Wednesday 8 September 2010

သင်္ကြန်ကို မုန်းသည်

 တကယ်ဆို သင်္ကြန်ကို မုန်းခြင်းမဟုတ်၊  သင်္ကြန်ကို ကပ်ပါးပိုးလိုတွယ်နေတဲ့  အညစ်အကြေးများကို မုန်းခြင်းဖြစ်သည်။

ကျမရဲ့ ငယ်ငယ်က သင်္ကြန်တွေက ချစ်စရာကောင်းလှသည်။  ကျမတို့  နယ်မြို့ကလေးရဲ့ သင်္ကြန်မှာ မုံ့လုံးရေပေါ် ရှိသည်။ စတုဒီသာ ရှိသည်။ ပိတောက်ဝါနဲ့အတူ တူးပို့သီချင်း ရှိသည်။ သပြေခက်နဲ့   ရေပက်တဲ့ ခေတ်မဟုတ်ပေမဲ့ အိမ်ရှေ့မှာ အုံးလက်မဏ္ဍပ်နဲ့   ရေပုံးနဲ့ ဖလားခွက်တွေနဲ့  လမ်းသွားလမ်းလာတွေကို စောင့်ပက်သူတွေ ရှိသည်။   လူကြီးသူမတွေကို ခေါင်းလျှော်၊ လက်သည်းညှပ် ကြတာ ရှိသည်။  သက်ကြီးပူဇော်ပွဲ ရှိသည်။ ဥပုသ်သီလ ယူသူ အများအပြားရှိသည်။ လွန်လွန်ကဲကဲ ပြောစရာ ဆိုလို့   ခပ်ရဲရဲ မိန်းမကြီးတွေက ကာလသားတွေကို ဖမ်းပြီး အိုးမဲသုတ်၊ မျောက်က က ခိုင်းတာ ပဲ ရှိသည်။  ခိုက်ရန်ဖြစ်ပွားတယ်လို့  မကြားမိသလောက်ပင်။  မြို့ကြီးပြကြီးတွေမှာ ပိုလို့စည်ကားပေမဲ့ ယဉ်ကျေးမှု အသွင်ဆောင် သေးသည်။    မြို့တော်ဝန် ဆုဖလားကို မှန်းကြတဲ့  အလှပြယာဉ်တွေ ကလည်း သူ့ထက်ငါ အပြိုင်အဆိုင်နဲ့ ပေါ့။

အားလုံးသိတဲ့ အတိုင်းပါပင်။  ဒီနေ့ခေတ်သင်္ကြန်က  ဘီယာ၊ အရက် နဲ့  မူးယစ်ဆေးဝါး တို့ရဲံအနံ့ က ပိတောက်နံ့ကို ဖုံးလွှမ်းနေသလား ထင်ရသည်။  ရေစိုစိုရွှဲရွှဲမှာ လူမှန်းမသိအောင် မူးနေကြ တာတွေ၊  မပေါ့်တပေါ် ၀တ်စားဆင်ယင်မှုနဲ့  စည်းလွတ်ဝါးလွတ် အပျော်တွေသာ တွေ့ရတာ များလေသည်။ တခါတခါ လူရိုင်းခေတ်များ ပြန်ရောက်နေသလား လို့  ထင်ရသည်။ အကျိုးဆက် အနေနဲ့   ဆေးရုံဆေးခန်း တွေမှာ မဖိတ်ခေါ်သော ဧည့်သည်တွေနဲ့  အပြည့်ပင်။  မောင်နဲ့  နှမ သားနဲ့ အမိ မမြင်ဝံ့၊ မကြားဝံ့တာတွေ ကြောင့် သင်္ကြန်ကို အပြင်ထွက် လည်ချင်စိတ်တွေ အလိုလို ကုန်ခန်းနေမိသည်။ 

အဲဒီလို လူမှုရေး၊ ယဉ်ကျေးမှုပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးမှုတွေအပြင် ကျမစိတ်ထဲမှာ ကသိကအောက် အဖြစ်စေဆုံးအရာတခုကတော့  “ရေဖြုန်းတီးခြင်း” ပါပဲ။

သင်္ကြန်ရဲ့ မူလ ရည်ရွယ်ချက်က နွေတနွေရဲ့ အပူဆုံးလမှာ အေးမြတဲ့ ရေစင်ဖြန်းပြီး တယောက်နဲ့ တယောက် အပြစ်တွေ ခ၀ါချ၊ အချစ်တွေ ရှာကြတာ မဟုတ်လားရှင်။  ရေမွန်းအောင်၊ နာအောင်၊ ကျင်အောင်၊ ကာယိနြေ္ဒပျက်အောင် ဟိုနေရာဒီနေရာ ရွေးပြီး မီးသတ်ပိုက်နဲ့   ထိုး ပက်ကြဖို့ မှ မဟုတ်ဘဲ။ 

နောက်ပြီး ကျမတို့ နိုင်ငံက ကံကောင်းစွာ ရေအရင်းအမြစ် ကြွယ်ဝ နေခဲ့သည်။  ပေါများနေတော့ တန်ဖိုးမသိ ကြ။  မီးသတ်ပိုက်တစ်ချောင်းရဲ့  တမိနစ်ထွက်တဲ့ ရေက  ၁၀ ဂါလံဆိုပါစို့။  ( ခန့်မှန်းခြေသာ ဖြစ်ပါသည်)  မြို့တမြို့မှာ -  သင်္ကြန်မဏ္ဍပ် အခု ၃၀၊  တခုကို ပိုက်အချောင်း ၅၀၊  တနေ့ကို ၁၀ နာရီပဲ ရေကစား ခဲ့တယ်ဆိုရင် -  ( ရပ်တဲ့ အချိန်နဲ့  ဆိုတော့  ၆ နာရီပဲထား) သင်္ကြန် တလျှောက်လုံးအတွက် သုံးတဲ့ရေ ပမာဏ =  ၁၀ x ၆၀ x  ၆ x  ၃ x  ၃၀ x  ၅၀  =  ဂါလံပေါင်း ၁၆.၂ သန်း  ( ပီပါ အလုံး ပေါင်း ၃၂၄၀၀၀)  ဒါ မြို့ တစ်မြို့ရဲ့  ခန့်မှန်းခြေ ရေအသုံးပဲ ရှိပါသေးတယ်။ ရေကစား မဏ္ဍပ်ရှိတဲ့  မြို့ကြီးပေါင်းများစွာ နဲ့  မြှောက်ကြည့်ပါ။

တခါက မြန်မာနိုင်ငံမှာ နှစ်အနည်းငယ် နေဖူးတဲ့ ကင်ညာနိုင်ငံသူ တယောက်နဲ့  စကားစပ်မိတယ်။  သူက သင်္ကြန်မှာ ပက်တဲ့ရေတွေရယ်၊  နေပြည်တော် လမ်းဘေးတလျောက်က ရေလောင်းပြီး စိုက်ထားတဲ့ မြက်ခင်းတွေရယ်ကို သိပ်အံ့သြမိတယ်တဲ့။  သူဆိုလိုတာကို ရိပ်မိတဲ့ ကျမကတော့ မျက်နှာ မထားတတ်အောင် ဖြစ်သွားခဲ့ရပါတယ်။  

ကျမတို့ရဲ့ မဆင်မခြင် ရေသုံးစွဲမှုကြောင့် ပါတ်ဝန်းကျင်ကို ဘယ်လောက် ထိခိုက်သွားပြီလဲ။  ဒီလို သုံးလိုက်ရတဲ့ ရေတွေကနေ ထိုက်တန်တဲ့ တခုခု အမှန်တကယ် ပြန်ရခဲ့ရဲ့လား။  ယဉ်ကျေးမှု မျက်နှာဖုံးစွပ်ပြီး ဟော့ရမ်းတဲ့ အကျင့်စရိုက်တွေ ကြောင့် ဘယ်လောက် ပေးဆပ်ခဲ့ရပြီလဲ။  ဘယ်လောက်အထိ ဆက်ပြီး ဟော့ရမ်းနေကြဦးမှာလဲ။ ဘယ်တော့မှ ဘာတွေဖြစ်လာမှ ရပ်မှာလဲ။ အနာဂတ် ကလေးငယ် တွေဆီကနေ ကျမတို့  လုယူ ဖျက်ဆီးခဲ့တဲ့ အရာတွေ ဘယ်လောက်များ ရှိနေပြီလဲ ဆိုတာ  သေသေချာချာ စဉ်းစား ကြည့်သင့်လှသည်။


မိုးစက်ပွင့်

(ပုံကို ဒီက ယူပါတယ်)

3 comments:

  1. သင်္ကြန်ရေပက်တာကတော့ နည်းနည်းအငြင်းပွားစရာ ဖြစ်နိုင်တယ်။ ကံကောင်းတာက တနှစ်မှ သုံးရက်ပဲ သင်္ကြန်ကျပေလို့ပေါ့။ ဒါပေမယ့် မမိုးစက်ပွင့်ပြောတာကို ကျွန်တော် သဘောပေါက်တယ်။ တာဝန်သိစိတ်က အရမ်းအရေးကြီးတယ်။ စိတ်ကောင်းရှိတိုင်း တာဝန်သိစိတ်ရှိချင်မှ ရှိတာ။ တာဝန်သိစိတ်က ပညာရေးနဲ့ (ကျောင်းပညာရေးတင်မကပါ) ဆိုင်တယ်လို့ ထင်တယ်။ ဒီနေရာမှာ မမိုးစက်ပွင့် စိတ်ဝင်စားနိုင်မဲ့ စာအုပ်တအုပ်လောက် ညွှန်းပါရစေလား။ Jared Diamond ရဲ့ Collapse: How Societies Choose to Fail or Succeed ဆိုတဲ့စာအုပ်ကို အမသဘောကျမယ်ထင်ပါတယ်။ မမိုးစက်ဆီ အလည်ရောက်ပြီးရင် ကျွန်တော်လည်းရေးချင်စရာ အိုင်ဒီယာတခုခုရတယ်။ ခုတောင် အဲဒီစာအုပ်အကြောင်းရေးရကောင်းမလားလို့ စိတ်ထဲဖြစ်မိသေးတယ်။ ဒါပေမယ့် I’m already overcommitted.
    နောင်များမှ..

    ReplyDelete
  2. http://www.monbiot.com/

    Btw, you might be interested in this blog. The guy is a Guardian columnist, writing on environmental issues, society and politics. I quite like him..

    w..

    ReplyDelete
  3.ုKo WT,
    thanks, I have visited the site you've referred and found interesting articles. I have tasted 2-3 write-ups, and bookmarked the link for frequent check up.

    ReplyDelete

ပဲ့တင်သံလေးတွေ .......