တာ မနက်မိုးလင်းတော့ တစ်အိုးလုံး ရေချည်းပါပဲတဲ့။ ကျမကတော့ အခွင့်ရှိတိုင်းမျိုးဆက်သစ်လေးတွေကို မိမိလိပ်ပြာသန့်ဖို့သာ အဓိကမို့ ((ဘယ်သူမြင်မြင် မမြင်မြင် )) နွားနို့တစ်အိုးသာသယ်ခဲ့ဖို့ တိုက်တွန်းနေမှာပါ။
သုစရိတစက်ဝန်းတွေ များများထွန်းနိုင်ကြပါစေ ........


မိုးစက်ပွင့်

No comments:

Post a Comment

ပဲ့တင်သံလေးတွေ .......