Wednesday 27 October 2010

ဒုတိယအကြိမ် အသည်းခွဲခံရခြင်း

သူငယ်ချင်းတို့ ရေ.......မိုးစက်ကို တမျိုးတော့ မထင်ကြပါနဲ့ နော်....( ကိုယ့်ဟာကိုယ် မရှင်းမရှင်း ခေါင်းစဉ်တပ်ပြီးခါမှ) 

ယောက္ခမ မေမေ ခွဲစိတ်ခံရတော့မယ်ဆိုတဲ့ အကြောင်း ဒီမှာ ရေးခဲ့ဘူးပါတယ်။ ကင်ဆာကျိတ်ရှိတဲ့ အသည်းကို သုံးပုံတပုံလောက် ဖြတ်ပြီးလှီးထုတ်လိုက်တာပါ။ သွေးတပုလင်းသွင်းရတဲ့ တနာရီခွဲကြာ ခွဲစိတ်မှုက အောင်မြင်တယ်လို့ ပြောကြပါတယ်။ ခွဲပြီးတာနဲ့ ဆေးရုံမှာ တပါတ်နားပြီး နယ်ကိုပြန်သွားလိုက်တာ အခု နှစ်လပြည်တော့့ check-up တခေါက် ပြန်လာပြရပါတယ်။

လက်ရှိ အမေ့ အခြေအနေကတော့ စားနိုင်သောက်နိုင် သွားနိုင် လာနိုင် ထူထူထောင်ထောင်ပါဘဲ။
“တချက်တချက်တော့ စစ်ကနဲ စစ်ကနဲ နာသေးတယ် သမီးရဲ့”  “အော်- အမေကလဲ အသည်းကြီးတခုလုံး ခွဲထားတာ ချူပ်ရိုးက နာဦးမှာပေါ့” “အင်း၊ အမေလဲ အရင်ဘ၀က ငါးအရှင်တွေ အများကြီး ဗိုက်ခွဲခဲ့တယ် ထင်ပါရဲ့ကွယ်၊ ဒီဘ၀မှာတော့ ငါးဆိုရင် အသေပဲ ၀ယ်စားတယ် သမီးရယ်”   တဲ့။
ဆေးခန်းမှာ ခွဲစိတ်ဆရာဝန်ကြီး ခိုင်းတဲ့အတိုင်း သွေးစစ်ရတယ်၊ အာထရာဆောင်း ရိုက်ရတယ်။
ကိုယ်ဖတ်တတ်သလောက် သွေးအဖြေတွေက အကုန် normal range ထဲ ၀င်နေတယ်။  အာထရာဆောင်းအဖြေမှာ အားလုံးကို  normal လို့ပဲ မှတ်ချက်ပေးထားတာမြင်ရတော့ အားလုံးက ပျော်နေတယ်။  အဖြေစာရွက်ရဲ့ ဒေါင့်နားမှာတော့  မဖတ်တတ်သော လက်ရေးစာလုံးတချို့ကို ( ???? ) တွေနဲ့ တွေ့တော့ စိတ်ထဲကတော့ ထင့်ကနဲ။

ပင်လုံဆေးရုံမှာ အသည်းဆရာဝန်ကြီးဆီ အဖြေစာရွက်တွေ သွားပြတော့ သူက ခေါင်းတညိတ်ညိတ်နဲ့။ အနားက training ဆင်းနေတဲ့ ဆရာဝန်ကလေးတွေကို ရှင်းပြနေသေးတယ်။ “အသက် ၇၀ ကျော်ကြီးပေမဲ့ အခွဲခံမဲ့သူ ကလည်း ရဲရဲရင့်ရင့်၊ ခွဲမဲ့သူကလဲ ရဲရဲရင့်ရင့် ဆိုတော့ ကောင်းသွားတာပဲပေါ့။  ဒီ အဖြေ စာရွက်ထဲက အညွှန်းကိန်း (Index) တွေကလည်း အားလုံးကောင်းတယ်” တဲ့။  ကိုယ်တို့  တတွေ အားတက်လိုက်ရတာ။

ဒါပေမဲ့ သေချာအောင် CT Scan ရိုက်လိုက်ပါဦး  တဲ့။ လေးကြိမ်မြောက် ရိုက်ရတာမို့  အမေ့အတွက် မထူးဆန်းပါ။  လက်ဖမိုး သွေးကြောထဲကို ဆေးစမ်းပြီး ထိုင်စောင့်တော့ ပြောပြနေသေးတယ်။
“ အမေ ပထမဆုံးအကြိမ် CT Scan ရိုက်တော့ ပရိတ်ရွတ်နေတာ၊  မောလိုက်တာ အရမ်းပဲ။  နောက်အကြိမ်ကျတော့  ၀င်လေထွက်လေ စိပ်စိပ် မှတ်လိုက်တော့မှ  ငြိမ်သက် အေးချမ်းသွားတာ။ ခွဲစိတ်တော့လည်း ဒီလိုပဲ ၊ တရား အမှတ်နဲ့ ဆိုတော့ သိပ်မခံစားရဘူး” တဲ့။   ပြီးတော့ သူ့ရှေ့က ပထမဆုံး ရိုက်မဲ့သူများကို တရားမှတ်ဖို့  ၊ အထဲမှာ သောက်ရမဲ့ ဆိုးဆေးရည်တွေကို  ခွက်လိုက်ငုံသောက်တာထက်၊  ပိုက်နဲ့ စုပ်သောက်တာ ပိုအဆင်ပြေကြောင်း ဗဟုသုတ မျှဝေနေသေးသည်။  သူမ နာမည်ခေါ်တော့ အခန်းဝအထိ ကျမက လိုက်ပို့  ပြီး အခန်းအပြင်မှာ ထိုင်စောင့်ရင်း  အမေ့ရောဂါ ရှင်းရှင်းပျောက်ပါစေလို့   အခါခါ ဆုတောင်းနေမိသေးတယ်။

မိနစ် ၂၀ လောက်ကြာပြီး ခွဲစိတ်ခန်းဝတ်ရုံလေးနဲ့  ပြန်ထွက်လာတော့လည်း ကြည်ကြည်လင်လင် ရွှင်ရွှင်ပြပြ။  “အံမယ်- ဒီတခေါက် ဘေးက ဆလိုက် မီးလုံးတွေ ဘာတွေနဲ့  စက်ကပိုပြီး တိုးတက်လာတယ်” တဲ့။  “အမေကတော့  CT Scan expert  ဖြစ်နေပါပြီ ” လို့တောင် ကျမက နောက်လိုက်သေးတယ်။

နောက်တနေ့   Result ကိုဖတ်ရတဲ့အခိုက်မှာတော့ ဆရာကြီး မရွှင်ပျနိုင်တော့ပါ။  ချူပ်ရိုးဘေးမှာ အရည်ကြည်အိတ်ကလေး တခု နောက်ထပ် ရှိနေပြန်သတဲ့။    ခွဲစိတ်အထူးကုဆရာကြီးထံ ပြန်ပြစေပါတယ်။ ခွဲစိတ်ဆရာကြီးကလည်း  အမေ့ကျန်းမာရေးအခြေအနေ (သွေးတိုး၊ ဆီးချို၊ နှလုံး၊ ဘီပိုး၊ စီပိုး ကင်း)  ကောင်းတာကြောင့် အမြန်ဆုံး ပြန်ခွဲသင့်တယ်လို့  အကြံပြုပါတယ်။  မိသားစုနဲ့   တိုင်ပင်ပါဦးတဲ့။

ကိုယ်တို့  အားလုံး ငိုင်သွားကြပါတယ်။  မခွဲခဲ့ရင် ဒီအကျိတ်က ကြီးထွားပြီး ဒုက္ခပေးလာမှာလား။  ဒီလိုပဲ စောင့်ကြည့်ရင်း လက်ပိုက် အရှူံးပေးနေရမလား။  မျှော်လင့်ချက် တစုံတရာကြောင့် ဒုတိယအကြိမ် ကြိုးစား မကြည့်သင့်ပေဘူးလား။  တဖက်ကလည်း  ခွဲခဲ့ရင် မကျက်သေးတဲ့ အနာက ပိုဆိုးလာမလား။  ဒီတကြိမ် အမေ ခံနိုင်ရည် ရှိပါ့မလား။  နှစ်လခွဲ အတွင်း မေဂျာ အော်ပရေးရှင်း နှစ်ခါလုပ်ရတယ်ဆိုတာ လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။  ပြီးတော့ ရိုးရိုးအဖုအကျိတ်လို့ သိထားရာက ကင်ဆာ ဆိုတာ အမေများ ရိပ်မိသွားပြီလား။ စိတ်ဓါတ်တွေ ချူံးချူံးကျသွားမလား။ 

တော်တော်နဲ့ ရေရာတဲ့ အဖြေမထွက်ခဲ့ပါဘူး။  ဆုံးဖြတ်ချက်ကလည်း ချက်ချင်း ချရပါတော့မယ်။  အမေကတော့ သားသမီးတွေရဲ့ သဘောပါဘဲ တဲ့။ နောက်ဆုံးတော့ စိတ်အားတင်းလိုက်ပါတယ်။ အသည်းဆိုတာ ရှစ်ပုံတပုံကျန်တဲ့အထိ ပုံမှန်အလုပ် လုပ်နိုင်သေးတဲ့။  ပထမတကြိမ်ထဲက မာဂျင် များများယူပြီး မဖြတ်တောက်ရကောင်းလားလို့  ဆရာကြီးအပေါ်လည်း ငြိုငြင်စိတ် မမွေးတော့ပါဘူး။  နှစ်ခါခွဲရတာကတော့ ပြုခဲ့ဖူးတဲ့ ကံနဲ့  ကံ၏အကျိုးလို့ဘဲ မှတ်ယူလိုက်တော့တယ်။  လာမဲ့ နိုဝင်ဘာ နှစ်ရက်နေ့ မှာ အမေ့ကို ဒုတိယအကြိမ်အသည်းခွဲမယ် လို့   စီစဉ်လိုက်ကြတယ်။  အဲဒါဟာ အမေ့အတွက်  ပိုကောင်းသွားနိုင်သလို၊ ပိုဆိုးသွားနိုင်တာလည်း ကျမတို့အားလုံး သိပါတယ်။ လက်ထဲက ကျန်သမျှ ဖဲချပ်တွေကို ပုံအော လောင်းလိုက်ပါပြီ။ အသက်နဲ့  အလဲအထပ်လုပ်ထားတဲ့ အလျော်အစား သိပ်ကြီးတဲ့ ပွဲပါ။ အမေကတော့ သူ အိမ်မက်တွေ မကောင်းဘူး လို့ဘဲ ပြော ပြောနေတယ်။  အမေ့ကို ဘယ်လို အားပေးစကား ဆိုရမလဲ ဆိုတာ ကျမ မစဉ်းစားတတ်အောင်ပါဘဲ။ သနားတဲ့ စိတ်က လျှာဖျားမှာ ခဲဆွဲထားသလို လေးလံလို့သာ နေပါတယ်။

ဒါနဲ့ပဲ လုပ်မိလုပ်ရာ လုပ်တဲ့အနေနဲ့ ဒီဘလော့လေးထဲမှာ ကိုယ်စိတ်မပျော်ရတဲ့ အကြောင်းလေးကို ချပြီး ရေးမိပါတော့တယ်။


မိုးစက်ပွင့်

( ပုံကို ဒီက ယူပါတယ်)

6 comments:

  1. ညီမလေးအမေ အမြန်ဆုံး သက်သာပါစေ ခွဲစိတ်မှုအောင်မြင်ပါစေလို့ ဆုတောင်းပေးပါရစေ။
    အကြံဥာဏ်တော့ မပေးတတ်ပါဘူး။ ကိုယ်နားမလည်တဲ့ ဘာသာရပ်ဖြစ်တာရယ် အရေးကြီးတဲ့ operation ဖြစ်တာရယ်ကြောင့်ပါ.. ဖတ်ပြီးတော့ စိတ်ထဲမှာ တကယ်မကောင်းဖြစ်မိပါတယ်.. ကိုယ်ချင်းလဲ စာမိပါတယ်.. သိပ်မကြာခင်ကမှ အစ်မရဲ့ အမေလည်း ခွဲစိတ်ကုသမှု ခံယူထားရတာမို့ပါ။ ညီမ အမေက အခြေအနေတော့ သိပ်အဆိုးကြီး မဟုတ်လောက်ဘူးလို့ ထင်ပါတယ်. မျှော်လင့်ချက် ထားလို့ ရပါသေးတယ်နော် ။ အားတင်းထားပါညီမရေ။

    ReplyDelete
  2. အကောင်းဆုံးကို မျှော်လင့်ပြီးလုပ်ကြတာပေါ့။ အမေ့ကိုနှုတ်ဆက်အားပေး ပေးပါ။
    ကျမလည်းဆုတောင်းပေးနေပါ့မယ်။

    ReplyDelete
  3. ဖတ်ရတာ စိတ်မကောင်းပါဘူး အမရေ။ ကောင်းနိုင်သမျှ အကောင်းဆုံးဖြစ်လာပါစေလို့ပဲ ဆန္ဒပြုလိုက်ပါတယ်။

    ziwa

    ReplyDelete
  4. ကောင်းတဲ့သတင်းပဲကြားရဖို့ ဆုတောင်းနေမယ်နော်

    စူးနွယ်လေး

    ReplyDelete
  5. အားလုံး ချောချောမွေ့မွေ့ အဆင်ပြေပါစေ...

    ReplyDelete
  6. အားပေးကြတဲ့ ဆုတောင်းပေးကြတဲ့ ချစ်သူငယ်အားလုံးကို ကျေးဇူးတင်ပါတယ်....

    ReplyDelete

ပဲ့တင်သံလေးတွေ .......