Saturday 2 October 2010

ဗူးသီးနုနု

မနေ့က  Gender-based Violence & Harmful Practices  အကြောင်း တို့ထိမိရာကနေ Documentary  လင့်ခ်လေးတခု ကို ရောက်သွားပါတယ်...။ အမည်က "Child Bride: Stolen Lives"  တဲ့။  ကော်နက်ရှင်က သဘောကောင်းနေလို့  အထစ်အငေါ့မရှိ ကြည့်ခွင့် ရသွားပါတယ်။ စစချင်း သိပ်မကြာဘူးထင်လို့  ကလစ်လိုက်မိရင်း ဆွဲဆောင်မှု ရှိတာနဲ့  တနာရီကြာတဲ့ ဒီဇာတ်လမ်းကို အဆုံးထိ ကြည့်ဖြစ်သွားပါတယ်။ အိန္ဒိယ၊ အာဖရိက တို့မှာ  ၄-၅ နှစ် ကနေ ၁၃-၁၄ နှစ်အတွင်း ရှိတဲ့  မိန်းကလေး ငယ်ငယ်လေး တွေကို လက်ထပ်ပေးကြတဲ့ ဓလေ့ အကြောင်းလေးပါ။

ရာစုနှစ်ချီပြီဖြစ်တဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကြောင့်ရော၊ စီးပွားရေး အဆင်မပြေမှု အပြင် မိသားစုရဲ့ ဖိအား အမျိုးမျိုး ကြောင့်ရော သန်းပေါင်း များစွာသော မိန်းကလေး ငယ်လေးတွေဟာ သူတို့ ကိုယ်တိုင် မရွေးချယ်ရပါဘဲ၊ သူတို့ ကိုယ်တိုင် အဆင်သင့် မဖြစ်သေးချိန်မှာဘဲ၊ ကုန်ပစ္စည်းတခု အရောင်းအ၀ယ် လုပ်တဲ့ပမာ မိသားစုနဲ့ ဝေးရာ တခြားလူလက်ထဲ အလိုလို ရောက်သွားကြရပါတယ်။

အိန္ဒိယနိုင်ငံ၊ ရာဂျာစတန်ပြည်နယ်က ဂျေပူရ်မြို့နားက ဘီန၀ါဆိုတဲ့ ရွာကလေး တရွာကနေ ဇာတ်လမ်းစ ထားပါတယ်။   ၁၂နှစ်သမီးကလေး “မာတာ” ဆိုတဲ့ မိန်းကလေးက ၇နှစ်သမီး ကတည်းက ဘာမသိ ညာမသိ လက်ထပ်ခဲ့ရတာပါတဲ့။ မာတာ ရဲ့အမေက ပြောပြပါတယ်။   သတို့သားကိုပေးဖို့  လက်ဖွဲ့ကြေးမရှိ ဆင်းလဲ ဆင်းရဲတဲ့ သူမတို့လို မိသားစုတွေမှာ ပါးစပ်တပေါက် လျော့သွားရင်လဲ မနည်းဘူးလို့  ဆိုပါတယ်။

တကယ်တော့အိန္ဒိယမှာ ကလေးသူငယ် လက်ထပ်တာကို ပေါ်ပေါ်ထင်ထင် လုပ်လို့မရပါဘူး။ ဒါကြောင့်လဲ  ညသန်းခေါင်မှာ တိုးတိုးတိတ်တိတ် လက်ထပ်ပေးတဲ့ အခန်းအနားတွေ ကျင်းပ ပေးကြပါတယ်။ ဧည့်သည် တွေထဲက  ဖွက်ထားတဲ့ ကင်မရာနဲ့ တိတ်တိတ်ခိုး ရိုက်ထားပြတဲ့ ကလေးစုံတွဲ မင်္ဂလာဆောင် တခုမှာ ၃-၄နှစ်အရွယ် မိန်းကလေးနဲ့  ၆-၇ နှစ်အရွယ်ကောင်ကလေးတို့ကို လက်ထပ်ပေး နေကြပါတယ်။  ကာယကံရှင် ကလေး နှစ်ဦးက ဒီမင်္ဂလာပွဲကို ဘာတခုမှ နားမလည်နိုင်တဲ့ မျက်လုံး လေးတွေနဲ့  ကြည့်နေ ကြပါတယ်။ တကယ်တော့  ဒီအခမ်းအနားဟာ ကလေးသတို့သမီးလေးအတွက် နှစ်ပေါင်းများစွာ ခံစား ရတော့မဲ့ ၀န်ထုပ်ဝန်ပိုးကြီးတခု ပခုံးပေါ် တင်ပေးလိုက်တာဘဲ ဖြစ်ပါတယ်။

သုတေသန ပြုချက်များအရ ကလေးသတို့သမီး သုံးပုံနှစ်ပုံဟာ ရိုက်နှက်ညှင်းဆဲမှု ကြုံရတယ် လို့  ဆိုပါတယ်။ အခုအချိန်မှာ ၂၁ နှစ်ရှိပြီဖြစ်တဲ့ ရှုခါ ဆိုတဲ့ အမျိုးသမီးလေးက ငါးနှစ်သမီးမှာ စတင် လက်ထပ်ခဲ့ရသူလို့  ဆိုပါတယ်။ သူမကို ယောက်ျားနဲ့ ယောက္ခမတွေက အပြစ်ရှာ ရိုက်နှက်လို့  ကိုယ်ဝန်ပါ ပျက်ခဲ့ရပါတယ်။  အနှစ်နှစ်အလလက ဒဏ်ရာတွေက မျက်နှာ၊ လက်နဲ့  ခြေထောက်တွေမှာ ဗရပွဖြစ်နေပါတယ်။ အခုအခါမှာ သူမကို ရုပ်ဆိုးလွန်းလို့၊ ပျင်းလို့၊ ဆိုတဲ့ အကြောင်းပြချက်နဲ့  နှင်ချထားလို့  မိဘအိမ် ပြန်ရောက်နေပါတယ်။



နှစ်ပေါင်းများစွာက စိမ့်ဝင်နေတဲ့ ဒီအလေ့အထတွေကို ပြင်ဖို့  ဘယ်လောက်ခက်ခဲသလဲဆိုတာ  အစိုးရရဲ့  လူမှုပြုပြင်ရေး ကျေးလက် ၀န်ထမ်း အမျိုးသမီး “ ရှကုတလာ ” ရဲ့ အဖြစ်အပျက်က သက်သေပြနေပါတယ်။  သူမက ကလေး ၂၂ဦးရဲ့ မင်္ဂလာဆောင် ကို တားဆီးခဲ့ပါတယ်။  ၃ရက်ကြာတဲ့အခါမှာတော့ ရန်လိုနေတဲ့ လူတစုက သူမရဲ့အိမ်ထဲဝင်ပြီး ဦးခေါင်း၊ ပခုံး၊ ကျော နဲ့ လက်တွေကို ဓါးနဲ့ အချက်ပေါင်းများစွာ ခုတ်ဖြတ် ခဲ့ကြပါတယ်။  သေပြီထင်ပြီး ထားခဲ့ပေမဲ့ ဆေးရုံမှာ အရေးပေါ်ကုသမှု ခံယူခဲ့ရတာကြောင့် ပြန်ကောင်း လာခဲ့ပါတယ်။ ရွာသားတွေက သူမရဲ့ လက်ချောင်း ကလေးတွေကို တချောင်းမကျန်ခုတ်ဖြတ်ခဲ့ကြတာမို့  ဆရာဝန်တွေက ( သုံးမရပေမဲ့  ငုံးတိကြီး မဖြစ်ရ လေအောင်) ရရာ အပိုင်းအစကလေးတွေကို လက်ဖ၀ါးမှာ တွဲစပ် ချူပ်ပေးထားရပါတယ်။ ဒါပေမဲ့  ရှကုတလာ ဟာ အကြမ်းဖက်သမားတွေကို အရှူံးမပေးဘဲ သူမ အလုပ်ကို ဆက်လုပ်ပါတယ်။ ဒီကိစ္စမှာ အစိုးရရဲ့ လုံလောက်တဲ့ (ဥပဒေအရ) အားပေး ထောက်ပံ့မှူ မရခဲ့သေးဘူးလို့လည်း ဆိုပါတယ်။  သူမအဆိုအရ ၂၀၀၆ တနှစ်ထဲမှာတင် ခန့်မှန်းခြေ မိန်းကလေးငယ် ၄သန်းလောက် အရွယ်မရောက်ဘဲ လက်ထပ်ပေးခြင်း ခံခဲ့ရပါသတဲ့။

အာဖရိက နိုင်ဂျာနိုင်ငံကလည်း  မိန်းကလေး လေးပုံသုံးပုံ အသက် မပြည့်ခင် လက်ထပ်ပေးကြတဲ့ နိုင်ငံတခုပါဘဲ။  မိန်းကလေးအများစုက ၁၅ နှစ်မပြည့်ခင် လက်ထပ်ကြရပါတယ်။ သူတို့က မိန်းကလေးကို လက်မထပ်ဘဲ ကိုယ်ဝန်ဆောင်တာမျိုး မိဘတွေ မျက်နှာပျက်စရာ မဖြစ်ရအောင် ကြိုတင် ကာကွယ်မှု ပြုကြတာလို့  အကြောင်းပြပါတယ်။  ဒါပေမဲ့ တကယ်ဖြစ်လာတဲ့ အကျိုးဆက်က ဆိုးဝါးလှပါတယ်။ လက်ထပ် ပြီးတဲ့နောက် မိန်းကလေးတွေ ပညာဆက် မသင်ရတော့ပါဘူး။  ကလေးတွေ အဆမတန် များတဲ့ ပြသနာ၊ ကလေးတွေ အာဟာရမပြည့်တဲ့ ပြသနာတွေ အများအပြားအပြင၊် အဆိုးဆုံးက လက်ရှိ ဆင်းရဲလှတဲ့ လူဦးရေ သန်း၄၀ဟာ နောင် နှစ်၂၀မှာ နှစ်ဆတိုး သွားလိမ့်မယ်လို့ဆိုပါတယ်။  ကလေး မင်္ဂလာဆောင် တွေမှာ အဓိက အဆုံးအဖြတ်နဲ့  ဦးစီးဦးဆောင်  ပြုလုပ်သူက ဖခင်တွေဘဲ  ဖြစ်ပါတယ်။

ဟာဘီ ဆိုတဲ့ နိုင်ဂျာသူ ကလေးမလေးက သူ့အတွေ့အကြုံကို ပြောပြပါတယ်။  သူမ ၁၃နှစ်သမီးမှာလက်ထပ် အတင်းအကြပ် လက်ထပ်ပေးတာကိုခံရပြီး  ထွက်ပြေးပေမဲ့ မလွတ်မြောက်ခဲ့ပါဘူးတဲ့။ သူမ ကိုယ်ဝန် ဆောင်ပြီး မီးဖွားရတဲ့အခါ ပြသနာကြုံရပါတယ်။ တင်ပဆုံရိုးကွင်းက ကောင်းကောင်း မဖွံ့ဖြိုးသေး တဲ့အတွက် လေးရက် တိုင်တိုင် ဗိုက်နာပေမဲ့ မီးမဖွားနိုင်ဖြစ်ရပါတယ်။  နောက်ဆုံး နီးရာဆေးခန်းသွားပြီး ဆေးဝါး အကူအညီနဲ့   မီးဖွားပြီးတဲ့နောက်ပိုင်းမှာတောင် ခန္ဒာကိုယ် အောက်ပိုင်းမှာ တစ်သျှူးတွေ အကြီးအကျယ် ပျက်စီး ထိခိုက်မှုတွေ ဖြစ်ပြီး ခြေထောက် တဖက်လည်း ဆာသွားပါတယ်။  သူမရဲ့ ပျက်စီးချို့ယွင်းသွားတဲ့ ကိုယ်အင်္ဂါ များကို ပြုပြင်ဖို့  အတွက် ခွဲစိတ်မှုတွေလည်း အများကြီး ခံခဲ့ ရပါသေးတယ်။  ဟာဘီလို မိန်းကလေးတွေ အများအပြားကို ဆေးရုံဆေးခန်းတွေမှာ တွေ့ မြင်နေရပါတယ်။

အဲဒီလို ကြမ်းတမ်းဆိုးဝါးလှတဲ့  အဖြစ်အပျက်များနဲ့  ယှဉ်တွဲပြီး   တဖက်ကလည်း မိန်းကလေးငယ်တွေကို ပညာ ဆက်သင်ပေးပြီး ကိုယ်ရောစိတ်ပါ ကြံ့ခိုင် လာအောင်၊ ကိုယ့်ရည်မှန်းချက်ဆီကို အရောက်သွားချင်တဲ့ မိန်းမငယ်လေးတွေ ပေါ်ထွန်းလာအောင် ကူညီလုပ်ဆောင်ပေးနေတဲ့ အိန္ဒိယနိုင်ငံ၊ အာဖရိကတိုက် နဲ့   တောင်အမေရိကတိုက်တို့ က ပရဟိတ လုပ်ငန်းများကို တစေ့တစောင်းရိုက်ကူးပြထားပါတယ်။ အာဖရိက ရက်ပ် အဆိုတော် တွေကလည်း ဂီတနဲ့  ပြည်သူကို ၀ိုင်းဝန်းစည်းရုံးပေးနေကြပါတယ်။  အခုဆိုရင် အသိအမြင် ပွင့်ပြီး  ပူးပေါင်း လာတဲ့ နိုင်ဂျာ အမျိုးသား ကျေးလက် ခေါင်းဆောင်လူကြီး တချို့လဲ ရှိလာ နေပါပြီ။   နှစ်ပေါင်းများစွာ စွဲမြဲခဲ့ကြတဲ့  အပြုအမူတွေ ပြောင်းလဲ လာအောင် ဖိအားပေးရုံသက်သက်နဲ့  မအောင်မြင်နိုင်ဘဲ ပူးပေါင်းလုပ်ဆောင်မှသာ ရေရှည်တည်တံ့တဲ့ လူမှုအပြောင်းအလဲ ရလာမှာပါ။

Child Bride issue  က ကျမတို့ဆီမှာ သိပ်မရှိပေမဲ့ အတော်အသင့်တော့ ရှိခဲ့ပုံရသည်။  စာဆိုရှင် န၀ဒေးကြီးရဲ့ အသည်းစွဲ  ရှင်နှောင်းကလေးဆို တော်တော် ငယ်သေးတာပဲနော်။  လှိုင်ထိပ်ခေါင်တင်ကတော့ ( ငယ်သွားတွေ ကြွေမလဲခင်က၊ မေအမြဲ ချစ်ဖို့ကြံရွယ်) လို့  ကနောင်ကို ညုခဲ့သေးသပေါ့။ မင်းတုံးမင်းကြီးရဲ့ မြောက်သားကြင်ယာတွေထဲမှာလဲ ၁၂ နှစ်အရွယ် မင်းသမီးလေးတွေ ပါတယ်လို့  ဖတ်ခဲ့ဖူးပါတယ်။  ဒါက ထီးမှုနန်းရာ ကိစ္စတွေပါ။  အသက်အပိုင်းအခြား နဲ့ အခေါ်အဝေါ်တွေကို ရှာကြည့်လိုက်တော့ လင်္ကာ တခုထဲမှာ  “ဂေါရီ” ကားရှစ်၊ ဆယ်နှစ် “ကညာ”၊ ဆယ့်နှစ်နှစ်မှာမူ၊ “ကုမာ” ခေါ်ထုံး ၊“ဆယ့်သုံးနှစ်” မယ် . . .“သွေးစုန်း” ရွယ်နှင့်၊ တစ်သွယ်ပိုင်းခြား . . . .ဆယ့်ငါး “မျက်မည်း”၊  ကြည်ကြည်ရွှန်းရွှန်း . . .နှစ်ဆယ်တန်းက၊ “မျက်ဝန်း”မည်သာ၊   ဤမျှသာလျှင် . . . တော်ဝင်ရွယ်လောင်း . . ”  လို့တွေ့ ရပါတယ်။  

ရှေးရှေးက  အရပ်သူအရပ်သား လူသာမာန် တွေထဲမှာတော့ အထောက်အထားအခိုင်အမာ မပြနိုင်ပေမဲ့ ( သမီးကညာ အခါမလင့်စေနဲ့  ) ဆိုတဲ့ စကားကို လက်ကိုင်ပြုပြီး   ပုံမှန်အားဖြင့်  ၁၆နှစ်နဲ့  ၂၀ ကြားမှာ လက်ထပ် ပေးကြတယ်လို့   ယေဘုယျ ဆိုချင်ပါတယ်။  ”ဒွေးချိုး၊ လေးတိုး”  ဆိုတဲ့အတိုင်း မိန်းကလေး အသက်က ဆိုရင် ယောက်ျားလေးက  2a+4   ဖြစ်သင့်တယ်ပေါ့။ ယောက်ျားလေး အသက်က ဆိုရင် ယောက်ျားလေးက a/2 +4   ဖြစ်သင့်တယ်ပေါ့။  ဆိုကြပါစို့ -  ၁၆ နှစ်သမီးကို ၂၄ နှစ်ယောက်ျားနဲ့  ၊  ၁၉ နှစ်သမီးကို အသက် ၃၀ ယောက်ျားနဲ့   လိုက်ဖက် တယ်လို့  ပြောချင်တဲ့သဘောပေါ့။ ပြီးတော့ “ယောက်ျားပဉ္ဖင်း၊ မိန်းမ ပုခက်တွင်း” ဆိုတဲ့ စကားလေးအရ လင်နဲ့မယား  အသက် ၂၀ လောက် ကွာသင့်တယ် လို့ ဆိုချင်ပုံ ရပါတယ်။   ချွင်းချက်များ ရှိကောင်း ရှိမယ်ဖြစ်ပေမဲ့  တကယ်တော့ generation gap  ရှိတဲ့အတွက် အဲဒီလောက် အသက်ကွာတာဟာ  ကောင်းတယ်လို့  တထစ်ချ ပြောဖို့ ခက်ပါလိမ့်မယ်။

အသက်မပြည့်သေးတဲ့ မိန်းကလေးကို ထိမ်းမြားတာဟာ ဥပဒေအရရော လူမှုရေးအရရော မလျော်ကန်တဲ့ ကိစ္စပါ။  လွန်ခဲ့တဲ့ ၁၄-၅ နှစ်လောက်ကအချိန်အတွင်းမှာ တော့ မြန်မာပြည်အနောက်ဖျားက သူမ တို့ဆီမှာ မိန်းကလေး အသက်၁၆နှစ်မတိုင်ခင် လက်ထပ်ပေးကြတာ များပါတယ်။  အခုနောက်ပိုင်း နှစ်တွေကျမှ အာဏာပိုင်တွေက လက်ထပ်ခွင့်ကို ၁၈ နှစ်နဲ့  ကန့်သတ်လိုက်လို့     ဒီကိစ္စတွေ နည်းသွားခဲ့တာပါ။

တကယ်တော့ Child Bride issue ဟာ ကလေးဘ၀ရဲ့ ပျော်စရာအချိန်တွေ၊  အခြေခံ လူ့အခွင့်အရေးရော ကလေးအခွင့်အရေးရောဖြစ်တဲ့ ပညာသင်ယူခွင့်ကို   ခိုးယူဖျက်ဆီး ပစ်နေတဲ့ မကောင်းဆိုးဝါး အရာတခု ဘဲဖြစ်ပါတယ်။  အသိ ပညာပေးရေး၊ ကာကွယ်တားဆီးရေး၊  ဆင်းရဲ မွဲတေမှု တိုက်ဖျက်ရေး၊ တရားဥပဒေ ကန့်သတ်ပြဌာန်ရေး အပါအ၀င် ဘက်ပေါင်းစုံက ကြိုးပမ်းမှ သာယာလှပတဲ့ အနာဂတ်ပန်းကလေးတွေ  ငွားငွားစွင့်စွင့်  ပွင့်လန်း လာမှာပါ။  ဒီပန်းကလေးတွေက အနာဂတ်မျိုးဆက်တွေကို မွေးထုတ်ပေးမဲ့ ဥယျာဉ်မှုးမေမေတွေ ဖြစ်လာမှာလေ။  ပုခက်လွှဲသောလက်ကလေးတွေကဖြင့် ချိနဲ့  ညှိုးလျော်မနေစေသင့်ဘူး မဟုတ်လား။

ဘူးသီးနုနု ခူးချင်သူများ ဆင်ခြင်ကြစေကြောင်း ဆုတောင်းလိုက်မိပါရဲ့။


မိုးစက်ပွင့်

(( Documentary  လေးကို   ဒီမှာ ကြည့်လို့ရပါတယ်။ ကိုယ်ပိုင်အဖြစ်  DVD  ၀ယ်ချင်ရင်တော့ 19.99 USD တဲ့။ တို့လဲ ၀ယ်ချင်မိသား။))

(နောက်ဆက်တွဲ)
Age of Consent  ကို  WUNRN မှာ ဒီလို တွေ့ရပါတယ်။
-  Argentina - 15
- Bahamas- 16
- Canada -14
- Colombia - male 14, female -16  (  ဘာကြောင့်လဲ စိတ်ဝင်စားစရာပဲ)
- India - 18  ( Alas!)
- Indonesia - male 19, female -16 ( ကိုလံဘီယာကဲ့သို့ စိတ်ဝင်စားစွာ လေ့လာလိုပါကြောင်း)
- Hungary - 14
- Peru - male- 14, female-12 ကိုလံဘီယာကဲ့သို့)
- Turnisia- 20 ( wow!)
-  UK - 16
- US - fedral age - 16


စိတ်ဝင်စားလို့   Wikipedia မှာထပ် ရှာကြည့်မိတော့ နည်းနည်းကွဲလွဲနေပါတယ်။
-  မြန်မာရဲ့  Age of consent က  ၁၄ နှစ်တဲ့ (  1860 Indian penal Code  )  - လက်ရှိက ကျမ သိသလောက် ၁၆ နှစ်ပါ။ Law ကျွမ်းကျင်သူများ သေချာရင် သွားပြီး edit  လုပ်စေချင်ပါတယ်။
- အိန္ဒိယက  ၁၆ နှစ် တဲ့  ( အပေါ်မှာက ၁၈ နှစ်ပါ။)
ဝီကီကြီး အပ်ပ်ဒိတ် မဖြစ်ဘူးထင်တယ်။  သိရင် ပြောကြပါဦး။


8 comments:

  1. ကျမတို့ လည်း အသက် ၁၉ နှစ်ကွာပါတယ်။...
    ဒွေးချိုး၊ လေးတိုး ဆိုပါတော့။

    ReplyDelete
  2. တို့မှတ်ခဲ့ဖူးတာကတော့ တမျိုး...:):):P:D
    ဒွေးချိုးလေးတိုး ဆိုတာ ယောက်ျားရဲ့အသက်ကို တ၀က် ၀က်ပြီး လေးထည့်ပေါင်းတာ တဲ့။ ချိုး ဆိုတာ ပိုင်းခိုင်းတာ။ ဒွေးက နှစ်။ ယောက်ျားရဲ့အသက်ကို နှစ်နဲ့စားပြီး လေးထည့်ပေါင်းလို့ရတဲ့ အသက်အရွယ် မိန်းကလေးကို ယူရင်အတော်ပဲဆိုပြီး ရှေးကယူဆကြတယ်လို့ မှတ်ခဲ့ဖူးတယ်။

    ReplyDelete
  3. သူများတော့ မသိဘူး
    ကိုယ်ကတော့
    စောစောအိမ်ထောင်ကျတာဟာ
    ဒုက္ခကို စောစောလက်ခံလိုက်တယ်လို့ဘဲ ခံယူတယ်
    နောက်ကျလေ ကောင်းလေး)

    ReplyDelete
  4. မမရှင်လေး - စာဆိုနဲ့ ညီပါပေတယ်။
    စူးနွယ်ရေ - ဟုတ်ပါ့၊ နည်းတဲ့ အမှားကြီးမဟုတ်ဘူး။ တို့လည်း ဂယောင်ခြောက်ခြားတွေ ဖြစ်နေပြီထင်ရဲ့။ ပြင်လိုက်ပါ့မယ်၊ ကျေးဇူး။
    ချောရေ - အဲဒီအယူအဆက တို့နဲ့ တူတယ်၊ 'Wise men stay, only fools rush in...' ဆိုလား.....

    ReplyDelete
  5. ခုခေတ်မှာ အမျိုးသမီးတွေလည်း အရင်ကထက် ဦးဆောင်မှုနေရာတွေ ရလာတယ်ဆိုတာ ဟုတ်မှ ဟုတ်ရဲ့ လားလို့တောင် သံသယ ဖြစ်မိတယ် အမရေ။ ပိုက်ဆံတန်းတူရှာနိုင်တဲ့ နေရာတွေလောက်မှာဘဲ တန်းတူ အခွင့်အရေး မပေးချင်ပေးချင် ပေးနေရသလိုပဲ။
    ဆန်တအိတ်ချင်းတူတူ ထမ်းနိုင်မှ အခွင့်အရေးတန်းတူရရမှာလားဆိုပြီး အင်မတန် သဘောကျတဲ့ စာစုလေးတခုကို သွားသတိရတယ်။ (ဟဲဟဲ.. ဘယ်သူပြောသလဲမသိ :D)
    တကယ်ပြန်စဉ်းစားကြည့်တော့လည်း အထက်မှာရှိနေတဲ့လူက status quo ကို သဘောထားကြီးကြီး ဖျက်ပေးတယ်ဆိုတာ ရှိရင်တောင် ရှားသားပဲ။ လူဆိုတဲ့နေရာမှာ အုပ်စု၊ လူတန်းစား ဆိုတာကို အစားထိုးလိုက်ရင် 'အထက်မှာ ရှိနေတဲ့လူတန်းစားက .... ဖယ်ပေးတာ'သမိုင်းမှာ မရှိခဲ့ဖူးလို့တောင် ပြောလို့ရတယ်။
    social reforms are never achieved by the weakness of the strong, but only by the strength of the weak တဲ့။ another famous quote.. :)

    w..

    ReplyDelete
  6. ညီမ ရေ

    ဆောင်းပါးလေး ဖတ်ပြီး ရေးချင်လာလို့ အမ တို့ မြန်မာပြည် မှာလည်း ဟိဒ္ဒူ အယူဝါဒ ကိုလက်ခံ တဲ့ ပုံဏ္ဏား လူမျိုး အများအပြား ဟာ အခုထိ အဲဒီလို ကျင့်သုံး နေဆဲပါ

    အမ တို့ ငယ်ငယ်က အဲဒီလက်ထပ်ပွဲ အမြောက်အများကို အပြင် မှာ ကြည့်ခဲ့ရပါတယ်..

    သတို့သမီး က ၅နှစ်၆ နှစ် ဘဲ ဒါပေမဲ့ လက်ထပ်ပြီး မိဘအိမ်မှာဘဲ ပြန်နေခွင့် ရှိပါတယ် အပျိုစဖြစ်ပြီး တဲ့ နောက်နေ့မှာတော့ သတို့ သားအိမ် ကို အခမ်းအနား နဲ့ ပို့လေ့ ရှိပါတယ်

    အမသူငယ်ချင်း တချို့ တလေ ဟာ ကျောင်းနေ နေပေမဲ့ လက်ထပ်ပြီးသားတွေပါဘဲ အပျိုဖြစ်ရင်တော့ သတို့သားနောက် လိုက်ရတော့ မနေရတော့ဘူးပေါ့

    အဲဒီရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ သူတို့ လူမျိုးတွေမှာ ကိုယ်လက်အဂါင်္ချို့တဲ့ကြ စိတ်ပုံမှန် မဟုတ်တဲ့ ကလေး တွေ မွေးဖွားကြ (ဆွေမျိုးခြင်း ယူကြတဲ့ အတွက်လည်း ပါတယ်ထင်တယ်)
    တာတွေ ဟာ အများကြီးပါ .. အမေ လုပ်တဲ့ သူကလည်း ဗူးသီးနုနု အမွှေးသပ် သလိုပေါ့ ပိန်ချုန်းပြီး လူရုပ်မပေါ်ပါဘူး..

    အခုထိ လက်ထပ် တဲ့ ဓလေ့ ရှိတုန်းပါ..

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  7. ကိုဝတုတ်
    quote ကလေးက မှတ်သားစရာပဲ။ social တင်မက political မှာပါ ဒီသဘောအတိုင်းဘဲ မဟုတ်လား.... လွန်ခဲ့တဲ့ သုံးနှစ်က အဖြစ်အပျက်က သာဓကပဲလေ။

    အစ်မရွေစင်
    ဖြည့်စွက်ပြောကြားသွားတဲ့ ကျေးဇူးအထူးပါ။ ဟုတ်တယ်- အဲဒီဓလေ့က ကျမတို့ နိုင်ငံက လူနည်းစုတချို့မှာ အခုထိ ရှိနေတုန်း။ အဲဒါကြောင့်လည်း သူတို့လူမျိုး မိန်းကလေးတွေရဲ့ ပညာသင်ခွင့်တွေ ဆုံးရှူံး၊ ကျမ်းမာရေးတွေ ထိခိုက်နေရတာ။ အကျိုးဆက်ကတော့ မျိုးဆက်တခုလုံးကို ထိခိုက်တာပါဘဲလေ...။

    စကားမစပ် ပြောရရင် ကျမက full-fledged feminist တော့ မဟုတ်ပါဘူး.... မိန်းကလေးတွေ နစ်နာနေတဲ့ နယ်ပယ်တွေ မြင်ရ တွေ့ရရင်တော့ ကိုယ်တတ်နိုင်သမျှ ရှေ့နေလိုက်ပေးမိတာပါဘဲ..

    ReplyDelete
  8. If you’re just starting to learn English, Check this FREE site

    http://www.speaktomeenglish.com/

    ReplyDelete

ပဲ့တင်သံလေးတွေ .......