Saturday 11 December 2010

အမြတ်နိုးဆုံး ဆောင်း

နှင်းတွေဖွေးဖွေးကျတဲ့ ဆောင်းတွေကို ချစ်ခဲ့ဖူးပါတယ်။ ခုထိလဲ ချစ်နေဆဲပါ။

ဒီဆောင်းရက်တွေပေါ့။
စောင် အထပ်ထပ်ခြုံလို့  ခေါင်းစွပ်၊ မာဖလာ၊ ခြေအိတ်တွေကို စွပ်လို့  ၊ မွေ့ယာထူထူပေါ်မှာ ကွေးခဲ့ရတဲ့ ကလေးဘ၀ အချိန်လေးတွေပါ။  အသက်ရှူဖို့ရာ မျက်နှာကလေးဖေါ်ထားတဲ့အခါ မျက်နှာကွက်ကွက်ကလေးက အေးလာလို့  စောင်နဲ့ခဏခဏ ပြန်အုပ်ထားပေးရတယ်။  မိုးစင်စင်လင်းပေမဲ့ ကိုယ်ငွေ့လေးနဲ့ နွေးနေတဲ့ အိပ်ယာလေးပေါ်က မခွာချင်ပြန်ဘူး။ အမေက ”ကျောင်းနောက်ကျမယ်၊ ထတော့” လို့  ဆိုတယ်။ တော်တော်လေး အပျင်းတက်ပြီးမှ စောင်ပုံထူထူကြီးကို ဘေးတွန်းချပြီး အိပ်ယာထ။ ရေတခွက်ကို ဓါတ်ဘူးထဲက ရေနွေး နည်းနည်းရောပြီး မျက်နှာသစ်လိုက်တယ်။  အင်း- မဆိုးပါဘူး။  ”၀ါး”ကနဲ အာခံတွင်းထဲက လေတွေကို မှုတ်ထုတ်လိုက်တော့ နဂါးငွေ့တန်းလို အဖြူရောင် အခိုးအငွေ့လေးတွေ လွင့်ထွက်လာတယ်။ အဲဒီလို အကြိမ်ကြိမ် လုပ်ရတာလည်း ကိုယ့်အတွက် အပျင်းပြေ ကစားနည်းတခု ဖြစ်နေပြန်တယ်။

ဒီဆောင်းရက်တွေပေါ့။
အိမ်အပြင်မှာတော့ လယ်ကွင်းရဲ့ စပါးကွင်းတွေ ရိုးပြတ်ခင်းတွေကို နှင်းဇာပုဝါတွေကြားက ၀ိုးတ၀ါးမြင်နေရတယ်။ ညှပ်ဖိနပ်ကလေးကိုစီးပြီး လယ်ကွင်းတွေကို ဖြတ်လျှောက်တော့ ရိုးပြတ်တံပေါ်က နှင်းစက်လေးတွေက ဖိနပ်ပါးပါးလေးကို ဖောက်ပြီး ခြေဖ၀ါးအထိ စိုစွတ်လာခဲ့တယ်။ သိုးမွေးခေါင်းစွပ်ကလေးကို နားရွက်အထိ ဆွဲချလို့ အအေးဒဏ်ကို ကာကွယ်ရပြန်တယ်။ နားရွက်လုံရင် အချမ်း လုံတယ်လို့  ကြားဖူးတယ်။  အရမ်းအေးရင်လည်း နားရွက်ပုပ်တတ်၊ ပြတ်ကျတတ်တယ်လို့  ကြားဖူးပေမဲ့ ကိုယ်တို့ မြစ်ဝကျွန်းပေါ်မှာ ဒီလောက်ထိတော့ မအေးဖူးခဲ့။ မျက်နှာကို ညင်ညင်သာသာတိုးဝှေ့လာတဲ့ နှင်းမှုန် အေးအေးကလေးတွေရဲ့ အထိအတွေ့ကို နှစ်သက်ခံစားမိသလို လတ်ဆတ်တဲ့ နှင်းရဲ့ရနံ့ကိုလည်း ကိုယ်က ကြိုက်မိနေသည်။ အမေက အိမ်ရှေ့မှာ သစ်ရွက်ခြောက်တွေကို တံမျက်စည်းရှည်နဲ့  စုသိမ်းပြီး မီးရှို့နေသည်။ အစမှာ နှင်းစိုနေတဲ့ သစ်ရွက်ခြောက် ကလေးတွေက မီးလောင်ဖို့ကို ငြင်းဆန်နေပေမဲ့ နောက်ဆုံးတော့ အပူဒဏ်ကို မခံနိုင်ဘဲ လောင်ကျွမ်း ကြရပြန်တာပါဘဲ။ မီးခိုးငွေ့တွေ တအူအူထွက်နေတဲ့ အိမ်ရှေ့က ဆောင်းမီးဖိုလေးမှာ ကျမရယ်၊ အမေရယ်၊ အိမ်ဘေးက အဒေါ်နဲ့  ဘကြီးတွေပါ လာပြီး မီးလှုံကြမြဲ။ တကယ်တော့ အချမ်းပြေ မီးလှုံရင်း ရောက်တတ်ရာရာ သာရေးနာရေး စီးပွားရေးတွေ ပြောတတ်ကြသေးတယ်။ ဒီနှစ် ဘယ်သူရဲ့ လယ်က စပါးအထွက်ကောင်းလို့ စိန်စတင်းဆိုင်းငှားပြီး အလှူကြီး လှူမတဲ့ ဆိုတာမျိုးတွေလည်း ပါရဲ့။ ဘယ်သူကဖြင့် အကြွေးမဆပ်နိုင်လို့ ကိုယ်ပိုင်လယ်ကထေး ထိုးဆပ် လိုက်ရသတဲ့ ဆိုတာမျိုး တွေလည်း ပါရဲ့။ ကျမကတော့ အကြီးတွေ ပြောသမျှ နားထောင်ရင်း လက်ဖ၀ါးလေး နှစ်ဖက်ကို ထောင်ပြီး မီးရောင်ပြ၊ တော်တော်ပူနွေးလာတော့ လက်ဖမိုးတွေကို တလှည့်ကင်။ မီးရှိန်ကျလာရင် ဘေးနားက သစ်ရွက်ခြောက်၊ သစ်ကိုင်းခြောက်လေးတွေ ထပ်ထည့်။ မီးခိုးနံ့ သင်းသင်းကလေးကိုဘဲ ကြိုက်နေမိသေးပြန်တယ်။

ဒီဆောင်းရက်တွေမှာပေါ့။
အမေက အိပ်ယာက အတင်းနှိုးပြီး သူနဲ့ အတူ အပြေးလေ့ကျင့်ရမတဲ့။ အလိုလေး (၇)တန်းမြို့နယ် လူရည်ချွန်အတွက် အားကစားအမှတ်ကောင်းအောင် တဲ့။  အမေ့စိတ်ကူးယဉ်အိမ်မက်ထဲမှာတော့ ငပလီတို့   ရွှေဝါချိုင်တို့  မှာကျမက ဦးထုပ်ဖြူ လည်စည်းဖြူဖြူနဲ့  တောက်ပတဲ့အပြုံးလေးတွေနဲ့။  သုံးယောက်ပြေးရင် တတိယရလေ့ရှိတဲ့ ကျမက ကိုယ့်အကြောင်း ကိုယ်သိသပေါ့။ အမေ့ကို မလွန်ဆန်နိုင်လို့သာ ထပြေးရတာပါ။ တကယ်ဆို အိပ်ယာထဲမှာပဲ ဇိမ်နဲ့ ကွေးချင်တာလေ။ တကယ်လဲ မြို့နယ်အဆင့်နဲ့ဘဲ ပြုတ်ခဲ့ရ တာပါဘဲ။  ဒါပေမဲ့ အမေ စိတ်မပျက်အောင် (အမျိုးသားနေ့  ကျောင်းတွင်း စာစီစာကုံးဆုလေး တခု ယူပေးခဲ့ပါတယ်။ ဘာတွေရေးခဲ့လဲ အခုတော့ မမှတ်မိတော့။  (ဆောင်းလေ အေးအေးက အမျိုးသားရေးစိတ်ဓါတ်တွေ သယ်ဆောင် လာခဲ့တော့သည်) ဆိုလား တကြောင်းပဲမှတ်မိတော့တယ်။  အဲဒါကိုတွေးပြီး ခဏခဏပြုံးမိနေလို့။

ဒီဆောင်းရက်တွေမှာပေါ့။
ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေကို ခြေချခွင့်ခဲ့ရတာ။ ပုံပန်းမကျတဲ့ ဆံပင်၊ ကြောင်စီစီမျက်လုံးလေးနဲ့  ကချင်လွယ်အိတ် အစိမ်းလေးထဲမှာ ဗလာစာအုပ်တချို့ကိုထည့်လို့  ကိုယ်တက်ရမဲ့ အခန်း TE13 ထဲကို ၀င်မိတော့ အားလုံးက ကိုယ့်အတွက် သူစိမ်းတွေသာ။ မျက်စေ့မှုန်သူမို့  ရှေ့ဆုံးခုံမှာပဲ ၀င်လိုင်လိုက်တော့  ခဏအတွင်းမှာ နောက်ထပ် ကောင်မလေးနှစ်ယောက် ထပ်ရောက်လာတယ်။ အသားဖြူဖြူ၊ ဆံပင်ကုပ်ဝဲပျော့ပျော့ ဗာဒံစေ့ပုံမျက်လုံး ပါးချိုင့်လေးနဲ့ ချစ်စရာကောင်းတဲ့ ကောင်မလေးက “နင်က ဘယ်သူလဲဟင်၊ ငါ့နာမည်က ----” လို့ စ မိတ်ဆက်တော့ သူငယ်ချင်းတွေ ဖြစ်သွား ခဲ့တယ်။  နောက်ပိုင်းတော့ ပါးချိုင့်မလေး ဦးဆောင်တဲ့ ကိုယ်တို့  ငါးယောက်အဖွဲ့က ကင်တင်းပေါင်းစုံ၊ အတန်းပေါင်းစုံ လျောက်သွားပြီး အဖြူရောင်သန့်သန့် ပျော်စရာလေးတွေ အများကြီး လုပ်ခဲ့ကြတာပေါ့။ နောက်ပြီး အင်းလျားလေးကျွန်းမှာ ကြက်ခြေနီ သင်တန်း တက်လို့   “ဘယ်ညာ ဘယ်ညာ”နဲ့ သင်တန်းဆရာ တပ်စုမှူးက မောင်းတော့ ကိုယ့်ကချင်လုံချည်က ချွေးနဲ့  စိုကပ်ပြီး ဗြန်းကနဲ ဒူးဆစ်အထိ ကွဲသွားလို့  သူများတပ်စုတွေအထိ သတင်းပြန့်ခဲ့သေးတယ်။

ဒီဆောင်းရက်တွေမှာပေါ့။
ယောင်ချာချာဖြစ်နေတဲ့ကိုယ့်ကို အစ်မလိုချစ်ရတဲ့ စီနီယာ အစ်မလေး နှစ်ယောက်က  အချိန်ပိုင်း ကျူတာ လာဖြေဖို့ အားပေးခဲ့တာ။ (အဲဒီနှစ်ယောက်ထဲက တယောက်က ဂျာမနီရောက် မုန့်ဖုတ်ကောင်းတဲ့ ဘလော့ပိုင်ရှင်လေး ပါ- “မ”ရေ- ခွင့်မတောင်းဘဲ ပြောလိုက်မိပြီနော်) ဆရာတပိုင်း ကျောင်းသားတပိုင်း ကျူတာပေါက်စလေးမို့  ကြိမ်ခြင်းကလေးနဲ့ အကျီင်္ခါးတို၊ ဒေါက်ဖိနပ် မြင့်မြင့်လေးစီးလို့  အဓိပတိလမ်းရဲ့ ကံ့ကော်နဲ့  ရေတမာပင်တန်းတွေကို ယုံကြည်ချက်ရှိရှိ ဖြတ်သန်း လျောက်လှမ်း ခဲ့ရတာ။ ဒီဆောင်းမှာဘဲ တောက်ပတဲ့ မျက်ဝန်းတစုံရဲ့ အဓိပ္မါယ်ကို အဖြေရှာ ကြည့်မိခဲ့တာ။ နောက်ပြီး အမိ ရန်ကုန်တက္ကသိုလ်ရဲ့ စိန်ရတုကို ပျော်ပျော်ကြီး ဆင်နွဲခဲ့ရတယ်။ အရမ်း တည်ငြိမ် အေးဆေးတဲ့ သူငယ်ချင်းလေး တယောက်ကဆို စင်ပေါ်တက်ပြီး ဖက်ရှင်ရှိုးတွေ ဘာတွေ လျှောက်လို့။ ကိုယ်ကလည်း မလုပ်စဖူး သူငယ်ချင်းတွေနဲ့အတူတူ အဆိုတော် ကို(ခိုင်ထူး)နဲ့ ဓါတ်ပုံတွေ တွဲရိုက်လို့။ သြော်- ပျော်စရာ ဆောင်းညလေး တည ပေပဲ။

ဘ၀မှာ ပျော်စရာတွေချည်းပဲ မဟုတ်လေတော့ ၀မ်းနည်းစရာ အချိန်တွေလည်း ရှိခဲ့တယ်။ ချစ်တဲ့သူတွေအပြင် မုန်းတဲ့သူတွေလည်း ရှိစမြဲမို့ ခါးသီးပူလောင် တဲ့ အချိန်တွေလည်း ရှိခဲ့လေရဲ့။ ကိုယ့်ရဲ့ အလင်းရောင်လေးအနေနဲ့ နေရောင်သာတဲ့ ကျွန်းကလေးတကျွန်းဆီကို ခဏတာ သွားခဲ့ရခြင်း ပဲပေါ့။ ဒီလိုနဲ့ ကိုယ်ချစ်တဲ့ မြကျွန်းသာရယ် သူငယ်ချင်းတွေရယ် ကိုလက်ပြပြီး တခြားဘ၀တခုကို အရှင်လတ်လတ် ပြောင်းခဲ့ရပြန်လေတယ်။

ဒီဆောင်းရက်တွေမှာပေါ့။
အချိန်တန်လို့ အိမ်ပြန်ခဲ့ပေမဲ့ မြကျွန်းသာနဲ့ ဝေးခဲ့ပြီ။ ဘ၀ရဲ့ ပေးလာတဲ့ အခြေအနေကို လက်ခံပြီး ပျော်ပိုက်အောင်ကြိုးစားရင်း အသားတကျဖြစ်လာခဲ့။ မှတ်မှတ်ရရဖြစ်ခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်းရဲ့ စူးစူးရှရှ ဆောင်းညတွေ။ ပိန်းပိတ်နေတဲ့ အဖြူရောင် နှင်းမြူတံတိုင်းကြီးကို တိုးခွဲပြီး လျောက်ခဲ့ရတဲ့ ကွေ့ကွေ့ကောက်ကောက် လှလှပပ လမ်းကလေးတွေ။ ထင်းရူးရနံ့၊ နှင်းဆီရနံ့၊ နှင်းရဲ့ရနံ့ ရောယှက်လို့။ ရှမ်းပြည်ဆောင်းနဲ့ ချစ်ကျွမ်းဝင်ခဲ့ပြန်တယ်။ အဲဒီမှာပဲ “သင့်အိမ်ပေါ်တွင် ကောင်းချီးမင်္ဂလာ ရောက်စေသောဝ်” ဆိုတဲ့ ကယ်ရိုဆင်းဂင်း ဂီတတွေနဲ့ ရင်ခုန်ခဲ့ရဖူးတယ်။

အဲဒီနောက် ရိပ်ခနဲ ရိပ်ခနဲ ဖြတ်သွားခဲ့တဲ့ တခြားတခြားသော အမှတ်တရ ဆောင်းရက်တွေ။
ပီကင်းရဲ့ ဆောင်း၊ မြူးနစ်ရဲ့ ဆောင်း၊ ဗီယင်နာရဲ့ ဆောင်း၊ တီဟီရန်ရဲ့ဆောင်း၊ ကိုင်ရိုရဲ့ဆောင်း၊ ဘန်ကောက်ရဲ့ဆောင်း၊ ဟားခါးရဲ့ ဆောင်း၊ ပြင်ဦးလွင်ရဲ့ ဆောင်း၊ အညာမြေရဲ့ဆောင်း ..... နောက်ပြီး ကိုယ့်အတွက် မရိုးနိုင်တဲ့ ရန်ကုန်ရဲ့ ဆောင်းရက်တွေ....။ ပူနွေးလာတဲ့ ကမ္ဘာကြီးကြောင့် အရင်ကလို မအေးမြနိုင်တော့ပေမဲ့ ရန်ကုန်ဆောင်းဟာ မနက်ခင်း အိပ်ယာထမှာတော့ သူတတ်နိုင်သလောက် ကပိုကရိုလေး လှနေတုန်းပါပဲ။

ဒီ ဆောင်းရက်တွေမှာ
နှင်းဖြူဖြူတွေ သိပ်လှနေတတ်လို့.....
နှင်းဆီပန်းကလေးတွေတောင် အသွေးအရောင်ပိုတောက်နေတတ်လို့....
တံဆိပ်ခေါင်းကပ်ထားတဲ့ ဆုမွန်ကောင်းလှလှလေးတွေ ရောက်ရောက်လာတတ်လို့
( အခုတော့ အီးမေးလ်နဲ့ပေါ့)
မိသားစု မိတ်ဆွေ သူငယ်ချင်းတွေကြား ချစ်ခင်မှုတွေပိုပြီး နွေးထွေးလာတတ်လို့ ....
ဒီဇင်ဘာ ဆောင်းရက်တွေကို ကျမ သိပ်ချစ်ပါတယ်။ ဘ၀ရဲ့ အမှတ်တရကလေးများစွာကို သိမ်းဆည်းနိုင်ခဲ့တဲ့ ဆောင်းကာလပေါင်းများစွာအတွက် အမြဲလွမ်းတသသလည်း ဖြစ်နေမိမှာပါ။

ငယ်ငယ်ကတည်းက မနှင်းဖြူနဲ့ လူပုကလေး ၇ယောက် ( Snow White and Seven Dwarfs) ပုံပြင်ကို သိပ်ကြိုက်ခဲ့တာပေါ့။ ရွေးချယ်ခွင့်များရှိခဲ့ရင် ကျမ အလှဆုံးလို့ထင်တဲ့ ဒီဇင်ဘာလမှာ (မဖြစ်နိုင်တော့မှန်းသိပေမဲ့) မွေးဖွားခဲ့ချင်သလို ဘ၀ကိုစွန့်ခွာချိန်မှာလည်း ဒီလိုပဲ အေးချမ်းတဲ့ ဒီဇင်ဘာလလေးပဲ ဖြစ်နေစေချင်ပါတယ်လေ။ ချစ်သူခင်သူတွေကို စွန့်ပြီး လောကကြီးထဲက လက်ဗလာနဲ့ ထွက်သွားရတဲ့အချိန်မှာ နှင်းပွင့်လေးတွေတော့ ဘေးနားမှာ အဖေါ်အဖြစ် ရှိနေစေချင်သေးတယ်။ လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်ကြတာ မဟုတ်လား။

မိုးစက်ပွင့်

(ပုံတွေကို ဒီက ယူပါတယ်)

10 comments:

  1. အမှတ်တရလေးတွေဝေငှလို့ ကျေးဇုးတင်ပါတယ်။
    မေ့နေတာလေးတွေပြန်သတိတရဖြစ်လာရလို့ လည်း
    ကျေးဇူးတင်ပါတယ်။
    ကိုခိုင်ထူးနဲ့ ရိုက်ထားတဲ့ အဖွဲ့ လိုက်ပုံမှာ တယောက်ထဲ
    ကိုခိုင်ထူးဘေးကခွာပြီးရပ်နေတဲ့သူကိုလည်း မျက်စိထဲ
    မြင်လာမိပါတယ်။

    ReplyDelete
  2. အစ်မက T13 မှာ တက်ခဲ့ရတာလား...။မျောက်ရုံလို့ခေါ်တဲ့ စက်ဝိုင်းဆန်ဆန်
    သီရေတာ ထင်တယ်..။သိပ်မမှတ်မိတော့ဘူး..။ကျွန်တော်တို့က T8 မှာ..။
    အစ်မက ရွေရတုမှီလိုက်တယ်နော်..။ကျွန်တော်တော့ စိန်ရတု အဖျားခတ် မှီလိုက်
    လေရဲ့..:)။လွမ်းစရာကြီးဗျာ...ခုလိုဖတ်လိုက်ရတော့...။တက္ကသိုလ်ဆောင်းနေ့
    တွေက ခုချိန်ပြန်တွေးရတာ ဆွတ်ပျံ၊ကြည်နူးစရာ....။

    ReplyDelete
  3. အမှတ်တရဆောင်းရက်များကို ဖတ်ရှုခံစားသွားပါတယ်..

    ReplyDelete
  4. မမအီးတီ.... အဲ့ဒီဓါတ်ပုံလေး ဟိုတလောက ပြန်တွေ့လို့ ရယ်ရပါ့။ အဲဒီတုန်းက Celebrity တွေနား ကပ်ရမှာ ကြောက်တယ် (ခုတော့ ကပ်သမှ သိပ်ကပ်ပေါ့)
    မောင်လေးရေ...TE တီအီးဆိုတာက စက်ဝိုင်းပုံ သီယေတာဘေးက ရိုးရိုး Extension Hall တွေပါ။ အဲ - တို့လဲ စိန်ရတုကိုပြောတာပါ (ပြင်လိုက်ပြီနော်- ကံကောင်းလို့ ၂၅နှစ်တိတိ ကြီးတော့မလို့) :-)))))
    sunny ရေ ...မျှဝေခံစားသွားတာ ကျေးဇူး

    ReplyDelete
  5. အရေးအသား ကောင်းတဲ့ မမမိုးစက်ပွင့်ရဲ့ ပို့စ်လေး ဖတ်ပြီး ရင်ထဲမှာ လွမ်းသလိုလို ဖြစ်လာတယ်။ ကျောင်းသား ဘ၀ အချိန်တွေကို တမ်းတ သတိရလာတယ်။

    ReplyDelete
  6. ဟုတ်တယ် အရေးအသားကောင်းတော့ ကိုယ်တွေပါ ဆောင်းရဲ့ အပြောင်းအလဲမှာ လိုက်ပါလွှင့်မျောသွားတယ်..
    တကယ်ကိုဖတ်လို့ကောင်းပါတယ်.. ဒေသအစုံရဲ့ ဆောင်းတွေကို ဖြတ်ကျော်လာဖူးတဲ့သူတစ်ယောက်ဟာ ဆောင်းနဲ့ပတ်သက်တဲ့ ခံစားမှုတွေ ရသအစုံကို ခံစားခဲ့ဖူးမှာဘဲနော်
    ပျော်ဖို့ကောင်းတယ်
    ဘာဘဲဖြစ်ဖြစ် ရာသီအားလုံးထဲမှာ တို့ကလည်းဆောင်းကို အချစ်ဆုးပါဘဲ

    ReplyDelete
  7. ဒီဆောင်းတွေ လွမ်းစရာပါပဲရှင်။

    ReplyDelete
  8. “အစ်မက ဘယ်သူလဲဟင်၊ကျွန်တော့်နာမည်က အုပ်ကြီး.......
    လို့ စ မိတ်ဆက်တော့ သူငယ်ချင်းတွေ ဖြစ်သွား ခဲ့တယ်။ :)
    ဒီဇင်ဘာမှာ ပျော်ရွှင်ပါစေဗျာ ..

    ReplyDelete
  9. ဖတ်လို့ကောင်းပြီး အတွေးတွေနဲ့ လိုက်မျောသွားမိတယ်။ မမိုးရယ်ချစ်လိုက်တာကွယ် အဲလေ ဒီဆောင်းရယ် ချစ်လိုက်တာကွယ်း))

    ဗာဒံစေ့ပုံမျက်လုံးနဲ့ ကောင်မလေးဆိုတဲ့ နေရာအရောက်မှာ မျက်လုံးထဲ ပုံဖော်ကြည့်ရင်း ရယ်မိတယ်။ မျက်လုံးဆိုရင် သမင်မျက်လုံးနဲ့ နှိုင်းယှဉ်တာပဲ တွေ့ဖူးပြီး ဗာဒံစေ့ပုံမျက်လုံးလေးဆိုတော့ ချစ်စရာအတွေးဆန်းဆန်းလေးမို့ပါ။ ကိုယ့်မျက်လုံးတောင် မှန်ထဲပြန်ကြည့်မိတယ် ဘယ်လိုမျက်လုံးပါလိမ့် အင်း လှတော့လှတယ်ထင်တာပဲ (^0")

    ReplyDelete
  10. ဆောင်းကို ဖတ်၇င်း..ငယ်ဘ၀ကိုတော့ တစ်ကယ်ကို သတိယမိတယ်.။
    စာရေးလဲ ကောင်းလိုက်တာဗျာ..။
    အတွေးလည်းကောင်းတယ်..။
    စိတ်နောက်ကို လက်က လိုက်နိုင်တယ်လို့ ဆိုချင်တာပါ..။
    ကိုယ်တွေကျတော့ နှလုံးသားတွေကဒါဏ်ချက်တွေနဲ့ မာကြောလာလို့ လားမသိပါဘူး...
    ကိုယ်ရေးတဲ့ စာတွေက လွမ်းတာတောင်.. ထော်လော်ကန့် လန့် နဲ့ ...း)

    ReplyDelete

ပဲ့တင်သံလေးတွေ .......