Thursday 28 October 2010

သူက ကျမရဲ့ မောင်လေး

မောင်လေးရေ .....
ထပါတော့.......
ရောင်နီ လာမှပေါ့......
အဆိုတော် တင်တင်မြရဲ့ ကရုဏာသံအပြည့်နဲ့  ဆိုထားတဲ့ (တကျော့နှစ်ကျော့ တေးကိုသီ) သီချင်းလေးကို ကြားတိုင်း ကိုယ့်နေရာကို ၀င်ဆိုနေသလို ခံစားရတယ်။  ဘာကြောင့်လဲဆိုတော့ ကျမမှာ တစ်ဦးတည်းသော မောင်လေး တယောက် ရှိနေလို့ပါဘဲ။  သူငယ်ငယ်ကလည်း အိပ်ယာထ ပျင်းရှာသူကလေးပါ။ ငယ်ငယ်က ကျောင်းသွားဖို့ကို  ချိုချိုသာသာ နှိုးရာကနေ။  လေသံမာမာ၊ နောက်ဆုံး ဆွဲထူ ကိုင်လှူပ်ပြီးနှိုးရတဲ့အထိ သူက အအိပ်မက်ပါတယ်။

အဲဒီမောင်ကလေး မွေးကာစက အလိုလို “တဦးတည်းသော သမီး” ရာထူးလျှောသွားတဲ့ သုံးနှစ်သမီး ကျမက တော်တော်လေး မနာလို ဖြစ်နေခဲ့ဖူးသည်တဲ့။  ဒါနဲ့ဘဲ လူကြီးတွေရဲ့ attention ရအောင် တရှုံ့ရှူံ့ ငိုနေတတ်လို့   အမေက  “ သမီး ၊ ခဏခဏ ငိုရင် ပါးရေတွန့်ပြီး မျက်နှာကြီး ရုပ်ဆိုးတတ်တယ်” လို့    ပြောမှ တိတ်ခဲ့တာတဲ့ ။  နောက်တာ့  အရုပ်သစ် ကလေးတခုရသလို သူ့ကို တချီချီ တပွေ့ပွေ့နဲ့ ပျော်နေခဲ့ပြန်သည်။  ဒါပေမဲ့ သူ့အပေါ် ကျမ ဆိုးခဲ့ တာတွေ ရှိပါသေးသည်။  သူ့မျက်တောင် ရှည်ရှည် ကော့ကော့တွေကို “မျက်စေ့ရှုပ်တယ်” ဆိုပြီး ညှပ်ပစ်လိုက်လို့  တုံးတိတိ ဖြစ်သွားပြီး၊ မျက်တောင် အသစ် ပြန်ထွက်လာတော့ မကော့တော့ဘဲ စင်းစင်းကြီးတွေ ဖြစ်နေခဲ့တယ်လို့  အမေက ပြန်ပြောပြလေသည်။

 သူလေးနှစ်၊ ကိုယ် ခုနှစ်နှစ် လောက်ကစပြီး ကျမ ဆယ်နှစ်၊ ဆဲ့တစ်နှစ်လောက်အထိ တူတူဆော့ပါတယ်။ ကစားပွဲတွေမှာ ကျမက ဦးဆောင်သူဖြစ်လေတော့ သူက မိန်းကလေး ကစားနည်းတွေ လိုက်ဆော့ရ ပါတယ်။   ကျမတို့  သူငယ်ချင်းတသိုက် ကတိုင်းခုန်တိုင်း ဆော့ရင်ဖြစ်ဖြစ်၊ ဈေးရောင်းတမ်းကစားရင်ဖြစ်ဖြစ် သူ ပါပါတယ်။ ကျမက ဆရာဝန်လုပ်ရင် သူက လူနာလုပ်ရပြီး ၀ါးတံချွန်ချွန်လေးနဲ့ ဆေးထိုးခံရတယ်။ အမေ့စကပ်ဖ် ခေါင်းစည်းပုဝါတွေစည်းပြီး အလှပြင်ပေးရင်လည်း (အတူဆော့ချင်လွန်းလို့) သူက ခံပါတယ်။  ခေါ်လိုက်ရင် မိန်းကလေးလို ”ရှင်” ထူးခိုင်းပါတယ်။ စကားကို “ညည်း” “ကျူပ်” နဲ့  ပြောခဲ့ပါတယ်။ (တော်သေးတာပေါ့ ......  ကျမကြောင့် သူ ဂေး ဖြစ် မသွားခဲ့တာ)   နောက်ပိုင်းကျတော့ သူနဲ့  ညီအကို တော်ချင်လာပြန်တဲ့ ကျမက  “ကျွန်တော်” “ခင်ဗျား” နဲ့  သူ့ကို ပြောပြန် ပါတယ်။ တယောက်နဲ့တယောက် “ဟိတ်ကောင် .....ရေ” လို့  ခေါ်ကြပါသေးတယ်။  အသက် တဆဲ့လေး၊ငါးနှစ်လောက်ရောက်မှ  “မောင်လေး” “မမကြီး” ဆိုပြီး  ပုံမှန် ပြန်ဖြစ်သွားပါတယ်။  ကျမတို့က အဲဒီလို ခွတီးခွကျ မောင်နှမပါ။

သူက အဆော့မက်လွန်းသူပါ။   ပြေးရင်းလွှားရင်း သူ့ခြေဖ၀ါး ၀ါးကြောရှပြီး ဟက်တက်ကွဲသွားတော့ ချူပ်ရိုးခြောက်ချက်လောက် ချူပ်ရပါတယ်။  ခြေဖ၀ါးကို အစိမ်းချူပ်ချူပ်တော့ နာလွန်းလို့  ဆရာဝန်ကို “သူ့သားသမီး မဟုတ်တိုင်း လုပ်နေတယ်” ” သူ့အသား မဟုတ်တိုင်း လုပ်နေတယ်” နဲ့  ပြောရင်း အော်အော် ငိုလဲငို ဆဲလဲဆဲနေလို့ အမေက ပါးစပ်ပိတ်ထားရပါသတဲ့။   ခြေဖ၀ါးမထောက်နိုင်တဲ့ သူ့ကို တလနီးပါး လောက် ကုန်းပိုးပြီး အိမ်သာ ပို့ပေးခဲ့ရတာက ကျမပါ။  အဲဒီအဖြစ်အပျက်ကလေးကို သူ အမှတ်တရ ပြန်ပြန် ပြောတတ်ခဲ့တယ်။ အဲဒီ အဖြစ်အပျက်ကလွဲပြီး သူ့အပေါ်ကျမ သိပ် ကြင်ကြင်နာနာ မလုပ်ခဲ့မိသလိုပါဘဲ။ ကျမ အိမ်အပြန် သူ့အတွက် ကျောင်းကမုန့်ကလေးတွေ ၀ယ်ဝယ်သွားခဲ့ဖူးတာက လွဲလို့ပေါ့။

သူ့ရဲ့ အားနည်းချက်က  စာကြီးပေကြီး ဖတ်ဖို့ ပျင်းတာ။  ဘာစာအုပ်ဖတ်ဖတ် သိပ်အိပ်ချင်တယ် ဆိုပဲ။  ပြီးတော့ (ငယ်ငယ်တုန်းက ပေါ့လေ)  ဘယ်အရာ ဘယ်ဝါသနာ ကိုမှ စွဲစွဲမြဲမြဲ မရှိခဲ့ပေ။  အခုပဲ ရေဒီယို ကက်ဆက်ပြင် သင်တန်းတက်ချင်လှချည်ရဲ့ ဆိုပြီး ခြောက်လ တနှစ်တက်လိုက်ပြန်တယ်။  အတော်အသင့် တတ်ပြီးတဲ့အခါ ဆရာက အလုပ်သင်ဝန်ထမ်းအဖြစ် ပြန်ခေါ်ပေမဲ့ အဲဒါ မလုပ်ချင်တော့ဘဲ ဘက်ထရီအိုး လုပ်တဲ့ လုပ်ငန်းကို စိတ်ဝင်စားသွားပြန်ရော။  အိမ်မှာ ရေဒီယို ကက်ဆက်ပြင် ကိရိယာတွေ ချောင်ထိုးပြီး  ဖားဖိုကြီးတွေ ခဲတုံးကြီးတွေ နေရာယူလာပြန်ရော။  ကားဝပ်ရှော့မှာလည်း ၀င်လိုက်သေးတယ်။ အိမ်မှာဆို သူ့ပစ္စည်းတွေချည်းပဲ။ ကျမက အမြင်ကတ်ကတ်နဲ့  (  စိတ်ပြောင်းပြီး မိန်းမတော့ တယောက်ပြီး တယောက် မယူမိစေနဲ့  ) လို့  ပြောခဲ့သေးတယ် ။တော်ပါသေးရဲ့ အခုထိ မိန်းမ တယောက်ထဲမို့။

သူ့ရဲ့ အားသာချက်က လူတိုင်းကို မျက်နှာချိုချိုလေးနဲ့   ရယ်ရွှန်းပတ်ရွှန်း စကားပြောတတ်တယ်။  (သူက အဖွားလေးတွေ  အဒေါ် အပျိုကြီးတွေ ရဲ့ အသဲစွဲပေါ့) ။ သူ့ထက် အသက်ငယ်သူတွေ၊ ကိုယ့်ထက် နွမ်းပါးသူတွေ အပေါ် ဟန်ကြီးပန်ကြီး လုပ်လေ့မရှိဘူး။  အလုပ်လုပ်ရမှာ မပျင်းဘူး။  ကြီးပွားချင်စိတ် ရှိတယ်။  မတရားတာ ကိုတော့ သူမုန်းပါတယ်။  သူ့ရဲ့  အချိန်တွေကိုလည်း ဘယ်တော့မှ အလဟသ အဖြစ်မခံခဲ့ပါ။  လက်မှု၊ စက်မှု ပညာတွေကို သင်လွယ် တတ်လွယ်တယ်။

ကျောင်းနေတုန်းက တက္ကသိုလ်အဝေးသင်နဲ့   ဂျီတီအိုင်ကို ပြိုင်တူတက်ပြီး (တရားမ၀င်) စာမေးပွဲတရက်ထဲ အောင် အောင်ဖြေခဲ့သူပါ။  ကျောင်းမှာ  သူငယ်ချင်းတွေနဲ့အတူ ဂျီတီအိုင် မေးခွန်းဟောင်းတွေကို အဖြေတွေ တွက်ပြီး၊ ဖယောင်း ဖောက်၊ စာအုပ်ထုတ်ရောင်းခဲ့သလို၊  သူ အချိန်ပိုင်း ၀င်အလုပ်လုပ်နေတဲ့ ဘဓရရုံးရဲ့  အဲဒီခေတ်က ၀န်ထမ်းဂျီစီအီး သမစာအုပ်တွေကို ပစ္စည်းထုတ်ရောင်းပြီး အမြတ်ရှာခဲ့သူပါ။  အဖေအမေက ငွေ ပို့မပေးနိုင်လို့ မဟုတ်ဘဲ သူ့ဖာသာသူ ငွေရှာချင် ကြီးပွားချင် လို့ပါ။

ဘွဲ့ရတော့ သူကုမ္မဏီတခုမှာ အလုပ်ရတယ်။  ကျမရဲ့ ကျူတာ လခထက် အဆပေါင်းများစွာ ရတာမို့  သူ့ဝင်ငွေကို ကျမက ကိုင်သုံးရတာပါ။ အဲဒီတုန်းက သူ့ကျေးဇူးတွေ ကျမမှာ ရှိခဲ့ပါတယ်။ သူက အသုံးအစွဲစံနစ်ကျပြီး စိစစ်သလောက် ကျမက ဆန့်ကျင်ဖက်ပါ။ အ၀တ်အစားမက်တဲ့ ကျမမှာ (ဈေးမကြီးလှတဲ့) အ၀တ်အစားတွေ အစုံပေါင်းများစွာ ရှိသလောက် ၊ သူမှာက စုစုပေါင်း ဆယ်စုံတောင် ပြည့်မယ်မထင်ပါ။ ကျမက ၀တ်ချင်မိရင် ဈေးက၀ယ်လာတဲ့ ပိတ်စတစကို တညလုံး လက်ချူပ်အပ်နဲ့ အပြီးချူပ်ပြီး မနက်ကို ချက်ချင်း ကောက်ဝတ်တတ်တဲ့အထိ ပေတေသူပါ။  သူကတော့ လက်ပတ်နာရီ အဟောင်းလေးတောင် သူငယ်ချင်းကို ပေါင်သုံးဖို့  ချွတ်ပေး တတ်တဲ့သူ။ အမေက လာလည်ရင်း သူ့အ၀တ်သေတ္တာနဲ့  ကျမအ၀တ်သေတ္တာကို ယှဉ်ကြည့်ပြီး တော်တော်စိတ်မကောင်း ဖြစ်သွားပါတယ်။

အဲဒီမောင်လေးက သူ့မှတ်စုစာအုပ်ထဲမှာ ကျမရဲ့ စာသံပေသံနှောပြီး ဆုံးမပုံတွေကို “.........နေ့က   ...........ဒီလို မမကြီး ပြောခဲ့သည်“ ဆိုပြီး တလေးတစား မှတ်ထားတာ တွေ့ရတော့ ကြည်နူးပီတိဖြစ်ရသည်။ ကျမရဲ့ မချက်တတ်ချက်တတ် ချက်ထားတဲ့ ထမင်းဟင်းတွေကို မငြီးမငြူ ၊ အားပါးတရ စားခဲ့တာကလည်း သူပါဘဲ။

အခုတော့ သူက နေရောင်သာတဲ့ ကျွန်းကလေးတခုမှာ ကိုယ်ပိုင်မိသားစုနဲ့   ဘ၀လှေကို ကျွမ်းကျွမ်း ကျင်ကျင် ပဲ့ကိုင်နေတဲ့ အောင်မြင်သူတယောက် ဖြစ်နေပြီပေါ့။  သူချစ်တဲ့ အဖေါ်မွန်တယောက်၊  သိတတ် လိမ္မာတဲ့ ချစ်စရာ သမီးကလေးတယောက်၊ သူရဲ့ ကိုယ်ပွားလေးလို့ ပြောနိုင်တဲ့ သားကလေးတယောက်နဲ့   ပျော် လို့။ ကျမကလည်း ကျမရဲ့ နိုင်ငံ မှောင်မည်းမည်း လေးထဲမှာ အလင်းတိုင်ကလေးတတိုင် ထွန်းညှိရင်း ကိုယ်ပျော်ရာဘ၀ကို တည်ဆောက် နေခဲ့မိတာပေါ့။  ကိုယ့်ဘ၀နဲ့ကိုယ်တော့ ကျေနပ်နေကြဆဲပါဘဲ။ တခါတခါတော့ မောင်နှမတွေ  ဂျီတော့မှာ စကားပြောမိကြတယ်။ ငယ်ငယ်က ကြိုးစားရုန်းကန်ခဲ့ရတဲ့ အဖြစ်အပျက် ကလေးတွေအကြောင်း၊ ကုန်ဈေးနှုန်းနဲ့အပြိုင် တက်လာတဲ့ ဘော်ဒီဝိတ် တွေအကြောင်း၊ ကျမ်းမာရေး ဂရုစိုက်ဖို့ အကြောင်း၊ မိဘတွေအကြောင်း၊ သူ့ရဲ့ ကလေးတွေအကြောင်း။ တခါတရံလည်း ဖော်ဝပ်မေးလ်ပို့ရင်း ပါးလျားတဲ့  ကြိုးကလေးတမျှင်ကို  တို့ထိဖြစ်တယ်။  အချိန်တော်တော်ကြာမှ တခါ ဖုန်းပြောဖြစ်ကြတယ်။

မိသားစုအရေးတွေ ဘ၀အရေးတွေ ဟိုဟိုဒီဒီအရေးတွေ များမြောင်လှတဲ့ ဘ၀ကြီးထဲမှာ ဒီမောင်နှမနှစ်ယောက် အဆက်အသွယ်တွေ ကျဲပါးသွားတာဟာ ကျမရဲ့ အပြစ်လား၊ သူ့ရဲ့အပြစ်လား၊ နှစ်ယောက်လုံးရဲ့ အပြစ်လား။

ဘာပဲဖြစ်ဖြစ်  ဒီကနေ့မှာ ကျရောက်တဲ့ သူ့ရဲ့ မွေးနေ့ကိုတော့ ကျမ သတိတရနဲ့  Wish လုပ်လိုက်ချင်ပါသေးတယ်။   ဒါကြောင့် ဒီ ပို့စ်လေးနဲ့ အတူ သူ့ကို မွေးနေ့ဆုတောင်းလိုက်ပါတယ်.......
“   Happy Birthday မောင်လေးရေ”  “မွေးနေ့မှသည် နောင် နှစ်ပေါင်း ရာကျော်သည့် တိုင် မိသားစုနဲ့  ချမ်းမြေ့ ပျော်ရွှင် နိုင်ပါစေ၊  မိဘ အသိုင်းအ၀ိုင်းနဲ့   ဘာသာ သာသနာအကျိုးလည်း သည်ပိုးနိုင်ပါစေ”  လို့   ဆုတောင်းပေးလိုက်ပါရဲ့  .......................

မိုးစက်ပွင့်

9 comments:

  1. အစ်မမိုးစက်ပွင့်ရဲ့ မောင်လေး...မွေးနေ့မှသည် သက်ရာကျော်၇ှည်ပါစေကြောင်း

    ReplyDelete
  2. မမိုးစက်ပွင့်မောင်လေး ကျန်းမာချမ်းသာပြီး အဆင်ပြေပျော်ရွှင်ပါစေ။

    ReplyDelete
  3. မိုးစက်ရဲ့ မောင်လေး
    အသက်ရာကျော်ရှည်ပြီး ပျော်ရွှင်ချမ်းမြေ့စွာဖြင့် နေ့ရက်တိုင်းကို ကျော်ဖြတ်နိုင်ပါစေ။။
    ဆန္ဒအားလုံး ပြည့်ဝပါစေနော်...

    ReplyDelete
  4. မိုးစက်ရဲ့ မောင်လေး
    အသက်ရာကျော်ရှည်ပြီး ပျော်ရွှင်ချမ်းမြေ့စွာဖြင့် နေ့ရက်တိုင်းကို ကျော်ဖြတ်နိုင်ပါစေ။။
    ဆန္ဒအားလုံး ပြည့်ဝပါစေနော်...

    ReplyDelete
  5. မိုးစက်ရဲ့ မောင်လေး
    အသက်ရာကျော်ရှည်ပြီး ပျော်ရွှင်ချမ်းမြေ့စွာဖြင့် နေ့ရက်တိုင်းကို ကျော်ဖြတ်နိုင်ပါစေ။။
    ဆန္ဒအားလုံး ပြည့်ဝပါစေနော်...

    ReplyDelete
  6. မိုးစက်ရဲ့ မောင်လေး
    အသက်ရာကျော်ရှည်ပြီး ပျော်ရွှင်ချမ်းမြေ့စွာဖြင့် နေ့ရက်တိုင်းကို ကျော်ဖြတ်နိုင်ပါစေ။။
    ဆန္ဒအားလုံး ပြည့်ဝပါစေနော်...

    ReplyDelete
  7. မောင်လေးကိုနှုတ်ဆက်ပေးပါ။
    သတိရကြောင်း။သာကြောင်း၊မာကြောင်း

    ReplyDelete
  8. မောင်လေး၊ အနောနိမတ်၊ ချောနဲ့ မမအီးတီ... ဆုတောင်းများအတွက် ကျေးဇူးပါ...
    မောင်လေးကလည်း မျက်ရည်များနဲ့ ဖတ်သွားခဲ့ပါသတဲ့....

    ReplyDelete
  9. မောင်လေးအပေါ်ထားတဲ့ အစ်မတစ်ယောက်ရဲ့ မေတ္တာကို မြင်ရတာ သိပ်ကြည်နှုးဖို့ကောင်းတာပဲ။ ဒီလိုအစ်မရတဲ့အတွက် မောင်လေးလည်း ကံကောင်းမှာနော်..။

    မိုးစက်ရဲ့ မောင်လေး ဆန္ဒခပ်သိမ်းပြည့်ပါစေ

    ReplyDelete

ပဲ့တင်သံလေးတွေ .......